Chapter 127
ကျန်းမင်ယွမ်က ကလေးအပေါ်တွင် အမြဲတမ်းစိတ်ရှည်သည်။
သူက ပေါက်စီလေး၏ခေါင်းပေါ်သို့ လက်တင်လိုက်ပြီး ညင်ညင်သာသာပွတ်သပ်လိုက်သည်
"ဖေဖေတို့ ဖိနပ်တွေက အတူတူပဲ....နှစ်ယောက်လုံး ကြည့်ကောင်းတယ်"
"ဟုတ်တယ် " အဖေဖြစ်သူနှင့် မတွေ့ရကြာပြီဖြစ်သော ရှင်းရှင်းက အရမ်းစိတ်လှုပ်ရှားနေပုံပင်။
သူသည် ကျန်းမင်ယွမ်၏အနားသို့ထပ်ကပ်သွားကာ ဖိနပ်ပေါ်မှ ယုန်များကို မိတ်ဆက်ပေးသည်။
“ ဖေဖေ့ရဲ့ဖိနပ်တွေက တာရှုံး သားသားဟာက ရှောင်ချီ... ပြီးတော့ မေမေ့ဟာက မိန်မိန်် ”
ရှင်းရှင်းက ဝမ်းသာအားရ ခြေထောက်ကို မြှောက်လိုက်၏။
"တာရှုံး ၊ ရှောင်ချီနဲ့ မိန်မိန်် တို့က မိသားစုတွေပဲ...သားသားတို့က မိသားစုပဲ...”
ရှင်းရှင်း၏ စကားများက ကျန်းမင်ယွမ်၏အတွင်းစိတ်ကို ထိမိသွားပုံရသည်။ သူ ရုတ်တရက် ခေါင်းလှည့်ကာ ချန်းဟွမ်ကို လှမ်းကြည့်လိုက်၏။
မျက်လုံးချင်းဆုံပြီး အချိန်အနည်းငယ်ကြာသောအခါ ချန်းဟွမ်ဘက်မှစတင်၍ အကြည့်လွှဲသည်။
ကျန်းမင်ယွမ်ကလည်း သူ၏ဖိနပ်ကိုငုံ့ကြည့်ကာ
ခပ်တိုးတိုးပြော၏။
"ဟုတ်တယ်... ဖေဖေတို့ကမိသားစုပဲ"
ချန်းဟွမ်သည် သူမ၏နားရွက်များ ပူလောင်လာသလို ခံစားလိုက်ရသည်။သူမကချောင်းဟန့်ပြီး စကားလမ်းကြောင်းလွှဲ၏။
" ဒီလောက်ပဲပြောကြတော့... ခေါက်ဆွဲတွေပွကုန်မယ် သွားစားတော့ "
အိမ်ထောင်ရှင်မက ပြောလာပြီဖြစ်၍ ထုံးစံအတိုင်း ကျန်နှစ်ယောက်က စကားနားထောင်
ရပေမည်။
ရှင်းရှင်းက ကျန်းမင်ယွမ်၏အနောက်တွင်ကပ်လျက် ချန်းဟွမ်ကို လျှာထုတ်ပြ၏။
ထို့နောက် ကျန်းမင်ယွမ်သည် ရေချိုးခန်းထဲသို့ ဝင်သွားကာ ရေအေးအချို့ဖြင့်မျက်နှာသစ်လိုက်သည်။
ထို့နောက် ရေစင်အောင်သုတ်ကာ စားပွဲဆီသို့ ဦးတည်ခဲ့၏။
ချန်းဟွမ်ပြင်ထားသည်မှာ လက်လုပ်ခေါက်ဆွဲဖြစ်သည်။သူမကိုယ်တိုင်လှိမ့်ထားသော ခေါက်ဆွဲသားက နူးညံ့သည်။
ချန်းဟွမ်သည် ၎င်းတို့ကို ပန်းကန်လုံးကြီးတစ်ခုထဲတွင် ထည့်ထားပြီး ဟင်းရည်ကို ပန်းကန်လုံးတစ်ဝက်ခန့်ပြည့်အောင်လောင်းထည့်ထား၏။
ခေါက်ဆွဲ၏အသွင်အပြင်က ယခုလေးတင် အိုးထဲမှ ခုန်ထွက်လာသလိုပင်။
ဆောင်းရာသီတွင် အရာဝတ္ထုများသည် လျင်မြန်စွာ အေးလာတတ်ပြီး ခေါက်ဆွဲသည်လည်း ယခုအချိန်တွင် ပြီးပြည့်စုံသော အပူချိန်သို့ရောက်ရှိနေသည်။
အရသာထိမိလှသည့် ခေါက်ဆွဲပြုတ်ကို တစ်ဇွန်းသောက်လိုက်ရုံဖြင့် အနွေးဓာတ်မှာ လည်ချောင်းမှတစ်ဆင့် ဝမ်းဗိုက်ထဲသို့ စီးဝင်သွားတော့၏။
ပင်ပန်းနွမ်းနယ်မှုအားလုံး ချက်ချင်းဆိုသလို ပြေပျောက်သွားပုံရသည်။
ကျန်းမင်ယွမ် မနက်အစောကြီးကတည်းက အစည်းအဝေးထိုင်နေရပြီး နေ့လည်စာမစားရသေးပေ။ သူ ဗိုက်ဆာနေသောကြောင့် စားသည့်နှုန်းမှာ ပုံမှန်ထက်ပို၍မြန်ဆန်သည်။
နောက်ဆုံးတစ်လုတ်ကိုလက်စသတ်ပြီးသောအခါ
သူ ပန်းကန်သွားဆေးလိုက်၏။
ထို့နောက်တွင် သူသည် ကတိပေးထားသည့်အတိုင်း ရှင်းရှင်းနှင့် ကစားခဲ့သည်။
နေ့လည်စာစားပြီးသောအခါ ယခင်ကထက်ပင် ပိုမိုငိုက်မျဉ်းလာ၏။ အပူပေးစက်က အိမ်တွင်းအပူချိန်ကို မြင့်မားစေပြီး ကိုယ်ထဲမှအနွေးဓာတ်ကို ဆင့်ပွား၍တိုးလာစေသည်။
ကျန်းမင်ယွမ် ကနဦးတည်းက အိပ်ရေးမဝခဲ့ပေ။ သူသည် ရှင်းရှင်းနှင့် ခဏကစားပြီးနောက် ဆိုဖာပေါ်၌ထိုင်လျက်အနေအထားဖြင့် မျက်လုံးများကိုမှိတ်လိုက်သည်။
ကစားနေရင်းတစ်ဝက်တစ်ပျက်တွင် ရှင်းရှင်းက အဖော်မရှိတော့သည်ကို သတိထားမိသွားတော့၏။
ဘေးဘီကိုဝေ့ဝိုက်ကြည့်သောအခါ အိပ်ပျော်နေသောအဖေဖြစ်သူကို တွေ့လိုက်ရသည်။
ဤတစ်ကြိမ်၌ ကျန်းမင်ယွမ်သည် ထိုင်လျက်အိပ်ပျော်နေခြင်းဖြစ်သောကြောင့် ဘေးတွင် နေရာလွတ်ရှိသေး၏။
ရှင်းရှင်းက သူ၏ယုန်ဖိနပ်ကိုစီးထားရင်း ဆိုဖာပေါ်သို့ ခုန်တက်လိုက်သည်။
ထို့နောက်အဖေဖြစ်သူကို မှီလိုက်ပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ တစ်ဖက်လူ၏ရင်ဘတ်ကို လက်သီးဆုပ်သေးသေးလေးဖြင့်လှမ်းထုသည်။
ထိုအခါ ကျန်းမင်ယွမ်က ထိတ်လန့်သွားပြီး နိုးလာ၏။
"တောင်းပန်ပါတယ် သားလေး..."
ကျန်းမင်ယွမ်က သူ၏မျက်နှာကို ပွတ်သပ်ပြီး “ဖေဖေ နည်းနည်း ပင်ပန်းနေပြီ”
"ဖေဖေ ပင်ပန်းနေရင် အိပ်ရာပေါ်မှာ အိပ်သင့်တယ်"
ရှင်းရှင်းက အတည်ပေါက်ပြော၏။
" မေမေဆို သားကိုဆိုဖာပေါ်မှာ မအိပ်ခိုင်းဘူး.... နေမကောင်းဖြစ်မှာစိုးလို့တဲ့ "
“မေမေပြောတာ မှန်တယ်... ဆိုဖာပေါ်မှာ
မအိပ်ရဘူးနော် ဖေဖေ့လို လိုက်မလုပ်နဲ့ "
ကျန်းမင်ယွမ်သည် သူ့ကိုယ်သူဘာဖြစ်နေမှန်းမသိချေ။ မနက်ခင်း၌ အကောင်းကြီးဖြစ်သော်လည်းဤနေရာသို့ရောက်ပြီးချိန်၌ အလွန်အမင်းအိပ်ချင်လာ၏။သူ မျက်နှာကို ပွတ်သပ်ပြီး နေရာမှ ထရန် ကြိုးစားသည်။
“ဒါဆို အိပ်တော့ ဖေဖေ....”
ရှင်းရှင်းသည် သိတတ်သော ကလေးတစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူပင်ပန်းနေချိန်တွင် အတင်းအကြပ်ကစားခိုင်းခြင်းမျိုးမပြုပေ။
ရှင်းရှင်းကဆိုဖာပေါ်တွင် မတ်တပ်ရပ်လျက် အနေအထားဖြင့်ပင် ကျန်းမင်ယွမ်ကို ဆွဲထူကာ အိပ်ခန်းရှိရာဘက်သို့အသာအယာတွန်းသည်။
ကျန်းမင်ယွမ်သည် အိပ်ခန်းဆီသို့ ဦးတည်သွား၏။
အခန်းတံခါး ပိတ်ထားသောကြောင့် ရှင်းရှင်းက တံခါးလာခေါက်ပေးသည်။
"မေမေ... တံခါးဖွင့်ပါဦး "
" ခဏလေး " ချန်းဟွမ်၏ အသံသည် အခန်းတွင်းမှ ထွက်ပေါ်လာသည်။
သားအဖနှစ်ယောက်က တံခါးအပြင်၌ ရပ်စောင့်နေကြ၏။
အထဲမှာ အမျိုးသမီး၏အသွင်အပြင်က လုံးဝပြောင်းလဲသွားသည်။
သူမသည် ခြေသလုံးအထိရှည်သော ကာကီရောင်ကုတ်ရှည်ကိုဝတ်ဆင်ထားပြီး အတွင်းပိုင်း၌အဖြူရောင်လည်ထောက်ဆွယ်တာနှင့် ဂျင်းပြာကို ဖက်စပ်ဝတ်ဆင်ထား၏။
ဆံပင်ရှည်က ပုခုံးမှတစ်ဆင့် အောက်ဘက်သို့ဖြာကျနေသည်။ဆံသားအောက်ဘက်ရှိ ခပ်ကွေးကွေးကောက်လိုင်းကလေးများက ဆွဲဆောင်မှုကိုပိုတိုးစေ၏။
သူမ၏အကြည့်ကလည်း တစ်မူထူးနေပြန်သည်။
ကျန်းမင်ယွမ်သည် ချန်းဟွမ်ကိုမြင်လိုက်ရချိန်တွင် အံ့အားသင့်သွားတော့၏။ခေတ္တမင်သက်သွားပြီး သတိပြန်ဝင်လာချိန်၌ သူ ချန်းဟွမ်ကိုမေးလိုက်သည်။
" အပြင်သွားမလို့လား "
Xxxxxx
Chapter 128
"အင်း ဆိုင်သွားကြည့်မလို့"
ချန်းဟွမ်က သူမ၏ပိုက်ဆံအိတ်ကို ကိုင်ထားရင်းမေးလာပြန်သည်။
" ဘယ်နှနာရီရှိပြီလဲ "
"၃ နာရီလောက်ပေါ့ ဘာလို့လဲ "
"ဒါဆို ကျွန်မအစား ရှင်းရှင်းကို စောင့်ကြည့်ပေးနိုင်မလား...အပြင်မှာ အရမ်းအေးနေလို့ ကလေးကို ခေါ်မသွားချင်ဘူး"
" ရပါတယ် ထားခဲ့လိုက် " ကျန်းမင်ယွမ်က ရှင်းရှင်း၏လက်ကိုဆုပ်ကိုင်ပြီး တံခါးဘေးသို့အနည်းငယ်နေရာဖယ်ပေးလိုက်သည်။
“အပြင်မှာ လေအရမ်းတိုက်တယ်... ငါနဲ့ပါလာတဲ့ ဒရိုင်ဘာကိုခေါ်သွားလေ "
ကျန်းမင်ယွမ်၏ဒရိုင်ဘာနှင့်သွားရခြင်းက
ကိုယ်တိုင် တက္ကစီငှားရခြင်းထက် အဆများစွာသက်သာသည်။အလွန်အေးသောဆောင်းရာသီ၌ မည်သည့်တက္ကစီဆရာကမှ ကားထဲတွင် ထိုင်စောင့်ချင်ကြမည်မဟုတ်ပေ။
ချန်းဟွမ်သည် ထိုအကြံကို သဘောကျသော်လည်း လူကြားကောင်းအောင် ဟန်လုပ်လိုက်သေး၏။
" ဒုက္ခများနေပါဦးမယ် "
"မများပါဘူး ဒရိုင်ဘာက အောက်ထပ်မှာ "
ကျန်းမင်ယွမ် ရှင်းရှင်း၏လက်ကို လွှတ်လိုက်သည်။
ကလေးကို အိမ်ထဲ၌ ခဏထားခဲ့ပြီး သူက အပြင်ထွက်သွား၏။
ထို့နောက်ဓာတ်လှေကားခလုတ်ကို နှိပ်ကာ ချန်းဟွမ်နှင့်အတူ အောက်ထပ်သို့ ဆင်းလာခဲ့သည်။
"သွားတော့မယ်"
" ကောင်းကောင်းသွား "
ကားအတွင်းနှင့် အပြင်၌ အသီးသီးရှိနေကြသော နှစ်ယောက်သားက အချင်းချင်း လက်ဝှေ့ယမ်းပြကြ၏။ ကားသည် မြေအောက်ကားပါကင်မှ ထွက်ခွာလာခဲ့သည်။
ကျန်းမင်ယွမ်က ဓာတ်လှေကားဆီသို့ပြန်မသွားမီတွင် ထွက်ခွာသွားသောကားကို တစ်ခဏမျှ စိုက်ကြည့်နေသေး၏။
တိုက်ခန်းရှေ့သို့ရောက်သည်နှင့် ကျန်းမင်ယွမ်က သော့တံကိုထုတ်ပြီး တံခါးဖွင့်လိုက်သည်။
လောလောလတ်လတ်ကလေးကပင် ချန်းဟွမ်က အိမ်သော့အပိုကို အပ်သွားခဲ့၏။
ရှင်းရှင်းက ကျန်းမင်ယွမ်ကိုတွေ့သောအခါ အပြေးလေးလာသည်။
ဖေဖေ အိပ်ချင်သည်ဟုပြောခဲ့ကြောင်းကို ကလေးလေးက မှတ်မိနေသေး၏။
ယခုအချိန်၌ မေမေလည်းအိမ်၌မရှိသောကြောင့် ရှင်းရှင်းကပင် ဆုံးဖြတ်ချက်ချပေးရမည်။
ရှင်းရှင်းသည် သူ့အတွေးနှင့်သူ ကျန်းမင်ယွမ်ကို အိပ်ခန်းဆီ ဆွဲခေါ်သွားတော့၏။
ကျန်းမင်ယွမ်က ဤတစ်ကြိမ်၌ ရှင်းရှင်းအနောက်ကို မလိုက်ချေ။
သူက သားဖြစ်သူကို ပွေ့ချီလိုက်ပြီး ဆိုဖာပေါ်တွင် သွားတင်လိုက်သည်။
“သားသား....ဖေဖေ မအိပ်ချင်တော့ဘူး...ကစားရအောင်"
ကျန်းမင်ယွမ်သည် ချန်းဟွမ်အား ကလေးကြည့်ပေးပါ့မည်ဟူ၍ ကတိပေးခဲ့၏။
အိပ်စက်ခြင်းထက် အတူတူကစားရခြင်းက ပို၍ကောင်းမွန်သည်ဟု ရှင်းရှင်း တွေးမိသည်။ ထို့ေကြာင့် အဖေဖြစ်သူထံမှအကြံပြုချက်ကို ချက်ချင်းပင်လက်ခံလိုက်၏။
ရှင်းရှင်းက သူ၏လက်ထဲမှ အရုပ်ကွင်းကို ဝေ့ယမ်းပြပြီးပြောသည်။
"ဒါနဲ့ ကစားရအောင် ဖေဖေ..."
" ဟုတ်ပါပြီဗျာ "
***
ချန်းဟွမ် မျှော်လင့်ထားသည်ထက် အနည်းငယ်နောက်ကျပြီးမှ ပြန်ရောက်လာသည်။
သူမ အိမ်ပြန်ရောက်ချိန်၌ ၄ နာရီပင်ထိုးလုနေပြီဖြစ်၏။
ချန်းဟွမ်တစ်ယောက် အိမ်ထဲသို့ လှမ်းကြည့်လိုက် သောအခါ ကျန်းမင်ယွမ်က ရှင်းရှင်းနှင့်အတူကစားနေသည်။
ကျန်းမင်ယွမ်က ယှက်နွှယ်နေသော အရုပ်ကွင်းများကို ရှင်းရှင်းအား တစ်ဆင့်ချင်းဖြည်ပြနေ၏။
ချန်းဟွမ် ပြန်လာသည်ကို မြင်သွားကြသော သားအဖနှစ်ယောက်လုံးက သူမဆီလှမ်းလာကြသည်။
ရှင်းရှင်းက သူမ၏ခြေထောက်ကိုဖက်ကာ
ဖြည်ထားလိုက်နိုင်သော အရုပ်ကွင်းတစ်ခုကို မြှောက်ပြ၏။
ကျန်းမင်ယွမ်က တစ်ဖက်တွင် မတ်တပ်ရပ်ကာ ခေါင်းညိတ်လျက်ပြုံးနေသည်။ထိုအပြုံးမှာ တာဝန်ပြီးမြောက်သွားသော ပီတိပြုံးနှင့်ပိုဆင်၏။
အပြင်၌ လေစိမ်းများတိုက်နေသေးပြီးချန်းဟွမ်၏ ခန္ဓာကိုယ်က အနည်းငယ် အေးနေသေးသည်။ သူမ၏ဖိနပ်တစ်ဝက်လောက်က နှင်းများဖြင့်စိုစွတ်နေ၏။
ဖြန့်ချထားသောဆံသားများသည်လည်း အိမ်မှထွက်သွားစဉ်က ပုံစံကဲ့သို့မဟုတ်တော့ချေ။
ချန်းဟွမ်၏လက်ထဲတွင် ကိတ်မုန့်ဘူးတစ်ဘူးရှိသည်။ သူမသည် ထိုဘူးကို ရှင်းရှင်းအား ပေးလိုက်၏။
ရှင်းရှင်းက ကိတ်မုန့်စားရတော့မည်ဖြစ်သောကြောင့် မြူးထူးလျက် နေရာမှထွက်သွားသည်။
" တောင်းပန်ပါတယ်.... ထင်ထားတာထက် နည်းနည်းပိုကြာသွားတယ် "
ချန်းဟွမ်သည် ကျန်းမင်ယွမ်အား အားနာနေ၏။
" အလုပ်ကိစ္စကို အနှောက်အယှက်ဖြစ်သွားလား "
“မဖြစ်ဘူး... အဆင်ပြေပါတယ်... ဒီနေ့ အလုပ်သိပ်မရှိဘူး ... ပြီးတော့ မင်းကိုစောင့်ပေးဖို့ ဒရိုင်ဘာကိုပြောလိုက်တာက ငါပဲဟာကို "
ကျန်းမင်ယွမ်က ပေါ့ပေါ့ပါးပါးပင်ပြောသည်။
" တစ်ချိန်လုံး ပိုက်ဆံပဲကုန်းရုန်းရှာနေရင်လည်း ဘယ်အဓိပ္ပာယ်ရှိပါတော့မလဲ "
"အဲ့ဒါကတော့အမှန်ပဲ..." ချန်းဟွမ်က ဝင်ထောက်ခံ၏။
"အလုပ်နဲ့ နေ့စဉ်ဘဝ ဘက်မျှဖို့က အရေးကြီးတယ် "
ညစာပြင်ဆင်ချိန်မှာ နောက်ကျနေပြီဖြစ်သည်။
ချန်းဟွမ် သူမ၏ကုတ်အင်္ကျီကိုချွတ်ကာ အိမ်တွင်းစီး အနွေးဖိနပ်တစ်ရံကို ကောက်စွပ်၏။ထို့နောက်မီးဖိုချောင်သို့မသွားမီ ကျန်းမင်ယွမ်အားလှမ်းမေးသည်။
" ညစာ စားသွားမှာမလား"
"ဟင့်အင်း...ဒီနေ့တော့ မစားတော့ဘူး"
ကျန်းမင်ယွမ် တစ်နေ့စာ အလုပ်များကို လက်စမသတ်ရသေးပေ။
အားလပ်ချိန်ယူထားသောကြောင့် ညတွင် အတိုးချ၍ အလုပ်ထဲ ခေါင်းပြန်နှစ်ရမည်ဖြစ်သည်။
သန်းခေါင်ယံမတိုင်မီအထိ သူအိပ်ရာဝင်နိုင်မည်မဟုတ်ချေ။
“ ဂရုစိုက်စရာလေးတွေ ရှိသေးတယ်...ငါသွားသင့်ပြီ"
" အရေးကြီးတာလား"
ချန်းဟွမ်က မသိမသာ မျက်မှောင်ကြုတ်၏။
သူမသည် ကျန်းမင်ယွမ်နှင့် မလှမ်းမကမ်းတွင်ရှိနေသော်လည်း တစ်ဖက်လူ၏နီရဲနေသော မျက်ဝန်းများကို အတိုင်းသားမြင်ရသည်။
သူ မအိပ်နိုင်ခဲ့ကြောင်းမှာ သိသာလွန်း၏။
"အလုပ်တွေက ဘယ်လောက်ကြာဦးမှာလဲ" ချန်းဟွမ်က စိုးရိမ်စိတ်ဖြင့် မေးသည်။
“မကြာခင်ပြီးမှာပါ...ဒီလက အလုပ်အများဆုံးပဲ ”
ကျန်းမင်ယွမ်က ပြောပြောဆိုဆိုဖြင့် ခါးကိုင်းကာ ဖိနပ်ကိုပြန်ထည့်သိမ်းလိုက်၏။ထို့နောက် ဖိနပ်လဲဝတ်ပြီး မတ်တပ်ထရပ်သည်။
“တစ်လပိုင်းမှာ ပူတဲ့ဒေသဘက်ကို ခရီးထွက်ကြမလား... ဒီနှစ် C မြို့မှာ အရမ်းအေးတယ် "
ချန်းဟွမ်က အနည်းငယ် စိတ်ဝင်စားသွားသည်။
ဤမြို့မှာ အတိတ်ဘဝကနှင့် တစ်ထေရာတည်းပင်။
ဆောင်းရာသီ၌ အအေးပိုပြီး စိုစွတ်သောကြောင့်
နေရထိုင်ရသိပ်အဆင်မပြေပေ။
“နှစ်သစ်ကူး အားလပ်ရက် သုံးရက်ပဲ ရှိတာကို... လောက်ပါ့မလား "
"နိုင်ငံရပ်ခြားသွားတာမှမဟုတ်တာ...ညအိပ်လို့ရပါတယ် "
ကျန်းမင်ယွမ်သည် ခရီးစဉ်အချို့ကိုတွေးပြီးဖြစ်သော်လည်း ယခုက ဆွေးနွေးရန်အချိန်ကောင်းမဟုတ်သေးပေ။
သူသည် အပေါ်ဝတ်ကိုပြန်လျိုကာ ကြယ်သီးတပ်လိုက်ပြီး လည်စည်းကို ပြန်ပြင်သည်။
ထို့နောက် ချန်းဟွမ်အား နှုတ်ဆက်၏။
“သွားတော့မယ်...နောက်တစ်ခေါက်မှ ဆက်ပြောကြတာပေါ့ "
ကျန်းမင်ယွမ်က စကားဆုံးသည်နှင့် တံခါးအပြင်သို့လျှောက်သွားသည်။
"ခဏနေဦး....."
ကျန်းမင်ယွမ် မည်မျှပင်ပန်းနေကြောင်းကို ဘေးလူပင်မြင်နိုင်သည်။
ချန်းဟွမ်က တစ်စုံတစ်ခုကိုတွေးမိသွားပြီး ကျန်းမင်ယွမ်ကို ဟန့်တား၏။သူမသည် ရေခဲသေတ္တာထဲမှ ဘူးကို သွားထုတ်လိုက်သည်။
ချန်းဟွမ်က ထိုပလတ်စတစ်ဘူးကို ကျန်းမင်ယွမ်ဆီ ကမ်း ပေးပြီးပြော၏။
“ဒါက ကျွန်မကိုယ်တိုင်လုပ်ထားတဲ့ ပူရှိန်းသကြားလုံးတွေ...ရှင်တော်တော်ပင်ပန်းနေပုံပဲ...ဒါလေးတွေစားရင် နည်းနည်းလန်းတယ်...တစ်နာရီကို နှစ်လုံးလောက်စားပေး "
Xxxxxx