Chapter131
မကြာသေးမီက
သူဌေးသည် ဆောက်လုပ်ရေးကုမ္ပဏီမှအကြီးအကဲကို သိပ်သဘောမတွေ့ဟူသော ကောလဟာလများထွက်ပေါ်လာခဲ့သည်။
ထို့ကြောင့် လီခန်းယီတွင် အကြံအစည်အချို့ရှိနေ၏။
ထိုဆောက်လုပ်ရေးကုမ္ပဏီသည် ကျန်းအုပ်စု၏လက်အောက်ခံ ကုမ္ပဏီဖြစ်ပြီး အရှုံးပေါ်မည်မဟုတ်ပေ။
အမြတ်နည်းခြင်းများခြင်းသာ ကွာမည်။
ထိုကဲ့သို့သော အနေအထားမျိုးတွင် စာရင်းလွတ်ငွေပမာဏတစ်ခုအတွက် အခွင့်အလမ်းများစွာရှိသည်။
သို့သော် လူတော်တော်များများက ထိုရာထူးနေရာကို မျက်စိကျပြီး ပစ်မှတ်ထားနေကြ၏။
တစ်ရုံးတည်းမှ ဌာနမှူးများပင်ပါဝင်သေးသည်။
လီခန်းယီသည် သူ့၌ အားလုံးနှင့် ယှဉ်ပြိုင်ရန် အခွင့်အရေးမရှိကြောင်း ကောင်းကောင်းသိသည်။
သူသည်စားပွဲတွင်ထိုင်ကာ အလွန်အတွေးများနေ၏။
ပြိုင်ဘက်အားလုံးကို ပထုတ်နိုင်မည့် နည်းလမ်းကောင်းကို စဉ်းစားနေမိသည်။
လီခန်းယီသည် ရေရှည်ကိုထည့်တွက်ကာ ရှူထောင့်အမျိုးမျိုးမှအကြံထုတ်သည်။
သူသည် ရုတ်တရက် သူတစ်စုံတစ်ခုကို သတိရသွားတော့၏။
လီခန်းယီသည် သူဌေးနှင့်ပြောထားသော မက်ဆေ့ခ်ျမှတ်တမ်းထဲဝင်ပြီး ဓာတ်ပုံတစ်ပုံကိုဖွင့်သည်။
ဤသည်ပင်ဖြစ်၏။
သူသည် သူဌေးနှင့် အတော်ဆင်တူသည့် ကလေးတစ်ယောက်ကို တွေ့ခဲ့ပြီး ထိုအရာမှတစ်ဆင့်အကျိုးအမြတ်များရယူချင်ခဲ့သော်လည်း သူဌေးက မယုံကြည်ခဲ့ချေ။
ထို့နောက်တွင် သူဌေးက ကလေးအကြောင်း ထပ်မံမေးမြန်းလာခဲ့သည်။
နောက်ပိုင်း၌ သူဌေးထံမှ မည်သည်ကိုမှ ထပ်မကြားရတော့ဘဲ အချိန်ကြာလာတာနဲ့အမျှ လီခန်းယီသည်လည်း ထိုအကြောင်းကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့၏။
သူဌေးထံ၌ သားတစ်ယောက်ရှိကြောင်း ကို လီခန်းယီတစ်ခါမှမကြားဖူးပေ။
အခြားတစ်ဖက်တွင် သူကြားသိရသည်မှာ သူဌေးနှင့်ချမ်းသာသော မိန်းကလေးတို့ကြား အရှုပ်တော်ပုံပင်ဖြစ်သည်။
သူဌေးသည် ထိုကလေးနှင့် ပတ်သက်ဆက်နွှယ်မှုတစ်ခုခုရှိနေမည်ကို လီခန်းယီသိ၏။
ဤကမ္ဘာ၌ တိုက်ဆိုင်မှု မရှိပေ။
သွေးသားမတော်စပ်လျှင် အဘယ်ကြောင့် ရုပ်ချင်းဆင်နေမည်နည်း။
ဤအချက်အလက်များမှတစ်ဆင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများအကြောင်း တွေးကြည့်ရုံဖြင့်ပင် ရင်များတလှပ်လှပ်တုန်လာသည်။
လီခန်းယီသည် အလွန်စိတ်အားထက်သန်သော လူတစ်ယောက်ဖြစ်၏။အဆုံးထိသွားရန် စိတ်ကူးထားပြီး
ဤရုံး၌ ဘောင်မဝင်သူမဖြစ်စေရဟု ဆုံးဖြတ်လိုက်သည်။
သူ အလုပ်ပြီးပြီးချင်း ပစ္စည်းများကို ကောက်သိမ်းလိုက်ပြီး ညဈေးတန်းသို့ ကားဖြင့် ဦးတည်ခဲ့၏။
နောက်ဆုံးရောက်ရှိခဲ့သောအချိန်တွင် ညဈေးတန်းမှ အသားကင်ကို မမြည်းစမ်းနိုင်ခဲ့ပေ။
ဖြစ်ပျက်ခဲ့သောအရာများကြောင့် ဤနေရာသို့ပြန်မလာခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။
ဆောင်းရာသီတွင် အလွန်အေးသောကြောင့် ညဈေးတန်းတွင် နွေရာသီကဲ့သို့ စီးပွားရေးလုပ်၍မကောင်းတော့ပေ ။ဈေးတန်းတွင် အသားကင်များအပြင် မြေအိုးအချို့ကိုလည်း ဝယ်ယူရရှိနိုင်၏။
လီခန်းယီသည် ဆိုင်ထဲသို့ လှမ်းဝင်လာကာ အသားကင်တစ်ပွဲမှာယူလိုက်သည်။
ခပ်ပြည့်ပြည့်အမျိုးသမီးတစ်ဦးက သူ့ထံသို့ ပန်းကန်ကိုယူလာ၏။
“ဒီနေ့ ဘာလို့သူဌေးကို မတွေ့ရတာလဲ ”
“ကျွန်မက သူဌေးပါ” ခပ်ပြည့်ပြည့် အမျိုးသမီးက ပြန်ဖြေသည်။
ထို့နောက်တွင် ပိုင်ရှင်အမျိုးသမီးက လီခန်းယီစကားကို သဘောပေါက်သွားပုံဖြင့် "ဪ အရင်က သူဌေးကို ပြောတာလား.. သူက ထွက်သွားပြီလေ "
"ဗျာ....ဘာလို့လဲ"
လီခန်းယီက အနည်းငယ် အံ့ဩသွား၏။
ထိုတစ်ယောက်က အလုပ်ထွက်သွားသည်ဆိုပါက မည်ကဲ့သို့လိုက်ရှာရတော့မည်နည်း။
ရှန်းလီသည် အလားတူမေးခွန်းမျိုးကို အကြိမ်ပေါင်းများစွာ အမေးခံနေရသောကြောင့် တစ်စက်မှ မအံ့ဩပေ။
သူမသည် အသားကင်ပန်းကန်ကို စားပွဲပေါ် တင်ပေးလိုက်သည်။ထို့နောက် ဆက်လက်၍ပြောကြား၏။
“သူက ရုံကျန်းမှာ ဆိုင်ဖွင့်ထားတယ်လေ...သိုးသားကင်ရောင်းတယ်...သူ့လုပ်ငန်းက အရမ်းအခြေအနေကောင်းတယ်”
ရှန်းလီသည် အခြားအချိန်များကဲ့သို့ပင် ချန်းဟွမ်၏ဆိုင်အသစ်အကြောင်း ဖောက်သည်များအား ပြောပြရသည်ကို အားပါးတရဖြစ်နေသည်။
လီခန်းယီကလည်း အခြားဖောက်သည်များသို့ပင် ချန်းဟွမ်၏ဆိုင်လိပ်စာကိုမေး၏။
ရှန်းလီက လိပ်စာပြောပြလိုက်သောအခါ
ဖောက်သည်က ချက်ချင်းထပြန်ဖို့လုပ်သည်။
" ဒီမှာ...အသားကင် မစားတော့ဘူးလား" ရှန်းလီက လီခန်းယီကို လှမ်းဆွဲလိုက်သည်။
"လုပ်စရာပေါ်လာလို့"
လီခန်းယီ အသားကင်ကို မြည်းစမ်းကြည့်ရန် စိတ်မပါတော့ချေ။
သူက ယွမ်တစ်ရာတန် ငွေစက္ကူကို ဆွဲထုတ်လိုက်ပြီး ရှန်းလီ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။
“ဒီမှာ ပိုက်ဆံ... ကြိုက်သလိုလုပ်လိုက်တော့"
Xxxxxx
Chapter 132
ရှန်းလီထံမှ ရရှိခဲ့သည့် လိပ်စာအတိုင်း ဦးတည်လာခဲ့သော လီခန်းယီသည် ချန်းဟွမ်၏ဆိုင်အသစ်ကို အချိန်တိုအတွင်း၌ပင်ရှာဖွေနိုင်ခဲ့သည်။
စီးပွားရေးမှာ ကောင်းစွာလည်ပတ်နေ၏။ ည ၉ နာရီ၌ပင် ဆိုင်၌ လူတစ်ဝက်ကျော်ခန့်ရှိနေသည်။လီခန်းယီသည် ဆိုင်ထဲသို့ဝင်သွားပြီး ဟင်းပွဲအနည်းငယ်ကိုမှာယူကာ ဝိုင်းတစ်ခုတွင်ဝင်ထိုင်၏။ထို့နောက်ဘေးဘီကို လှည့်ပတ်ကြည့်နေလိုက်သည်။
သူသည် ည ၁၀ နာရီကျော်အထိ စောင့်ဆိုင်းခဲ့၏။
ည ၁၀ နာရီခွဲတွင် ကုန်တိုက်ပိတ်ပြီး ဈေးဆိုင်များလည်းပိတ်ရန်ပြင်ဆင်ကြသည်။ ၁၀ နာရီဝန်းကျင်တွင် ဖောက်သည်အများစုမှာ ထွက်ခွာသွားကြပြီဖြစ်ပြီး လီခန်းယီတစ်ဦးတည်းသာ ကျန်ရှိခဲ့၏။
ဆိုင်အတွင်း၌ဖောက်သည်ရှိနေသေးသောအချိန်များတွင် ဝန်ထမ်းများသည် အိမ်ပြန်၍မရနိုင်ပေ။
အနီးနားရှိ ဆိုင်များမှ ဝန်ထမ်းအားလုံးအလုပ်ဆင်းသွားကြသည်ကို မြင်တွေ့ရသဖြင့် စားသောက်ဆိုင်ဝန်ထမ်းများက စိုးရိမ်တကြီး ဖြစ်နေကြသည်။
ငွေသားများကို ဝိုင်းဖွဲ့လျက် ရေတွက်နေသော ဆိုင်ဝန်ထမ်းများက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြ၏။
နောက်ဆုံးတွင် ရာထူးကြီးပုံရသော ဝန်ထမ်းတစ်ဦးက
လီခန်းယီထံ ဦးတည်လာသည်။
"မင်္ဂလာပါ... စားသုံးသူရှင့်... တခြားမှာချင်တာများရှိပါသေးသလား....ကျွန်မတို့ မကြာခင် ဆိုင်ပိတ်ရတော့မှာမလို့ပါ...”
လီခန်းယီသည်လည်း စိုးရိမ်နေမိ၏။
တစ်နာရီကျော်ကြာအောင် စောင့်ဆိုင်းခဲ့ရသော်လည်း ပစ်မှတ်ကို ယခုအချိန်ထိ မတွေ့မိသေးပေ။
ရှန်းလီထံမှ လိပ်စာအမှားကြီးရခဲ့လေသလားဟု သံသယဝင်မိသော်လည်း ထုတ်မမေးနိုင်သောအခြေအနေပင်။ဆိုင်ဝန်ထမ်းက သူ့ကို ထွက်သွားရန် အရိပ်အမြွက်ပေးနေပြီဖြစ်သည်။သိပ်မကျေနပ်သော်လည်း သူမ၏စကားမှာ မှန်ကန်၏။
လီခန်းယီက စားပွဲမှထသည်။
ထို့နောက် ကျသင့်ငွေကိုပေးချေရန် ငွေရှင်းကောင်တာသို့သွား၏။
ငွေရှင်းကောင်တာ၌ ဝန်ထမ်း အများအပြား စုရုံးနေကြပြီး အားလုံးက အလုပ်ဆင်းရန် စောင့်ဆိုင်းနေကြပုံရသည်။
လီခန်းယီက ဘေးဘီကိုလှည့်ကြည့်သော်လည်း
ရှာနေသည့်သူကို မတွေ့သေးချေ။
လီခန်းယီက ခရက်ဒစ်ကတ်ကို ငွေရှင်းကောင်တာမှဝန်ထမ်းထံလွှဲပေးရင်း “နောက်ကျတဲ့အထိ ဖွင့်တာပဲနော်”
သူက အမှုမဲ့ အမှတ်မဲ့ မေးဟန်ပြု၏။
သို့သော်ကောင်တာ ဝန်ထမ်းက ဘေဖြတ်ပြီးသော ကတ်ကို လီခန်းယီထံပြန်ပေးလျက် တစ်ချက်သာပြုံးပြသည်။
လီခန်းယီသည် ငွေရှင်းပြီးနောက် ဆိုင်ပိုင်ရှင်သူဌေး၏ အခြေအနေကို သတင်းနှိုက်ချင်သေးသော်လည်း ငွေကိုင် ဝန်ထမ်းအပါအဝင် ဝန်ထမ်းများအားလုံးက သန့်ရှင်းရေးလုပ်ရန် ချက်ချင်း ပြင်ဆင်ကြတော့၏။
ထိုဝန်ထမ်းက အ၀တ်တစ်ထည်ကို ကိုင်ဆောင်လိုက်ပြီး ကောင်တာကို သုတ်နေသည်။
လီခန်းယီ၏မျက်နှာကြီးက သုန်မှုန်နေသည်။
သူသည် သိချင်သောအရာအား မမေးနိုင်သောကြောင့်
မကျေမနပ်ဖြစ်နေရှာ၏။
လီခန်းယီက ကတ်ကို ပိုက်ဆံအိတ်ထဲသို့ပြန်ထည့်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ ဆိုင်ပြင်သို့ ထွက်သွားခဲ့သည်။
မအောင်မြင်သော ကြိုးပမ်းမှုက လီခန်းယီကို မဟန့်တားနိုင်ပေ။လီခန်းယီသည် အားလပ်သည့်ညတိုင်း ရုံကျန်းသို့အပြေးလေးသွားသည်။
ညတိုင်းလိုလို ရောက်ဖြစ်သော်လည်း ကံမကောင်းစွာဖြင့်ပင် ချန်းဟွမ်နှင့်မဆုံနိုင်သေးပေ။
ညဘက်များ၌ ဖောက်သည်အနည်းငယ်ပါးသောကြောင့် လီခန်းယီ၏အသွင်အပြင်က အလွန်ထင်းထွက်နေသည်။
ရက်အနည်းငယ်ကြာပြီးနောက်တွင် စားသောက်ဆိုင်ဝန်ထမ်းများဖြင့် ရင်းနှီးလာပြီး စားသုံးသူသိပ်မရှိသောအချိန်များတွင် စကားစမြည်ပင်ပြောဖြစ်ကြသေး၏။
လီခန်းယီ၏အတွင်းစိတ်ထဲတွင် ဝန်ထမ်းများကို အထင်သေးသည်။ သူတို့သည် စားသောက်ဆိုင်ကဲ့သို့သောနေရာမျိုးတွင် အလုပ်လုပ်နေကြသည့် ရည်မှန်းချက်မရှိသောသူများဟု လီခန်းယီက မှတ်ယူထားသည်။
သို့သော် လိုချင်တာ ရှိသေးသည့်အတွက် လီခန်းယီက ဝန်ထမ်းများကို ဖော်ဖော်ရွေရွေဆက်ဆံခဲ့ပြီး
ရက်အနည်းငယ်အကြာတွင် အမျိုးသားဝန်ထမ်းတစ်ဦးနှင့် အလွန်တရာပင် ရင်းနှီးသွားခဲ့၏။
ဝန်ထမ်းများနှင့် ရင်းနှီးသွားသောအခါ ၎င်းတို့ထံမှ သတင်းအချက်အလက်များရရှိရန် ပိုမိုလွယ်ကူလာသည်။
စကားစမြည်ပြောစဉ်တွင် သူတို့၏အလုပ်အကြောင်း သတင်းနှိုက်ရန် အချိန်တစ်ခုသာလိုအပ်ပြီး ချန်းဟွမ်နှင့်ပတ်သက်သော အချက်အလက်များကို လွယ်လင့်တကူသိရှိနိုင်မည်ဖြစ်သည်။
နောက်ဆုံးတွင် လီခန်းယီသည် ချန်းဟွမ်အား တစ်ကြိမ်တစ်ခါမှ မတွေ့ရသည့် အကြောင်းရင်းကို သိရှိသွား၏။
သူမသည် ညဘက်များတွင် ဆိုင်ကို မလာတတ်ပေ။
ထိုအကြောင်းကိုသိလိုက်သည်နှင့်တစ်ပြိုင်နက်
လီခန်းယီသည် အလွန်အမင်း စိတ်ရှုပ်သွားခဲ့သည်။ သူ စကားဝိုင်းကို အမြန်အဆုံးသတ်လိုက်ပြီး ငွေရှင်းရန် ထလိုက်၏။
"ဒီနေ့ အစောကြီးပြန်မလို့လား" ဝန်ထမ်းကောင်လေးက မေးသည်။
" အင်း...လုပ်စရာလေးပေါ်လာလို့လေ "
လီခန်းယီသည် ချန်းဟွမ်ပေါ်လာမည်မဟုတ်ကြောင်းကိုသိရှိပြီးဖြစ်သည့်အတွက် ဤနေရာတွင်ဆက်နေပြီး
အချိန် မဖြုန်းချင်တော့ပေ။
ငွေပေးချေပြီးနောက် သူက ချက်ချင်း ထွက်ခွာသွားခဲ့သည်။
ကုန်တိုက်မှ ထွက်လာသောအခါ အေးစက်သောလေက ချက်ချင်းပင် တိုးဝင်လာ၏။
လီခန်းယီသည် ခြေနှစ်လှမ်းခန့်ဆုတ်သွားပြီး ရာသီဥတုကို ကျိန်ဆဲတော့သည်။
" ဆိုးရွားလိုက်တဲ့ ရာသီဥတု ... သောက်ရေးကိုမပါဘူး "
ထို့နောက်ကားထဲသို့ အမြန်ဝင်ပြီး မောင်းထွက်သွား၏။
ဝန်ထမ်းကောင်လေး၏ပြောပုံအရ
ချန်းဟွမ်သည် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နှင့် တနင်္ဂနွေနေ့များတွင် ဆိုင်သို့လာလေ့ရှိသည်။
နှစ်ကုန်ချိန်ဖြစ်၍ အလုပ်များပုံနေသောကြောင့် ရုံးဖွင့်ရက်များတွင် ခြေဦးလှည့်နိုင်မည်မဟုတ်ချေ။
သို့သော် ဤတစ်ပတ် တနင်္ဂနွေနေ့သည် နှစ်သစ်ကူးအကြိုနေ့ဖြစ်ပြီး လီခန်းယီထံ၌ ပိတ်ရက်အနည်းငယ်ရှိလာမည်ဖြစ်သည်။
Xxxxxx