အပိုင်း ၁၂၉-၁၃၀
Viewers 20k

Chapter 129


ကျန်းမင်ယွမ် ချန်းဟွမ်ထံမှ သကြားလုံးဘူးကို ယူကာ လက်ထဲတွင် တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။  "ကျေးဇူးပဲ" 


 "ရပါတယ်... "  ချန်းဟွမ်က ဓာတ်လှေကားရှေ့ထိလိုက်လာပြီး ကျန်းမင်ယွမ်နှင့်အတူ အထဲဝင်ရန်ပြင်၏။


 ထိုအခါ ဓာတ်လှေကားအတွင်း၌ရှိသောကျန်းမင်ယွမ်ကတံခါးကိုပိတ်ရပ်သည်။


" အေးတယ်...လိုက်မပို့နဲ့တော့.... အိမ်ထဲပြန်သွားလိုက် "


 ချန်းဟွမ်သည် အပေါ်ဝတ်အင်္ကျီကို ချွတ်ထားပြီးပြီဖြစ်သည်။လေအေးများ တိုက်နေ‌သောကြောင့် အေးခဲလုမတတ်ဖြစ်နေရှာ၏။


ချန်းဟွမ်က ဓာတ်လှေကားထဲမှ ကျန်းမင်ယွမ်အား လက်ဝှေ့ယမ်းပြလိုက်သည်။


" ဒါဆိုလည်း ဂရုစိုက်ပြန်ပါ "


 ဓာတ်လှေကားတံခါးပိတ်သွားသောအခါ ချန်းဟွမ်က တိုက်ခန်းထဲပြန်ဝင်သွားပြီး ညစာချက်မည့်ပါဝင်ပစ္စည်းများကို ရေခဲသေတ္တာထဲမှ ထုတ်ယူသည်။


 ရေခဲသေတ္တာ၏ဘေးဘက်တွင် ပြတင်းပေါက်ရှိ၏။


ချန်းဟွမ်သည် ဟင်းချက်စရာများကိုထုတ်ယူနေရင်း အကြောင်းပြချက်မဲ့စွာဖြင့် ပြတင်းပေါက်အပြင်ဘက်သို့ငေးနေမိသည်။


အနက်ရောင် ဆီဒင်ကားတစ်စီး ထွက်ခွာသွားသည်ကို ပရုတ်ပင်၏အရွက်များကြားမှ လှမ်းမြင်လိုက်ရ၏။


 ***


 ကျန်းမင်ယွမ် ရုံးသို့ ပြန်ပြီး အလုပ်ခွင်ပြန်ဝင်လိုက်သည်။


သူ၏အတွင်းရေးမှူးက တံခါးခေါက်ပြီး ရုံးခန်းထဲသို့ဝင်လာ၏။


အတွင်းရေးမှူးက ကိုးကားရန်လိုအပ်သော စာရွက်စာတမ်းများကို စားပွဲပေါ်တင်ပေးပြီး ည ၈ နာရီ၌ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတစ်ပွဲရှိကြောင်း သတိပေးလာသည်။


 “ဟုတ်ပြီ...သ်ိပြီ ”  ကျန်းမင်ယွမ်က မမေ့ပေ။


  အတွင်းရေးမှူး၏သတိပေးခြင်းကို အသိအမှတ်ပြုသောအနေဖြင့် သူ လက်တစ်ချက်ထောင်ပြသည်။


 ထို့နောက် တစ်စုံတစ်ခုကိုဆက်ပြောလာ၏။


 " အပန်းဖြေခရီးသွားဖို့ လက်ကမ်းစာစောင်တွေ ရှာပေးပါဦး... မိသားစုလိုက်သွားဖို့သင့်တော်ပြီး ရာသီဥတုနွေးတဲ့နေရာမျိုး....  ရှာပြီးရင် ဒီလိပ်စာကို ပို့ပေး "


ကျန်းမင်ယွမ် အတွင်းရေးမှူးအား ချန်းဟွမ်၏လိပ်စာကို ပေးလိုက်သည်။ အတွင်းရေးမှူးက ခေါင်းငြိမ့်၏။


ထိုသူသည် အားကိုးရသည့် လက်အောက်ငယ်သားတစ်ဦးဖြစ်သည့်အလျောက် သူဌေးဖြစ်သူ၌ သားတစ်ယောက်ရှိကြောင်းကိုဦးစွာသိရှိခဲ့သည်။


ထိုမျှသာမက ကလေး၏မိခင်အတွက် ဆိုင်မျက်နှာစာရရေးအတွက် ကျန်းမင်ယွမ်က တိတ်တဆိတ်ကူညီပေးခဲ့ကြောင်းကိုပါ သိရှိထား၏။


ယခုအချိန်၌ ခရီးသွားလက်ကမ်းစာစောင်များတောင်းနေသည့်ပုံအရ အပျော်ခရီးထွက်ရန် စီစဉ်နေပုံပင်။


ထိုကလေးက သူဌေးအတွက် အတော်လေးအရေးပါပုံရသည်။


 ကျန်းမင်ယွမ်၏လက်အောက်၌အလုပ်လုပ်သော အတွင်းရေးမှူးချုပ် ချီရှန်သည် ကိစ္စရပ်များအားလုံးကို ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ရန်မလိုအပ်ပေ။


 သူလုပ်ရမည်မှာ တခြားဝန်ထမ်းတစ်ဦးကို ဂရုတစိုက်ဖြင့်တစ်ဆင့်ပြန်လည် တာဝန်ပေးရုံပင်။


ချီရှန်တာဝန်ပေးလိုက်သောသူက အလွန်တိကျမြန်ဆန်ပြီး တစ်နာရီမပြည့်မီတွင် အချက်အလက်အားလုံးကို  စုစည်းနိုင်ခဲ့သည်။


 ချန်းဟွမ်နှင့်ရှင်းရှင်းအတူတကွ ညစာစားနေကြသော ညနေ ၅:၄၀ခန့်တွင် တံခါးခေါက်သံ ထွက်ပေါ်လာ၏။


 "ဖေဖေ ပြန်လာတာလား"  


ရှင်းရှင်း၏ မျက်လုံးများက တောက်ပလာသည်။ သူသည်ထိုင်ခုံပေါ်မှ ခုန်ဆင်းကာ တံခါးဆီသို့ ပြေးသွားခဲ့သည်။


 ချန်းဟွမ်က ရှင်းရှင်း၏နောက်မှ လိုက်လာပြီး တံခါးဖွင့်၏။ထိုအခါ တံခါးခေါက်သူမှာ ကျန်းမင်ယွမ် မဟုတ်ဘဲ ရင်းနှီးသလိုဖြစ်နေသော လူတစ်ဦးသာဖြစ်ကြောင်း သိလိုက်ရသည်။


 ထိုလူက ချန်းဟွမ်ကိုမြင်သောအခါ ဖော်ဖော်ရွေရွေပြုံးပြ၏။ 


  "မင်္ဂလာပါ မစ္စချန်း... သူဌေးက ကျွန်တော့်ကို ခရီးသွားလက်ကမ်းစာစောင်တစ်ချို့ ယူလာခိုင်းလိုက်လို့ပါ ”


 ထိုသူက လက်ထဲမှ ပစ္စည်းများကို ချန်းဟွမ်ထံ ကမ်းပေးလိုက်ပြီး အိမ်ထဲဝင်ရန် စိတ်ကူး ရှိပုံမရပေ။


ပစ္စည်းများကို ပေးပြီးသည်နှင့်တစ်ပြိုင်နက် နှုတ်ဆက်ထွက်ခွာသွား၏။


 လက်ကမ်းစာစောင်အထပ်လိုက်က အနည်းငယ်လေးလံသည်။ချန်းဟွမ်သည် တံခါးနားတွင်ရပ်ပြီး အပြင်ကိုသာကြောင်ကြည့်နေမိ၏။


နောက်ဆုံး၌ ချန်းဟွမ်က ထိုတစ်ယောက်ကို မှတ်မိသွားသည်။


ထိုသူသည် သူမ၏ ဆိုင်မျက်နှာစာအတွက် စာချုပ်ချုပ်သည့်အချိန်က ရှိနေခဲ့သောတစ်ယောက်ပင်ဖြစ်၏။


 ကျန်းမင်ယွမ်သည် ဖြိုဖျက်မှုအတွက် လျော်ကြေးငွေတောင်းသော အရေးကိစ္စတွင်သာ ဝင်ပါခဲ့သည်ဟူ၍ ချန်းဟွမ်သိထားသည်။ဆိုင်မျက်နှာစာ၏ပိုင်ရှင်မှာ ကျန်းမင်ယွမ်ဖြစ်ကြောင်း သူမ မသိချေ။ 


သူမကို ကူညီချင်ရုံသပ်သပ်ဖြင့် ခဲရာခဲဆစ်ကြိုးစားခဲ့ပုံရသည်။


ချန်းဟွမ် ထိုနေရာတွင်သာ တောင့်တောင့်ကြီးရပ်နေပြီး အနည်းငယ် စိတ်လှုပ်ရှားနေမိ၏။


 ဤအကြောင်းအရာကို ပထမဆုံးစတွေ့သည့်အချိန်ကတည်းကသာ သိခဲ့လျှင် ကျန်းမင်ယွမ်က တမင်တကာဉာဏ်များနေသည်ဟုပင် သံသယဝင်မိဦးမည်ဖြစ်သည်။


သို့သော်ယခုအချိန်၌ ကျန်းမင်ယွမ်နှင့်ရင်းနှီးနေသည်မှာ တစ်လ နှစ်လပင်ကြာနေပြီဖြစ်၏။


 ထို့ကြောင့် ကျန်းမင်ယွမ်တွင် သူမကို အမှန်တကယ်ကူညီလိုစိတ်ရှိကြောင်း မှန်းဆနိုင်သည်။


 တစ်စုံတစ်ယောက်က သူမအား ဤကဲ့သို့ ရှုပ်ထွေးသောနည်းလမ်းဖြင့် ကူညီရန် ကြိုးစားခဲ့ကြောင်း သိလိုက်ရသောချန်းဟွမ်သည်  သူမ၏ခံစားချက်အား မည်သည့်နည်းလမ်းဖြင့်ဖော်ပြရမည်ကို သေချာမသိပေ။


 ချန်းဟွမ် အလွန်ပင် ဝမ်းသာ‌နေမိသည်။ 

သူမကို ပြုံးပျော်စေသည့် ထူးဆန်းသော ခံစားမှုတစ်ခုပင်။


 ချန်းဟွမ်၏နှုတ်ခမ်းစွန်းများက အထက်သို့ ကော့ညွတ်သွားသည်။သူမက ချောင်းဟန့်ပြီး နားရွက်တက်ချိတ်မတတ်ဖြစ်နေသော နှုတ်ခမ်းထောင့်များကို ပြန်လည်ထိန်းချုပ်၏။ထို့နောက် ခရီးသွားလက်ကမ်းစာစောင်များကို စားပွဲပေါ်သို့ သွားတင်လိုက်သည်။ထို့နောက် ဖုန်းကိုထုတ်ကာ ကျန်းမင်ယွမ်ထံသို့ မက်ဆေ့ချ်တစ်စောင်ပို့လိုက်၏။


 [ကျေးဇူးပဲ.....]


Xxxxxx


Chapter 130


ကျန်းမင်ယွမ် အစည်းအဝေးတစ်ခုတွင် ရှိနေချိန်သူ၏အိတ်ကပ်ထဲမှဖုန်းက တုန်ခါလာရာ ဖုန်းကိုထုတ်ပြီး တစ်ချက်စစ်လိုက်သည်


 အားလပ်ရက်ခရီးအစီအစဥ်ကို ချန်းဟွမ်က သဘောကျပြီး  ဆုံးဖြတ်ချက်ချပြီးသည့်ပုံပင်။


ကျန်းမင်ယွမ်မှာ အလွန်စိတ်ကျေနပ်သွားသည်။


သူသည် အစီရင်ခံချက်အ‌ပေါ် အာရုံစိုက်နေချင်ယောင်ဆောင်၏။သို့သော် စားပွဲအောက်ရှိလက်က ဖုန်းစခရင်ပေါ်တွင်ပြေးလွှားနေသည်။


 [ အထွေအထူးမဟုတ်ပါဘူး.... သဘောကျတယ်ဆိုတော့လည်း ဝမ်းသာပါတယ် ]


ချန်းဟွမ် ဗိုက်ထဲ၌ လိပ်ပြာများပျံဝဲလာသလို ခံစားလိုက်ရပြီး လက်ကိုင်ဖုန်းကို ဘေးသို့ ချလိုက်၏။ 


ထို့နောက် သူမသည်  လက်ကမ်းစာစောင်များကို အတူကြည့်ရန် ရှင်းရှင်းအား လက်ယပ်ခေါ်သည်။


 ရှင်းရှင်းသည် မွေးကတည်းက ဤမြို့မှလွဲ၍ မည်သည့်နေရာကိုမှ မသွားဖူးသေးချေ။


ထို့ကြောင့် အပန်းဖြေခရီးစဉ်အတွက် အလွန်စိတ်လှုပ်ရှားနေမိသည်။


လက်ကမ်းစာစောင်ပေါ်ရှိ ပုံများအားလုံးသည် မြို့အသီးသီးရှိ အကောင်းတကာ့အကောင်းဆုံးနေရာများပင်ဖြစ်၏။


ရှင်းရှင်းက ဟိုဟိုဒီဒီကြည့်ကာ တွေ့သမျှနေရာတိုင်းအား သွားလည်ချင်နေသည်။


 "မေမေ...သားတို့ ရှိသမျှနေရာတွေအကုန်လုံးကို သွားလည်လို့ မရဘူးလား..."  


ရှင်းရှင်းသည် ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး သူ့ခြေထောက်များပေါ်တွင် လက်ကမ်းစာစောင်အချို့ရှိနေ၏။သူကြည့်နေသည်မှာ တတိယမြောက်တစ်ခုဖြစ်သည်။


 “ သုံးရက်ပဲ အချိန်ရတော့ တစ်ခုပဲ ရွေးလို့ရမှာ သားရဲ့...” ချန်းဟွမ်က သူမကြည့်နေသည့်လက်ကမ်းစာစောင်ကို ခေါက်လျက် ပြောလိုက်၏။


" ရှင်းရှင်းလေး သွားအလည်ချင်ဆုံးနေရာတစ်ခု ရွေးလိုက်...ကျန်တဲ့နေရာတွေကို နောက်မှ ဖြည်းဖြည်းချင်းသွားကြမယ်‌လေ နော် "


 " အကုန်လုံးသွားချင်တာကို..."


ရှင်းရှင်းက ချက်​ချင်း​ဆိုသလို ပြန်လည်တုံ့ပြန်သည်။


 "မဟုတ်ဘူးလေ သားရဲ့... အဲ့လိုလုပ်လို့မှမရတာ "


ချန်းဟွမ်က လက်တစ်ချောင်းထောင်ပြ၏။


 " အများဆုံးတစ်နေရာပဲနော်... တစ်နေရာပဲရွေးလို့ရမှာ "


 ရှင်းရှင်းက ချန်းဟွမ်၏လက်ချောင်းကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက်  နှုတ်ခမ်းစူကာ ခေါင်းငုံ့သွားသည်။


 "အင်းပါ... " ရှင်းရှင်းက လေးလေးပင်ပင်ပြော၏။


 လက်ကမ်းစာစောင်အားလုံးကို ကြည့်ရှုပြီးသောအခါ သားအမိနှစ်ယောက်က သန္တာနီကျွန်းကို ရွေးချယ်ခဲ့ကြ၏။


ထိုကျွန်းသည် ကုန်းတွင်းပိုင်းနှင့် အနည်းငယ်ဝေးပြီး အပူပိုင်းဒေသတွင် တည်ရှိ၏။


သိပ်မကျယ်သော်လည်း ရှုခင်းကဏ္ဍတွင် အလွန်နာမည်ကြီးသည်။


ကျွန်းပတ်ပတ်လည်ရှိ သမုဒ္ဒရာဧရိယာသည် အလွန်ကျယ်ပြောပြီး သန္တာကျောက်တန်းများကြောင့်လည်း လူသိများသည်။ 


၎င်းသည် မူလက စစ်အခြေစိုက်စခန်းတစ်ခုဖြစ်ခဲ့သော်လည်း ယခုအချိန်၌ ကမ္ဘာလှည့်ခရီးသွားများ ဝင်ထွက်နေသော အပန်းဖြေစခန်းတစ်ခုအဖြစ် တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာခဲ့၏။


သန္တာနီကျွန်းတွင် သဘာဝအလှအပများအပြင် စစ်အခြေစိုက်စခန်းမှ အကြွင်းအကျန်များစွာလည်း ရှိသည်။ 


 


စစ်သားများဖန်တီးထားခဲ့သော


စစ်တန်းလျားများ၊ ရုပ်တုများနှင့် မြေအောက်ဥမင်များသာမက ကင်းစောင့်တဲတစ်ခုပင်ရှ်ိသေးသည်။


ဤနေရာသို့ လည်ပတ်ခြင်းဖြင့် မျိုးချစ်စ်ိတ်ဓာတ်ပင်


ထက်သန်လာနိုင်စေ၏။


 ယောင်္ကျားလေးများ၏ငယ်ဘဝအများစုမှာ စစ်တပ်နှင့်မကင်းလွတ်နိုင်ပေ။


ထို့ကြောင့် ချန်းဟွမ်သည် ရှင်းရှင်း၏ရွေးချယ်မှုအား လုံးဝမအံ့ဩချေ။


ဆုံးဖြတ်ချက်ချပြီးသည်နှင့် ချန်းဟွမ်က ကျန်းမင်ယွမ်ထံ စာပြန်ပို့သည်။


 ကျန်းမင်ယွမ်သည် ရုံး၌ရှိနေဆဲဖြစ်၏။


 သူဌေးများက သတ်မှတ်ချိန်ကို ကျော်လွန်၍အလုပ်လုပ်ချင်သောအခါ လက်အောက်ငယ်သားများကလည်း အလုပ်ရှုပ်ချင်ယောင်ဆောင်တတ်ရသည်။


 မည်မျှပင်လုပ်စရာမရှိသည်ဖြစ်ပါစေ


စားပွဲ၌ထိုင်ပြီး အလုပ်ရှုပ်နေရမည်ဖြစ်၏။


 လီခန်းယီ သည်လည်း ထိုသူများထဲမှတစ်ဦးအပါအဝင်ပင်။


 ကျန်းမင်ယွမ်၏ပင်မအဖွဲ့ဝင်တစ်ဦးဖြစ်သော လီခန်းယီ၏ အလုပ်ခွင်အခြေအနေမှာ အနည်းငယ် အဆင်မပြေဖြစ်နေသည်။


ဥက္ကဠ၏လက်ထောက်များသည် တောက်ပသောအနာဂါတ်အား ကွက်ကွက်ကွင်းကွင်း မြင်လာနိုင်စေသည်အထိ စကားပြောကောင်းကြ၏။


ထိုသူများသည် လုပ်ငန်းခွဲတစ်ခုသို့ လွှဲပြောင်းခြင်းခံရပါက  အနည်းဆုံး ဒါရိုက်တာရာထူးအထိ ရရှိကြမည်ဖြစ်သည်။


သို့သော် ဤအရေးက လီခန်းယီနှင့် မသက်ဆိုင်ပေ။  


အားရကျေနပ်စရာမကောင်းသောစွမ်းဆောင်ရည်ကြောင့် လုပ်ဖော်ကိုင်ဖက်များကပင် လီခန်းယီကို အထင်သေးကြသည်။


 လီခန်းယီသည် တိုးတက်လိုစိတ်ရှိပြီး လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ချင်၏။ သူသည် ပေါင်းသင်းဆက်ဆံရေးကောင်းသူတစ်ဦးဖြစ်ပြီး စိတ်ပိုင်းဖြတ်လိုက်ပါက မည်သူနှင့်မဆို မိတ်ဖွဲ့နိုင်သည်။


 သို့သော်လည်း ကံဆိုးစွာဖြင့်ပင် နေရာတိုင်း၌တော်ခဲ့သော သူ၏အရည်အချင်းက သူဌေးဖြစ်သူ၏ရှေ့တွင် အရာမထင်ချေ။သူဌေးက လီခန်းယီကို မျက်နှာသာပေးခြင်းမျိုး လုံးဝမရှိပေ။


လီခန်းယီ၏အလုပ်ခွင်သက်တမ်းမှာ ငါးနှစ်ကြာပြီဖြစ်သည်။


သူ၏စီနီယာသုံးဦးနှင့် ဂျူနီယာတစ်ဦးတို့ လုပ်ငန်းခွဲတစ်ခုသို့ ပြောင်းရွှေ့ခံရသည်ကိုလည်း မျက်မြင်တွေ့ခဲ့ရ၏။


ထိုထဲမှ စီနီယာနှစ်ယောက်မှာ သက်ဆိုင်ရာဌာနမှူးများဖြစ်လာကြသည်။သူနှင့်အတူအလုပ်ခွင်ဝင်ခဲ့သောတစ်ယောက်မှာလည်း  ထိပ်တန်းလက်ထောက်တစ်ဦးအဖြစ် တာဝန်ယူနေရပြီဖြစ်၏။


လီခန်းယီ၏ အနီးနားရှိလူတိုင်းသည် တိုးတက်အောင်မြင်လာကြပြီး ထိုအရာက သူ့ ကို စိတ်မအေးဖြစ်စေသည်။


 


Xxxxxxx