အပိုင်း ၁၁၃-၁၁၄
Viewers 22k

Chapter 113


ကျန်းမင်ယွမ် မီးဖိုချောင်သုံးလက်အိတ်ကို ပထမဆုံးအကြိမ် ၀တ်ဆင်ခဲ့သည်။ ဤသည်မှာ သူ့အတွက် အသစ်စက်စက် အတွေ့အကြုံတစ်ခုပင်။


 ပိန်းဥသည် ဆလပ်ရွက်ထက် ဆေးကြောသန့်ရှင်းရန် ပိုမိုလွယ်ကူသောကြောင့် အပြီးသတ်ရန် အချိန်အများကြီး မပေးခဲ့ရပေ။


 ပိန်းဥများအား ဆေးကြောသန့်စင်ပြီးနောက်၌ပင်


အရောင်မှာ နက်နေသေး၏။ကြည့်ပျော်ရှုပျော်မရှိကြောင်း ကျန်းမင်ယွမ် ခံစားလိုက်ရသည်။ 


သူက ပိန်းဥများကို ချန်းဟွမ်ထံ လွှဲပြောင်းပေးပြီး 


ထပ်မံလုပ်ရမည့်အဆင့်အကြောင်းမေးလိုက်၏။


" နံရိုးတွေနဲ့ ရောချက်မယ် "


ချန်းဟွမ်ပြောပြောဆိုဆိုနှင့် စက်ထဲမှပေါင်းခံအိုးကို ဆွဲထုတ်လိုက်သည်။


ထို့နောက် ရေထည့်ကာ ပိန်းဥများကို ပစ်ထည့်လိုက်ပြီး အဖုံးဖုံးလိုက်၏။


 "အဲ့လိုလား...."  ကျန်းမင်ယွမ်သည် တစ်စုံတစ်ရာမှားနေသလို ခံစားခဲ့ရသည်။


 ချန်းဟွမ်က သူ့ကိုကြည့်ပြီး ဘာမှပြန်မပြော‌ပေ။


ပေါင်းခံပြီးသောအခါမှ ချန်းဟွမ်က ကျန်းမင်ယွမ်အား ပြောပြသည်။


"ဒါက အခွံခွာဖို့သပ်သပ်ပဲ "


 ပေါင်းခံပြီးနောက်တွင် ပိန်းဥသားများနှင့် အခွံအား


 ခွဲထုတ်ရန် အထူးလွယ်ကူသွား၏။


ကျန်းမင်ယွမ်သည် ချန်းဟွမ်ထံမှ ပိန်းဥပန်းကန်ကို ယူကာ ဆက်လက်ကူညီခဲ့သည်။


 " ပိုလွယ်သွားတာပဲ ”  


ကျန်းမင်ယွမ်က ပိန်းဥအခွံ ခွာနေခိုက်တွင် ချန်းဟွမ်ကပေါင်းအိုးကို ဆေးကြောနေခဲ့၏။


 မီးဖိုချောင်ခပ်ကျဥ်းကျဥ်းအတွင်း၌ အချင်းချင်း နီးကပ်နေကြသော်လည်း သက်တောင့်သက်သာမဖြစ်မှုကို လုံးဝမခံစားရပေ။


ထို့နောက် ကျန်းမင်ယွမ်က ညစာ စားပွဲကို ခင်းကျင်းပေးခဲ့သည်။သူက ဟင်းပွဲများကို စားပွဲပေါ်တင်ပြီးနောက်တွင်


ရှင်းရှင်းအား လက်ဆေးရန် အတူခေါ်သွား၏။


ယမန်နေ့က သင်ခန်းစာရသွားပြီးဖြစ်သောကြောင့်သားအဖနှစ်​ယောက်​သည် ထင်ရာမစိုင်းကြရဲတော့ပေ။


အားလုံးလုပ်ကိုင်ပြီးသည့်အချိန်အထိ နှစ်ဦးစလုံး၏ ခန္ဓာကိုယ်များမှာ ခြောက်သွေ့နေဆဲဖြစ်သည်။


ကျန်းမင်ယွမ်အတွက် ယနေ့ညစာသည် အထူးမြိန်လှ၏။


ညစာကူပြင်ပေးခဲ့သောကြောင့်ဖြစ်မည်။


ညစာစားပြီးနောက် ကျန်းမင်ယွမ်က  ပန်းကန်ဆေးသည့် တာဝန်ကို ယူလိုက်ပြန်သည်။


တီဗွီ၌ သတင်းကြေငြာနေပြီး


ချန်းဟွမ်နှင့် ရှင်းရှင်းတို့က အတူထိုင်ကြည့်နေကြ၏။


ကလေးအရွယ်များသည်  မည်သည်ကိုမှနားမလည်‌ကြသေးပေ။


သူတို့တွင် အရာအားလုံးနှင့်ပတ်သက်သည့် မေးခွန်းများစွာရှိတတ်သည်။


 ကျန်းမင်ယွမ်သည် သူ၏လက်များကို အခြောက်ခံကာ မီးဖိုခန်းထဲမှ ထွက်လာ၏။


သို့သော် အတူထိုင်နေကြသော သားအမိနှစ်ယောက်ကို ဘေးတိုက်မြင်လိုက်ရသောအခါ ခြေလှမ်းများက တုံ့ဆိုင်းသွားသည်။


ကျန်းမင်ယွမ်က တွေဝေပြီးအချိန်ဖြုန်းမနေတော့ဘဲ 


စိတ်စေရာအတိုင်းပြုမူလိုက်၏။


သူက အရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။


  


ချန်းဟွမ်သည် သူမ၏နံဘေး၌ တစ်စုံတစ်ရာနစ်မြုပ်သွားသလို ခံစားလိုက်ရပြီး ဘေးဘက်ရှိ ကျန်းမင်ယွမ်ကို လှည့်ကြည့်၏။ထို့နောက်ဘာမှမပြောဘဲ တီ‌ဗွီကိုသာ ပြန်လှည့်ကြည့်နေလိုက်သည်။


ရှင်းရှင်း၏မေးခွန်းများအား ကူညီဖြေကြားပေးမည့် လူတစ်ယောက်ထပ်တိုးလာ၏။


သတင်းအစီအစဥ်ပြီးသွားချိန်၌ ရှင်းရှင်း၏အိပ်ရာဝင်ချိန်ရောက်လာပေပြီ။


 ရှင်းရှင်းက ရေချိုးခန်းအပြင်ဘက်တွင် ရပ်စောင့်နေချိန်၌ ချန်းဟွမ်က ရှင်းရှင်းကို လဲလှယ်ပေးရန် အဝတ်အစားများသွားယူလိုက်၏။


သူမ အဝတ်အစားများယူပြီးပြန်လာချိန်တွင် ကျန်းမင်ယွမ်က တံခါးနားတွင် ရပ်နေသည်။


သူက လက်ကို ဆန့်တန်းပြီး " ပေးပါ "ဟု ပြော၏။


 ချန်းဟွမ်က ငြိမ်သက်နေသည်။


 “မင်းသွားပြီး နားတော့....ငါရှင်းရှင်းကို ရေချိုးပေးလိုက်မယ် " 


 ကျန်းမင်ယွမ်က သူမကို ပြုံးပြ၍ ပြောလိုက်သည်။


 "ငါက သူနဲ့ ကစားရုံပဲကစားပေးတဲ့ အဖေမျိုး မဖြစ်ချင်ဘူး "


ထိုစကားကိုကြားသောအခါ ချန်းဟွမ်က အနည်းငယ် စိတ်သက်သာရာရသွားသော်လည်း သံသယရှိနေဆဲပင်ဖြစ်သည်။  


" ဘယ်လိုချိုးပေးရမှာလဲ သိလို့လား "


ကျန်းမင်ယွမ် က သူ့နှာခေါင်းကို ခပ်သာသာပွတ်လိုက်ပြီး


 "အရာအားလုံးအတွက် ပထမဆုံးအကြိမ်ဆိုတာ‌တော့ ရှိစမြဲပဲလေ "


 “ဟုတ်ပြီ‌လေ”  


ကျန်းမင်ယွမ်၏စကားက အဓိပ္ပာယ်ရှိသည်။


ချန်းဟွမ်က  သူမ၏လက်ထဲရှိ အဝတ်အစားများကို ကမ်းပေး၏။


 "ရှင်အကူအညီလိုရင် ကျွန်မကိုခေါ် " 


 "စိတ်မပူပါနဲ့"  ကျန်းမင်ယွမ်က ရှင်းရှင်းနှင့်အတူ  ရေချိုးခန်းထဲသို့ ဝင်သွားရင်း လှမ်းပြောသည်။


ရေချိုးခန်းထဲသို့ မရောက်ခင်အချိန်၌ ကျန်းမင်ယွမ်သည်ကလေးရေချိုး‌ပေးရခြင်းက အလွန်တရာခက်ခဲသောအရာဖြစ်ကြောင်း သတိမမူမိခဲ့ပေ။


ရေ စချိုးပေးသည့်အချိန်မှစ၍ သူ၏လုပ်ရပ်မှာ


 မည်မျှမှားသွားကြောင်း နားလည်စပြုလာခဲ့သည်။


ဤသည်က ရှင်းရှင်းအတွက် အဖေဖြစ်သူနှင့်အတူရေချိုး‌သော ပထမဆုံးအကြိမ်ဖြစ်၏။


အစောပ်ိုင်း၌ အနည်းငယ်နေရခက်သလို ခံစားရသောကြောင့် ရှင်းရှင်းက လှည့်ပတ်နေသည်။


သို့သော် နေသားကျလာသည်နှင့် ရှင်းရှင်းက စ မွှေတော့၏။


ရှင်းရှင်းက ခေါင်းကိုရေစိမ်ပြီး ဘယ်ညာခါယမ်းပစ်လိုက်သည်။ ရေနှင့်ပူဖောင်းများက နေရာအနှံ့ ပွစာကြဲသွားတော့၏။


 ကျန်းမင်ယွမ်သည် အချိန်မီ မတားဆီးနိုင်ခဲ့ဘဲ သူ၏ခန္ဓာကိုယ်တစ်ဝက်ခန့်မှာ ရွှဲရွှဲစိုသွားပြီဖြစ်သည်။


ရှင်းရှင်းက ထင်တိုင်းကြဲပြီး တခစ်ခစ်ရယ်၏။


ကျန်းမင်ယွမ်သည် ဒေါသနှင့် အားကိုးရာမဲ့မှုကို တစ်ပြိုင်နက်ခံစားလိုက်ရတော့သည်။


သူက မျက်နှာတင်းတင်းထားပြီး ရှင်းရှင်းကို မတ်တပ်ရပ်ရန် ပြောလိုက်၏။


သို့သော်ရှင်းရှင်းက အရေးမစိုက်ဘဲ ငါးရှဉ့်တစ်ကောင်ကဲ့သို့ လူးလွန့်နေသည်။


ကျန်းမင်ယွမ် ရှင်းရှင်းအား ခက်ခက်ထန်ထန် မကိုင်တွယ်နိုင်ပေ။


ထို့ကြောင့် ရေမချိုးပေးရသေးခင်မှာပင် တစ်ကိုယ်လုံးရွှဲရွှဲစိုနေပြီဖြစ်၏။


ကျန်းမင်ယွမ်သည် ရေချိုးခန်းထဲ၌ အလွန်အမင်း မောပန်းနေရှာသည်။ သူသည် ရေချိုးခန်းတံခါးကိုဖွင့်လိုက်၏။ထို့နောက်ရှင်းရှင်းကို ရေခြောက်အောင်သုတ်ပေးပြီး အဝတ်အစားများကူဝတ်ပေးသည်။


ပြီးနောက် ရေချိုးခန်းထဲမှ ထွက်လာခဲ့၏။


 ချန်းဟွမ်သည် ရေချိုးခန်း ပေါက်ဝတွင် ရပ်နေပြီး ကျန်းမင်ယွမ်ကိုတွေ့သောအခါ ထိတ်လန့်သွားတော့သည်။


ဤသူသည် အရပ်ရှည်ပြီး လူကောင်ကြီးရုံသာမက


 ပခုံးကျယ်ပြီး ခြေတံရှည်များလည်းရှိ၏။  


အလုပ်ချိန်မဟုတ်သော်လည်း ဝတ်စုံပြည့် ၀တ်ထားသည်။


သူသည် ရေချိုးခန်းထဲသို့ မဝင်မီ အပေါ်ဝတ်ကို ချွတ်ထားခဲ့ပြီး  အင်္ကျီလက်များကို အပေါ်သို့ခေါက်တင်ထား၏။


ယခုအချိန်၌ မျက်စိရှေ့ရှိလူမှာ တစ်ကိုယ်လုံး စိုစွတ်နေပြီး ရှပ်အင်္ကျီအဖြူက သူ၏အရေပြားတွင် ကပ်နေသည်။


အဖြူရောင်ဖြစ်သည့်အလျောက် ရေစိုနေချိန်တွင် အတွင်းသို့ကွက်ကွက်ကွင်းကွင်းမြင်နေရ၏။


 အနှီအမျိုးသားထံမှ ကြွက်သားများ၏ ချောမွေ့သောအသွင်အပြင်ကို မီးရောင်အောက်တွင် ရှင်းရှင်းလင်းလင်းမြင်ရပြီး ၎င်းတို့ထံမှ ဆွဲညှို့ယူမှုများဖြာထွက်နေသည်။


သူ၏ဆံပင်များကလည်း စိုရွှဲနေ၏။


ထိုသူကစိတ်ရှုပ်နေပုံရသော်လည်း ခါတိုင်းနှင့်မတူညီသောခံစားချက်မျိုးရသည်။


ကျန်းမင်ယွမ်အား ကြည့်နေရင်းဖြင့် သူမ၏ပါးပြင်များပူနွေးလာသည်ကို ချန်းဟွမ်ခံစားလိုက်ရ၏။


‌ချန်းဟွမ်က ချောင်းဟန့်ပြီး အကြည့်လွှဲလိုက်မိသည်။


သူမက ရှင်းရှင်းကို ပွေ့ချီလိုက်ပြီး ကျန်းမင်ယွမ်ကို လှမ်းမေးလိုက်၏။


  "အဝတ်အစားတွေစိုရွှဲနေရင် အအေးမိလိမ့်မယ်... ဘာလို့ ရေမချိုးတာလဲ "


Xxxxxxx


Chapter 114


 "ရပါတယ် အဆင်ပြေသွားလိမ့်မယ်"  


ကျန်းမင်ယွမ်က ချန်းဟွမ်ထံမှကမ်းလှမ်းမှုကို ငြင်းဆိုလိုက်သည်။ 


 “ သိပ်လည်းမဝေးပါဘူး... အိမ်ပြန်ရောက်ရင် ရေချိုးလိုက်မယ်"


 ဤအိမ်၌ မိန်းမသားတစ်ယောက်နှင့်ကလေးတစ်ဦးသာရှိသည်။အကြမ်းဖျင်းအားဖြင့်ခြုံငုံကြည့်လျှင်


 ဤနေရာ၌ အမျိုးသားဝတ်အဝတ်အစားများ ရှိမည်မဟုတ်ချေ။  


ထိုသို့ပြောပြီးနောက် ကျန်းမင်ယွမ် သည် ရှင်းရှင်းကို ချန်းဟွမ်ထံ လက်လွှဲပေးပြီး ထွက်ခွာရန်ပြင်နေသည်။


 “အပြင်မှာ အရမ်းအေးတယ်...  ဒီအတိုင်းသွားလို့ အဆင် ပြေမှာမဟုတ်ဘူး "  


ချန်းဟွမ်က ရှင်းရှင်းအား ခေါ်သွားကာ ဆံပင်ခြောက်အောင် မှုတ်သည်။


ကလေးငယ်ငယ်ကလေး၏ဆံပင်သည် ပါး၍တိုလွန်းသောကြောင့် လုံးဝခြောက်ရန် နှစ်မိနစ်ခန့်သာကြာ၏။


ချန်းဟွမ်က ရှင်းရှင်း၏ခေါင်းကို ခပ်ဖွဖွပုတ်ကာ အိပ်ရာဝင်ခိုင်းသည်။


ထို့နောက် သူမက ကျန်းမင်ယွမ်၏အရှေ့၌ ပိတ်ရပ်လိုက်၏။


 


  “ဒီနားတစ်ဝိုက်မှာ စူပါမားကတ်တွေရှိတယ်.... အဝတ်အစားလဲဖို့ သွားဝယ်ပေးမယ်...ဒုက္ခမများပါဘူး...”


 စိုစွတ်နေသောအဝတ်အစားများကို ဝတ်ဆင်ထားရခြင်းက အမှန်တကယ်ပင် သက်တောင့်သက်သာမဖြစ်လှပေ။  အပူပေးစက်ဖွင့်ထားသော်လည်း ကျန်းမင်ယွမ်၏ခန္ဓာကိုယ်မှ အပူရှိန်မှာ ပျောက်ကွယ်လုနီးနီးဖြစ်‌နေသည်။


ကျန်းမင်ယွမ်က ခေတ္တစဉ်းစားပြီး ခေါင်းငြိမ့် သဘောတူလိုက်၏။


  “ကောင်းပြီလေ ဒါဆိုရင်လည်း.... ကျေးဇူးပဲ ”


 "ကိစ္စမရှိပါဘူး"


 ရေချိုးခန်းထဲမှ ထွက်လာသူက ​ရေချိုးခန်းထဲသို့ပင်ပြန်​ဝင်​သွားသည်။ 


 ဘေးတိုက်တွန်းဖွင့်ရသော လျှောတံခါးကပွင့်ပြီး 


နောက် ပြန်ပိတ်သွားသည်။


ထို့နောက် မှုန်ဝါးနေသောမှန်ချပ်မှတစ်ဆင့် ထိုးဖောက်မြင်နေရသောရုပ်သွင်တစ်ခုက ပေါ်ပေါက်လာ၏။


ချန်းဟွမ်က တစ်စုံတစ်ခုကို တွေးမိပြီး အနည်းငယ် ရှက်‌သွေးဖြာသွားသည်။ 


သူမသည် အသက်ပြင်းပြင်းရှူရင်း ပူနွေး‌နေသောပါးပြင်များကို လက်ဖြင့်ဖိလိုက်၏။


ချန်းဟွမ်သည် အခင်းနေရာမှလှည့်ထွက်လာကာ ရှင်းရှင်းကို စောင်သေချာခြုံပေးပြီးနောက် သော့ယူပြီး ကုန်တိုက်သို့ထွက်လာခဲ့သည်။


 


 သူမတို့ရပ်ကွက်၏အနောက်ဘက်ခြမ်း ဝင်ပေါက်တစ်ဝိုက်တွင် ဈေးဆိုင်တန်းတစ်ခုရှိပြီး ကုန်တိုက်ကြီးတစ်ခုလည်းရှိ၏။


သူမ၏ရွေးချယ်မှုက အတော်လေး ပြီးပြည့်စုံသည်။


 ချန်းဟွမ်သည် အမြန်ထွက်လာရသောကြောင့် လည်စီးပုဝါကိုမေ့လာခဲ့၏။ယခုရက်ပိုင်းအတွင်း အအေးလွန်ကဲကာ အပူချိန်မှာသိသိသာသာ ကျဆင်းနေသည်။


အေးစက်နေသောလေက သူမ၏ အင်္ကျီလည်ပင်း‌ပေါက်


မှတဆင့် တိုးဝင်လာသည်။


ချန်းဟွမ်က အင်္ကျီလည်ပင်းပေါက်ကို လည်ဂုတ်ဘက်သို့


ပြန်ဆွဲတင်လိုက်၏။


ထို့နောက် အိတ်ကပ်ထဲသို့လက်ထိုးထည့်ကာ ကုန်တိုက်ဆီသို့ အမြန်လျှောက်လှမ်းလာသည်။


ဈေးတန်းအနီးရှိကုန်တိုက်၏ ပထမထပ်တွင် အဝတ်အစားဆိုင် များစွာရှိ၏။


အမျိုးသားဝတ်သာမက အမျိုးသမီးဝတ်များလည်းရှိသည်။


ချန်းဟွမ်သည် ရွေးချယ်နေရန်အတွက် အချိန်များများစားစားမရှိချေ။ 


သူမသည် တီရှပ်အင်္ကျီ ၊ သိုးမွှေးဆွယ်တာနှင့် ဘောင်းဘီတစ်ထည်ကို ကောက်ယူလိုက်သည်။


ထို့နောက် အတွင်းခံတန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး သင့်တော်သော အရွယ်အစားဖြစ်ပုံရမည့် အတွင်းခံပါကင်တစ်ခုကို ကောက်ယူလိုက်၏။


ကျန်းမင်ယွမ်၏ဆိုဒ်ကို သူမ မသိ‌ချေ။


မှန်းဆရုံသာတတ်နိုင်သည် ။


ချန်းဟွမ်  ငွေချေပြီးနောက် အိမ်သို့ အမြန်ပြန်လာခဲ့သည်။ 


ရေချိုးခန်းထဲမှ ရေသံကြားနေရဆဲဖြစ်၏။


ချန်းဟွမ်က စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။


 သူမသည် အတွင်းခံဘောင်းဘီပါကင်ကိုဖွင့်ကာ ဘောင်းဘီကို ရေစိမ်လိုက်၏။


 အဝတ်အစားအသစ်များက ညစ်ပတ်တတ်သည်။


အခြားအရာများက ကိစ္စမရှိသော်လည်း ဤသည်မှာ အတွင်းဝတ်ဖြစ်သည်။


ချန်းဟွမ်က ဘောင်းဘီကို ရေစိမ်လျက် မွှေပြီးသည်နှင့် အခြောက်ခံစက်ထဲသို့ ပစ်ထည့်လိုက်၏။


အခြောက်ခံစက်ကို ဖွင့်ပြီးသည်နှင့် သူမက စက်ဖုံးကိုပြန်ပိတ်လိုက်သည်။


ထို့နောက်ရေချိုးခန်းထဲမှလူအား လှမ်းပြော၏။


 " ခဏနေဦး....အဝတ်အစားတွေအသင့်ဖြစ်ရင် လာပေးမယ် "


အဝတ်အခြောက်ခံစက်သည် ရေချိုးခန်းအပြင်ဘက်တွင်ရှိပြီး နှစ်ဦးသားကြားတွင် တံခါးတစ်ချပ်သာ ခြားသည်။


ရေချိုးခန်းထဲ၌ရှိသော ကျန်းမင်ယွမ်က အပြင်မှအသံကို ရှင်းရှင်းလင်းလင်း ကြားရ၏။


 သူရေချိုးနေသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။


ရေပန်းအောက်တွင် အချိန်နည်းငယ်ထပ်နေရဦးမည့်ပုံပင်။


ရေက အနည်းငယ်ပိုပူလာသလို ခံစားရသည်။


ကျန်းမင်ယွမ်၏မျက်နှာမှာ ပူထူလာပြီး  မဆိုစလောက်ကလေး မူးဝေနေ၏။


 အဝတ်အစားတစ်စုံအား အခြောက်ခံရန် အချိန်သိပ်မယူရပေ။


ချန်းဟွမ် သည် စက်ဖုံးကိုဖွင့်လိုက်ပြီး အလွန်မများသော


အဝတ်အစားတို့ကို ထုတ်ယူလိုက်သည်။ 


သူမ၏ဘယ်ဘက်လက်ထဲတွင် အခြောက်ခံစက်ထဲမှ  လောလောလတ်လတ်ထုတ်ယူထား‌သော ခပ်နွေးနွေးအတွင်းခံဘောင်းဘီတစ်ထည်ရှိ၏။


အခြားတစ်ဖက်တွင်မူ အဝတ်အစားသုံးထည်နှင့် ရေသုတ်ပုဝါတစ်ထည်ကို ကိုင်ဆောင်ထားသည်။


ရေချိုးခန်းတံခါးပေါက်အားဆွဲဖွင့်လုနီးနီးတွင် ချန်းဟွမ်က တွေဝေသွားပြီး လက်ပြန်ရုတ်၏။


 ဤကဲ့သို့ အထဲဝင်ရခြင်းက ရှက်စရာကောင်းလွန်းသည်။ မမြင်အပ်သည်ကို မတော်တဆမြင်လိုက်ရပါက ဒုက္ခများပေတော့မည်။


ချန်းဟွမ်သည် သူမအတွေးနှင့်သူမ အဝတ်အစားများကို ခြင်းတောင်းတစ်ခုအတွင်းသို့ ထိုးထည့်လိုက်သည်။


ထို့နောက် ရှင်းရှင်းကို နှိုးရန် အိပ်ခန်းထဲသို့၀င်သွား၏။


 


  " ရော့ ...  ရေချိုးခန်းထဲသွားပြီး ဖေဖေ့ကိုသွားပေးချေ... "


Xxxxxxx