အပိုင်း ၁၀၉-၁၁၀
Viewers 20k

Chapter 109

{ ငါ့သားအမေရဲ့အိမ်မှာ ညစာစားပြီးပြီ - ၂ }


ချန်းဟွမ် အသားများကို ပန်းကန်လုံးတစ်ခုထဲသို့ ခပ်ယူလိုက်ပြီး ထမင်းစားပွဲပေါ်သို့ တင်လိုက်ပြီးနောက်တွင် ရှင်းရှင်းလေးကို ခေါ်လိုက်သည်...


က​လေး​လေးက အမေဖြစ်သူ၏ခေါ်သံကိုကြားလိုက်သည်နှင့် မတ်တပ်ထရပ်လိုက်ပြီး အင်္ကျီကို ခါလိုက်ကာ လက်ဆေးကြောရန် ဘေစင်နားသို့ လျှောက်လာခဲ့၏...


ယနေ့သည် ကျန်းမင်ယွမ်က ရှင်းရှင်းလေးအတွက် အဖေအဖြစ် ရောက်ရှိသောပထမဆုံးနေ့ပင်... ထို့ကြောင့်လည်း ကျန်းမင်ယွမ်သည် ကလေးလေးကို သူကိုယ်တိုင် လက်ဆေးပေးချင်နေ၏...  ကလေးငယ်က သူ့ကို ယုံကြည်အားကိုးလာစေရန် အကောင်းဆုံးအဖေဖြစ်အောင် ကြိုးစားခဲ့ချေသည်...


တိုက်ခန်းအတွင်းတွင် လေအေးပေးစက် ဖွင့်ထားပြီး ယခုအပူချိန်ဖြင့်ဆို အတော်လေး နေသာထိုင်သာရှိလှပေသည်... ကျန်းမင်ယွမ်က ခန္ဓာကိုယ်နှင့်ကွက်တိကျသောအင်္ကျီကို ဝတ်ဆင်ထားတာကြောင့် ညစာအတွက် ဝိုင်းကူညီရင်း ချွေးထွက်တာချိန်တွင် သူ၏ဆွဲဆောင်မှုရှိသောရင်ဘတ်ကြွက်သားများကို အကာအရံမရှိ မြင်တွေ့နိုင်၏...


ထိုဆွဲဆောင်မှုရှိသောမြင်ကွင်းကို မြင်လိုက်ပါသောချန်းဟွမ် အဝေးသို့ အမြန်အကြည့်လွှဲလိုက်ရသေးသည်... ဤသို့ဖြင့် ထိုသူ့ဘေးမှ ရှင်းရှင်းကို ကြည့်လိုက်မိချိန်တွင် သူမ မျက်နှာတွင် စိတ်တိုင်းမကျမှုတစ်ခုပေါ်လာခဲ့၏... 


၎င်း သတိထားမိလိုက်သောရှင်းရှင်းလေးက ချက်ချင်းပင် အဖေဖြစ်သူအနောက်တွင် ဝင်ပုန်းလိုက်သည်.. 


ကျန်းမင်ယွမ်သည် သားဖြစ်သူက သူ၏ အနောက်တွင် ဝင်ပုန်းလာသောအခါ ရှေ့မှ ထပ်ကာပေးပြီး ချန်းဟွမ်မှ ကလေးကို မဆူစေရန်ကာကွယ်ပေးလိုက်သည်... 


 ချန်းဟွမ် သူ့ကို မော့ကြည့်လိုက်ပြီး ပြောလိုက်သည် 


" ကလေးကို အလိုမလိုက်နဲ့ "


" ကိုယ် အဆင်ပြေပါတယ်... ဒီလောက်လေးပဲ ဆော့တာနဲ့ ကိုယ် မပင်ပန်းပါဘူး... ရှင်းရှင်းက လိမ္မာပြီးသားပါ... " 


ကျန်းမင်ယွမ် အနည်းငယ် ချွေးစိုနေသောသူ၏လက်များဖြင့် သား၏လက်ကို ဆုပ်ကိုင်ထားရင်း ချန်းဟွမ်ကို ပြန်ဖြေလိုက်သည်...


" ဟုတ်တယ်... သားက လိမ္မာပါတယ် မေမေရယ်... " 


အဖေဖြစ်သူဆီမှ ချီးကျူးစကားကြားပြီးနောက်တွင်တော့ ရှင်းရှင်းလေးသည်  ခေါင်းတညိမ့်ညိမ့်လုပ်ရင်း ကြွားလုံးထုတ်ကာ ပြောလာခဲ့လေ၏....


 ချန်းဟွမ်သည် ဇွန်းများကို ပန်းကန်လုံးထဲထည့်ပြီးနောက် ပြန်ပြောလိုက်တော့သည်...


 " အမယ်လေး ဟုတ်ပါပြီ ဟုတ်ပါပြီ... ကဲပါ ညစာလာစားကြတော့... "


 ချန်းဟွမ်သည် သူမ အချိန်အကြာကြီးပြုစုပျိုးထောင်ခဲ့သောသားက တခြားသူဘက်မှ လိုက်ပြောပေးနေတာကြောင့် အနည်းငယ်ခံစားလိုက်ရသည်... 


နောက်ဆုံးတော့ သားအဖနှစ်ယောက်က ချန်းဟွမ်၏ခွင့်ပြုချက်​ဖြင့် အေးဆေးထိုင်စားဖို့ သတ္တိရှိသွားကြလေ၏... ကျန်းမင်ယွမ်က ရှင်းရှင်းနှင့် ရင်းနှီးနီးစပ်လာမှုရှိလာသော်လည်း အမေဖြစ်သူကိုတော့ မမှီခဲ့ချေ... 


ရှင်းရှင်းလေးက အမေကို သူ့ဘေးတွင် ထိုင်ခိုင်းပြီး အဖေကိုတော့ မျက်နှာချင်းဆိုင်နေရာသို့ ပို့ထား၏... ကလေးလေးသည် အမေဖြစ်သူ စိတ်ဆိုးနေခြင်းကို မည်သို့ ချော့ရမှန်းလည်း သိပေသည်... ရှင်းရှင်းလေးက သူ မစားခင်တွင် မိခင်အတွက် အသားတစ်ဇွန်းကို အရင်ဦးဆုံး လှမ်းထည့်ပေးလိုက်သည်...


 " ဒီမှာ မေမေ့အတွက်... "


ချန်းဟွမ်သည် " Omm " ဟုသာ ပြန်ဖြေကာ သိပ်ပျော်သွားပုံမရသော်ငြား အနည်းငယ်တော့ စိတ်ကျေနပ်နေခဲ့၏... ထို့နောက်တွင်တော့ ချန်းဟွမ်သည် မျက်နှာချင်းဆိုင်ဘင်တွင် ထိုင်နေသောအမျိုးသားကို ကြည့်လိုက်ရင်း စကားစလိုက်သည်...


 " ဒါက ပုံမှန်စားနေကြအစားအသောက်တွေဆိုတော့... ရှင်ကြိုက်ရဲ့လား... "


" မေမေ ချက်တာတွေက အကောင်းဆုံးပဲ! "


 ချန်းဟွမ် မေးခွန်းဆုံးသည်နှင့် ချက်ချင်းပင် ရှင်းရှင်းလေးက ပြောလိုက်သည်...ကလေးလေးသည် ဝက်သားပြုတ်တစ်ပိုင်းကို ခပ်ယူလိုက်ပြီး အရွက်အပိုင်းအစလေး တစ်ရွက်နှင့်ထုပ်လိုက်ပြီးနောက် သူ့ပါးစပ်ထဲသို့ ထည့်လိုက်ကာ ဝါးရင်း အရမ်းအရသာရှိသည်ဟု ဆက်ပြောချေ၏...


" ထမင်းစားတဲ့အချိန် စကားမပြောရဘူး ရှင်းရှင်း " 


ချန်းဟွမ်သည် ရှင်းရှင်းလေးပါးစပ်ကို သုတ်ပေးရင်း ပြောလိုက်သည်.


တစ်ဖက်ရှိကျန်းမင်ယွမ်သည် သားအမိနှစ်ယောက်၏ရင်းနှီးမှုကိုကြည့်ရင်း အပြုံးအရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်... ထို့နောက်  သူလည်း ဝက်သားစွပ်ပြုတ်တစ်ပိုင်းကို ခပ်ယူလိုက်တော့၏...


ဝက်သားစွပ်ပြုတ်ထဲမှ ဝက်သားသည်အကောင်းဆုံးသောဝက်ဗိုက်သားကို မြေအိုးထဲတွင် နှစ်နာရီကြာ အသေအချာ ပြုတ်ထားခြင်းဖြစ်သည်... ဝက်သားက အဆီများပေမယ့်လည်း အီလည်း မအီသလို မာကြောခြင်းလည်း မရှိပါဘဲ ပါးစပ်ထဲတွင် အရည်ပျော်သွားသည်ဟုတောင် ဆိုနိုင်ပေတယ်...​ ငံပြာရည်၏အရသာက ဝက်သားအတွင်းထဲသို့ အပြည့်အဝဝင်ရောက်နေတာကြောင်လည်း အရသာပို ပေါ်လွင်နေ၏...


Xxxxxxx


Chapter 110

{ ငါ့သားအမေရဲ့အိမ်မှာ ညစာစားပြီးပြီ - ၃ }


ကျန်းမင်ယွမ် သည် စားဖိုမှူးတော်တော်များများ၏ဟင်းပွဲတို့ကို စားခဲ့ဖူးသော်လည်း ထိုဟင်းပွဲများနှင့် နှိုင်းယှဥ်လျှင် ချန်းဟွမ်၏ဟင်းပွဲများက ပိုလို့ပင် အရသာရှိနေခဲ့လေသည်...


သူ မြည်းစမ်းကြည့်ပြီးနောက်တွင်တော့ လက်မထောင်ပြလိုက်ပြီး အမှန်တိုင်းချီးကျူးလိုက်သည်


 " တကယ် အရမ်းအရသာရှိတယ်... " 


သူမ၏ဟင်းပွဲ ချီးကျူးခံရခြင်းသည် ချန်းဟွမ်ကို အမှန်တကယ် ပျော်ရွှင်စေ၏... သူ့ စကားကြောင့် သူမ အကြည့်တို့မှာ အနည်းငယ် ပိုတောက်ပလာခဲ့ကာ ထိုအမျိုးသားကိုပင် ပြုံးပြလိုက်သေးသည်..


. ထိုအပြုံးလေးကို မြင်တွေ့လိုက်ရချိန်၌ ကျန်းမင်ယွမ်၏ဘယ်ဘက်ရင်အုံရှိနှလုံးခုန်နှုန်းတို့ ပြင်းထန်လာခဲ့သည်ဟု ခံစားလိုက်ရသည်...


ချန်းဟွမ်က ညစာအတွက် အသားဟင်းနှင့်ဟင်းသီးဟင်းရွက်ဟင်း နှစ်မျိုးကိုသာ ပြင်ဆင်ထားခြင်းပင်... သူမတို့က ၃ယောက်သာ ရှိတာကြောင့် များများစားစား မချက်ပြုတ်ခဲ့ခြင်းဖြစ်သည်...


ညစာစားပြီးနောက် ကျန်းမင်ယွမ်က သန့်ရှင်းရေးအတွက် ကူညီပေးခဲ့၏... သူ့ အသက် ၁၈နှစ်အရွယ်တွင် နိုင်ငံခြားတွင် ပညာသင်ကြားရန်အတွက် တစ်ယောက်တည်းထွက်လာခဲ့ဖူးတာကြောင့် သန့်ရှင်းရေးကိစ္စကိုတော့ ဖြေရှင်းနိုင်ပေသည်. 


သူ ပန်းကန်များ ဆေးကြောပြီးသည်နှင့် ချန်းဟွမ်နှင့် ရှင်းရှင်းလေးတို့နှစ်ဦးကို နှုတ်ဆက်စကားဆိုလိုက်၏...


 သို့သော် ရှင်းရှင်းလေးမှာတော့ အဖေဖြစ်သူကို နှုတ်ဆက်ရန် အဆင်သင့်ဖြစ်ပုံမရေပ...


သားအဖနှစ်ယောက်သည် ဓါတ်လှေကားအထိ ရောက်ချိန်တွင်မှ စကားစ​ဖြစ်တော့သည်...


" ဖေဖေ မနက်ဖြန်လာမှာလား... "


" လာမှာပေါ့ " ကျန်းမင်ယွမ်က အသေအချာပြန်​ဖြေလိုက်သောကြောင့် ရှင်းရှင်းလေး၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့လေ၏... 


ကျန်းမင်ယွမ် သား၏ခေါင်းကို ခပ်ဖွဖွလေး ပွတ်ပေးပြီးနောက် ဓါတ်လှေကားထဲသို့ ဝင်သွားခဲ့သည်... ဓါတ်လှေကားထဲဝင်ပြီးနောက်တွင်တော့ ကျန်းမင်ယွမ်သည် အခန်းရှေ့သို့ ပြန်လှည့်ကြည့်လိုက်ပြီး သားဖြစ်သူအနောက်တွင် ရပ်နေသောချန်းဟွမ်ကို ကြည့်ကာ ' ဒီနေ့အတွက် ကျေးဇူးပါ ' ဟု နှုတ်ခမ်းလှုပ်ရုံဖြင့် ​ဆိုလိုက်လေသည်.


ဓာတ်လှေကားမှဆင်းပြီးသောအခါတွင် ကျန်းမင်ယွမ်သည် သူ့လက်ကိုင်ဖုန်းကို ထုတ်ကြည့်လိုက်၏... သူ နေ့လည်ခင်းတစ်ခုလုံး သားနှင့်သာ အချိန်ဖြုန်းခဲ့တာကြောင့် ဖုန်း မကိုင်မိပေ... လက်ရှိတွင်တော့ ဖုန်းမျက်နှာပြင်ပေါ်၌ ကျိုးဟန်ယွမ်နှင့် ကုမင်လီတို့ဆီမှ ဖုန်းခေါ်ဆိုထားမှုများဖြင့် ပြည့်နှက် နေသည်... 


သို့သော်လည်း သူ ထိုဖုန်းခေါ်ဆိုထားမှု အားလုံးကို လျစ်လျူရှုလိုက်ပြီး လက်ထောက်ဆီသို့သာ ဖုန်းခေါ်လိုက်သည်...


" မနက်ဖြန် Bossဒုနဲ့ ညစာစားတာကို ဖျက်လိုက်... ငါသွားစရာ ရှိတယ်..."


လက်ထောက်ဖြစ်သူသည် နောက်ထပ်အသေးစိတ်အချက်အလက်များကို မမေးတော့ပါဘဲ သူ့Bossပြောသည့်အတိုင်းသာ ဆောင်ရွက်လိုက်သည်...


ဖုန်းခေါ်ပြီးနောက် ကျန်းမင်ယွမ် သူ့ကားကို သော့ဖွင့်ကာ ကားထဲသို့ဝင်လိုက်ချိန်တွင်သူ့ဖုန်းဆီမှ မြည်သံတစ်ခုပေါ်လာပြန်သည်.. 


ဖုန်းခေါ်ဆိုသူကို ကြည့်လိုက်ပြီးနောက်တွင်တော့ ကားတံခါးကို ပိတ်ကာ ဖုန်းလက်ခံဖြေကြားလိုက်လေသည်...


" ကျန်းမင်ယွမ် WTF!! မင်း ငါ့ကို ထားခဲ့တယ်... မင်းက မိန်းမကို တွေ့တာနဲ့ ငါ့ကို စွန့်ပစ်ခဲ့ပြီပေါ့လေ..? မင်းငါ့ကို ထားခဲ့တဲ့နေရာကိုရော မှတ်မိသေးရဲ့လား... "


 ကျိုးဟန်ယွမ် ဖုန်းတစ်ဖက်မှနေ ကျန်းမင်ယွမ်ကို ဒေါသတကြီးဆူပူတော့သည်... 


ကျန်းမင်ယွမ်သည် ရှင်းရှင်းလေးပြောခဲ့သည့် " တကယ်လို့ ဖေဖေက သားကို မလိုချင်ရင် သားလည်း ဖေဖေ့ကို မလိုချင်ဘူး "ဆိုသောစကားကြားခဲ့ချိန်၌ ချန်းဟွမ်ကို အမြန်ရှာကာ ၎င်းတို့ကိစ္စကို ဖြေရှင်းရန်သာ စိတ်စောနေခဲ့မိကာ ချစ်ရပါသောငယ်သူငယ်ချင်းကို လုံးဝမေ့သွားခဲ့သည်ပင်...


ကျိုးဟန်ယွမ်သည် ထိုစဥ်က ကျန်းမင်ယွမ်တစ်ယောက် ကလေးကို ချီပြီး ကလေး၏မိခင်ဆီသွားရခြင်းကို အပြည့်အဝနားလည်ပေသည်... ဘာပဲဖြစ်ဖြစ် ကလေးအမေနဲ့ တွေ့ပြီး အသေအချာဆွေးနွေးသင့်သည်ကို နားလည်ပေးနိုင်သည်... သို့သော် ကျိုးဟန်ယွမ်တစ်ယောက် ဟော့ပေါ့ဒုတိယပွဲ ကုန်သွားချိန်တွင် ကျန်းမင်ယွမ်ကို လှည့်ရှာကြည့်ချိန်၌ အရိပ်အယောင်ပင် မတွေ့တော့ချေ... ထို့ပြင် သူ့ကို ထားပြီးထွက်သွားရုံသာမက ဖုန်းဆက်သည်ကိုလည်း မကိုင်တော့ချေ...


ကျိုးဟန်ယွမ်သည် သူ့ငယ်သူငယ်ချင်းဆီ၌ မကောင်းသောကိစ္စတစ်ခုခုဖြစ်သွားမည်ကို လွန်စွာစိတ်ပူမိတာကြောင့် ဖုန်းအကြိမ်ကြိမ်ခေါ်ခဲ့ပြီး ခေါ်မရတော့သည့်နောက်ဆုံးတော့ အိမ်ပြန်ရန် ဒါရိုင်ဘာကို ဖုန်းဆက်လိုက်ရတော့သည်...


ကျန်းမင်ယွမ်သည် ကျိုးဟန်ယွမ် ပွစိပွစိပြောသမျှကို တစ်ချိန်လုံးနှုတ်ဆိတ်စွာ နားထောင်ခဲ့ပြီးနောက်တွင်တော့ တစ်ခွန်းသာ ပြန်ပြောလေတယ်...  " မင်းမှာ ကိုယ့်အိမ်ကိုပြန်ဖို့တောင် ခြေထောက် မပါဘူးလား?? "


ထိုစကား​ကို ကြားချိန်တွင် ကျိုးဟန်ယွမ် ပေါက်ကွဲသွားပြီး  " မင်းငါ့ကို ခေါ်သွားတုန်းကတော့ ခေါ်သွားပြီးတော့ ပြန်လိုက်မပို့ပေးချင်ဘူးလား... တော်တော်တာဝန်ယူမှုမရှိတာပဲ... "


" တော်ပြီ... မင်း အဓိကပြောချင်တဲ့အကြောင်းအရင်းကိုပဲ ပြော... " 


ကျန်းမင်ယွမ် သူ့စကားကို ဖြတ်ပြောလိုက်သည်


" ဒီနေ့ နေ့လည်စာကို ငါ့ဘာသာ ရှင်းလိုက် တယ်... နောက်တစ်ခါတော့ မင်းရှင်းရမယ်... "  


ကျန်းမင်ယွမ် " အကြွေးတောင်းဖို့ ဖုန်းဆက်တာလား... "

 

" ထားလိုက်ပါတော့... မင်းနဲ့ မင်းရဲ့သားနဲ့အခြေအနေရော... "


သူငယ်ချင်း၏အမေးကိုကြားလျှင် ကျန်းမင်ယွမ်၏မျက်ဝန်းတစ်စုံတွင် ပျော်ရွှင်မှုတို့ ဖြတ်သန်းသွားခဲ့၏... အနှီအမျိုးသားသည် ဘာကိုမှ ဖုံးကွယ်မထားဘဲ သူငယ်ချင်းဖြစ်သူကို ပြောပြလိုက်သည်...  


"ငါက သူ့အဖေဆိုတာကို သိသွားပြီ... သူကလည်း ငါ့ကို အဖေအဖြစ်လက်ခံလိုက်တယ်...“ 


" Woww!! ဒါ သတင်းကောင်းပဲ! ဒီကိစ္စအတွက် ငါတို့ သေချာပေါက်အောင်ပွဲလုပ်သင့်တယ်... ကဲပါကွာ အစီအစဥ်တွေဘာတွေဆွဲကြတာပေါ့... မင်း ဒီညဘယ်ချိန်အားလဲ... စားကြ သောက်ကြမယ်လေ..."


ဖုန်းတစ်ဖက်မှ ကျန်းမင်ယွမ်ကတော့ ထိုအစီအစဥ်ကို ငြင်းပယ်လိုက်သည်... 


" ဒီနေ့တော့ အဆင်မပြေဘူး... ငါညစာစားပြီးပြီ "


" ငါ့သားရဲ့အမေအိမ်မှာ..."


ကျိုးဟန်ယွမ် " ••• "


Xxxxxxx