Chapter 119
ဟော့ပေါ့သည် ဆောင်းရာသီအတွက် ပြီးပြည့်စုံသော အစားအစာဖြစ်သည်။
ဟင်းရည်ပူပူနှင့် လတ်ဆတ်သော ပါဝင်ပစ္စည်းများခင်းကျင်းထားသည့် စားပွဲဝိုင်းတွင် လူသုံးယောက်က ဝိုင်းဖွဲ့လျက် ထိုင်နေကြ၏။
ဆောင်းရာသီ၏ အအေးဓာတ်သည် အချိန်တိုအတွင်း ပျောက်ကွယ်သွားခဲ့သည်။
ဟော့ပေါ့အိုးတစ်ဝက်ခန့်ကုန်သွားသောအခါ သုံးယောက်သား ချွေးပြန်လာကြ၏။
ကျန်းမင်ယွမ်က သူ၏ကုတ်အင်္ကျီကိုချွတ်လိုက်ပြီး ကုလားထိုင်အနောက်သို့ လှမ်းချိတ်လိုက်သည်။
ထို့နောက် သူသည် အင်္ကျီလက်မှ ကြယ်သီးကို ဆွဲဖြုတ်ပြီး အပေါ်သို့ခေါက်တင်၏။
ထိုအခါအကြောများထောင်နေသော လက်သားဖြူဖြူက ပေါ်ထွက်လာသည်။
ချန်းဟွမ်သည်လည်း သူမ၏ အပေါ်ဝတ်ကို ချွတ်လိုက်ပြီး ဆွယ်တာအင်္ကျီလက်စကို ခေါက်တင်နေ၏။
သူမနှင့် ကျန်းမင်ယွမ်သည် အတော်လေး နီးကပ်စွာ ထိုင်နေကြပြီး ရံဖန်ရံခါ အသားချင်းထိနေမိကြသည်။
အင်္ကျီမချွတ်မီက အရမ်းမသိသာသော်လည်း
ယခုအချိန်၌ ခန္ဓာကိုယ်ချင်းထိတွေ့မှာ အလွယ်တကူ ခံစား၍ရ၏။
ပန်းကန်ထဲ၌ ကြက်ဥဖက်ထုပ်တစ်ခုသာ ကျန်တော့သည်။
ကျန်းမင်ယွမ်နှင့် ချန်းဟွမ်တို့သည် တူချင်းကန့်လန့်တိုက်မိသွားကြ၏။
ချန်းဟွမ်က လှုပ်ရှားမှုကို ခဏတာ ရပ်တန့်ပြီးနောက် အားအနည်းငယ်သုံးကာ ကျန်းမင်ယွမ်၏တူကို ပထုတ်နေသည်။
" သွား ရှင်းရှင်းအင်္ကျီကို သွားချွတ်ပေးလိုက် "
ကလေးသည် အရမ်းပူနေပုံရပြီး နှာခေါင်း၌ ချွေးစီးများထွက်နေ၏။ ချန်းဟွမ်၏စကားကို ရှင်းရှင်းက ကြားသွားသောအခါ လက်ထဲမှဇွန်းကိုချသည်။ထို့နောက်ကျန်းမင်ယွမ်ထံ လက်နှစ်ဖက်ကို ဆန့်တန်းပေးလာ၏။
" ဖေဖေ သားကို အင်္ကျီချွတ်ပေးပါ "
ကျန်းမင်ယွမ်က မတ်တပ်ထရပ်ပြီး ရှင်းရှင်းကို အင်္ကျီကူချွတ်ပေးသည်။
ရှင်းရှင်း၏နောက်ကျောကိုထိကြည့်မိသောအခါ ချွေးများကြောင့် အဝတ်အစားများပင် စိုရွှဲနေပြီဖြစ်ကြောင်း သတိပြုမိ၏။
ကျန်းမင်ယွမ်က ရှင်းရှင်း၏ကျောပြင်ကိုထိထားသော သူ၏လက်ကို ဖယ်လိုက်ပြီး ပြန်ထိုင်သည်။
ထို့နောက် ချန်းဟွမ်အား ပြော၏။
“ ကလေးအဝတ်အစားတွေ စိုကုန်ပြီ... ညစာစားပြီးရင် ရေချိုးပေးရမယ်ထင်တယ် "
ရေချိုးသောအကြောင်းကို ကြားလိုက်သည်နှင့် ချန်းဟွမ်၏စိတ်ထဲတွင် အခြားတစ်ရက်ကို ချက်ချင်းပြန်သတိရသွားတော့သည်။ "ဆိုဒ် သေးနေတယ်" ဟူသောစကားက သူမ၏ခေါင်းထဲ၌ ပဲ့တင်ထပ်လာပြန်၏။
ဆံပင်များဖြင့် ဖုံးကွယ်ထားသော ချန်းဟွမ်၏နားရွက်များက ပူလောင်လာသည်။
သူမသည် ခေါင်းငုံ့ကာ အစားအသောက်အပေါ်သာ အာရုံစိုက်နေ၏။
အချိန်အနည်းငယ်ကြာပြီးနောက် ချန်းဟွမ်က ပြောလာခဲ့သည်။
“ကျွန်မ ချိုးပေးလိုက်မယ်”
ပေါ့ပါးသော ရယ်သံကို သူမကြားလိုက်ရ၏။
ကျန်းမင်ယွမ်နှင့်အတူ ညစာစားလိုက်သောအခါ ချန်းဟွမ်နှင့်ရှင်းရှင်းတို့အတွက် များလွန်းသောပါဝင်ပစ္စည်းများမှာ ကုန်စင်သွားခဲ့ပြီဖြစ်သည်။
သုံးယောက်စလုံး ပြည့်အင့်နေကြ၏။
ချန်းဟွမ်က မတ်တပ်ထရပ်ပြီး ရှင်းရှင်းအား ရေချိုးခန်းထဲသို့ ခေါ်သွားလိုက်သည်။
သူမသည် အတွေ့အကြုံရှိပြီးဖြစ်၍ ရှင်းရှင်းမှာ
ဂလန်ဂဆန်မလုပ်ရဲပေ။
ရေချိုးခြင်းကို အပြီးသတ်ရန်၁၀ မိနစ်ခန့်သာ ကြာသည်။
ချန်းဟွမ်သည် ယခင်ရက်များက သူမဝယ်လာခဲ့သည့် ပန်ဒါညအိပ်ဝတ်စုံကလေးအား ရှင်းရှင်းကို ဆင်ပေးလိုက်၏။
အင်္ကျီခြေလက်များမှာ အနက်ရောင်ဖြစ်ပြီး ကိုယ်လုံးပိုင်းသည် အဖြူရောင်ဖြစ်သည်။ ပန်ဒါလက်အိတ်များကို ရင်ဘတ်တွင်ချိတ်ထားပြီး တင်ပါးဘက်တွင်လည်း အမြီးကလေးပါရှိ၏။
ခေါင်းစွပ်ပေါ်တွင် ကြီးမားသော နားရွက်နှစ်ခုရှိသည်။
ရှင်းရှင်းက ညအိပ်ဝတ်စုံကိုဝတ်ပြီး ဖိနပ်စီး၏။
ထို့နောက်တွင် ချန်းဟွမ်က တံခါးကိုဖွင့်လိုက်ပြီး ရှင်းရှင်းအား ဆံပင်အခြောက်ခံပေးသည်။
ဆံပင်များခြောက်သွားပြီး ခေါင်းစွပ်ကလေးကို စွပ်လိုက်သောအခါ ရှင်းရှင်း၏မျက်နှာလေးက ပေါ်လွင်လာပြီး မယုံနိုင်စရာကောင်းလောက်အောင်ပင် ချစ်ဖို့ကောင်းနေ၏။
ရှင်းရှင်းအတွက် ဤသို့သောညအိပ်ဝတ်စုံကို ဝတ်ခြင်းက ပထမဆုံးအကြိမ်ဖြစ်ပြီး ချန်းဟွမ်၏စိတ်ကူးနှင့် တစ်ထပ်တည်းကျသည်။
ချန်းဟွမ်သည် ရှင်းရှင်း၏ချစ်စဖွယ်ကောင်းမှု၌ ကြွေဆင်းသွား၏။
သူမသည် ငုတ်တုတ်ထိုင်ချလိုက်ကာ ရှင်းရှင်း၏လက်နှစ်ဖက်ကို ဆွဲယူပြီး ရင်ခွင်ထဲထည့်ကာ တရှုံ့ရှုံ့နမ်းသည်။
"ဘယ်လိုလေးလဲ...ဟမ်...ဟမ်... ချစ်စရာလေးပါလား"
ရှင်းရှင်းက မွေးကင်းစကလေးလေးသဖွယ် တခစ်ခစ်ရယ်ပြီး သူ၏နှုတ်ခမ်းသေးသေးလေးဖြင့် ပြန်နမ်းလေ၏။
"မေမေလည်း ချစ်စရာကောင်းပါတယ်ဗျ "
ချန်းဟွမ်က ရှင်းရှင်း၏ပါးပြင်လေးကို ခပ်ဖွဖွညှစ်ရင်းပြောသည်။
“မေမေက ချစ်စရာကောင်းတာမဟုတ်ဘူး... လှတာ "
ရှင်းရှင်းက ချက်ချင်းပင် အသံပြောင်းသွား၏။
" မေမေက အရမ်းလှတယ်ဗျ "
" ဒါပေါ့ "
သားအမိနှစ်ယောက်သည် အချင်းချင်း အပြန်အလှန်နမ်းရှုံ့နေကြသည်။
အိမ်ထဲရှိ ကြားလူတစ်ယောက် ရောက်မလာမီအချိန်အထိဖြစ်၏။
ကျန်းမင်ယွမ်က ပန်းကန်ဆေးပြီးနောက် လက်ကိုရေစင်အောင်သုတ်လိုက်သည်။ သူသည်ရေချိုးခန်းအပြင်ဘက်၌ အကြာကြီးရပ်နေခဲ့ပြီး မည်သူမှ သူ့ကိုသတိမထားမိခဲ့ကြပေ။နောက်ဆုံး၌ အသံပေးလိုက်ရသည်။
"လက်ဆောင်နှစ်ခုဝယ်လာခဲ့တယ်... ကြည့်ကြည့်ကြမလား "
“ဟုတ်ကဲ့...” ချန်းဟွမ် တစ်ခွန်းမှ မဟရသေးခင်တွင် ရှင်းရှင်းက ဝမ်းသာအားရဖြင့် ဦးအောင်ပြော၏။
"လက်ဆောင်တွေက ဘယ်မှာလဲ ဖေဖေ"
"ဒီကိုလာ..." ကျန်းမင်ယွမ်က ရှင်းရှင်းကို ဧည့်ခန်းထဲခေါ်သွားပြီး အိတ်ထဲမှ တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်သည်။ ၎င်းသည် နောက်ဆုံးထွက်စူပါဟီးရိုးရုပ်ဖြစ်၏။
အဆစ်အားလုံးသည် လက်နက်မျိုးစုံနှင့်အတူ ကွေးညွှတ်နိုင်သည်။
ရှင်းရှင်းက ထိုအရုပ်ကိုကိုင်ပြီးသည်နှင့် လက်ထဲက မချတော့ပေ။
ရှင်းရှင်းအား လက်ဆောင်ပေးပြီးနောက် ကျန်းမင်ယွမ်သည် နောက်ထပ်စက္ကူအိတ်တစ်အိတ်ကို လှမ်းယူလိုက်ပြီး ဖဲကြိုးစည်းထားသောအပြာရောင်လက်ဆောင်ဘူးကို ဆွဲထုတ်လိုက်သည်။
ထို့နောက် ချန်းဟွမ်ထံ ကမ်းပေး၏။
"ဒါက မင်းအတွက်...."
ချန်းဟွမ်သည် လက်ဆောင်ဘူးကိုဖွင့်လိုက်သောအခါအရွက်ခပ်ပါးပါးများပါဝင်သော စပျစ်နွယ်ပင်များနှင့် ဆင်တူသည့် လက်ကောက်တစ်ခုကိုတွေ့လိုက်ရသည်။
" မင်းအတွက် သီးသန့်ဝယ်ခဲ့တာ... သိပ်စျေးမကြီးပါဘူး ” လက်ဆောင်အား ငြင်းပယ်မည်ကို စိုးရိမ်သောကြောင့် ကျန်းမင်ယွမ်က အလျင်စလို ပြော၏။
ချန်းဟွမ်အပါအဝင် အမျိုးသမီးအများစုသည် လှပသော လက်ဝတ်ရတနာများကို နှစ်သက်တတ်ကြသည်။
သူမသည် ဘူးအတွင်းရှိ လက်ကောက်ကိုကြည့်ကာ အနည်းငယ်စဉ်းစားပြီး နောက်ဆုံးတွင် လက်ခံလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ကျန်းမင်ယွမ်ထံတွင် အိတ်သုံးလုံးပါ၏။
သားအမိနှစ်ယောက်အတွက် လက်ဆောင်ပေးပြီးနောက် နောက်ထပ် အိတ်တစ်အိတ် ကျန်ရှိသေးသည်။
လက်ဆောင်အားလက်ခံပြီးနောက်တွင် ချန်းဟွမ်က နောက်ဆုံးအိတ်ကို လက်ညှိုးထိုးပြီးမေးလာ၏။
"အဲ့ဒါက ဘာလဲ "
"အဲ့ဒါက...မင်းနောက်ဆုံးတစ်ခေါက်က ဝယ်ပေးလိုက်တဲ့အဝတ်အစားတွေ"
ကျန်းမင်ယွမ်က အခြားနေရာတစ်နေရာသို့ကြည့်ပြီး နံရံကို မျက်နှာမူနေ၏။
" လျှော်ပြီး ပြန်ယူလာပေးရမယ်ထင်လို့ "
Xxxxxxx
Chapter 120
" ဘာလို့ပြန်ယူလာတာလဲ" ချန်းဟွမ်က အံ့သြသွားသည်။
" ဘယ်သူမှ ပြန်ဝတ်လို့ရတာလည်း မဟုတ်ဘူး"
ကျန်းမင်ယွမ် မည်သို့ပြန်လည်ရှင်းပြရမည်ကို မသိပေ။သူသည်မျက်မှောင်ကြုတ်ကာ နံရံကိုသာစိုက်ကြည့်နေသည်။
“ဒါပေမဲ့ ဒါတွေဝယ်ခဲ့တာက မင်းလေ ” ကျန်းမင်ယွမ်က ခပ်တိုးတိုးပြော၏။
ကျန်းမင်ယွမ်၏လုပ်ရပ်မှာ ရူးနှမ်းသည်ဟု ချန်းဟွမ် ခံစားရသည်။
အခြားအရာများကဲ့သို့ ပြန်လည်သုံးစွဲ၍ရသော အရာမျိုးလည်းမဟုတ်ပေ။
သူမက မျက်စောင်းတစ်ချက်ကျွေးလိုက်သော်လည်း ကျန်းမင်ယွမ်က မမြင်ချေ။
တစ်ဖက်လူဝတ်ထားသည့် ဝတ်စုံကို ကြည့်မိသောအခါ ချန်းဟွမ်တစ်ယောက် စိတ်ပျက်အားငယ်သွားတော့သည်။
သူမသည် အခြေအနေအား ရုတ်တရက် သဘောပေါက်သွားသလိုခံစားလိုက်ရသည်။
မျက်စိရှေ့မှ CEO သည် ကုန်တိုက်တစ်ခုမှ ဈေးပေါသောအဝတ်အစားများကို ဝတ်ဖူးမည်မဟုတ်ချေ။
သူ၏ဗီရိုထဲ၌ ဤကဲ့သို့သောအဝတ်အစားများအား
နေရာချမထားလိုခြင်းသာဖြစ်မည်။
“ ဟုတ်ပြီလေ...ပေး အဲ့အဝတ်တွေ "
ချန်းဟွမ်သည် စိတ်သိပ်မကြည်တော့ပေ။
သူမက အဝတ်အစားအိတ်ကို ယူပြီး အိပ်ခန်းထဲမှ ဗီရိုထဲသို့ သွားထည့်သည်။
ထို့နောက်ပြန်လာ၏။
“ ဒီမှာပဲ ထားထားလိုက်ပေါ့... နောက်ထပ်လိုလာရင် ယူသုံးလို့ရအောင် "
ချန်းဟွမ်က သဘောရိုးနှင့်ပြောသော်လည်း ကျန်းမင်ယွမ်၏လေသံက ကွဲပြားသည်။
ကျန်းမင်ယွမ်က ခေါင်းတငြိမ့်ငြိမ့်ဖြင့် အနည်းငယ် ပြုံးလိုက်သည်။
“ သေချာတာပေါ့ .... "
“ ဟုတ်ပြီလေ... ဘာကိစ္စမှမရှိတော့ရင် အခုပြန်လို့ရပြီ"
ကျန်းမင်ယွမ်၏ အပြုံးက အနည်းငယ်ပျက်ပြားသွား၏။ ချန်းဟွမ်က သူ့ထံမှ အမြန် လှည့်ထွက်သွားသည်။
ထို့နောက် ရှင်းရှင်း၏ခေါင်းစွပ်မှနားရွက်ကို ကိုင်လျက်
ကျီစားနေ၏။
ယခုအချိန်၌ ထိုသားအမိ၏ဆက်ဆံရေးထဲတွင် ကျန်းမင်ယွမ် ဝင်ပါစရာနေရာမရှိပေ။
ကျန်းမင်ယွမ်က ထိုနေရာတွင် ခဏရပ်နေပြီး သက်ပြင်းချမိသည်။
နောက်ဆုံးတွင် သားအမိနှစ်ယောက်ကို နှုတ်ဆက်လိုက်၏။
"သွားတော့မယ် "
ကျန်းမင်ယွမ်၏စကားအဆုံး၌ ချန်းဟွမ်က မော့မကြည့်ဘဲ လက်ကို ဝှေ့ယမ်းပြသည်။
ရှင်းရှင်းကလည်း အမေဖြစ်သူထံ၌သာ အာရုံရောက်နေသောကြောင့် ကျန်းမင်ယွမ်ကို သတိမမူမိချေ။
တံခါးပိတ်သံက ချန်းဟွမ်၏အနောက်မှ ထွက်ပေါ်လာသည်။
ထိုအခါ ချန်းဟွမ်က တုန်တုန်ယင်ယင်ဖြင့် ရှင်းရှင်း၏ပါးပြင်ကလေးကို ဆွဲညှစ်ပစ်လိုက်၏။
" သစ္စာဖောက်ကောင်လေးး "
ဤတစ်ကြိမ်၌ အားမဆိုစလောက်ကလေးပါပြီး
ရှင်းရှင်း၏ပါးမို့မို့ကလေးက ပန်းနုရောင်သမ်းသွားသည်။
ရှင်းရှင်းက သူ၏ပါးကို အုပ်ပြီး မင်သက်စွာ မေးလာ၏။
" မေမေ...သားကို ဘာလို့ဆိတ်ဆွဲတာလဲ "
" သားသားကြောင့်ပဲလေ... "
ချန်းဟွမ်က မတ်တပ်ရပ်ပြီး ရှင်းရှင်း၏လက်ကို ကိုင်ကာ အိပ်ခန်းဆီသို့ လျှောက်သွားသည်။
လမ်းလျှောက်သွားနေချိန်တွင် ယုတ္တိမတန်သော အကြောင်းပြချက်ကို ချန်းဟွမ်က ရှင်းပြလာ၏။
"သားသားရဲ့အဖေက လူဆိုးကြီးပဲ... အဲ့ဒါကြောင့် မေမေက သားသားကိုစိတ်ဆိုးနေတာ "
" သားသားက စိတ်ရှုပ်စရာမကောင်းပါဘူး "
ကုတင်ပေါ်သို့ရောက်ချိန်တွင် ရှင်းရှင်းသည် အမေဖြစ်သူ၏အခြေအနေကို နားလည်သွားသည်။
သူက ချန်းဟွမ်ဘက်ကို လှည့်ကြည့်ကာ ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး လေးနက်သောလေသံဖြင့် ပြော၏။
“ ဖေဖေ့ကိုစိတ်ဆိုးတယ်... သားတို့နှစ်ယောက်လုံး ဖေဖေ့ကို မခေါ်ဘဲနေကြမယ် "
" ဟုတ်ပြီ...မခေါ်ဘဲနေကြမယ် ” ရှင်းရှင်း၏စကားကြောင့် ချန်းဟွမ်တစ်ယောက် စိတ်ပြန်ကြည်သွားသည်။
သူမက ရှင်းရှင်းကိုစောင်ခြုံပေးလိုက်၏။
" ကောင်းသောညပါ " ချန်းဟွမ်က ပြောပြောဆိုဆိုဖြင့် ရှင်းရှင်းကို ခပ်ဖွဖွနမ်းသည်။
" မေမေတို့က တစ်ဖက်တည်းနော်... "
“ဟုတ်တယ်... သားသားတို့က တစ်ဖက်တည်းပဲ...."
ရှင်းရှင်းသည် အပြောနှင့်အလုပ်ညီသူဖြစ်သည်။ အဖေဖြစ်သူအား ပလစ်မည်ဟု အမေနှင့်ကတိပေးထား၏။
အလုပ်များနေသော ကျန်းမင်ယွမ်က ဖုန်းလှမ်းဆက်ချိန်တွင် ရှင်းရှင်းက တစ်ခွန်းမှ ပြန်မပြောချေ။
"ဘာဖြစ်လို့လဲ သားသား... ဘယ်သူက စိတ်ဆိုးအောင်လုပ်တာလဲ "
ကျန်းမင်ယွမ်သည် တစ်ဖက်မှ တုံ့ပြန်မှုမရရှိသောကြောင့်အနည်းငယ်စိုးရိမ်လာသည်။
“ဖေဖေ့ကို ပြောပြမလား” ကျန်းမင်ယွမ်က ခပ်တိုးတိုးမေးသည်။
မီးဖိုချောင်အတွင်းရှိ မီးခိုးစုပ်စက်က လည်ပတ်နေဆဲဖြစ်ပြီး ချန်းဟွမ်ကလည်း ထိုနေရာတွင်ရှိနေဆဲပင်။
ရှင်းရှင်းက ရှောင်ထွက်လာပြီး ဘေးဘီကိုတစ်ချက်ကြည့်သည်။
ချန်းဟွမ်သတိမထားမိကြောင်းအတည်ပြုပြီးနောက်တွင် ရှင်းရှင်းက ခပ်တိုးတိုးပြော၏။
"မေမေက ဖေ့ဖေ့ကို မခေါ်ဖို့ပြောထားတာ "
" ဟမ်... ဘာလို့တုန်း "
" မေမေက ဖေ့ဖေ့ကိုစိတ်ကောက်နေတယ်"
ရှင်းရှင်းမှာ သူ၏ပါးပြင်ဘက်မှ ထုံကျင်လာသလို ခံစားလိုက်ရသည်။
ရှင်းရှင်းက ပါးကို လက်သေးသေးလေးဖြင့်အုပ်ကိုင်ပြီး
ကျန်းမင်ယွမ်ကိုပြန်တိုင်၏။
"မေမေက သားသားရဲ့ပါးကိုတောင် ဆွဲညှစ်သေးတယ် "
ကျန်းမင်ယွမ်သည် ရှင်းရှင်း၏စကားများကို အပြည့်အဝ နားမလည်သော်လည်း သူသည်ချန်းဟွမ်အား တစ်နည်းနည်းဖြင့် စိတ်ကွက်စေခဲ့မိကြောင်းကို သိလိုက်သည်။ သူသည် ထက်မြက်သော ယောက်ျားတစ်ယောက်ဖြစ်သော်လည်း မိန်းမများ၏စိတ်ကို ကောင်းကောင်းမသိပေ။
ဤကဲ့သို့သောအခြေအနေများက ကျန်းမင်ယွမ်ကို ခေါင်းကိုက်စေသည်။
Xxxxxx