Chapter 111
ကျိုးဟန်ယွမ်သည် ကြွားလုံးထုတ်ခံလိုက်ရသောကြောင့် မျက်နှာကြီးရှုံ့မဲ့သွားတော့သည်။ထို့နောက်ဖုန်းကို ချပစ်လိုက်၏။
ဖုန်းချပြီးနောက် တစ်စုံတစ်ခုအား တွေးမိလေသည်။
ကျန်းမင်ယွမ်က ကလေးအမေဖြစ်သူအား စိတ်မဝင်စားဟုပြောခဲ့ဖူးသည်မဟုတ်ပါလော။
ထိုသို့ဖြစ်ပါက ဤကြွားလုံးထုတ်ခြင်းက အဘယ်နည်း။
သူသည်မေးစေ့ကို ကိုင်ထားရင်း လေးလေးနက်နက် တွေး နေမိသည်။
ထို့နောက်စိတ်ဝင်စားစရာ တစ်ခုခုကို အဖြေရှာတွေ့သွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်တော့၏။
ကျန်းမင်ယွမ်က ဖုန်းချပြီးနောက် ကားဂိုဒေါင်မှ ကားကို မောင်းထွက်သွားတော့သည်။
အိမ်အပေါ်ထပ်တွင်ရှိနေသော ရှင်းရှင်းသည် မတ်တပ်ရပ်ကာ အနက်ရောင် ဆီဒင်ကား မောင်းထွက်သွားသည်ကို ကြည့်လိုက်သည်။
သူ အမေဖြစ်သူအား လှည့်ကြည့်ပြီးပြော၏။ "အဲ့ဒါဖေဖေ့ရဲ့ကား"
" သိတယ်ပေါ့ " ချန်းဟွမ်က အနည်းငယ် အံ့သြသွားသည်။
ကားမှာထွက်ခွာသွားပြီဖြစ်၏။ရှင်းရှင်းက ပြတင်းပေါက်ဘက်ကိုပြန်လှည့်ကြည့်ပြီး
ခေါင်းညိတ်သည်။
"ဟုတ်.... သားသိတယ်"
***
အိမ်ပြန်ရောက်ပြီးနောက် ကျန်းမင်ယွမ် စာကြည့်ခန်းထဲသို့ တန်းတန်းမတ်မတ်လျှောက်သွား၏။
လက်စသတ်စရာအလုပ်များ ကျန်ရှိသေးသည် ။
သူ၏ခန္ဓာကိုယ်သည် အစောပိုင်းကလိုပင် စိတ်လှုပ်ရှားမှုကို ခံစားရဆဲဖြစ်ပြီး ဤအရာက သူ၏အလုပ်တွင် အလွန်ထိရောက်မှုရှိသည်။ ၁၂နာရီအထိ ကြာမည်ဟု ထင်ထားသော်လည်း အလုပ်များက ည ၁၀ နာရီ၌ ပြီးသွား၏။
အချိန်အတော်ကြာအလုပ်လုပ်ရ၍ မျက်လုံးများ ညောင်းညာနေသောကြောင့် မျက်စိစုံမှ်ိတ်ပြီး ထိုင်ခုံပေါ်သို့ မှီချလိုက်တော့သည်။
ဖုန်းက ထပ်မြည်လာသော်လည်း ကျန်းမင်ယွမ်က ဂရုမစိုက်ချေ။
ခဏအကြာတွင် ဖုန်းမြည်သံ ရပ်သွားသော်လည်း နှစ်စက္ကန့်အကြာတွင် ပြန်မြည်လာသည်။
ကျန်းမင်ယွမ်သည် နောက်ဆုံးတွင် မျက်လုံးပွင့်လာပြီး "လက်ခံသည်" ကို နှိပ်လိုက်၏။
ဖုန်းတစ်ဖက်မှ ညင်သာသောအသံတစ်ခု ထွက်ပေါ်လာသည်။
"အလုပ်လုပ်နေတာကို နှောက်ယှက်မိသွားလား"
ကျန်းမင်ယွမ်က ဖုန်းကိုတစ်ချက်ကြည့်ပြီးပြန်ဖြေ၏။
"ဟင့်အင်း"
"သားလေး...မင်း အမြဲတမ်း နောက်ကျတဲ့အထိအလုပ်လုပ်တယ် ....ငွေရှာတာလည်း ငွေရှာတာပေါ့... ကျန်းမာရေးကိုလည်း ဂရုစိုက်ရမယ်…”
တစ်ဖက်မှ ကရားရေလွှတ်ပြောနေခိုက်တွင် ကျန်းမင်ယွမ်က ငြိမ်ငြိမ်လေး နားထောင်နေခဲ့သည်။
တစ်ဖက်မှ စကားရပ်သွားသောအခါ ဖုန်းသံကတိတ်ဆိတ်သွားတော့၏။ကျန်းမင်ယွမ်တစ်ယောက် ပင်ပန်းလာသလို ခံစားလိုက်ရသည်။ခေတ္တကြာသောအခါ တစ်ဖက်လူက မေးမြန်းလာပြန်၏။
" အမေ့ကို စိတ်ဆိုးနေသေးလား"
" အတွေးလွန်မနေနဲ့ " ကျန်းမင်ယွမ်က ပြန်ဖြေသည်။
"မင်းကို ဘာမှမပြောဘဲနဲ့ တစ်ယောက်ယောက်ကို အိမ်ခေါ်လာတာကို သဘောမကျဘူးဆိုတာ အမေသိတယ်...
ဒါပေမဲ့ အမေ့ဘက်ကလည်း တွေးပေးဦးလေ.... မင်းအခုအသက်ဘယ်လောက်ရှိပြီလဲ....အခုထိ လူပျိုဖြစ်နေတုန်းပဲ...အမေ မင်းအတွက် စိတ်ပူတယ် " တစ်ဖက်လူက သက်ပြင်းချသည်။
"မင်း တစ်သက်လုံး တစ်ကိုယ်တည်းနေနေလို့မရဘူး "
ဤသည်မှာ သားအမိနှစ်ယောက် စကားစမြည်ပြောတိုင်း
ပါပါလာတတ်သည့်အကြောင်းအရာတစ်ခုဖြစ်၏။
ကျန်းမင်ယွမ်သည် မောပန်းနွမ်းနယ်နေပြီး ငြင်းခုံနေလိုစိတ်မရှိပေ။ထို့ကြောင့် ပြတ်တောင်းတောင်းသာပြောလိုက်သည်။
" ကျွန်တော့်မှာ အစီအစဉ်ရှိတယ် "
“လုပ်တော့လေ အဲ့ဒါဆိုလည်း...မဟုတ်ရင် အမေ အခုချိန်ထိ မြေး မချီရသေးဘဲ နေနေရမှာတဲ့လား "
ကုမင်လီက သက်ပြင်းတစ်ချက်ချလိုက်ပြီး "တကယ်ပဲ မင်းစိတ်ဝင်စားတဲ့မိန်းကလေးမရှိဘူးလား"
ကျန်းမင်ယွမ်၏စိတ်ထဲ၌ လူတစ်ယောက်၏ ပုံရိပ်က ဖျတ်ခနဲ လင်းလက်သွားသည်။ သူသည် ချက်ချင်းပြန်မပြောနိုင်ဖြစ်သွားသော်လည်း ခဏအကြာတွင် " မရှိပါဘူး " ဟုခပ်တိုးတိုးဖြေလာ၏။
"မရှိတာ ကောင်းပါတယ်...ရှိရင်လည်း အိမ်ခေါ်လာခဲ့ တွေ့ကြည့်ရအောင်လို့ "
ကုမင်လီသည် တစ်ဖက်မှတိတ်ဆိတ်မှုကို သတိမမူမိခဲ့ပေ။ သူမသည် အခြားကိစ္စတစ်ခုကို ဆက်ပြောခဲ့သည်။
"ချူးရန်နဲ့ ပတ်သတ်ပြီး အသေးအဖွဲကိစ္စလေးတွေ ကြုံနေရတယ်လို့ ကြားတယ် "
" အမေ ချူးရန် ဆီက ကြားပြီးပြီ....သူက တမင်လုပ်ခဲ့တာ မဟုတ်ပါဘူး...တစ်ဖက်မိန်းကလေးကို ဒီလိုမလုပ်ရဘူးလေ... ဘာလို့အချိန်အားအောင်လုပ်ပြီး သူနဲ့မတွေ့သေး .... "
"ကျွန်တော်တို့ ဒီအကြောင်းကို ဆက်မပြောတော့ဘူး" ကျန်းမင်ယွမ်က စကားဖြတ်ပြောသည်။
"ကျွန်တော်ပင်ပန်းနေပြီ...အနားယူတော့မယ် အမေ "
ထို့နောက် ဖုန်းချသွားတော့၏။
အမေဖြစ်သူနှင့် ဖုန်းပြောချိန်တိုင်း အဆင်မပြေဖြစ်မှုနှင့်သာ အဆုံးသတ်ရသည်။
ကျန်းမင်ယွမ်တစ်ယောက် နေသားကျလာသည့်အထိပင်။
သို့သော် အသားကျသွားတိုင်းလည်း စိတ်အနှောင့်အယှက် မဖြစ်တော့ဟု မဆိုလိုပေ။
ကျန်းမင်ယွမ်သည် ကုလားထိုင်ကို မှီ၍ မျက်နှာကြတ်ကို မော့ကြည့်လိုက်သည်။
အချိန်အတော်ကြာပြီးနောက်တွင် သူ ထသွားပြီးရေချိုးခန်းထဲသို့ ၀င်သွားခဲ့၏။
ရေပန်းထဲမှ ခပ်နွေးနွေးရေများသည် ဦးခေါင်းထိပ်နှင့် ပါးပြင်မှတစ်ဆင့် ရင်ဘတ်၊ ခါး၊ ဝမ်းဗိုက်တို့ဆီသို့ အဆင့်ဆင့် စီးဆင်းသွားပြီးနောက် ရေစက်များက ခြေထောက်နှစ်ချောင်းကို ဖြတ်ကျော်ကာ ကြမ်းပြင်ပေါ်သို့ လှိမ့်ဆင်းသွားကြ၏။
ကျန်းမင်ယွမ်က ဦးခေါင်းကို မော့လိုက်ပြီး မျက်နှာပေါ်သို့ ရေများကျလာသည်ကို ခံစားလိုက်သည်။
သူက မျက်လုံးကိုမှိတ်ပြီး အသက်ရှုအောင့်ထား၏။
နှစ်မိနစ်ခန့်ကြာပြီးနောက်တွင် ကျန်းမင်ယွမ်က သူ၏မျက်နှာကို လက်ဖြင့်သပ်ချကာ မျက်လုံးပြန်ဖွင့်လိုက်သည်။
Xxxxxxx
Chapter 112
ရေချိုးပြီးသည်နှင့်တစ်ပြိုင်နက် ကျန်းမင်ယွမ် ရေသုတ်ပုဝါကို ခါးတွင်ပတ်လျက် ထွက်လာခဲ့၏။
ဆံပင်အခြောက်ခံပြီးသောအခါ အိပ်ရာပေါ်သို့လှဲချလိုက်သည်။
အိပ်ရာဘေးရှိ စားပွဲပေါ်၌ သူငယ်ငယ်က ရိုက်ထားသော
မိသားစု သုံးယောက်ပါဝင်သည့် ဓာတ်ပုံတစ်ပုံရှိ၏။
ခန့်ညားသောအမျိုးသား ၊ ချောမောလှပသော အမျိုးသမီးတို့နှင့်အတူ ချစ်စဖွယ်ကလေးလေး တစ်
ယောက်ပါဝင်သော ဓာတ်ပုံသည် အလွန်နွေးထွေးသောမိသားစုဆန်နေသည်။
ကျန်းမင်ယွမ်၏ နှုတ်ခမ်းများက အနည်းငယ်ကွေးညွှတ်သွားပြီး အရွဲ့တိုက်သောအကြည့်မျိုးသို့ အသွင်ပြောင်းသွား၏။ထိုပုံကို ဆက်မမြင်ချင်တော့သောကြောင့်
ဓာတ်ပုံဘောင်ကိုအောက်သို့လှဲချပြီး မီးပိတ်ပစ်လိုက်သည်။
ကုတင်ပေါ်တွင် လဲလျောင်းနေသော ကျန်းမင်ယွမ်သည် ချက်ချင်း မအိပ်နိုင်ပေ။
သားဖြစ်သူနှင့် အတူအချိန်ဖြုန်းခဲ့သော မြင်ကွင်းများက ခေါင်းထဲ၌ ထပ်တလဲလဲ ပေါ်လာနေပြီး မကောင်းသောခံစားချက်များကလည်း တဖြည်းဖြည်းလျော့ပါးသွားသည်။
မြတ်နိုးဖွယ်အမှတ်တရများအား ပြန်လည်အောက်မေ့ရင်း အိပ်ငိုက်လာခဲ့ပြီး အိပ်ပျော်တော့မည်ဆဲဆဲတွင် ကျန်းမင်ယွမ်၏ခေါင်းထဲသို့ အတွေးတစ်ခုဝင်လာခဲ့၏။ တစ်ချိန်ချိန်တွင် ရှင်းရှင်း ၊ ရှင်းရှင်းအမေတို့နှင့်အတူတူ ဓာတ်ပုံရိုက်ရမည်။
***
ကျန်းမင်ယွမ်သည် နောက်တစ်နေ့တွင် တစ်ဖန်ပြန်လာပြီး ကလေး နှင့်အတူ အိမ်၌တစ်နေကုန် ကစားနေပြန်သည်။ ထို့နောက်ထုံးစံအတိုင်း နေ့လည်စာစားကြ၏။
သူမနှင့် ရှင်းရှင်း နှစ်ဦးတည်းသာရှိသောအချိန်များတွင်ချန်းဟွမ်အတွက် ဟင်းနှစ်ပွဲနှင့်ပင်လုံလောက်သည်။
ဖြုန်းတီးရာလည်းမကျတော့ပေ။
ယခု ကျန်းမင်ယွမ် ရောက်လာချိန်၌ ဟင်းနှစ်ပွဲက မလုံလောက်တော့။ အနည်းဆုံး လေးငါးပွဲရှိရန်လိုသည်။
သူမ၏အိမ်က စားသောက်ဆိုင်မဟုတ်ချေ။
ချက်ပြုတ်ရသည်ကလည်း ထင်သလောက် မလွယ်ကူပေ။
ချန်းဟွမ်က စိတ်ရှုပ်မခံနိုင်သောကြောင့် ညစာစားချိန်မတိုင်မီ ကျန်းမင်ယွမ်ကို ပထုတ်ရန် စီစဉ်ထား၏။
တစ်ဖက်တွင်လည်း ကျန်းမင်ယွမ်သည် သူ့အား ကြိုဆိုခြင်း မရှိကြောင်း နားမလည်သကဲ့သို့ ထွက်သွားရန်လည်းစိတ်ကူးမရှိခဲ့ပေ။
ညစာချက်ရန်အတွက်ကူညီမည်ဟုပင် ပြောနေခဲ့သည်။
ချန်းဟွမ်က အနည်းငယ် စိတ်တိုသွားပြီး ကျန်းမင်ယွမ်ကို စိုက်ကြည့်နေ၏။
ထို့နောက် လက်လျှော့လိုက်ပြီး သူတောင်းဆိုသည့်အတိုင်း တာဝန်ပေးလိုက်သည်။
"အသီးအရွက်တွေ သွားဆေးပါ "
လယ်သမားများထံမှ ဟင်းသီးဟင်းရွက်များသည် ဖန်လုံအိမ်မှထွက်သော အသီးအနှံများကဲ့သို့ မသန့်ရှင်းဘဲ အရွက်တစ်ခုစီတွင် မြေကြီးများ ကပ်ပါနေသည်။
သို့သော် ကျန်းမင်ယွမ်အတွက် ဘာပြဿနာမှ မရှိချေ။
သူက ရေစစ်ဇကာကိုရှာပြီး အသီးအရွက်များအား ဆေးကြောရန် ပြင်လိုက်တော့သည်။
" ဘယ်လိုဆေးရမလဲ သားသိတယ် "
ရှင်းရှင်းသည် ဤအရာကို အရင်က လုပ်ခဲ့ဖူးပြီး
အလွန်ပျော်ဖို့ကောင်းသည်ဟုထင်နေ၏။
ထို့ကြောင့်ကျန်းမင်ယွမ်၏အနောက်မှကပ်၍ ခုန်ဆွခုန်တွလုပ်ကာ သူဆေးပါ့မည်တကဲကဲလုပ်နေသည်။
ရာသီဥတုက အေးနေသောကြောင့် ကျန်းမင်ယွမ်က ခွင့်မပြုချေ။ရှင်းရှင်းအား နောက်ဆုံး၌ ချော့ပြောလိုက်နိုင်၏။
ဇလုံထဲမှရေက အလွန်အေးသည်။
ကျန်းမင်ယွမ်က အရွက်တစ်လွှာချင်းစီကို ဆွဲလှန်ပြီး အတွင်း၌ကပ်နေသော မြေဆီလွှာများအား ဆေးကြောပစ်လိုက်၏။
သူက လက်မမြန်သော်လည်း အသေးစိတ်ကျကျလုပ်ဆောင်နေသည်။
ထိုအဆင့်ပြီးသွားသောအခါ ရေစစ်ဇကာထဲသို့ ထည့်ကာ နောက်တစ်ကြိမ် ရေဆေးချ၏။
ချန်းဟွမ်ထံသို့ မပေးမီ သေသေချာချာဆေးကြောနေသည်။
ချန်းဟွမ်က ငါးပေါင်းနေ၏။ ဤသည်မှာရိုးရှင်းသောဟင်းပွဲဖြစ်သည်။
သူမ လုပ်ဆောင်ရန်လိုအပ်သည်မှာ ကတ်သလစ်ငါးကို ပန်းကန်တစ်ခုပေါ်တင်ပြီး ခပ်ပါးပါးလှီးထားသော
ငရုတ်သီးအချို့ကိုဖြူးကာ ရေနွေးငွေ့ပေးထားလိုက်ရုံပင်။
သူမအသုံးပြုသောငရုတ်သီးမှာ အိမ်စိုက်ဖြစ်၏။
ငရုတ်သီးက ကတ်သလစ်ငါး၏အရသာကိုပေါ်လွင်စေပြီး အညှီသက်သာစေသည်။
သူမသည် ပေါင်းခံစက်ထဲသို့ ရေထည့်ရမည်။
ထို့နောက်အဆာပလာများဖြင့်ပြင်ဆင်ထားသော ငါးကို နေရာချပြီး စက်တွင် အချိန်သတ်မှတ်ပြီးသည်နှင့် နောက်ထပ်ဟင်းပွဲအတွက် ပြင်ဆင်နိုင်မည်ဖြစ်၏။
ချန်းဟွမ် လှည့်ကြည့်လိုက်သောအခါ ကျန်းမင်ယွမ်က ရေစစ်ဇကာကို သူမ၏လက်ထဲထည့်ပေးသည်။
"ငါကူညီစရာ ရှိသေးလား " ကျန်းမင်ယွမ်က မေး၏။
“အင်း ပိန်းဥဆေးလိုက် "
ပထမတစ်ကြိမ်ပြီးနောက် ပြောရဆိုရသည်မှာ ပို၍သက်တောင့်သက်သာဖြစ်လာသည်။
ချန်းဟွမ်က ပြောပြောဆိုဆိုဖြင့်ပိန်းဥကို လက်ညိုးထိုးပြ၏။
ကျန်းမင်ယွမ်သည် ချန်းဟွမ်ညွှန်ပြသည့်နေရာမှ ပိန်းဥများကိုယူကာ စတင်ဆေးကြောရန် ပြင်တော့သည်။
ပိန်းဥများသည် အလွန်သေးငယ်ပြီး ၎င်းတို့တွင် မြေဆီလွှာများစွာ ကပ်နေသည်။ ကျန်းမင်ယွမ်က ပိန်းဥများကို ဇလုံထဲသို့ ထည့်လိုက်ပြီး ရေပန်းကိုဖွင့်၏။
ရေမျက်နှာပြင်က ပိန်းဥများအား ဖုံးလုဆဲဆဲတွင်
ကျန်းမင်ယွမ်က ဘရက်ရှ်တစ်ချောင်းကိုယူလိုက်ပြီး ပွတ်တော့မည့်ဟန်ပြင်သည်။
သို့သော် ချန်းဟွမ်က သူ့ထံ ပြေးလာပြီးတား၏။
"မလှုပ်နဲ့ " ချန်းဟွမ်က လက်အိတ်တစ်စုံကို ကမ်းပေးသည်။
“ဒါ ဝတ်လိုက်... လက်တွေပွန်းကုန်မယ် "
ကျန်းမင်ယွမ် ချန်းဟွမ်၏လက်ထဲမှ လက်အိတ်များကိုလှမ်းယူကာ ပြုံးလျက် ကျေးဇူးတင်စကားဆိုလိုက်သည်။
" ကိစ္စမရှိဘူး " ချန်းဟွမ်က သူမ၏လက်များကို ဝှေ့ယမ်းလျက်ပြော၏။
ထို့နောက်နံရိုးများကိုသန့်စင်ရန် အနောက်သို့ လှည့်သွားလေသည်။
Xxxxxxxx