အပိုင်း ၁၁၅-၁၁၆
Viewers 22k

Chapter 115


ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်ရသော်လည်း အပြင်ဘက်မှသူက ပြန်လည်ထွက်ခွာသွားပုံရသည်။


ထိုအခါမှ သူသည် တစ်ချိန်လုံး အသက်ရှုအောင့်ထားမိခဲ့ကြောင်းကို ကျန်းမင်ယွမ် သိလိုက်ရ၏။


 ကျန်းမင်ယွမ်က အသက်ပြင်းပြင်းရှူပြီး အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။


ထောင့်တစ်နေရာတွင်တင်ထားသော အဝတ်စိုများကို ကြည့်ကာ ထိုအရာများကိုပြန်ဝတ်ပြီး ရေချိုးခန်းထဲမှပြန်ထွက်ဖို့ကိုပင် တွေးမိလိုက်သေး၏။


ရှင်းရှင်းက စောင်ပုံထဲမှ ထွက်လာသည်။


သူ အပေါ်ထပ်ဝတ်ကာ အိမ်စီးဖိနပ်ကိုကောက်စွပ်လိုက်၏။


ထို့နောက်တွင် အမေဖြစ်သူပေးသော ခြင်းတောင်းကိုယူ၍


ရေချိုးခန်းဆီသို့ဦးတည်ခဲ့သည်။


ရှင်းရှင်း၏လက်တံကလေးများက အလွန်တို၏။


သူပိုက်ထားသောခြင်းတောင်းအတွင်းရှိ အင်္ကျီလက်တစ်ဖက်က အောက်သို့လျှောကျပြီး ကြမ်းပြင်နှင့်လျှပ်ထိနေသည်။


ချန်းဟွမ်မရှိသောကြောင့် ပြန်လည်တည့်မတ်ပေးမည့်သူလည်းမရှိချေ။


ရှင်းရှင်းက အဝတ်ခြင်းကိုပိုက်ထားပြီး ရေချိုးခန်းအပြင်ဘက်တွင် ရပ်နေသည်။


 “တံခါးဖွင့်ပါ ဖေဖေ... သား အဝတ်​​တွေ ယူလာခဲ့တယ်​ "


 “ ဟုတ်ပြီ ဟုတ်ပြီ "


 ရေချိုးခန်းအတွင်းမှ တည်ငြိမ်သော အမျိုးသားသံတစ်ခု ထွက်ပေါ်လာသည်။  


ရေသံများ တိတ်သွားပြီးနောက် ကျန်းမင်ယွမ်က တံခါးတစ်ဖက်ခြမ်း၏အနောက်တွင်ရပ်လျက် ‌တံခါးပေါက်ကို ဟရုံကလေးသာ ဖွင့်လိုက်သည်။


ထို့နောက်အပြင်သို့ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။


 “ဟုတ်ပြီ... အခု ဖေဖေ့ကို ပေးလိုက်‌တော့ ”


 ရှင်းရှင်း၏အမြင်အာရုံမှာ အဝတ်ခြင်းဖြင့် ပိတ်ဆို့


နေပြီး ကျန်းမင်ယွမ်၏လက်ကို လုံးဝမမြင်ရပေ။  


ရှင်းရှင်းက တံခါးကို မော့ကြည့်သောအခါ ပိတ်ထားပုံရသောအနေအထားကိုသာ မြင်လိုက်ရ၏။


 “ဖေဖေ.... တံခါးဖွင့်ပါ” ရှင်းရှင်းက ထပ်မံအော်ပြောသည်။


ကျန်းမင်ယွမ်က ကူရာကယ်ရာမဲ့သော ခံစားချက်ဖြင့် လက်မောင်းကို ပိုမိုဆန့်ထုတ်လိုက်သည်။


  "  အဝတ်အစားတွေကို ဖေ့ဖေ့လက်ထဲထည့်လိုက် ရှင်းရှင်း "


 "လက်မရှိဘူး"  ရှင်းရှင်းသည် ဘယ်ညာဝေ့ဝိုက်ကြည့်သော်လည်း ဘာကိုမှ မမြင်ရချေ။သူသည် အဝတ်အစားများအား ကိုင်ထားရသည်ကို ငြီးငွေ့လာပြီဖြစ်သည်။


ထပ်မံ မစောင့်ချင်တော့ပေ။


ရှင်းရှင်းက အရှေ့သိို့ခြေတစ်လှမ်းထုတ်ပြီး တံခါးကို ကိုယ်လုံးဖြင့် တွန်းဖွင့်သည်။


 တံခါးနောက်တွင်ရပ်နေသော ကျန်းမင်ယွမ်သည် မမျှော်လင့်ထားဘဲ ရှင်းရှင်းဘက်မှ တံခါးကိုတွန်းဖွင့်ဝင်လာသည်ကို ခံစားလိုက်ရ၏။


ထိုအခါအေးစက်သောလေက ရေချိုးခန်းထဲသို့တိုးဝင်လာသည်။


ကျန်းမင်ယွမ်သည် အနောက်သို့ခြေတစ်လှမ်းမဆုတ်ခွာမီ တွင် မင်သက်နေမိ၏။ သူ၏နှလုံးခုန်သံသည် စက္ကန့်အနည်းငယ်ခန့် စည်းချက်ပျက်သွားပြီး အပြင်၌ရှိသူက တစ်စုံတစ်ရာမြင်သွားလေမလားဟုပင် သံသယဖြစ်သွားမိသေးသည်။


 စိတ်ထဲ၌ အတွေးမျိုးစုံက ကဆုန်ပေါက်နေချိန်တွင် ရှင်းရှင်းမှာ ရေချိုးခန်းထဲသို့ရောက်နှင့်နေပြီဖြစ်၏။


ရှင်းရှင်းက လက်နှစ်ဖက်အား အထက်သို့မြှင့်လျက်


အဝတ်ခြင်းကို ကျန်းမင်ယွမ်ထံ ထိုးပေးသည်။


   " အဝတ်တွေက ဒီမှာ... ဖေဖေ "


 "ကျေးဇူးပဲ သားလေး "  


ကျန်းမင်ယွမ်သည် သက်တောင့်သက်သာမဖြစ်ခြင်းကို ခံစားရသော်လည်း ယင်းကို ထုတ်ဖော်ပြခြင်းမပြုခဲ့ချေ။


 သူသည် ရှင်းရှင်းပေးသောအဝတ်အစားများကို ယူကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ကျေးဇူးတင်စကားဆိုသည်။  ကလေးထွက်သွားသည်နှင့် ကျန်းမင်ယွမ်က ရေချိုးခန်းတံခါးကို ပြန်ပိတ်၏။


 ရေချိုးခန်းအတွင်းမှ  ရေနွေးငွေ့များက ပျောက်ကွယ်သွားပြီး ‌အအေးဓာတ်ဝင်စပြုလာသည်။


ကျန်းမင်ယွမ်ထံတွင် အတွေးလွန်နေရန် အချိန်မရှိပေ။


သူသည် အဝတ်အစားများကို ဘေးဘက်ရှိ စင်ပေါ်တွင် တင်ကာ မျက်နှာသုတ်ပုဝါကို လှမ်းယူလိုက်၏။


ထို့နောက်ရေများကိုသုတ်လိုက်သည်။


တံခါးဖွင့်သံကို ကြားသည်နှင့် ချန်းဟွမ်က အိပ်ခန်းထဲမှ ထွက်လာတော့၏။


 ရေချိုးခန်းအပြင်ဘက်၌ ရပ်နေသော ကျန်းမင်ယွမ်က သူမကို အထူးအဆန်းကြည့်နေသည်။


 နှစ်ယောက်သား အကြည့်ချင်းဆုံသွားခိုက်တွင်


နေရခက်သလို ခံစားမိကြ၏။


သို့သော်နှစ်ဦးစလုံးက ထိုခံစားချက်ကိုကောင်းကောင်း ဖုံးကွယ်ထားနိုင်ကြသည်။


 ချန်းဟွမ်၏အိမ်တွင် အိမ်တွင်းစီးဖိနပ် ဆိုဒ်ကြီးမရှိသည့်အတွက် ကျန်းမင်ယွမ်သည် ကြမ်းပြင်ပေါ်တွင် ခြေဗလာဖြင့် ရပ်နေရ၏။


ချန်းဟွမ်ဝယ်ပေးသော အဝတ်အစားက သူနှင့် အတော်လိုက်ဖက်သည်။ 


ကုန်တိုက်မှအဝတ်အစားများက  ထွေထွေထူးထူးဆန်းပြားမနေသော်လည်း ကျန်းမင်ယွမ်ဝတ်လိုက်သောအခါ အလွန်ကြည့်ကောင်းနေပုံရ၏။


 သူ၏ဆံပင်များက စိုစွတ်နေသေးပြီး ရေများ တစက်စက်ကျနေသည်။


ကျန်းမင်ယွမ်က ဆံပင်အခြောက်ခံရန် လေမှုတ်စက်ကို တောင်းယူလိုက်၏။ ဆံပင်အခြောက်ခံပြီးနောက် ခြေထောက်ကို ရေ‌စင်‌အောင်သုတ်ကာ အပြင်ဘက်တွင် ချွတ်ထားသောဖိနပ်ကို ကောက်စွပ်သည်။


ဖိနပ်ကြိုးချည်ရန် ခါးကိုင်းလိုက်ချိန်၌ ကျန်းမင်ယွမ်က အနည်းငယ် တုံ့ဆိုင်းသွား၏။


ဤအခြင်းအရာကို ချန်းဟွမ်ကလည်း သတိထားမိသည်။


 "ဘာဖြစ်လို့လဲ "   ချန်းဟွမ်က မေး၏။


ကျန်းမင်ယွမ်က ဟန်မပြတ် ဖိနပ်ဆက်ဝတ်နေသည်။


ထို့နောက် မတ်တပ်ပြန်ရပ်ပြီးပြော၏။


" ဆိုဒ်သေးနေတယ် "


 "ကြည့်ရတာတော့ အဆင်ပြေတဲ့ပုံပါပဲ"


 ချန်းဟွမ် အနည်းငယ် အံ့သြသွားမိသည်။  


အဝတ်အစားက သိပ်တင်းကြပ်ပုံပေါ်မနေချေ။


 ကျန်းမင်ယွမ်က သူမကိုကြည့်ပြီး ဘာမှပြန်မပြောပေ။ ရေချိုးခန်းထဲမှ သူ၏အဝတ်အစားများကို ထုပ်ပိုး၍အိမ်ပြန်သယ်သွားနိုင်ရန် အိတ်တစ်လုံးကိုသာတောင်းလိုက်သည်။


Xxxxxxxx


Chapter 116


အိမ်တွင် နောက်ဆုံးဈေးဝယ်ခဲ့ချိန်ကရရှ်ိသော ကတ်ထူအိတ်အနည်းငယ်ရှိနေသည်။ ချန်းဟွမ်က ထိုထဲမှတစ်လုံးကိုဆွဲထုတ်ကာ ကျန်းမင်ယွမ်ထံ ကမ်းပေးလိုက်၏။


ယခုအချိန်၌ ကျန်းမင်ယွမ်သည် သူ၏အ၀တ်ညစ်များအား သပ်ရပ်စွာ ကြည့်ပျော်ရှုပျော်ဖြစ်အောင် ခေါက်ထားပြီးဖြစ်သည်။သူက အိတ်ထဲသို့ တစ်ထည်ပြီးတစ်ထည် ထည့်၏။


 နောက်ဆုံးတစ်ထည်အား ထည့်ပြီးနောက်တွင်


ကျန်းမင်ယွမ်ထံမှ " ဆိုဒ်သေးနေတယ် " ဟူသောစကား၏ ဆိုလိုရင်းကို ချန်းဟွမ်တစ်ယောက် သ‌ဘောပေါက်သွားတော့သည်။ 


 သူမ တစ်ကိုယ်လုံး ပူထူသွားပြန်၏။


 တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှချိန်းမတွေ့ဖူးသော အမျိုးသမီးတစ်ဦးအတွက် အရွယ်ရောက်ပြီးအမျိုးသားတစ်ဦး၏အရွယ်အစားကိစ္စများကို ဆွေးနွေးရခြင်းသည် အလွန်အဆင်မပြေလှပေ။


ချန်းဟွမ်သည်  “ဆိုဒ်သေးနေတယ်” ဟူ‌သောစကားကိုသာ ထပ်တလဲလဲတွေးနေမိသည်။


သူမသည် အလွန်အကြူး အရှက်ကွဲထားသော်လည်း  ကန့်သတ်ထားသည့်နေရာကို ကြည့်ဖြစ်အောင်ကြည့်လိုက်မိသေး၏။


 “အဟမ်း.....”  ချန်းဟွမ်က ချောင်းဟန့်ပြီး အဝေးတစ်နေရာကို လှမ်းကြည့်သည်။ 


ထို့နောက် သူမက မျက်နှာကြတ်ကို‌ မော့ကြည့်လိုက်ပြီး ကျန်းမင်ယွမ်အား အကြံပေး၏။  


" အိမ်ပြန်တော့မှာမလား "


ရေချိုးပြီးဖြစ်သောကျန်းမင်ယွမ်တွင် ဤနေရာ၌ ဆက်ရှိနေစရာ အကြောင်းမရှိတော့ချေ။ 


ကျန်းမင်ယွမ်က အဝတ်အိတ်ကိုဆွဲပြီး အိပ်ခန်းထဲဝင်သွားသည်။ ထို့နောက် ရှင်းရှင်းကိုနှုတ်ဆက်လျက် ပွေ့ဖက်နမ်းရှုံ့၏။


 "ကောင်းသောညပါ....အရမ်းနောက်ကျတဲ့ထိမနေနဲ့”


ကျန်းမင်ယွမ်က တံခါးအပြင်ဘက်တွင်ရပ်ပြီး မျက်နှာချင်းဆိုင်အတွင်းဘက်ခြမ်း၌ရှိသောချန်းဟွမ်ကို ညင်ညင်သာသာပြောသည်။


 " ရှင်ရောပဲ"


 ချန်းဟွမ်က တံခါးလက်ကိုင်ဘုကိုသာစိုက်ကြည့်လျက် တိုတိုတုတ်တုတ်ပြန်ဖြေပြီး စကားဆုံးသည်နှင့်တစ်ပြိုင်နက် တံခါးကိုပိတ်ချသွား၏။


လုံခြုံရေးတံခါးကို ပိတ်ထားပြီးနောက် လော့ချသံကိုပါ ကြားလိုက်ရသည်။


ကျန်းမင်ယွမ်က ချက်ချင်း မပြန်သေးဘဲ


ပိတ်ထားသောတံခါးကို စိုက်ကြည့်နေ၏။


သူ၏ မျက်နှာတွင် နားမလည်နိုင်သော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။


ချန်းဟွမ်သည် ရှက်သွေးဖြာမှုကို မဖုံးကွယ်နိုင်ပေ။


ဤအရာက သူ့ကို လန်းဆန်းစေပြီး စိတ်ဝင်တစားဖြစ်လာစေသည်။


 ထိုမျှသာမက အလွန်အမင်းဆွဲဆောင်မှုရှိ၏။


 အိမ်ပြန်ရောက်သည်နှင့် အဝတ်ညစ်များကို ခြင်းတောင်းထဲပစ်ထည့်လိုက်သည်။


သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်က နေ့တိုင်းအိမ်လာ၏။ ထို့ကြောင့် စိတ်ပူစရာ မလိုချေ။


 ကျန်းမင်ယွမ်၏အိမ်တွင် ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်မည့် သက်တောင့်သက်သာအရှိဆုံးအပူချိန်သို့ အလိုအလျောက် ချိန်ညှိပေးသော စနစ် ပါရှိသည်။


ကျန်းမင်ယွမ်သည် အဝတ်အစားခန်းထဲသို့ ဝင်ပြီး သူ၏ကိုယ်မှ အဝတ်အစားများကို တစ်ထည်ပြီးတစ်ထည်ချွတ်၏။  နောက်ဆုံးတစ်ထည်ကို ချွတ်ပြီးနောက်တွင် စိတ်သက်သာရာရသွားသည်။


အလွန်မများသော အထည်များက  ကြမ်းပြင်ပေါ်တွင် ပုံကျနေ၏။ 


ကျန်းမင်ယွမ်သည် ဗီရိုကိုဖွင့်ကာ အခြားအ၀တ်အစားများကို ၀တ်ဆင်သည်။


နောက်ဆုံးကြယ်သီးတစ်လုံးကို တပ်ပြီးနောက်တွင်

သူ ဗီရိုကိုပိတ်ပြီး ပြန်ထွက်လာ၏။


သူသည် နေ့ခင်းဘက်တွင် လွတ်လပ်ရေးရယူထားသောကြောင့် ညသို့ရောက်သောအခါအလုပ်များပုံနေပြီဖြစ်သည်။


ကျန်းမင်ယွမ်သည် အခန်းတံခါးဖွင့်ပြီး အပြင်ပြန်မထွက်မီ ခြေတစ်လှမ်းပြန်ဆုတ်ကာ ကြမ်းပြင်ပေါ်ရှိအဝတ်အစားများကို ကောက်ယူပြီး အဝတ်ခြင်းထဲသို့ပစ်ထည့်လိုက်၏။


 ***


 ဆိုဒ်‌သေးသောကိစ္စက ချန်းဟွမ်ကို အိပ်မရဖြစ်စေသည်။


 နောက်ဆုံး၌ သူမသည် ညသန်းခေါင်ယံကျော်တွင် အိပ်ပျော်သွားခဲ့၏။


နောက်ကျချိန်မှ အိပ်ပျော်ခဲ့သောကြောင့် မနက်ပိုင်းတွင် ခေါင်းမကြည်ပေ။


ချန်းဟွမ်  မနက်စာပြင်ဆင်နေချိန်တွင် အလွန်သမ်းဝေနေမိသည်။


ထို့နောက် ရှင်းရှင်းကို နှိုးကာ မူကြိုပို့ပြီး တစ်ရေးတစ်မောထပ်မှေးရန်ပြင်လိုက်၏။


စောင်အောက်တွင် အနွေးဓာတ် အနည်းငယ် ရှိနေသေးသည်။ ချန်းဟွမ်က စောင်ခြုံလိုက်၏။သူမက အနည်းငယ်မူးဝေနေသည်။


ကျန်းမင်ယွမ်နှင့် ခပ်ခွာခွာနေခြင်းက အကောင်းဆုံး ဖြစ်မည် ဟု သူမ တွေးမိ၏။ကံကောင်းထောက်မစွာနှင့် နောက်ရက်များက အလုပ်ဖွင့်ရက်များဖြစ်သည်။


ကျန်းမင်ယွမ်သည် ယခုရက်များ၌ အလုပ်များနေပြီး အိမ်လာရန်အချိန်မရှိပေ။ သူသည် ညဘက်၌ ရှင်းရှင်းနှင့်ပင် ဖုန်းအကြာကြီးမပြောနိုင်ပေ။


ရောက်တက်ရာရာမပြောဘဲ လိုရင်းကိုသာပြောနိုင်ရှာသည်။


ချန်းဟွမ်သည် ဖုန်းတစ်ဖက်မှ တစ်စွန်းတစ်စကြားလိုက်ရ၏။ ကျန်းမင်ယွမ်သည် အလုပ်ခရီးထွက်နေရပြီး ဆယ်ရက်ဝန်းကျင်ခန့် ပြန်လာနိုင်မည်မဟုတ်ကြောင်းကိုပင်။


အလွန်ကောင်းပါသည်။ ထိုအကြောင်းကိုသိလိုက်ရချိန်တွင် ချန်းဟွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး စိတ်သက်သာရာရသွားတော့သည်။


သူမသည် ထိုရှက်စရာကောင်းသောကိစ္စကို တစ်ရက်နှစ်ရက်အတွင်း၌ပင် မေ့သွား၏။


စားသောက်ဆိုင်ပြန်ဖွင့်သောကြောင့် ချန်းဟွမ်တစ်ယောက် အလုပ်ရှုပ်နေလေသည်။


သူမသည် အနားပတ်ဝန်းကျင်တွင် စူးစမ်းခဲ့ပြီးနောက် မည်သည်မှအထွေအထူးမရှိကြောင်းသိရှိခဲ့၏။


Xxxxxxx