အပိုင်း ၁၀၇-၁၀၈
Viewers 20k

Chapter 107

{ ရှင်းရှင်းရဲ့ဖေဖေက ရှင်းရှင်းကို အများကြီး ချစ်ပါတယ် - ၃ }


" အဲ့ဒါ သားကို ဘယ်သူပြောတာလဲ " ကျိုးဟန်ယွမ်တစ်ယောက် ဘာမျှပြန်မပြောနိုင်ခင်တွင် ကျန်းမင်ယွမ်ဟာ သားဖြစ်သူရဲ့လက်ကို ဆုပ်ကိုင်ရင်း မေးမြန်းလိုက်သည်...


" ဂဏန်းလေးရဲ့မေမေ ပြောပြတာ " ဂဏန်းလေးဆိုသူမှာ ရှင်းရှင်းအား လူလိမ်ဟု စွပ်စွဲသောကလေးပင်...


ကျန်းမင်ယွမ်သည် သားဖြစ်သူကို ဂရုစိုက်လွန်းသူဖြစ်တာကြောင့် ရှင်းရှင်းလေးတို့အတန်းတွင်းမှာ ကျောင်းသား၂၀ကျော်လုံးရဲ့နာမည်ကို မှတ်မိနေပြီဖြစ်သည်... ရှင်းရှင်းလေးဆီမှ ပြန်ဖြေစကားကို ကြားရပြီးနောက်တွင်တော့ အနည်းငယ်စိတ်သက်သာရာရသွားခဲ့၏...


 " သူတို့က လိမ်နေတာ... ရှင်းရှင်းလေးမှာ ဖေဖေရှိတယ်... "


" ဒါပေမယ့် သားက သားရဲ့ဖေဖေကို တစ်ခါမှမတွေ့ခဲ့ဖူးဘူးလေ... " ရှင်းရှင်းလေးက ချက်ချင်းပြန်ပြောလိုက်သည်...


ကလေးလေးသည် တခြားသောကလေးများရဲ့အဖေတို့ကို မြင်ခဲ့ဖူးပေသည်... သူတို့ရဲ့အဖေများဟာ ပျော်စရာကောင်းသောနေရာများသို့ ခေါ်သွားခြင်း၊ ကစားစရာအရုပ်များစွာ ဝယ်ပေးခြင်းနှင့် အရသာရှိသောအစားအသောက်များဝယ်ကျွေးခြင်းအပြင် ပုခုံးပေါ်တွင် တက်စီးခွင့်ပင်ပေးကြလေ၏... တစ်ခါတစ်ရံတွင် ဖခင်ဖြစ်သူထံမှ အရိုက်ခံရခြင်းမျိုးလည်း ရှိသည်..


သူကတော့  ထိုသို့သောအတွေ့အကြုံမျိုး တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးပါလေ... ထို့ကြောင့် သူ ကျန်းမင်ယွမ်အား နှုတ်ခမ်းလေးဆူကာ ကြည့်နေရင်းဖြင့် ပြန်ပြောလိုက်သည်... 


" ဂဏန်းလေးရဲ့မေမေက ပြောတယ်... စူပါမင်းဆိုတာ တကယ်မရှိဘူးတဲ့... တကယ်တော့ ဖေဖေက သားကို မလိုချင်တော့တာတဲ့... " ထိုသို့ဆိုကာ ခေတ္တရပ်လိုက်ပြီးနောက် စိတ်ဆိုးမာန်ဆိုးဖြင့် စကားတစ်ခွန်းထပ်ပြောလိုက်၏...


 " ဖေဖေက သားကို မလိုချင်ရင် သားလည်း အဲ့လိုဖေဖေမျိုးကို မလိုချင်ဘူး! "


" သားဖေဖေက သားကို မလိုချင်လို့ မဟုတ်ပါဘူး... " 


ကျန်းမင်ယွမ်သည် သူ့ခံစားချက်တို့ကို မည်သို့ထုတ်ပြောရမည်ပင် မသိတော့ပေ... လက်ရှိစားနေသောနေ့လည်စာသည်ပင် အရသာမရှိတော့သလို ခံစားလာရသည်... စက္ကန့်ပိုင်းအကြာတွင် သူ ကေလးရဲ့ခေါင်းကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်ရင်း ဆိုလိုက်၏


 " သားဖေဖေက သားကို အများကြီး ချစ်ပါတယ်... "


" ဒါပေမယ့် သားက ဖေဖေ့ကို တစ်ခါမှ မတွေ့ဖူးဘူးလေ... "


" သားက သားဖေဖေကို တွေ့ဖူးပါတယ်... " ကျန်းမင်ယွမ်သည် ထိုသို့ပြောပြီးနောက်တွင် ရှင်းရှင်းလေးအား ကောက်ချီလိုက်ကာ ငွေရှင်းကောင်တာရှိရာသို့ လျှောက်လာခဲ့လိုက်သည်...


ချန်းဟွမ်တစ်ယောက် ငွေရှင်းကောင်တာတွင် အလုပ်လုပ်နေစဥ် သူမဆီသို့ ကျန်းမင်ယွမ်က ရှင်းရှင်းအား ချီထားရင်း လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်...


" မစ္စချန်း... အချိန်ခဏလောက် ရှိနိုင်မလား? "


" ရပါတယ်... ခဏလေးနော်... " 


အမှန်တွင်တော့ ငွေရှင်းကောင်တာအတွက် ဝန်ထမ်းရှိနေပြီးသားပင်... လက်ရှိတွင် ချန်းဟွမ်ဟာ အားလပ်နေသောကြောင့် ငွေရှင်းကောင်တာ၌ ဝင်ရောက်ကူညီပေးနေခြင်းသာ... သူမသည် လက်ထဲမှ လုပ်လက်စတို့ကို ဝန်ထမ်းအား အသေအချာလွှဲခဲ့ပြီးနောက် ကျန်းမင်ယွမ်ဆီ လျှောက်လာခဲ့ပြီး " ဘာဖြစ်လို့လဲ..."


ယနေ့သည် ချန်းဟွမ်ရဲ့ဆိုင်ဖွင့်ပွဲနေ့ဖြစ်ပြီး သူမသည် ဖွင့်ပွဲအတွက် အနည်းငယ် ပြင်ဆင်ခြယ်သလို့ထား၏... မိတ်ကပ်ပါးပါးလိမ်းခြယ်ကာ သူမရဲ့ဆံနွယ်တို့ကို အနောက်သို့ စည်းနှောင်ထားပြီး သူမရဲ့ခန္ဓာကိုယ်ကောက်ကြောင်းသောပေါ်လွင်နေသောအင်္ကျီကို ဝတ်ဆင်ထားလေသည်... 


ကျန်းမင်ယွမ်သည် သူမကို တွေ့မြင်လိုက်ရသောအခါတွင် လာရင်းကိစ္စကိုပင် ခေတ္တမျှ မေ့ပျောက်သွားခဲ့သည်... ယနေ့တွင် သူမက အရင်ကထက်ပိုလို့ပင် လှပလို့နေ၏... အမှန်တိုင်းဆိုရသော် သူမဟာ ဘယ်လိုပုံစံနဲ့မဆို လှရက်နိုင်လွန်းသည်...


စက္ကန့်ပိုင်းမျှအကြာတွင်တော့ ကျန်းမင်ယွမ်တစ်ယောက် သတိပြန်ကပ်သွားခဲ့ပြီး ပြန်ဖြေလိုက်သည်


 " ကိုယ်နဲ့ ရှင်းရှင်းတို့ရဲ့ဆက်နွယ်မှုအကြောင်းပါ... "


ချန်းဟွမ်သည် ကျန်းမင်ယွမ်စကားရဲ့ဆိုလိုရင်းကို ချက်ချင်းသဘောပေါက်လိုက်ပေသည်... လက်ရှိတွင် ကျန်းမင်ယွမ်သည် သူဟာ ရှင်းရှင်းရဲ့ဖခင်ဖြစ်ကြောင်း ရှင်းရှင်းလေးအား ပြောပြရန် အဆင်သင့်ဖြစ်လို့နေပြီ... လွန်ခဲ့သောတစ်လအတွင်းတွင် ချန်းဟွမ်သည်လည်း သူမရဲ့စိတ်ကို အတတ်နိုင်ဆုံး အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားခဲ့ပြီးပြီပင်... ထို့ကြောင့်လည်း ကျန်းမင်ယွမ်၏စကားကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် သူမသည် ခေါင်းတစ်ချက်ညိမ့်ပြလိုက်၏...  " အဲ့ကိစ္စက ဒီနေရာမှာ ပြောလို့အဆင်မပြေဘူး... ကျွန်မတို့အိမ်ကို သွားကြတာပေါ့... "


ကျန်းမင်ယွမ်သည် ချန်းဟွမ်၏အိမ်ကို ဒီတစ်ကြိမ်မှ ပထမဆုံးရောက်ဖူးခြင်းတော့မဟုတ်ပေ... သူ သားနှင့် သားရဲ့မိခင်တို့နှင့်အတူ ကိုယ်တိုင်ကားမောင်းကာ ထွက်လာခဲ့တော့သည်...


ဤသို့ဖြင့် တိုက်ခန်းအောက်သို့ ရောက်လာခဲ့ပြီးနောက် ကျန်းမင်ယွမ် ကားကို ပါကင်ထိုးလိုက်ပြီးနောက် ၃ယောက်သားအတူ ဓါတ်လှေကားထဲသို့ ဝင်လိုက်၏...


ရှင်းရှင်းလေးသည် နေ့လည်စာစားနေတုန်း ဦးလေးကျန်းက သူ့အား ကောက်ချီကာ ရုတ်တရက်အိမ်ပြန်လာရသည့်အကြောင်းအရင်းကို မသိရသေးပါလေ... အိမ်ထဲသို့ ရောက်ချိန်တွင် ကျန်းမင်ယွမ် ရှင်းရှင်းလေးအား ဆိုဖာပေါ်တွင် ထိုင်စေသည်... ထို့နောက် ရှင်းရှင်းလေး၏တစ်ဖက်တွင် ချန်းဟွမ်၊ နောက်တစ်ဖက်တွင် ကျန်းမင်ယွမ်တို့ ဝင်ထိုင်လိုက်ကြ၏...


" ရှင်းရှင်း... သားကို မေမေတို့ ပြောပြချင်တာရှိတယ်... "


 ချန်းဟွမ်မှ စကားအစချီလိုက်လေသည်...


အိမ်သို့ ပြန်လာစဥ် ကားပေါ်၌ ကျန်းမင်ယွမ်သည် ရှင်းရှင်းလေး ပြောပြသည့်ကိစ္စများကို ချန်းဟွမ်အား ပြန်လည်ပြောပြခဲ့သည်... ထိုကိစ္စတို့ကို သိရပြီးနောက်တွင် ချန်းဟွမ်ဟာ သူမကိုယ်သူမ ဒေါသထွက်မိ၏... သူမသည် ယခုတလောအလုပ်အရမ်းရှုပ်နေခဲ့သောကြောင့် သားဖြစ်သူကို ပစ်ထားမိသလိုဖြစ်သွားခဲ့မိကာ သားရဲ့အခြေအနေကို သတိမထားမိခဲ့ပေ...


တစ်ဖက်တွင်သောကလေးလေးသည် မိခင်ဖြစ်သူရဲ့လေးနက်သောအကြည့်တို့ကို မြင်တွေ့လိုက်ရတာကြောင့် ဆိုဖာပေါ်တွင် အသေအချာပြင်ထိုင်လိုက်ပြီး ပြန်ဖြေလိုက်၏...


 " ဟုတ်ကဲ့ မေမေ... ပြောပါ "


ချန်းဟွမ်သည် စပြောရတော့မည့်အချိန်တွင် ဘယ်က စပြောရမှန်း မသိတော့ပါလေ... သူမသည် ကျန်းမင်ယွမ်အား တစ်ချက်ကြည့်လိုက်ပြီးနောက် သားဖြစ်သူကို ပြန်ကြည့်လိုက်ကာ စကားပြန်စလိုက်တော့သည်...


" သားဖေဖေက ကောင်းကင်းပေါ်ပျံတက်သွားတယ်လို့ မေမေပြောခဲ့တာကို မှတ်မိသေးလား... အမှန်တော့ မေမေက သားကို လိမ်ထားခဲ့မိတာပါ... "


ထိုအခါ ကလေးလေးသည် ခေါင်းတစ်ချက်ညိမ့်ပြပြီး " သား သိပါတယ် မေမေ... ဖေဖေက သားကို မလိုချင်ဘူးလေ... "ဟု ပြောလာခဲ့ရင်း မိခင်ဖြစ်သူရဲ့ရင်ခွင်ထဲသို့ တိုးဝင်သွားခဲ့တော့၏...


တစ်ဖက်တွင်ရှိနေသောကျန်းမင်ယွမ်သည် သားဖြစ်သူရဲ့စကားကို ကြားလိုက်ရချိန်တွင် သူ၏နှလုံးသားတို့ စုတ်ပြတ်သတ်သွားသကဲ့သို့ ခံစားရလေသည်... 


ချန်းဟွမ်သည်လည်း ကျန်းမင်ယွမ်ရဲ့ဝမ်းနည်းရိပ်တို့ကို ရိပ်စားမိလိုက်တာကြောင့် ချက်ချင်းစကားထပ်ဆက်လိုက်သည်...


 " သားဖေဖေက သားကို မလိုချင်လို့ မဟုတ်ပါဘူး... ဖေဖေက သားကို ရှာမတွေ့ခဲ့လို့ပါ... သားဖေဖေက သားကို အများကြီး ချစ်တယ်... သားဖေဖေက သားနဲ့အတူ gameတွေလည်း ဆော့တယ်၊ အရုပ်တွေလည်း ဝယ်ပေးတယ်၊ ဉာဏ်စမ်းကုဗတုံး​ကို ဘယ်လိုဖြေရှင်းရမလဲဆိုတာလည်း သင်ပေးတယ်ပြီးနောက် သားအတွက် ပုံတွေလည်း ဆွဲပေးတယ်လေ... "


Xxxxxx


Chapter 108

{ ငါ့သားအမေရဲ့အိမ်မှာ ညစာစားပြီးပြီ - ၁ }


ထိုကိစ္စများအားလုံးသည် ရှင်းရှင်းလေးနှင့် ကျန်းမင်ယွမ်တို့အတူတူ လုပ်ခဲ့ကြသောကိစ္စများပင်ဖြစ်ပေသည်... ကလေးလေးသည် ထိုကိစ္စအားလုံးကို မှတ်မိနေခဲ့တာကြောင့် မိခင်ဖြစ်သူ၏စကားမဆုံးခင်၌ ဦးလေးကျန်းဟု သိထားခဲ့သောကျန်းမင်ယွမ်အား လှည့်ကြည့်လာခဲ့တော့သည်...


ကျန်းမင်ယွမ်သည်လည်း သားဖြစ်သူအား နူးညံ့သောအကြည့်တို့ဖြင့် ကြည့်လို့လာခဲ့၏... ထိုစဥ်ရှင်းရှင်းလေးသည် မိခင်ဖြစ်သူကို ပြန်လှည့်ကြည့်လိုက်ရင်း " မေမေက ဦးလေးကျန်းအကြောင်းကို ပြောနေတာလား? "


" ဟုတ်တယ် သား... တကယ်တော့ ဦးလေးကျန်းက သားရဲ့ဖေဖေပါ... " ချန်းဟွမ်သည် ကလေးလေးအား အသေအချာကြည့်ရင်း ဆိုလိုက်သည်...


ရှင်းရှင်းလေးသည် ချန်းဟွမ်၏စကားကြောင့် တစ်ခဏမျှရပ်တန့်သွားခဲ့ရလေသည်... 


ဦးလေးကျန်းက ဘယ်လိုဖြစ်ပြီး သူ့ရဲ့ဖေဖေဖြစ်သွားရသည်လဲ?.. ခေတ္တအကြာ၌ ကလေးလေးက ချန်းဟွမ်နှင့်ကျန်းမင်ယွမ်တို့နှစ်ဦး၏အကြည့်တို့ကို အကဲခတ်လိုက်ပြီးနောက် လူကြီးနှစ်ဦးဟာ စနောက်နေခြင်းမဟုတ်မှန်း သိလိုက်ရသည်...


 ရှင်းရှင်းလေးသည် နှုတ်ခမ်းလေးကို ဆူထားလိုက်ကာ မိခင်ဖြစ်သူ၏လက်ကို ဆုပ်ကိုင်ထားရင်း ကျန်းမင်ယွမ်အား နောက်တစ်ကြိမ်ထပ်မံကြည့်လိုက်ပြန်သည်... ထို့နောက်တွင်တော့ ကလေးလေးသည် ကျန်းမင်ယွမ်ရှိရာဘက်သို့ ခြေထောက်၂ဖက် ဆန့်ထုတ်ထားလိုက်ကာ အမေးတစ်ခုကို စမေးလိုက်သည်... " ဦးလေးက တကယ် သားရဲ့ဖေဖေလား?.. "


ထိုအမေးစကားအဆုံး၌ သူ ကလေးလေး၏ခြေထောက်၂ဖက်ကို ခပ်ဖွဖွလေး ကိုင်ထားလိုက်ရင်း နူးညံ့သောလေသံဖြင့်ပြန်ဖြေလိုက်သည်...


 " ဟုတ်တယ်... သားဖေဖေအစစ်ပါ... "


" ဒါဆို...ဒါဆိုဘာလို့ အရင်တည်းက သားဘေးမှာ မရှိရတာလဲ?.. " 


" ဖေဖေ တောင်းပန်ပါတယ်... "ကလေးလေး၏ဒုတိယမေးခွန်းကို အမှန်တိုင်းဖြေလိုက်ရန် ခက်ခဲလှသည်... လူကြီးများကြားမှကိစ္စများကို ကလေးကို အသေးစိတ်ရှင်းပြခြင်းမျိုး မလုပ်သည်က အကောင်းဆုံးဖြစ်လိမ့်မည်ဟု ကျန်းမင်ယွမ်တစ်ယောက် တွေးတောမိ၏... ထို့ကြောင့် တောင်းပန်စကားဆိုလိုက်ခြင်းက အကောင်းဆုံးပင်... ကျန်းမင်ယွမ်သည် အပြင်ပိုင်းတွင် တည်ငြိမ်နေဟန်ရှိသော်ငြား ရင်ထဲတွင်တော့ စိတ်ပူနေမိပေသည်... 


" ဖေဖေက လာတာနောက်ကျပေမယ့် ထပ်ပြီးထွက်မသွားတော့ဘူးနော်... "


ရှင်းရှင်းလေးသည် အဖေရှိသောကလေးငယ်များကို အနည်းငယ် မနာလိုဖြစ်ခဲ့ဖူး၏... ယခု သူ့ဆီတွင်လည်း အဖေတစ်ယောက်ရှိနေပြီဟု သိလိုက်ရချိန်တွင် အမှန်တကယ်ပင် ​ပျော်ရွှင်မိပေသည်... သို့သော် ချောမောသောဦးလေးကြီးက သူ့အဖေဖြစ်နေခဲ့သောကြောင့် အနည်းငယ်တော့ အံ့အားသင့်နေမိ၏... နောက်ဆုံးတွင်တော့ ကလေးလေးသည် ကျန်းမင်ယွမ်ကို အကြိမ်ကြိမ်ကြည့်လိုက်ပြီးနောက် ရှက်ကိုးရှက်ကန်းဖြင့် ပြန်ဖြေလိုက်လေတယ်... " သား ဖေဖေ့ကို ခွင့်လွှတ်ပါတယ်... "


" ဖေဖေ့သားက လိမ္မာလိုက်တာ... " 

သားဖြစ်သူ၏ပြန်ဖြေစကားကြားရပြီးနောက်တွင်မှသာ ကျန်းမင်ယွမ်တစ်ယောက် စိတ်သက်သာရာရသွားခဲ့ပြီး ရှင်းရှင်းလေးကို ပေါင်ပေါ်တွင် ထိုင်စေလိုက်သည်... သားဖြစ်သူဆီမှ ထွက်လာသော ကလေးလိုးရှင်းရနံ့လေးကို ရလိုက်ချိန်တွင် စိတ်အေးချမ်းမှုကို ခံစားလိုက်ရလေတော့၏...


ကျန်းမင်ယွမ်သည် တစ်နေ့လုံး ရှင်းရှင်းလေးနှင့်အတူ အရုပ်များဖြင့် ဆော့ကစားနေခဲ့လိုက်သည်... သားအဖေနှစ်ယောက် နေ့လည်ခင်းမှ နေဝင်ချိန် မှောင်စပြုလာသည်အထိ ဆော့ကစားခဲ့ကြလေသည်... ညပိုင်းသို့ ရောက်လာပြီး ဖြစ်တာကြောင့် ညစာ သွားစားကြရန် ကျန်းမင်ယွမ်က ပြောလာသောအခါ ချန်းဟွမ်သည် မီးဖိုချောင်ထဲမှ ထွက်လာခဲ့ပြီး " ကျွန်မ ညစာအတွက် ချက်ထားပြီးပြီ... ညစာကို ဒီမှာပဲ စားသွားလိုက်ပါ..." ဟု ဆိုလာခဲ့၏...


ဒီတစ်ကြိမ်သည် ချန်းဟွမ်ဘက်မှ ကျန်းမင်ယွမ်ကို ပထမဆုံးအကြိမ် ညစာအတူစားရန် ခေါ်ခြင်းဖြစ်သောကြောင့် ကျန်းမင်ယွမ်တစ်ယောက် အနည်းငယ် အံ့သြသွားခဲ့မိသည်... ထို့နောက်တွင်တော့  ညစာစားရန် ပြင်ဆင်ဖို့အတွက် ကူညီပေးရန် သူ့ အင်္ကျီလက်တို့ကို အပေါ်သို့ ခေါက်တင်လိုက်သည်...


ချန်းဟွမ်သည် ညစာချက်ပြုတ်ခြင်းတို့ကို အကုန်ပြီးစီးသွားခဲ့ပြီဖြစ်ကာ ဟင်းပွဲများကို မီးဖိုချောင်ကောင်တာပေါ်တွင်တင်ထားခဲ့သည်... ကျန်းမင်ယွမ်သည် ဘယ်ကစ၍ ကူညီပေးရမှန်းမသိတာကြောင့် တစ်ဖက်တွင် ကျောက်ရုပ်သဖွယ် ရပ်နေခဲ့မိ၏...


မီးဖိုချောင်သည် မကျယ်ဝန်းလှသောကြောင့်  အထဲ၌ အပိုလူတစ်ယောက်ရှိနေပါလျှင် အလုပ်လုပ်ရန် ခက်ခဲလှသည်... ထို့ကြောင့်လည်း ချန်းဟွမ်သည် ရပ်နေသောအမျိုးသားကို မော့ကြည်လိုက်ပြီး ဟင်းပွဲများကို ညွှန်ပြလိုက်ကာ ပြောလိုက်သည်


 " ဒါတွေ သယ်သွားပေးပါလား... "


" Omm... ကိုယ် သယ်သွားလိုက်မယ်... "


 ကျန်းမင်ယွမ် ပန်းကန်လုံးများကို တစ်လုံးပြီးတစ်လုံး စိတ်လိုလက်ရ သယ်ယူပေးခဲ့၏...


 အားလုံးသယ်ပြီးချိန်တွင်တော့ အိုးထဲမှဝက်သားပြုတ်မှာလည်း အဆင်သင့်ဖြစ်နေပြီပင်...


Xxxxxxxx