အပိုင်း ၁၂၃-၁၂၄
Viewers 22k

Chapter 123


ရှင်းရှင်းက သူ၏အမေအကြောင်း တိုင်တန်းလိုခြင်းသပ်သပ်ဖြင့် ဖုန်းခေါ်ပါသည်လော။


 ကျန်းမင်ယွမ် သည် တိုင်ကြားမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အတွေ့အကြုံမရှိ ပေ။


အထူးသဖြင့် သူ၏ကိုယ်ပိုင်မိသားစုတွင်  ဤကဲ့သို့သော အရေးကိစ္စများကို ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိပါ။


 ကျန်းမင်ယွမ်သည် မည်သည်ကို ဆက်ပြောရမည်မှန်း မသိတော့ချေ။


သူက အနည်းငယ် စဉ်းစားပြီး ဆက်မေးသည်။


 “ ဘယ်နေရာကိုရိုက်တာလဲ " 


 "သားသား အောက်ပိုင်းကိုရိုက်တာ...."  


ရှင်းရှင်းက ငိုရှိုက်လျက် တင်ပါးကိုပွတ်ရင်း ပြောသည်။လောလောလတ်လတ်ပင် နာကျင်မှုကို ခံစားနေရဆဲဖြစ်၏။


" ခုထိ နာနေတုန်းပဲ... "


 "မေမေက သားကိုဘာလို့ရိုက်တာလဲ"  


ကလေးငယ်ထံမှ သနားစရာကောင်းသောလေသံကိုကြားရချိန်တွင် ကျန်းမင်ယွမ်၏နှလုံးသားက အနည်းငယ်နာကျင်သွားသည်။ 


ကျန်းမင်ယွမ်သည် ငယ်စဉ်ကတည်းက  ရိုက်နှက်ဆုံးမခြင်း မခံခဲ့ရဖူးသကဲ့သို့ သူကိုယ်တိုင်ကလည်း ရုပ်ပိုင်းဆိုင်ရာကိုထိခိုက်နာကျင်စေသော ပြစ်ဒဏ်ပေးခြင်းကို လက်သင့်မခံခဲ့ပေ။ 


ကျန်းမင်ယွမ်သည် ချန်းဟွမ်ကိုပြောရန် စိတ်ထဲတွင်စကားစီလိုက်သော်လည်း ယင်းတိုင်မီတွင် ကလေးကိုရိုက်ရသော အကြောင်းအရင်းကို သိရှိရန် လိုအပ်သေးသည်။


 "ဘ-ဘာလို့လဲ... ဆိုတော့..." 


ရှင်းရှင်းက အထစ်ထစ်အငေါ့ငေါ့ပြော၏။ 


 "မေမေ့ကို အိမ်အလုပ် ကူပေးလို့တဲ့...."


 "ဟမ်....."  အရိုက်ခံရသောအကြောင်းရင်းကို သိလိုက်ရသောအခါ ကျန်းမင်ယွမ်က အနည်းငယ်အံ့သြသွားသည်။   


 ရှင်းရှင်းက တမင်တကာ ပုံကြီးချဲ့၍ တိုင်တန်းရန် ဖုန်းခေါ်ဆိုခြင်းဖြစ်သည်။ 


သူ့ကိုယ်သူ မှားမှန်းသိသောကြောင့် ချန်းဟွမ်ပြောခဲ့သော စကားများကို ပြန်မပြောနိုင်ချေ။


 ကူညီပေးသည့်အတွက် အရိုက်ခံရသည်ဟူ၍သာ ထပ်တလဲလဲ ပြောနေသည်။ 


ကျန်းမင်ယွမ်သည် အံသြသွားသော်လည်း

ထိုထက်မက‌သော အကြောင်းအရင်းရှိလိမ့်ဦးမည်ဟု တွေးလိုက်၏။


ဤအချိန်၌ သူပြောနိုင်သောစကား များများစားစားမရှိပေ။


ထို့ကြောင့် ရှင်းရှင်းကို ‌ချော့ပြောပြီး လက်ဆောင်အများအပြားဝယ်ပေးမည်ဟု ကတိပေးလိုက်သည်။


ထို့အခါ ရှင်းရှင်းက အလွန်ပျော်ရွှင်သွားပြီး ဖုန်းပြောခြင်းသည်လည်း အဆုံးသတ်ခဲ့၏။


ကျန်းမင်ယွမ်သည် ချန်းဟွမ်ထံသို့စာမပို့မီ လက်ထဲတွင် ဖုန်းကိုင်ထားလျက်အနေအထားဖြင့် အခြေအနေကိုသုံးသပ်နေသည်။


ဤသည်မှာ ကျန်းမင်ယွမ်၏ အမူအကျင့်ဖြစ်၏။


 [ အချိန်နည်းနည်းလောက်ရလား ]


 ညစာစားပြီးနောက် ရှင်းရှင်းကိုရေချိုးပေးပြီးချိန်၌ ချန်းဟွမ်တစ်ယောက် ကျန်းမင်ယွမ်ထံမှ မက်ဆေ့ခ်ျကိုမြင်လိုက်ရသည်။


သူမသည် ကျန်းမင်ယွမ်၏အမူအကျင့်နှင့်ပတ်သတ်၍ အသားကျနေပြီးသားဖြစ်၏။ချန်းဟွမ်တွင်ပြောစရာ များများစားစားမရှိပေ။


 သူမ ဖုန်းစခရင်ကို လက်ချောင်းများဖြင့် ထိတွေ့လိုက်ပြီး မက်ဆေ့ချ်ကို စာပြန်ခဲ့သည်။


 [ဘာဖြစ်လို့လဲ]


မက်ဆေ့ခ်ျပို့ပြီး မကြာခင်အချိန်၌ ချန်းဟွမ်၏ဖုန်းမှာ မြည်လာခဲ့သည်။


ရင်းနှီးနေသော နံပါတ်တစ်ခုကို ကြည့်ရင်း ချန်းဟွမ်က ဖုန်းကို ကောက်ကိုင်လိုက်၏။


 "မနက်ဖြန် ရှင်းရှင်းနဲ့ အပြင်ထွက်ဖို့ ပြောချင်လို့လား "


 ချန်းဟွမ်က မေးသည်။


နှစ်ယောက်သား သီးသန့်ဖုန်းပြောရမည့် အခြား အကြောင်းအရင်းကို ချန်းဟွမ် မသိပေ။


 “ အခုတလော ငါနည်းနည်း အလုပ်ရှုပ်နေလို့ သူ့ကို အပြင်မခေါ်သွားပေးနိုင်တော့ဘူး "   ကျန်းမင်ယွမ်က အနည်းငယ်အားနာနေသော လေသံဖြင့်ပြော၏။


  "နောက်ထပ်ပြောချင်တာတစ်ခုရှိသေးတယ်"


 ကျန်းမင်ယွမ်က စကားပုလ္လင်ခံလိုက်ပြီး ဆက်ပြောသည်။


" ရှင်းရှင်းက ပြောတယ်... ဒီနေ့  မင်းသူ့ကိုရိုက်တယ်တဲ့ "


 " သူက ပြန်တိုင်တတ်နေပြီပေါ့လေ "  ကုတင်အစွန်း၌ ထိုင်နေသော ချန်းဟွမ်က  ရှင်းရှင်း၏ပါးပြင်ကို ခပ်ဖွဖွလှမ်းဆွဲညှစ်သည်။သူမက အရမ်းပျော်နေပုံမရချေ။


  "ဒါဆို....ရှင်းပြတာကို နားထောင်ချင်လို့ ဖုန်းဆက်တာလား "


 "မဟုတ်ဘူး" ကျန်းမင်ယွမ်က ငြင်းသည်။ 


 “ ရှင်းရှင်းက ပြောတယ် ... သူက မင်းကို ကူညီပေးလို့အရိုက်ခံရတာတဲ့.... သူပြောတာကိုမရှင်းလို့ မေးတာပါ "


ကျန်းမင်ယွမ်က အလယ်အလတ်နှုန်းဖြင့် အေးအေးဆေးဆေးသာပြော၏။


သူ၏လေသံက ရန်လိုခြင်း တစိုးတစိမျှမပါဘဲ အလွန်ပင်နှစ်သိမ့်မှုဖြစ်စေသည်။ 


 ချန်းဟွမ်က နေရာမှထပြီး အိပ်ခန်းအပြင်သို့ ထွက်လာ၏။


ထို့နောက် ဖြစ်ပျက်သမျှကို  တစ်ဆင့်ချင်းရှင်းပြသည်။


 “ဪ...အဲ့လိုလား...သူ သင်ခန်းစာယူသင့်တယ် "


 


အဖြစ်အပျက်သည် အနည်းငယ်ရယ်စရာကောင်းကြောင်း ကျန်းမင်ယွမ် သိလိုက်ရသည်။  


သူက ခေတ္တရပ်ပြီးနောက် ဆက်ပြော၏။


 “ကလေးက ငယ်သေးလို့ကောင်းကောင်း မသိသေးတာပါ...ဒါနဲ့ ရှင်းရှင်းက ပြောသေးတယ်... မင်းကငါ့ကိုမခေါ်ဖို့ပြောတယ်ဆို....တစ်ညလုံးတွေးပူနေခဲ့တာ "


ချန်းဟွမ်တစ်ယောက် စကားလုံးများ ကြက်ပျောက်ငှက်ပျောက် ရှာမရဖြစ်သွားတော့သည်။


ကောင်စုတ်ကလေးက  သူ၏အဖေကို အိတ်ဖာသွန်မှောက်အကုန်ပြောပြခဲ့ပါသည်လော။


 ချန်းဟွမ်သည် ထိုကလေးလေးကို ဆွဲထုတ်ပြီး ခပ်ဆတ်ဆတ်ကလေး ထပ်ရိုက်ပစ်ချင်နေ၏။


ယမန်နေ့က တစ်ဖက်တည်းဟုပြောခဲ့သော်လည်း


ယနေ့၌ ပြောင်းလဲသွားသည်။


 ရှင်းရှင်း ပြောပြခဲ့သည်များကို သူမ မသိပေ။


ထို့ကြောင့် ချန်းဟွမ်သည် ဘာဆက်ပြောမှန်း မတွေးနိုင်တော့။


 ကျန်းမင်ယွမ်သည် ခဏတာ စောင့်ဆိုင်းနေရင်းဖြင့် ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။


ယခုတွင် သူသည် သားဖြစ်သူကို အားမကိုးနိုင်တော့ဘဲ 


ကိုယ့်ကိုကိုယ်သာ ကယ်တင်ရတော့မည်။


“ငါတစ်ခုခုလုပ်မိလို့လား” ကျန်းမင်ယွမ်က မေး၏။


ချန်းဟွမ်ထံ၌ ပြောစရာမရှိပေ။


သူမဝယ်ပေးသောအဝတ်အစားများကို ဂရုတစိုက်မရှိသောကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရပါသည်ဟူ၍ ပြောရပါမည်လော။


Xxxxx


Chapter 124


ဖုန်းတစ်ဖက်၌ အချိန်တစ်ခုအထိ တိတ်ဆိတ်နေခဲ့သည်။နောက်ဆုံးတွင် ကျန်းမင်ယွမ် တုံ့ပြန်သံတစ်ခုကိုကြားလိုက်ရတော့၏။


  “ မဟုတ်ဘူး...ရှင်အတွေးလွန်နေပြီ "


 ချန်းဟွမ်၏လေသံက တစ်ခုခုကို ဖုံးကွယ်ရန်ကြိုးစားနေသလိုပင်။ သူမက ချက်ချင်း သမ်းဝေလိုက်ပြီးပြောသည်။


 “ကျွန်မ ပင်ပန်းနေပြီ နောက်မှပြောရအောင် " 


 “ ခဏလေး‌... "  ကျန်းမင်ယွမ်က ချန်းဟွမ်ကို ဟန့်တားသည်။ 


  “ တစ်ခုတောင်းဆိုချင်တယ်... မင်းရဲ့အိမ်မှာ ငါ့အဝတ်အစားနည်းနည်းပါးပါး ထားလို့ရမလား"


 “မရပါဘူး...” ချန်းဟွမ်က မစဉ်းစားဘဲ ချက်ချင်း ငြင်းပစ်လိုက်သည်။


တစ်ဖက်အမျိုးသားက ငြင်းပယ်ခံရခြင်းကို အရှက်ရပုံမပေါ်‌ချေ။  သူကဆက်ပြောသည်။


 “ငါက ကလေးအဖေဆိုတော့ လိုရမယ်ရပေါ့...  အဲ့နေ့ကလို အခြေအနေမျိုး ထပ်ဖြစ်လာနိုင်တယ်လေ... မင်းအိမ်မှာ အဝတ်အစားဘာညာလဲရတာ ပိုသက်သာသွားတာပေါ့... စိတ်မပူပါနဲ့..အများကြီးမထားပါဘူး....နေရာသိပ်မယူဘူး "


 ကျန်းမင်ယွမ်၏စကားများက အဓိပ္ပာယ်ရှိသော်လည်း


ချန်းဟွမ်က ထိုအကြံကို လက်မခံချင်ပေ။


  "မနေ့က တစ်စုံယူလာပြီးပြီမဟုတ်ဘူးလား "


 " ကုတ်အင်္ကျီနဲ့ ဖိနပ်အပါးတစ်ရံကျန်သေးတယ် " ကျန်းမင်ယွမ်က ပြာပြာယာယာပြောသည်။  


  “နောက်တစ်ခါ လာလည်တဲ့အချိန်ကျ ယူလာလို့ရမလား"


 "ဖိနပ်ယူလာစရာ မလိုဘူး"  


 အနည်းငယ်အကဲပိုလွန်းသည်ဟု ချန်းဟွမ်ခံစားရ၏။


  “ကျွန်မဝယ်ထားလို့ရတယ်... ရှင့်ဆိုဒ်က ဘယ်လောက်လဲ"


 “ဒါဆိုလည်း ကြိုပြီး ကျေးဇူးတင်တယ်နော်”  


ကျန်းမင်ယွမ်၏လေသံက ရွှင်မြူးနေ၏။


 


" ငါ့ဖိနပ်ဆိုဒ်က ၄၃ "


 ***


 ဖုန်းချပြီးနောက် ချန်းဟွမ်သည် သူမ၏ဖုန်းကိုစိုက်ကြည့်နေသည်။ ဖိနပ်တစ်ရံဝယ်မည်ဟု ကတိပေးလျက် စကားဝိုင်းအား သူမကိုယ်တိုင်အဆုံးသတ်ခဲ့မိသည်ကို မယုံကြည်နိုင်ဖြစ်နေမိ၏။


 


ချန်းဟွမ်က မျက်မှောင်ကြုတ်ပြီး ဖုန်းကို ဘေးသို့ ပစ်ချလိုက်သည်။  


ထို့နောက် ရူးသွပ်နေသောမိန်းမတစ်ယောက်နှင့်တူလာသည်အထိ ဆံပင်များကို ထိုးဖွပစ်လိုက်၏။


ခံစားချက်များစွာကို ထုတ်လွှတ်ပြီးနောက် သူမသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။


ချန်းဟွမ် သည် မျက်နှာသုတ်ပုဝါကိုဆွဲယူပြီး ရေချိုးခန်းထဲဝင်သွား၏။


ထို့နောက် သွားတိုက်ဆေးဘူးကို ညှစ်ထုတ်ပြီး သွားအရင်တိုက်သည်။ သူမ မျက်နှာပေါင်းတင်ပြီးနောက် ဆေးကြောသန့်ရှင်းကာ အိပ်ရာဝင်၏။


စောင်ကိုမလျက် အထဲဝင်တော့မည့်ဆဲဆဲတွင် ချန်းဟွမ်က တစ်စုံတစ်ခုကိုသတိရသွားပြီး ပြန်ထလာသည်။


 ထို့နောက် အခန်းထောင့်တွင်ထောင်ထားသောစက္ကူအိတ်ထဲရှိ အဝတ်အစားများကို ထုတ်ပြီး အဝတ်ချိတ်ဖြင့် ချိတ်ရန်ပြင်လိုက်၏။


ဤအဝတ်အစားများကို သူမကိုယ်တိုင်ဝယ်ခဲ့ခြင်းဖြစ်သည်။


ချန်းဟွမ် တီရှပ် ၊ဆွယ်တာအင်္ကျီ နှင့်  ဘောင်းဘီတို့ကို တစ်ထည်ချင်းထုတ်လိုက်၏။


ထိုအခါ စက္ကူအိတ်၏အောက်ခြေ၌အတွင်းခံဘောင်းဘီတစ်ထည်ရှိနေသည်ကို တွေ့လိုက်ရသည်။


သူမသည် ကျန်အဝတ်အစားများကို ဖယ်ထုတ်လိုက်ပြီး‌ နောက်ဆုံးတစ်ထည်ကို ဆွဲယူလိုက်၏။ 


အတွင်းခံက အလွန်သက်တောင့်သက်သာရှိမည့်ပုံရသည်။အထည်ပေါ်၌ထင်းနေသော ခေါက်ရာများက အသစ်စက်စက်ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်းဖော်ပြနေ၏။


ချန်းဟွမ်သည် နှုတ်ခမ်းကို ခပ်ဖွဖွကိုက်နေရင်း သူမ ဝယ်လာခဲ့သော အတွင်းခံဘူးထဲ၌ နောက်တစ်ထည်ကျန်ရှိနေကြောင်းကို သတိရသွားသည်။


နားမလည်နိုင်ခဲ့သော အကြောင်းပြချက်အချို့ကြောင့် ချန်းဟွမ်သည် ထိုနှစ်ထည်ကို နှိုင်းယှဉ်ကြည့်ချင်စိတ်ဖြစ်‌ပေါ်လာခဲ့၏။


သူမသည် ဘူးထဲမှ အခြားတစ်ခုကို ထုတ်ယူလာပြီး သူမ၏ဘယ်ဘက်လက်ထဲရှိ တစ်ခုနှင့် နှိုင်းယှဉ်ကြည့်သည်။


ဘယ်ဘက်လက်ပေါ်ရှိ အတွင်းခံက သိသိသာသာပိုကျယ်နေ၏။


ကျန်းမင်ယွမ်က လိမ်ညာပြောခြင်းမဟုတ်ပေ။


 နှိုင်းယှဉ်ကြည့်ပြီးနောက် ချန်းဟွမ်က ခေါင်းတငြိမ့်ငြိမ့်ဖြင့် လက်ထဲမှ ဘောင်းဘီတိုနှစ်စုံကို ဝှေ့ယမ်းနေသည်။  ထို့နောက် ရုတ်တရတ် ငြိမ်သက်သွားပြီး ပူလောင်အရာများကို ထိကိုင်မိသွားသူတစ်ဦးသဖွယ် အလန့်တကြားလွှင့်ပစ်လိုက်သည်။


သူမ၏ခန္ဓာကိုယ်ထဲသို့ မည်သည့်သရဲဝင်ပူးသွားသနည်း။


 ချန်းဟွမ်သည် သူမကိုယ်သူမ ဘာတွေလုပ်နေမိမှန်း နားမလည်နိုင်တော့ချေ။


ခဏတာရူးသွပ်သွားလေသလားဟု တွေးမိလာသည်အထိဖြစ်သည်။


ရှက်ရွံ့နေသောချန်းဟွမ်သည်  သေးငယ်နေသောဘောင်းဘီကို ဘူးထဲပြန်ထိုးထည့်က အမှိုက်ပုံးထဲပစ်ထည့်လိုက်၏။


ကျန်းမင်ယွမ်ပြန်ယူလာသောတစ်ထည်ကိုမူ စက္ကူအိတ်ထဲသို့ပစ်ထည့်လိုက်သည်။ 


 ***


စိတ်မပါသော်လည်း ချန်းဟွမ်က စကားတည်၏။


နောက်တစ်နေ့တွင် သူမ ကျန်းမင်ယွမ်အတွက် ဖိနပ်တစ်ရံဝယ်ယူရန် ကုန်တိုက်သို့ သွားရောက်ခဲ့သည်။


 ဖိနပ်များခင်းကျင်းထားသောနေရာတွင် အလျား ၄ မီတာခန့်ရှိသော စင်တစ်ခုရှိပြီး အိမ်တွင်းစီးဂွမ်းဖိနပ်များနှင့် အတွဲလိုက်ရောင်းသော ဖိနပ်ပါးများကို စီရီထား၏။


အမျိုးသားဝတ် ၊ အမျိုးသမီးဝတ် အစုံရှိ‌သည်။


 ကုန်တိုက်၌ ရွေးချယ်စရာပုံစံ များများစားစားမရှိသော်လည်း သူ့ဟာနှင့်သူတော့ အဆင်ပြေ၏။


ချန်းဟွမ် အမျိုးသားဝတ်များခင်းကျင်းထားသောနေရာသို့သွားကာ  အဆင်ပြေမည်ဟုထင်ရသော ဖိနပ်တစ်ရံကို ကောက်ယူလိုက်သည်။ 


ထို့နောက် သူမသည် အရောင်းဝန်ထမ်းတစ်ဦးအား


ရေစိုခံညှပ်ဖိနပ်ရှိမရှိကိုပါ မေးမြန်းခဲ့၏။


ကျန်းမင်ယွမ်အတွက် ရေချိုးခန်းထဲ၌


အိပ်တွင်းစီးဂွမ်းဖိနပ်ကို ဝတ်ဆင်ရန်မဖြစ်နိုင်ချေ။


Xxxxxx