Chapter 121
အခြားသူသာဆိုလျှင် စိတ်ကောက်ရုံသာမက မည်သို့ပင်ဖြစ်နေပါစေ မိမိ၏လမ်းကိုလာမပိတ်သရွေ့ ကျန်းမင်ယွမ်က ဂရုထားမည်မဟုတ်ချေ။
သို့သော်လည်း ချန်းဟွမ်ကိုမူ လျစ်လျူရှုမထားနိုင်ပေ။
သူမသည် ရှင်းရှင်း၏မိခင်ဖြစ်သည်။
ဤအရေး၌ အနည်းငယ် စိတ်ရှည်ရမည်ဖြစ်၏။
ယမန်နေ့ကဖြစ်ပျက်ခဲ့သော ကိစ္စများကို အသေးစိတ်ပြန်လည်သုံးသပ်ကြည့်သောအခါ ပြဿနာ၏ မူလရင်းမြစ်က အဝတ်အစားနှင့် ဆက်စပ်နေနိုင်သည်ဟု ကျန်းမင်ယွမ်တွေးလိုက်မိသည်။
ချန်းဟွမ်မှ သူမ၏အိမ်သို့ အဝတ်အစားများပြန်ယူလာသည်ကို မလိုလားခြင်းဖြစ်နိုင်၏။
ကျန်းမင်ယွမ်တစ်ယောက် အကြောင်းအရင်းကို သေချာမသိသောကြောင့် အနည်းငယ် မျက်မှောင်ကြုတ်မိသွားသည်။
ခေတ္တစဉ်းစားပြီးသောအခါ သားဖြစ်သူကို အကူအညီတောင်းရန် ဆုံးဖြတ်လိုက်တော့၏။
"သား....ဖေဖေ့ကို ကူညီပေးနိုင်မလား"
"ဘယ်လိုမျိုးလဲ"
“ဒီလိုမျိုးလေ... သားမေမေက စိတ်ဆိုးတယ်ဆိုပေမဲ့ ဘာလို့စိတ်ဆိုးတယ်ဆိုတာကို ဖေဖေမသိဘူး.... ဒီတော့ ရှင်းရှင်းက ဖေဖေ့အစား သိအောင်မေးပေးမလား "
" ဖေဖေက အရမ်းပိန်းတာပဲ " ရှင်းရှင်းက အားမလိုအားမရပြောသည်။
" သားသားဆိုရင် မေမေ ဘာလို့စိတ်ဆိုးလဲဆိုတာကို အမြဲတမ်းသိတယ် "
“……”
သားဖြစ်သူထံမှပင် အထင်သေးခြင်းခံလိုက်ရသော ကျန်းမင်ယွမ်ပါပင်။
" ရှင်းရှင်းက အရမ်းဥာဏ်ကောင်းတယ်" ကျန်းမင်ယွမ်သည် သားဖြစ်သူထံမှ အကူအညီကို လိုအပ်နေသေးသောကြောင့် စိတ်မဆိုးနိုင်ပေ။
သူသည် ဖုန်းတစ်ဖက်မှ ရှင်းရှင်းအား ကောင်းကောင်းမွန်မွန် ချော့ပြောသည်။
" ဒီလိုမျိုးဉာဏ်ကောင်းတဲ့ ရှင်းရှင်းလေးက ဖေဖေ့ကိုကူညီမပေးနိုင်ဘူးလားဗျာ "
“ ကူညီပါ့မယ် ”
အဖေဖြစ်သူမှာ မည်မျှပင် အရိပ်အကဲမခတ်တတ်သူဖြစ်ပါစေ ရှင်းရှင်းကတော့ အရမ်းချစ်သည်။
ရှင်းရှင်းသည် ငယ်ရွယ်သော်လည်း မိသားစုတွင်း သဟဇာတဖြစ်မှုသည် မည်မျှအရေးကြီးကြောင်း နားလည်၏။
ရှင်းရှင်းက ရင်ကော့လျက် ကတိပေးလိုက်သည်။
"စိတ်မပူပါနဲ့ ဖေဖေ... သားသိရင် ချက်ချင်းပြောပြပါ့မယ် "
" ကျေးဇူးပဲ သားလေး " ကျန်းမင်ယွမ်၏ နှုတ်ခမ်းစွန်းများက ကွေးညွတ်သွား၏။
"ဖေဖေ သတင်းကောင်းကို စောင့်နေမယ်"
ရှင်းရှင်းနှင့် ဖုန်းပြောပြီးနောက် ကျန်းမင်ယွမ်သည် အလုပ်အပေါ် ပြန်လည်အာရုံစိုက်ခဲ့သည်။
နှစ်ကုန်ချိန်သည် တစ်နှစ်တာ၏ အလုပ်အများဆုံးအချိန်ဖြစ်၏ ။တစ်နှစ်အတွင်း ရရှိခဲ့သည်များကို စာရင်းချုပ်လျက် လာမည့်နှစ်အတွက် ရည်မှန်းချက်များကို ချမှတ်ရန်လိုသည်။ အကန့်အသတ်မရှိသော စာရွက်စာတမ်းများ နှင့် အတောမသတ်နိုင်သည့် အစည်းအဝေးများစွာကို အပြီးသတ်ရန် ကျန်ရှိနေသေး၏။
ကျန်းမင်ယွမ်သည် အလုပ်နှင့်ကိုယ်ရေးကိုယ်တာကို အမြဲခွဲခြားနိုင်ခဲ့သော်လည်း ယနေ့တွင် အနည်းငယ်ကွဲပြားနေသည်။
သူသည် အရှေ့မှ စာရွက်စာတမ်းများကို ကြည့်နေရင်းဖြင့် ယမန်နေ့က အဝတ်အစားပြန်ပေးသည့်ကိစ္စအပေါ်အာရုံရောက်သွားပြန်၏။
ချန်းဟွမ်ဝယ်ပေးခဲ့သည်မှာ စုစုပေါင်း လေးထည်ရှိခဲ့သည်။ ၎င်းတို့မှာ တီရှပ် ၊ ဆွယ်တာ ၊ ဘောင်းဘီနှင့် အတွင်းခံဘောင်းဘီတို့ပင်ဖြစ်၏။
ဆိုဒ်သေးနေသောအတွင်းခံဘောင်းဘီကို ဝတ်ဆင်နိုင်ရန် အနည်းငယ်ပင် ဆွဲဆန့်ခဲ့ရသေးသည်။
ကျန်းမင်ယွမ်သည် အဝတ်အစားများအား ပြန်လည်ယူဆောင်လာခဲ့စဉ်က များများစားစားမတွေးခဲ့ပေ။
ချန်းဟွမ်အား သူပြောခဲ့သည်မှာ နောင်အခါတွင် လိုအပ်လျှင်ယူဝတ်နိုင်သည်ဟူ၍ပင်။
သို့သော် ပြန်တွေးကြည့်သောအခါတွင် ကျန်းမင်ယွမ်သည် ထူးဆန်းသော အကြောင်းအရင်းအချို့ကြောင့် အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရသည်။
လဲလှယ်ထားသော အဝတ်အစားများကို ပြန်လည် ယူဆောင်သွားခြင်း၌ အခြားအဓိပ္ပာယ်တစ်ခုရှိနေသေး၏။
" တစ်ညတာအတူကုန်ဆုံးချင်သည် " ဟူသော သဘော သက်ရောက်သွားပုံရသည်။
ကျန်းမင်ယွမ်က နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ပြီး စာရွက်စာတမ်းများကို လက်ထဲမှ ချလိုက်သည်။
သူ၏မျက်လုံးများက ဂနာမငြိမ်ဖြစ်နေ၏။
***
ရှင်းရှင်းသည် စိတ်ဆိုးရသည့်အကြောင်းရင်းကို အစီရင်ခံပါမည်ဟု ဖုန်းမှတစ်ဆင့် ရင်ကော့၍ ကတိပေးခဲ့သည်။
ဖုန်းပြောပြီးသည်နှင့် စတင်လှုပ်ရှားတော့မည်ဖြစ်၏။
ရှင်းရှင်းက ဉာဏ်ကောင်းသည်။
အကြောင်းရင်းကို ဒဲ့တိုးမေးမည်မဟုတ်ချေ။
အမေဖြစ်သူသည် စိတ်ကောင်းဝင်ချိန်များ၌ အလွယ်တကူ လိုက်လျောတတ်လေ့ရှိကြောင်းကို ရှင်းရှင်းက နားလည်သည်။
ရှင်းရှင်းသည် စီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် ဆိုဖာပေါ်မှ ဆင်းပြီး မီးဖိုချောင်ထဲသို့ ပြေးဝင်သွားတော့၏။
ထို့နောက် ခပ်လှမ်းလှမ်းထောင့်တစ်နေရာသို့ လျှောက်သွားပြီး မီးဖိုရှေ့၌ အလုပ်ရှုပ်နေသည့် အမျိုးသမီးအား လှမ်းပြောသည်။
"မေမေ... သားကူညီပေးမယ် "
" မကူညီပါနဲ့သားရယ်...သွား...သွား... တစ်နေရာရာမှာသွားကစားချေ "
အိုးထဲ၌ ဟင်းရည်များက ပွက်ပွက်ဆူနေသည်။
ချန်းဟွမ်က ဟင်းအိုးအဖုံးကိုဖွင့်ပြီး အိုးချ၍ရမရစစ်ဆေးသည်။ထို့နောက် ဟင်းခတ်ပစ္စည်းအနည်းငယ်ကို
ထပ်ထည့်လိုက်၏။
"မေမေ ... သားလည်း ကူချင်တယ်လို့"
ရှင်းရှင်းသည် အလွယ်တကူ နားချ၍ရသောသူ မဟုတ်ချေ။အမေဖြစ်သူ မခိုင်းပါက လုပ်စရာကို ကိုယ်တိုင်ရှာမည့် ကလေးမျိုးဖြစ်သည်။
ရှင်းရှင်းက ခြေဖျားထောက်ပြီး ဘေးဘီကိုတစ်ချက်ဝေ့ဝိုက်ကြည့်၏။
ထိုအခါချက်ပြုတ်ပြီးသား ဟင်းခွက်များအား မီးဖိုခုံပေါ်တင်ထားသည်ကိုတွေ့လိုက်ရသည်။
ရှင်းရှင်းက ထိုနေရာသို့လျှောက်သွားကာ ပန်းကန်တစ်ခုကိုသယ်ယူလိုက်၏။
Xxxxxxx
Chapter 122
ရှင်းရှင်းက ပန်းကန်ပြားအနားသတ်ကိုဆွဲယူနိုင်ခဲ့သည်။ ခြေဖျားထောက်ထားရသောကြောင့် ရှင်းရှင်းခမျာအနည်းငယ်မောပန်းလာ၏။
လက်နှစ်ဖက်ကို နောက်တစ်ကြိမ်ထုတ်ကာ မီးဖိုခုံပေါ်မှ ပန်းကန်ပြားကို သယ်မချမီတွင် ရှင်းရှင်းက ခဏတာ အနားယူသည်။ထို့နောက် ခြေဖျားပြန်ထောက်လိုက်သည်။
ပန်းကန်ပြား နှင့် ပန်းကန်ထဲရှိအစားအစာများ၏အလေးချိန်သည် ၄ နှစ်အရွယ် ကလေးအတွက် လေးလံ၏။
ပန်းကန်ပြားကို မီးဖိုခုံပေါ်မှ ယူလိုက်သည်နှင့်တစ်ပြိုင်နက် ရှင်းရှင်း၏လက်များက တုန်ယင်သွားသောကြောင့် ဟင်းအနှစ်များ ဖိတ်ကျလာသည်။
နောက်ဆုံး၌ ချန်းဟွမ်တစ်ယောက် သတိထားမိသွား၏။လက်ထဲ၌ အိုးအဖုံးကိုကိုင်ထားလျက်ရှိသောချန်းဟွမ်က လှည့်ကြည့်လိုက်သည်။
ထိုအခါ ရင်ဘတ်တစ်ဝိုက်တွင် ဟင်းအနှစ်များပေကျံနေလျက် ပန်းကန်ကိုင်ထားသော သားဖြစ်သူကိုတွေ့လိုက်ရ၏။
" ဘာလုပ်နေတာလဲ "
ချန်းဟွမ်၏လေသံက မဆိုစလောက်ကလေး မာနေ၏။
အင်္ကျီပေါ်တွင် ဟင်းအနှစ်များစွန်းထင်းပါက အဝတ်လျှော်စက်ပင် မကယ်နိုင်ချေ။ လက်ဖြင့် လျှော်ရမည်ဖြစ်သည်။
ဆောင်းတွင်းဝတ်အထည်ထူထူများကို အချိန်ပေး၍လျှော်ရလေ့ရှိ၏။တွေးကြည့်ရုံဖြင့်ပင် ချန်းဟွမ်၏လက်များထုံကျင်လာသည်။
ရိုက်မှရတော့မည်။စကားနားမထောင်သောကလေးအား ခပ်ဆတ်ဆတ်ကလေး ချပစ်ရမည်။
ရှင်းရှင်းသည် သူ၏ခန္ဓာကိုယ်အောက်ပိုင်းတွင် အန္တရာယ်ကျရောက်တော့မည်ကို နားမလည်ချေ။
ဆန့်ကျင်ဘက်အနေဖြင့် ရှင်းရှင်းသည် တာဝန်ကြီးတစ်ခု ပြီးမြောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူက အမေဖြစ်သူကို သွားသေးသေးလေးများ ပေါ်လာသည်အထိပြုံးပြရင်း " သား ကူညီပေးမယ်လေ မေမေရဲ့ "
ရှင်းရှင်းက အလွန်ပင်ဂုဏ်ယူဝင့်ကြွားနေသည်။
သူက အားအရမ်းမသန်သောကြောင့် ပန်းကန်ပြားတစ်ချပ်သယ်ရန် အလွန်ပင်ရုန်းကန်နေရသည်။
ချန်းဟွမ်သည် ပန်းကန်လွတ်ကျသွားမည်ကို အနည်းငယ် စိုးရိမ်နေမိ၏။ဟင်းတစ်ပွဲ လျှော့စားရသည်မှ ကြီးကြီးမားမားကိစ္စ မဟုတ်သော်လည်း ပန်းကန်ကွဲသွားပါက ထိခိုက်မိနိုင်သည်။
" ရှင်းရှင်းကူပေးစရာမလိုဘူး... သွားကစား...ပန်းကန်ကိစ္စကို မေမေ့ဘာသာမေမေလုပ်မယ် " ချန်းဟွမ်က ငုံ့ပြီး ရှင်းရှင်းဆီမှ ပန်းကန်ပြားကို ယူရန် ကြိုးစားလိုက်၏။
လက်လှမ်းလိုက်ချိန်တွင် ရှင်းရှင်းက အတင်းရှောင်ဖယ်ပြီးထွက်သွားသည်။ရှင်းရှင်းက ပန်းကန်ပြားကိုကိုင်လျက် စားပွဲဆီသို့ ပြာပြာယာယာပြေးသွား၏။
စားပွဲသည် ရှင်းရှင်းထက် ပိုမြင့်ပြီး ပန်းကန်ပြားကို လုံးဝတင်နိုင်မည့်အနေအထားမဟုတ်ချေ။
သို့သော်လည်း ရှင်းရှင်းက လက်နှစ်ဖက်ကို အသားကုန်မြှင့်တင်ပြီး ပန်းကန်ပြားအား ရှေ့တွန်းရန်ကြိုးစားရှာသည်။ ပန်းကန်ပြားသည် စားပွဲ အစွန်းသို့ ရောက်နေပြီဖြစ်ပြီး နောက်တစ်ချက်ထိလိုက်လျှင် အောက်ကျတော့မည့်ပုံစံပင်။
ဒုက္ခမရောက်ခင် စက္ကန့်ပိုင်းအလိုတွင် ချန်းဟွမ်သည် သားဖြစ်သူထံမှ ပန်းကန်ပြားကိုဆွဲယူကာ ညစာစားပွဲပေါ် သို့ ကပြာကယာတင်လိုက်ရသည်။
ရှင်းရှင်းသည် ဤအခြေအနေမှာ မည်မျှပင်အန္တရာယ်ရှိကြောင်းနားမလည်ပေ။
ပန်းကန်ပြားကို လုယူခြင်းခံလိုက်ရသည့်အတွက် ရှင်းရှင်းက မကျေမနပ်ဖြစ်နေ၏။
ရှင်းရှင်းကနှုတ်ခမ်းစူပြီး “မေမေ...သားတစ်ယောက်တည်း လုပ်နိုင်ပါတယ်ဆို ”
ထိုအခါချန်းဟွမ်က ခြောက်ကပ်ကပ်ရယ်လ်ိုက်ပြီး အနီးနားရှိဆိုဖာတွင်ဝင်ထိုင်သည်။
" လာ "
ထို့နောက်တွင် ချန်းဟွမ်က ရှင်းရှင်းအား လက်ယပ်ခေါ်၏။
ကလေးငယ်သည် ကျရောက်လာမည့် အန္တရာယ်ကို အာရုံမပြုနိုင်ဘဲ အမေဖြစ်သူထံသို့ ခုန်ပေါက်၍သွားသည်။
နီးကပ်လာသည်နှင့် တစ်ပြိုင်နက် အမေဖြစ်သူက သူ့ဘောင်းဘီကို ဆွဲချလိုက်ပြီး ပုတ်ခတ်သံများ
ထွက်ပေါ်လာတော့၏။
အဖြစ်အပျက်အားလုံးက မြန်ဆန်ပြီး ရှင်းရှင်းသတိမထားမိခင်မှာပင် အောက်ပိုင်းမှနာကျင်မှုကို ခံစားလိုက်ရပြီဖြစ်သည်။ရှင်းရှင်းတစ်ယောက် မျက်လုံးပြူးသွားပြီး အမေဖြစ်သူအား မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်၏။
နောက်ဆုံး၌ သူ၏မျက်ဝန်းများထဲတွင် မျက်ရည်များ ပြည့်လျှံလာပြီး ပထမဆုံးကျလာသော မျက်ရည်တစ်စက်နှင့်အတူ ရှင်းရှင်းက အသားကုန်အော်ငိုတော့သည်။
“မမေ…. အီးး ဟီးး ဟီးး..”
"ဘာကိစ္စငိုနေတာလဲ" ချန်းဟွမ် က ရှင်းရှင်း၏ဘောင်းဘီကို ပြန်ဆွဲတင်ပေးပြီး ရှင်းရှင်း၏လက်နှစ်ဖက်ကို ဆန့်ထုတ်စေကာ အင်္ကျီကို ချွတ်ပေး၏။
ရှိုက်ငိုနေသော ရှင်းရှင်းက လည်ပင်းမော့ပေးသည်။
ချန်းဟွမ်က ဟင်းအနှစ်များစွန်းထင်းနေသော အင်္ကျီကိုချွတ်ပေးပြီး လက်တစ်ဖက်တွင် ကိုင်ထားလိုက်၏။
ထို့နောက် အခြားတစ်နေရာသို့ထွက်သွားပြီး အင်္ကျီအသစ်တစ်ထည်နှင့် ပြန်လာခဲ့သည်။
ရှင်းရှင်းသည် ငိုနေသော်လည်း အမေဖြစ်သူ၏ဆန္ဒအလျောက် အပေါ်အင်္ကျီဝတ်ရန် လက်များကို ဆန့်ထုတ်ပေးလိုက်သည်။
ရှင်းရှင်းက တစ်ချိန်လုံးငိုနေသော်လည်း ချန်းဟွမ်က အေးစက်စက်သာ ကြည့်သည်။
ဂျာကင်အင်္ကျီကို ဇစ်ဆွဲပေးပြီးသောအခါ ချန်းဟွမ်က မေးလာ၏။
“ ဘယ်လောက်အန္တရာယ်များလဲ သိရဲ့လား”
ရှင်းရှင်းသည် သူ၏လုပ်ရပ်မှာ အန္တရာယ်များကြောင်းမသိရှာပေ။နောက်ဆုံး၌ ချန်းဟွမ်က ဖြစ်နိုင်ချေရှိသော နောက်ဆက်တွဲဖြစ်ရပ်များကို အကြိမ်ကြိမ် ရှင်းပြလိုက်တော့သည်။
ထိုအခါမှ ရှင်းရှင်းက နောက်ဆုံးမျက်ရည်တစ်စက်ကို သုတ်လိုက်ပြီး ချန်းဟွမ်ကို တောင်းပန်သည်။
"မေမေ...သား အဲ့လိုမလုပ်တော့ဘူး"
“အမ်းး "
ရှင်းရှင်း ငိုနေသောပုံစံက ချန်းဟွမ်၏နှလုံးသားကို နာကျင်စေ၏။
သေချာရှင်းပြပြီးသောအခါ ချန်းဟွမ်၏ပုံစံသည် ပျော့ပြောင်းလာခဲ့သည်။
သူမသည် တစ်ရှူးတစ်ခုကို ဆွဲထုတ်ကာ ရှင်းရှင်း၏မျက်ရည်များကို သုတ်ပေးပြီး ပါးကို ငုံ့နမ်းလိုက်သည်။
“ လိမ်လိမ်မာမာနေ မေမေ့ကိုစိတ်ပူရအောင်မလုပ်နဲ့ "
ကလေးလေးမှာ အရမ်းငိုထားသောကြောင့် အနမ်းအရသာပင် ငန်ကျိကျိဖြစ်နေ၏။
ချန်းဟွမ်သည် မီးဖိုချောင်ထဲသို့ ပြန်မဝင်မီတွင် ရှင်းရှင်းအတွက် သောက်ရေတစ်ခွက်ခပ်ပေးလိုက်သည်။
ဟင်းရည်အိုးကို မီးဖိုပေါ်၌ တည်ထားဆဲဖြစ်သောကြောင့်သူမသွား၍ စစ်ဆေးရန် လိုအပ်သည်။
မီးဖိုချောင်ထဲဝင်သွားသော ချန်းဟွမ်၏အလစ်တွင်
ရှင်းရှင်းက နှုတ်ခမ်းစူပြီး တစ်စုံတစ်ယောက်ကို ဖုန်းလှမ်းဆက်တော့၏။
ဖုန်းသံကြားလိုက်ရချိန်တွင် ကျန်းမင်ယွမ်၏ကြုံရာကျပန်းအတွေးမှန်သမျှက လွင့်စင်ကုန်သည်။ဤသည်မှာ ရှင်းရှင်းအတွက် သီးသန့်သတ်မှတ်ထားသော ဖုန်းမြည်သံဖြစ်၏။
ကျန်းမင်ယွမ် အနည်းငယ်တော့ အံ့သြသွားသည်။ ပြဿနာ၏မူလဇစ်မြစ်ကို ရှင်းရှင်းက ဖော်ထုတ်သွားနိုင်ပါပြီလော။
" ဟယ်လို...ရှင်းရှင်း... သားလေး "
"ဖေဖေ...." ရှင်းရှင်း၏အသံသည် အမေဖြစ်သူ မသ်ိအောင် ဖုန်းလှမ်းဆက်နေသည်ဟုထင်ရလောက်အောင်ပင် တိုးညင်းနေလွန်းသည်။
ရှင်းရှင်းကငိုတော့မည့်ဆဲဆဲလေသံကလေးဖြင့် ပြန်တိုင်၏။
“မေမေက သားကို ရိုက်တယ်...”
Xxxxxxx