Chapter 125
ဆောင်းရာသီဖြစ်၍ ညှပ်ဖိနပ်များများစားစား ခင်းကျင်းထားခြင်းမရှိပေ။ ရွေးချယ်စရာ နှစ်ရံသာရှိသည်။
ချန်းဟွမ် အနည်းငယ်ပိုကြည့်ကောင်းသော ဖိနပ်တစ်ရံကို ကောက်ယူလိုက်၏။
ငွေရှင်းပြီးနောက်တွင် အိမ်ပြန်ခဲ့သည်။
အိမ်ပြန်ရောက်သောအခါ ချန်းဟွမ်က ဖိနပ်ပုံးကိုဖွင့်ကာ နေရာချရန်ပြင်ဆင်၏။
ဖိနပ်ပုံးသည် ပြည့်လုနီးပါးဖြစ်ပြီး အများစုမှာ သူမ၏ဖိနပ်များဖြစ်သည်။ နေရာအနည်းငယ်လွတ်အောင် ရှင်းလင်းလိုက်ပြီး ဖိနပ်အသစ် နှစ်ရံအား အောက်ဆုံးထပ်၌ တင်လိုက်၏။
အောက်ဆုံးထပ်သည် ဖိနပ်သုံးရံဆံ့သည်။
ကျန်းမင်ယွမ်စီးမည့်ဖိနပ်၏ဘေးဘက်၌ ရှင်းရှင်း၏ဖိနပ်ရှိပြီး အရောင်နှင့် ပုံစံတို့က တစ်ထေရာတည်းဖြစ်သည်။ ဖိနပ်ဆိုဒ်သာကွာ၏။
ချန်းဟွမ်က ဖိနပ်များကိုတစ်ချက်ကြည့်ပြီး တံခါးကိုပိတ်တော့မည့်ဆဲဆဲတွင် သူမ၏လက်များက လမ်းခုလတ်တွင် ရပ်တန့်သွား၏။ သူမသည် ထိုဖိနပ်နှစ်ရံ၏ အခြားတစ်ဖက်သို့ အကြည့်ရောက်သွားသည်။
ချန်းဟွမ်၏ဖိနပ်အရောင်က ကွဲပြားနေသကဲ့သို့ ကျန်နှစ်ရံနှင့် ပုံစံလည်းမတူပေ။
ချန်းဟွမ်သည် ဖိနပ်များကို ကိုယ်တိုင်စိတ်တိုင်းကျဝယ်လေ့ရှိပြီး အချိန်တိုအတွင်း၌ လူတစ်ယောက်၏အကြိုက်က ပြောင်းလဲနိုင်မည်မဟုတ်ချေ။
ကုန်တိုက်တွင် ဖိနပ်သုံးရံ setလိုက်ရောင်းနေသည်ကို သူမ တွေ့ခဲ့သည်။ထိုသုံးရံက မိသားစုများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်၏။ ဖိနပ်ပေါ်တွင်ပါရှိသော အရုပ်များကလည်း မိသားစုပုံစံပင်။
၎င်းတို့မှာ ယုန်မေမေ၊ ယုန်ဖေဖေနှင့် ယုန်ကလေးလေး တို့ဖြစ်သည်။
ချန်းဟွမ်သည် ဂရုတစိုက်မဝယ်မိလိုက်လေခြင်း ဟုတွေးမိပြီး အနည်းငယ်နောင်တရသွား၏။
သို့သော်လည်း ဤကဲ့သို့အအေးပိုသောရာသီဥတုမျိုးတွင် နောက်တစ်ခေါက်ထပ်ထွက်ရန် ခဲယဉ်းလွန်းသည်။
ဤတိုင်းလည်း အဆင်ပြေသည်ဟု ချန်းဟွမ် ထင်သည်။
ကျန်းမင်ယွမ်က ဖိနပ်တစ်ရံကြောင့် အတွေးလွန်မည့်သူမဟုတ်ချေ။ ထို့ပြင် သူသည် ၎င်းကို မကြာခဏ ဝတ်ဖြစ်မည်လည်းမဟုတ်။
***
ချန်းဟွမ်၏အတွေးက မှန်ကန်သည်။
ကျန်းမင်ယွမ်သည် ထိုဖိနပ်ကို ၀တ်ဆင်ရန် အခွင့်အရေးမရသေးချေ။
ဒီဇင်ဘာတစ်လလုံးတွင် ကျန်းမင်ယွမ်သည် အလွန်အလုပ်များနေပြီး ပိတ်ရက်များ၌ နှစ်နာရီခန့်သာ အိမ်သို့အလည်လာနိုင်သည်။
အဝတ်အစားလဲဖို့ပင်မဆိုထားနှင့် စားသောက်ရန်ပင်အချိန်မလောင်ငှပေ။
ယခုတစ်ပတ်ပိတ်ရက်တွင် ကျန်းမင်ယွမ်
အစည်းအဝေးပြီးပြီးချင်း နေ့လည်စာပင်မစားသေးဘဲ ဒရိုင်ဘာကိုခေါ်ကာ ချန်းဟွမ်၏အိမ်ဆီသို့ဦးတည်လာခဲ့သည်။
နေ့လည် ၁၂ခွဲဝန်းကျင်ခန့်၌ ကျန်းမင်ယွမ် ရောက်ရှိလာခဲ့၏။ထိုအချိန်၌ သားအမိနှစ်ယောက်မှာ နေ့လည်စာစားပြီးပြီဖြစ်သည်။
ရှင်းရှင်းက အဝိုင်းသဏ္ဍာန်ကစားစရာကွင်းများကိုချိတ်ဆက်လျက် ဆော့ကစားနေပြီး ချန်းဟွမ်က ခြေနှစ်ဖက်ကိုဆင်း၍ ဟင်းချက်အစီအစဉ်တစ်ခုကို ကြည့်ရှုနေ၏။
အချင်းချင်း အနှောက်အယှက်မဖြစ်စေသော
လေထုက လွန်စွာပင်လိုက်ဖက်ညီနေသည်။
တံခါးခေါက်သံကြားလိုက်ရသောချန်းဟွမ်က တံခါးထဖွင့်သည်။ တံခါးအပြင်ဘက်၌ ကျန်းမင်ယွမ်ကို မြင်လိုက်ရသော်လည်း သူမက လုံးဝမအံ့ဩပေ။
" ဒီအချိန်ကြီးဘယ်လိုရောက်လာတာလဲ နေ့လည်စာရော စားပြီးပြီလား "
"ဟင့်အင်း...မစားရသေးဘူး "
ကျန်းမင်ယွမ်သည် အနောက်တိုင်းဝတ်စုံမှလွဲ၍ အခြားမည်သည့်အရာကိုမှ မဝတ်ဖူးသလိုပင်။
သူ့ကိုကြည့်ရုံနှင့်ပင် စိတ်ကျဉ်းကြပ်ပြီး ပင်ပန်းသည်။ကျန်းမင်ယွမ်က တံခါးအတွင်းမှ အမျိုးသမီးကို လှမ်းကြည့်၏။သူ၏မျက်ဝန်းများထဲ၌ လှိုင်းများထနေသည်။
"ဒီမှာ နေ့လည်စာစားလို့ရမလား"
အချိန်အကြာကြီး အလုပ်များနေခဲ့သော အမျိုးသားက ကိုယ်အလေးချိန် အများကြီး ကျသွားပုံရ၏။
ထို့ကြောင့် သူ့၏ မျက်နှာကောက်ကြောင်းသည် ပိုထင်းလာကာ ကိုယ်ရောင်ကိုယ်ဝါပါ ထွန်းလင်းလာသည်။
ကျန်းမင်ယွမ်၏နှုတ်ဖျားက တောင်းဆိုနေသည်ဖြစ်သော်လည်း သူ၏အသွင်အပြင်မှာ အမိန့်ပေးနေသလိုပင်။
ချန်းဟွမ်သည် ကနဦးပိုင်းတွင် ကျန်းမင်ယွမ်၏ပုံစံကြောင့် အနည်းငယ်ရှိန်ခဲ့ဖူးသည်။ သို့သော်လည်း ယခုအချိန်၌ သူမသည် ကျန်းမင်ယွမ်နှင့်ရင်းနှီးလာပြီဖြစ်သောကြောင့် ပို၍သက်တောင့်သက်သာဖြစ်လာသည်။
" ဝင်ခဲ့ပါ " ချန်းဟွမ်က ခပ်တိုးတိုးပြောပြီး အိမ်ထဲဝင်သွား၏။
ရှင်းရှင်းသည် တံခါးဘက်မှ ထွက်ပေါ်လာသော အသံများကို သတိပြုမိနေပြီဖြစ်သည်။
သူသည် လက်ထဲမှကစားစရာအရုပ်ကို ချလိုက်ပြီး အဖေဖြစ်သူထံ အပြေးလေးသွား၏။
ချန်းဟွမ်သည် မကျေနပ်ဖြစ်ပြီး ရှင်းရှင်း၏ပါးပြင်ကို ခပ်ဖွဖွလေးဆွဲညှစ်သည်။
" သစ္စာဖောက်လေး...ဟမ် ... "
ထို့နောက် နေ့လည်စာပြင်ဆင်ရန် မီးဖိုချောင်ထဲသို့ ဝင်လာခဲ့၏။
နေ့လည်စာ သိပ်မကျန်တော့သော်လည်း
ညစာအတွက်အသင့်ပြင်ထားသော အမဲသားမှာ အဆင်သင့်ဖြစ်လုနီးပါးပင်။
နေ့လည်စာစားပြီး ခေါက်ဆွဲအနည်းငယ်ကျန်နေသေးသည်။ချန်းဟွမ်က ထိုခေါက်ဆွဲများထဲသို့ ဟင်းရည်ထည့်ကာ ခေါက်ဆွဲတစ်ပွဲကို စတင်ပြင်ဆင်တော့၏။
သူမ ဟင်းရည်ထဲသို့ ဂေါ်ဖီထုပ်နှင့် မှိုအချို့ထည့်ကာ အမဲသားကို ပါးပါးလွှာပြီး အပေါ်မှ တည်ခင်းသည်။
ခပ်ပါးပါးလှိမ့်ထားသော ဂျုံခေါက်ဆွဲသည် ဂေါ်ဖီထုပ်နှင့် မှိုများပါဝင်သည့်ဟင်းရည်ထဲတွင် နစ်မြုပ်နေ၏။
ခေါက်ဆွဲပန်းကန်၏တစ်ဖက်၌ အမဲသားထည့်ထားသော ပန်းကန်တစ်ချပ်ရှိသည်။
အမဲသားကို သုံးနာရီကြာပြုတ်ပြီး ခပ်ပါးပါးလေးလွှာထားသည်။ ၎င်း၏အရသာက ပြီးပြည့်စုံလွန်း၏။
ခေါက်ဆွဲပြင်ဆင်ရန် ၁၀မိနစ်ကျော်ကြာခဲ့သည်။
ချန်းဟွမ်က ပန်းကန်ကို သယ်လာပြီး စားပွဲပေါ်တင်လိုက်၏။
သူမသည် ကျန်းမင်ယွမ်အား စားသုံးရန် အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း လှမ်းပြောရန် လှည့်ကြည့်သည်။
သို့သော် ဆိုဖာပေါ်၌အိပ်မောကျနေသော ကျန်းမင်ယွမ်ကိုသာ တွေ့လိုက်ရ၏။
Xxxxxxx
Chapter 126
ချန်းဟွမ်၏ဆိုဖာက သိပ်မကျယ်ပေ။
အရှည်မှာ ၂ မီတာပင် မပြည့်ချေ။
လက်တန်းနှစ်ခုကို ဖယ်လိုက်လျှင် ထိုင်နိုင်သောအကျယ်သည် ၁.၆ မီတာ ပတ်ဝန်းကျင်သာရှိမည်။
ကျန်းမင်ယွမ်၏ အရပ်အမောင်းမှာ ပေါ့သေးသေးမဟုတ်ချေ။၁.၈၅ မီတာပတ်ချာလည်ဖြစ်သည်။
ဆိုဖာပေါ်တွင် အိပ်ပျော်နေသော ကျန်းမင်ယွမ်က သူ၏ခြေထောက်များကို ဆန့်မထားနိုင်ရှာပေ။
ကွေးကွေးကလေးအိပ်ပျော်နေသောပုံစံမှာ သနားစရာပင်ကောင်းသေးသည်။
ရှင်းရှင်းက ဆိုဖာနားတွင်သွားထိုင်ပြီး ကျန်းမင်ယွမ်၏ခေါင်းတစ်ဝိုက်ကို သူ၏ကစားစရာဖြင့်လှည့်ပတ်ပြီး ကစားနေ၏။
မတော်တဆအရုပ်ပြုတ်ကျလျှင် ထိခိုက်သွားနိုင်သောကြောင့် ချန်းဟွမ်က ရှင်းရှင်းကို ဆွဲထုတ်သွား၏။
ချန်းဟွမ်က ဆိုဖာပေါ်မှ လူကိုခဏတာစိုက်ကြည့်နေသည်။
နောက်ဆုံးတွင် သူမသည် ကျန်းမင်ယွမ်ကို အနည်းငယ်လှုပ်ခါကာအိပ်ရာမှနှိုးလိုက်၏။
" ထတော့ "
ကျန်းမင်ယွမ်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်သေးပေ။သူက ချက်ချင်း နိုးလာသည်။
ကျန်းမင်ယွမ်က အိပ်မှုန်စုံမွှားဖြင့် မျက်မှောင်ကြုတ်ပြီး ထထိုင်ရန်ပြင်၏။ ခပ်ကျဉ်းကျဉ်းဆိုဖာပေါ်၌လှဲနေရသောကြောင့် ပြန်အထတွင် ဟန်ချက်ပျက်ပြီး ပြုတ်ကျတော့မတတ်ဖြစ်သွားသည်။
“ ဆောရီး...” ကျန်းမင်ယွမ်က ဟန်ချက်ပြန်ထိန်းလိုက်ပြီး ဆိုဖာပေါ်တွင် ငုတ်တုတ်ထထိုင်၏။သူက နှာခေါင်းစပ်ကိုထိပြီး သမ်းဝေလျက်ပြောသည်။
"ဘယ်လို အိပ်ပျော်သွားလဲတောင် မသိလိုက်ဘူး"
" သားသားသိတယ် "
ရှင်းရှင်းက ချန်းဟွမ်၏နောက်မှ ဘွားကနဲထွက်လာ၏။ သူ၏လက်ထဲ၌ ကစားစရာကို ကိုင်ဆောင်ထားသည်။
" ဖေဖေက သားနဲ့ မကစားခင် ခဏနားဦးမယ်လို့ ပြောသွားတာလေ "
" ပြီးတော့ဖေဖေ အိပ်ပျော်သွားတာပဲ "ရှင်းရှင်းက နှာခေါင်းရှုံ့ပြီး မကျေမနပ်ပြောသည်။
" ကိုယ့်ဘာသာကိုယ်ကစားလေ သားရဲ့...ယောက်ျားလေးမှန်ရင် ဘာပဲဖြစ်ဖြစ် ဖေဖေ့ကိုပဲ လိုက်ခိုင်းနေလို့မရဘူး "
ချန်းဟွမ်က ရှင်းရှင်းကို တစ်ဖက်သို့ အသာအယာတွန်းလိုက်ပြီး ဆိုဖာပေါ်မှလူကို လှမ်းပြော၏။
"ဘာလို့ လက်မဆေးသေးတာလဲ... ကျွန်မ ရှင့်အတွက် ခေါက်ဆွဲလုပ်ထားတယ် "
"ကျေးဇူးပဲ "
ကျန်းမင်ယွမ်က ပြောပြီးနောက်
အောက်သို့ငုံ့ကြည့်ကာ ဖိနပ်စီးရန်ပြင်ဆင်၏။
ရှင်းရှင်းသည် အမေဖြစ်သူထံမှ အပြောခံထားရသောကြောင့် သူ၏စွမ်းရည်ကို ပြသရန် စိတ်အားထက်သန်နေသည်။ သူသည် ဖိနပ်ထားသည့်နေရာသို့ အမြန်ပြေးသွားပြီး အောက်ဆုံးထပ်ရှိ ဖိနပ်တစ်ရံကို ဆွဲထုတ်လာကာ ကျန်းမင်ယွမ်၏ရှေ့၌ချလိုက်၏။
" ဒီမှာ ဖေဖေ... ဒါ ဖေဖေစီးဖို့ ... "
ဤအိမ်၌ ယခင်က ကျန်းမင်ယွမ်အတွက် ပြောင်းစီးစရာ ဖိနပ်အပိုမရှိခဲ့ချေ။
ချန်းဟွမ်က ဖိနပ်တစ်ရံ ဝယ်ထားခဲ့သော်လည်း မလိုက်ဖက်သောအသွင်အပြင်ကြောင့် ကျန်းမင်ယွမ်အား တစ်ကြိမ်မှ ထုတ်မပြဖူးချေ။
သားဖြစ်သူမှ နောက်တစ်ကြိမ် ထပ်မွှေလိုက်ပြန်ပြီဖြစ်သည်။
ချန်းဟွမ် စိတ်မဆိုးနိုင်တော့ချေ။
သူမသည် ရှင်းရှင်း၏နဖူးကို ခပ်သာသာလေးပုတ်လိုက်၏။
ကျန်းမင်ယွမ်နှင့် အကြည့်ချင်းဆုံသွားသောအခါ
ချန်းဟွမ်က ပြောသည်။
"ဒါဆို ဖိနပ်လဲဝတ်လိုက်လေ... သားရေဖိနပ် ဝတ်ရတာ အဆင်ပြေမှာမဟုတ်ဘူး "
"ကျေးဇူးပဲ"
ကျန်းမင်ယွမ်သည် ချန်းဟွမ်နှင့် ပြောခဲ့သော စကားများကို မမေ့သေးချေ။
သူက ချန်းဟွမ်ကို နှစ်လိုဖွယ်ကောင်းစွာပြုံးပြပြီး ကျေးဇူးတင်ကြောင်းဖော်ပြနေသည်။
ကျန်းမင်ယွမ်က သူ၏ဖိနပ်ကို တစ်ဖန်ပြန်ချွတ်ပြီး
ယုန်ဖေဖေစတိုင်ဖိနပ်ကို ကောက်စွပ်လိုက်၏။
ရှင်းရှင်းက သူ၏အဖေချွတ်လိုက်သောဖိနပ်ကို
ပုံးထဲသို့ တက်ကြွစွာ သွားထည့်ပေးသည်။
နွေးထွေးမှုကို ပေးစွမ်းနိုင်သောချည်သားဖိနပ်၏
အပြင်ဘက်တွင် အမွေးရှည်များ ရှိ၏။
၎င်းသည် အမျိုးသားဝတ်ဖြစ်ပြီး အရောင်မှာ လူကြီးဆန်သော်လည်း အပေါ်တွင်ကပ်ထားသောယုန်ဖေဖေအရုပ်က ဖျက်လိုဖျက်ဆီးလုပ်နေသည်။
ခြုံငုံပြောရလျှင် ကျန်းမင်ယွမ်နှင့်မလိုက်ဖက်ချေ။
ကျန်းမင်ယွမ်၏ အဝတ်အစားများသည် ဒီဇိုင်နာဖြင့်တိုင်ပင်ပြီးစိတ်ကြိုက်ချုပ်လုပ်ထားသည်များသာဖြစ်သည်။အများစုမှာ အရောင်မှိုင်းမှိုင်းနှင့် ရိုးရိုးရှင်းရှင်းအနက်ရောင်များဖြစ်၏။
သူသည်ပိတုန်းရောင်ဆံပင်ကို ဂျယ်ဖြင့်ကော့နေအောင် ပုံသွင်းထားသည်။
သူ၏မေးရိုးမှာ ချွန်ထက်နေပြီး အသွင်အပြင်က တည်ငြိမ်ရင့်ကျက်လှ၏။
ယုန်ဖေဖေစတိုင်ဖိနပ်နှင့် လားလားမျှမသက်ဆိုင်ချေ။
တစ်ဖက်တွင်လည်း ကျန်းမင်ယွမ်သည် မည်သည့်အရာကိုမှ မခံစားရပေ။ သူက ဖိနပ်ကို ဝတ်ဆင်ပြီးနောက် မတ်တပ်ရပ်လိုက်သည်။ထို့နောက် ခြေလှမ်းအနည်းငယ်လှမ်းပြီး အလွန်အဆင်ပြေကြောင်း မှတ်ချက်ပေးနေ၏။
ချန်းဟွမ်က ဘာမှပြန်မပြောသော်လည်း ရှင်းရှင်းက သူ၏ဖိနပ်ကလေးကို ကြွားလုံးထုတ်ရန် အသည်းအသန်ပြေးလာသည်။
"ဖေဖေ... သားသားဟာလည်း အရမ်းစီးလို့ကောင်းတယ်"
Xxxxxxx