အပိုင်း ၁၃၃-၁၃၄
Viewers 22k

Chapter 133


လီခန်းယီသည် ရုံကျန်းပလာဇာသို့မသွားမီ တနင်္ဂနွေနေ့နံနက်အစောပိုင်း၌ မိဘများထံ ဖုန်းခေါ်ပြီး  အားလပ်ရက်များ၌ လာလည်နိုင်မည် မဟုတ်ကြောင်း အသိပေးခဲ့သည်။


သူသည်ဆိုင်တွင် တစ်နေကုန်ထိုင်စောင့်နေခဲ့သော်လည်း


နောက်တစ်ကြိမ်စိတ်ပျက်သွားရပြန်၏။


 ချန်းဟွမ်သည် ဤတစ်ကြိမ်တွင်လည်း အားလပ်ရက်အပန်းဖြေခရီးထွက်သွားခဲ့ပြီဖြစ်သည်။


နှစ်သစ်ကူးအားလပ်ရက်များသည် စနေမှ တနင်္လာနေ့အထိဖြစ်၏။ 


သားအဖသုံးယောက်သားသည် အားလပ်ချိန်များကို အပြည့်အဝအသုံးချနိုင်စေရန် သောကြာနေ့ နေ့လည်ကတည်းက ထွက်ခွာရန် စီစဉ်ထားသည်။


ပြီးလျှင်ညအိပ်ပြီး နောက်တစ်နေ့ နေထွက်ချိန်ကို အတူရှုစားကြမည်။


သူတို့ သုံးဦးစလုံးတွင် ဤခရီးစဉ်နှင့် ပတ်သက်၍ ကွဲပြားခြားနားသော မျှော်လင့်ချက်များ ရှိကြပြီး  ရက်အတော်ကြာ ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ခဲ့ကြ၏။


ကျန်းမင်ယွမ်၏ကားသည် ညနေ ၄ နာရီတိတိတွင် ချန်းဟွမ်၏အဆောက်အဦးအပြင်ဘက်သို့  ရောက်ရှိလာသည်။


 ကျန်းမင်ယွမ်က အစည်းအဝေးပြီးပြီးချင်း ရုံးမှ တိုက်ရိုက်လာခဲ့ခြင်းဖြစ်၏။ဒရိုင်ဘာက ကားရပ်ပြီးနောက် ကျန်းမင်ယွမ်အတွက် တံခါးလာဖွင့်ပေးသည်။


 "ဒီမှာစောင့်နေပါ " ကျန်းမင်ယွမ်က အပေါ်ထပ်သို့ တစ်ကိုယ်တည်းတက်မသွားမီ လှမ်းပြောလိုက်၏။


 ကျန်းမင်ယွမ်ထံ၌ ချန်းဟွမ်၏အိမ်တံခါးအပိုသော့ရှိသော်လည်း သူကမသုံးဘဲ တံခါးဘဲလ်ကိုသာနှိပ်လိုက်သည်။


ထိုအခါ အိမ်တွင်းမှ ခြေသံကြားရပြီး သိပ်မကြာခင်၌ ချန်းဟွမ်က တံခါးလာဖွင့်ပေး၏။


 ချန်းဟွမ်က ပေါ့ပါးချောင်ချိသော အဝတ်အစားတစ်ချို့ကို ၀တ်ဆင်ထားပြီး မိသားစုစတိုင်အိမ်တွင်းစီးဂွမ်းဖိနပ်ကိုစွပ်ထားသည်။


 သူမ၏မျက်ခုံးနှစ်ဖက်သည် ဆေးကူထားပုံရပြီး

မိတ်ကပ်လိမ်းထားသည်မှာ သေချာ၏။


ချန်းဟွမ်က သူမ၏ဆံနွယ်များကို ယုန်နားရွက်ပါသော ခေါင်စည်းကွင်းဖြင့် တုပ်နှောင်ထားသည်။ 


သူမသည် ယခုအချိန်တွင် အလွန်ငယ်ရွယ်သော ကောလိပ်ကျောင်းသူက‌လေးနှင့်ပင် တူနေသေး၏။


 "ဘာလို့ အစောကြီးရောက်လာတာလဲ"  


ချန်းဟွမ်သည် ကျန်းမင်ယွမ်နှင့်  ပိုမိုရင်းနှီးလာသောကြောင့် ဝတ်ကျေတန်းကျေစကားများကို ချိုချိုသာသာမပြောတတ်တော့ပေ။


သူမ ကျန်းမင်ယွမ်ကိုလမ်းဖယ်ပေးပြီး အိမ်ထဲဝင်ခိုင်းသည်။


  "ခဏစောင့်ဦး...မပြီးသေးဘူး  "


 “ ရတယ် ဖြေးဖြေးလုပ်  အလျင်မလိုနဲ့... " 


 ကျန်းမင်ယွမ်တစ်ယောက် ဧည့်ခန်းထဲသို့ လှမ်းဝင်လိုက်သောအခါ စားပွဲဘေးတွင် ထောင်ထားသော ခရီးဆောင်အိတ်နှစ်လုံးကို တွေ့လိုက်ရသည်။


ထိုအိတ်နှစ်လုံးမှာ ဖောင်းကားနေပြီး


ခရီးထွက်ခြင်းထက် အိမ်ပြောင်းသည်ဟုပင် ထင်စရာရှိသည်။


 ကျန်းမင်ယွမ်က အနည်းငယ် အံ့သြသွား၏။


  " ဒီလောက် အများကြီး သယ်သွားမလို့လား "


 ချန်းဟွမ်က လုပ်လက်စများကို ရပ်လိုက်ပြီး ခရီးဆောင်အိတ်နှစ်လုံးကို လှမ်းကြည့်၏။ 


 “များလို့လား... ပုံမှန်ပါပဲ”


 ခရီးဆောင်အိတ်နှစ်လုံးထဲတွင် သားအမိနှစ်ဦး၏အဝတ်အစားများ ၊ ရေကူးဝတ်စုံနှင့် ရေငုပ်မျက်မှန်များ ၊ အိပ်ယာခင်းနှ‌င့် စောင်များ၊ ချန်းဟွမ်၏ skincareပစ္စည်းများ၊ ရှင်းရှင်း၏ကစားစရာများ ၊ တစ်ခါသုံးဖိနပ်များ၊ သွားတိုက်တံ သွားတိုက်ဆေးများ နှင့် အိမ်လုပ်အစားအစာများ အစရှိသည်တို့ပါဝင်သည်။


ချန်းဟွမ်သည် သူမတွေးနိုင်သမျှ ပစ္စည်းအားလုံးကို ထုပ်ပိုးထား၏။


 ခရီးဆောင်အိတ်အတွင်းရှိ ပစ္စည်းမှန်သမျှမှာ လိုအပ်သည်ဟု သူမ ခံစားရသည်။ 


ခေါင်းအုံးကိုပင် ယူသွားချင်စိတ်ရှိသေးသော်လည်း မဆံ့သဖြင့် စိတ်လျှော့ထားရခြင်းဖြစ်၏။


....

သူ့ မျက်စိရှေ့ရှိ အမျိုးသမီးမှာ အလွန်ဖြူစင်ပြီး အပြစ်ကင်းသည်။


သူမ၏ခေါင်းစည်းကွင်းရှိ ယုန်နားရွက်များသည် အပေါ်အောက် ခုန်ဆွခုန်ဆွ လှုပ်ယမ်းနေပြီး လက်ဖြင့်ထိန်းကိုင်ထားလိုစိတ် ပေါက်စေ၏။


 ကျန်းမင်ယွမ်က အဝေးတစ်နေရာသို့ကြည့်ပြီး အကြည့်လွှဲလိုက်သည်။သူက ခရီးဆောင်အိတ်နှစ်လုံးကို လက်တစ်ဖက်စီတွင် ဆွဲကိုင်လျက် အပြင်သို့ထွက်သွားတော့မည့်ဟန်ပြင်၏။


 “လုပ်စရာရှ်ိတာ ဆက်လုပ်လိုက်....အောက်ဆင်းပြီး ဒါတွေသွားထားလိုက်ဦးမယ်"


 “ကျေးဇူး....”  


ချန်းဟွမ်က ပုံမှန်မဟုတ်သောလေသံဖြင့် ပြန်ဖြေသည်။ ထို့နောက်မိတ်ကပ်လိမ်းခြင်းကိုအပြီးသတ်ရန် ရေချိုးခန်းထဲသို့ဝင်သွားလိုက်၏။


 ချန်းဟွမ်က မှန်ရှေ့၌ထိုင်ပြီး မျက်ခုံးမွေးဆွဲတံတစ်ချောင်းဖြင့်အလုပ်ရှုပ်နေသည်။


‌ရှင်းရှင်းက အလုပ်များနေသောချန်းဟွမ်ကို ဘေးမှထိုင်ကြည့်နေပြီး ကိုယ်တိုင်လက်တည့်စမ်းချင်စိတ်ပေါက်လာသည်။


 "မေမေ...သားလည်း ဆွဲချင်တယ်"


 မိတ်ကပ်လိမ်းခြင်းက အလွန်တရာပျော်စရာကောင်းသည့် ဂိမ်းတစ်မျိုးဖြစ်ရပေမည်။


ရှင်းရှင်းက နှုတ်ခမ်းနီတစ်တောင့်ကို ကောက်ကိုင်လိုက်ပြီး မျက်ခုံးပေါ်၌ စတင် ရေးဆွဲတော့၏။


ချန်းဟွမ်က ရှင်းရှင်း၏စကားကို အာရုံမရဘဲ မျက်ခုံးမွေးဆွဲခြင်းကိုသာ ဆက်လက်လုပ်ဆောင်နေသည်။


ပြီးမြောက်သွားသောအချိန်တွင် သူမ၏ နှုတ်ခမ်းနီမှာ လုံးဝ ပျက်စီးလျက်ရှိနေသည်ကို ချန်းဟွမ် တွေ့လိုက်ရသည်။


 ရှင်းရှင်း၏လက်ထဲမှ နှုတ်ခမ်းနီသည် လွန်ခဲ့သော ရက်အနည်းငယ်ကမှ ဝယ်ခဲ့သော အသစ်စက်စက်ဖြစ်သည်။


 ယနေ့မှ သုံးရန် တမင်တကာထုတ်ထားခြင်းဖြစ်၏။ 


 ရှင်းရှင်းသည် မကြာသေးမီက ဖယောင်းသားရောင်စုံခဲတံ


ဖြင့် ပုံများ ရေးဆွဲခဲ့သည်။ရေဆေးခြယ်ခြင်းထက် ရောင်စုံခဲတံဖြင့်ခြယ်သရခြင်းက ပိုခက်ခဲပြီး အားလည်းစိုက်ထုတ်ရ၏။


ထို့ကြောင့် ရှင်းရှင်း၏ နှုတ်ခမ်းနီအပေါ်ဖိဆွဲသည့် အားပမာဏကို မှန်းဆ၍ရသည်။


ရှင်းရှင်း၏မျက်ခုံးတန်းပေါ်၌ ထူထဲရှည်လျားသော အနီရောင် အမှတ်အသားတစ်ခု ကျန်ရှိနေခဲ့ပြီး အလွန်ရယ်စရာကောင်းလေသည်။


Xxxxxxx


Chapter 134


ကျန်းရှင်းချန်၏အမြင်တွင် တစ်စုံတစ်ရာမှားယွင်းနေသည်မျိုးမရှိဘဲ အလွန်ကြည့်ကောင်းသည်ဟုထင်နေသည်။


သူသည် မှန်ထဲ၌ ကိုယ့်ကိုကိုယ် ပြန်ကြည့်ရင်း အမေဖြစ်သူထံမှ ချီးကျူးမှုကိုပင် စောင့်ဆိုင်းနေလိုက်သေး၏။


ကျန်းရှင်းချန် မော့ကြည့်လိုက်သောအခါ အမေဖြစ်သူထံမှအကြည့်စူးစူးများနှင့် ရင်ဆိုင်လိုက်ရတော့သည်။


 "ကျန်း... ရှင်း.... ချန်…..” ချန်းဟွမ်က တစ်လုံးချင်း အော်ခေါ်လိုက်၏။


သူမ၏မျက်နှာကြီးမှာ မည်းမှောင်နေပြီး မင်များပင် တစ်စက်စက်ယိုစိမ့်လာတော့မည့်သဖွယ် ထင်ရသည်။


ထို့နောက်ချန်းဟွမ်က အံကြိတ်လျက် မေး၏။


 " အရေပြားတွေဘာတွေ ယားကျိကျိမဖြစ်ဘူးလား "


 ရှင်းရှင်းသည် တစ်ချိန်ကကဲ့သို့ အကြောက်တရားကင်းမဲ့သော ကလေးမျိုးမဟုတ်တော့ပေ။ 


တစ်ကြိမ်အရိုက်ခံရဖူးပြီး အလွန်နာကျင်ကြောင်း သိသည်။


ရှင်းရှင်းသည် အမေဖြစ်သူ၏အကြည့်မှတစ်ဆင့် အခြေအနေမဟန်တော့ကြောင်းကို သိလိုက်၏။


ကျန်းရှင်းချန်သည် ကြောက်စိတ်များယိုဖိတ်လာပြီး လက်ထဲမှနှုတ်ခမ်းနီကို လွှင့်ပစ်လိုက်တော့သည်။


အဖုံးပြန်မပိတ်ထားသော နှုတ်ခမ်းနီသည် ကြမ်းပြင်ပေါ်တွင် ပြုတ်ကျကာ တစ်စစီဖြစ်သွားတော့၏။


 နှုတ်ခမ်းနီဘူးသည် အောက်တွင် လှိမ့်ပတ်နေပြီး ကြမ်းပြင်ပေါ်၌ ရှည်လျားသောအနီရောင်အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့သည်။


 မည်းမှောင်နေသော ချန်းဟွမ်၏မျက်နှာထားက 


အစိမ်းလိုက်ဝါးစားတော့မည့်အသွင်အပြင်သို့ပြောင်းလဲသွားတော့၏။


 ချန်းဟွမ်သည် စားပွဲပေါ်သို့လက်ထောက်ပြီး မတ်တပ်ထရပ်လိုက်သည်။ထို့နောက် အင်္ကျီလက်ကိုဆွဲခေါက်ပြီး ရှင်းရှင်းကို အပီတီးရန်ပြင်ဆင်၏။


" နောက်တစ်ခေါက် ထပ်ရိုက်ပေးရတော့မယ်ထင်တယ် "


ရှင်းရှင်းသည် သူလုပ်ခဲ့သောအမှားကိုကောင်းကောင်းနားမလည်ချေ။သူက ချက်ချင်းလှည့်ထွက်ပြီး အဖေတလျက် ပြေးတော့သည်။ 


"‌ ဖေဖေရေ ... ကယ်ပါဦး ဖေဖေ "


 ဓါတ်လှေကားထဲမှ ထွက်လာသောကျန်းမင်ယွမ်သည် သားဖြစ်သူ၏အော်ခေါ်သံကို နားစွန်နားဖျားကြားလိုက်ရ၏။သူသည် လန့်ဖျပ်သွားပြီး တံခါးဆီပြေးသွားလျက် အိတ်ကပ်ထဲမှသော့ကို ဆွဲထုတ်လိုက်သည်။


တံခါးဖွင့်လိုက်သည်နှင့် ရှင်းရှင်းက အိပ်ခန်းထဲမှ ပြေးထွက်လာ၏။


 ရှင်းရှင်းသည် ကောက်ရိုးတစ်မျှင်သာ ဆွဲစရာကျန်သော ရေနစ်သူကဲ့သို့ ပြုမူကာ ကျန်းမင်ယွမ်ဆီသို့ အလျင်အမြန် ပြေးလာသည်။


ထို့နောက် ခြေထောက်ကိုဖက်ကာ ဘောင်းဘီစဖြင့်ကွယ်လျက် အနောက်တွင်ပုန်းနေ၏။


ကျန်းမင်ယွမ်တစ်ယောက် အခြေအနေအကြောင်းကို မမေးရသေးခင်မှာပင် ချန်းဟွမ်ကလည်း အိပ်ခန်းထဲမှ ထပ်ထွက်လာသည်။


သူမသည် အလွန်စိတ်မကြည်ဖြစ်နေပုံရပြီး မည်သူ့စကားကိုမှ နားဝင်မည့်ပုံမပေါ်ချေ။


 သားအမိနှစ်ဦးစလုံး ဘေးကင်းသောကြောင့် ကျန်းမင်ယွမ်တစ်‌ယောက် စိတ်သက်သာရာရသွားသည်။ 


ရှင်းရှင်းက ချန်းဟွမ်အားဒေါသထွက်စေသောအပြုအမူတစ်ခုခုကို ကျူးလွန်ခဲ့သည်ဖြစ်မည်။


ကျန်းမင်ယွမ်သည် အခြေအနေကို ဝင်ရောက်ဖျန်ဖြေသင့်သည်ဟု ခံစားရပြီး ရှင်းရှင်းကို အိမ်အတွင်းထဲပြန်သွင်းလိုက်၏။


ရှင်းရှင်းက အိမ်ထဲသို့ လုံးဝမဝင်ချင်ပေ။ 


သို့သော်အဖေ​ဖြစ်သူမှာ အထဲရောက်နေပြီဖြစ်သည်။


သူတစ်‌ယောက်တည်းအပြင်၌နေခဲ့ပါက အန္တရာယ်များနိုင်၏။


ရှင်းရှင်းသည် ဉာဏ်ကောင်းသောကလေးဖြစ်သည်။


 သူသည်ကျန်းမင်ယွမ်၏အနောက်မှ ပူးကပ်လျက် လိုက်သွားပြီး ဘောင်းဘီစကို တင်းတင်းကြပ်ကြပ်ဆွဲကိုင်ထား၏။


 "ဘာဖြစ်တာလဲ "  ကျန်းမင်ယွမ်သည် အိမ်ထဲသို့ ဝင်လိုက်ပြီး သူနှင့် သိပ်မဝေးသောနေရာ၌ရှိနေသောသူကို မေးလိုက်သည်။ 


 " ရှင်းရှင်းက တစ်ခုခုအမှားလုပ်မိတာလား "


 ချန်းဟွမ်က ရှင်းပြရန် စိတ်မပါသေးချေ။


သူမသည် နှုတ်ခမ်းကိုသာခပ်တင်းတင်းကိုက်ပြီး ဆိုဖာပေါ်သွားထိုင်သည်။ထို့နောက်မေးငေါ့ပြပြီး အထက်စီးဖြင့်ပြော၏။


" ကိုယ့်ဟာကိုယ်ကြည့်ကြည့်လိုက်လေ "


 "ဟင်...."  ကျန်းမင်ယွမ်က ပြောစရာရှာမရဖြစ်သွားသည်။ထို့နောက် သားဖြစ်သူကို အနောက်မှ ဆွဲထုတ်လိုက်၏။


ရှင်းရှင်း၏မျက်နှာက ကျန်းမင်ယွမ်အား အရာအားလုံးကို ရှင်းပြနေသည်။ရှင်းရှင်းသည် အားကိုးရာမဲ့သလို ခံစားနေရ၏။


ကျန်းမင်ယွမ်သည် ကလေး၏မျက်ခုံးကိုတစ်ချက် ပွတ်ကြည့်လိုက်သောအခါ လက်များ နီတွတ်ကုန်သည်။


သူသည် လက်ချောင်းများကို ပွတ်သပ်ကာ ရှင်းရှင်း၏ ပုခုံးကို ခပ်သာသာ ပုတ်လိုက်သည်။


ရယ်ရခက် ငိုရခက်သောအခြေ‌အနေပင်။


 "ဘာလို့ဒီလောက်ဆိုးနေတာလဲ...."


 ကျန်းမင်ယွမ်က လေသံခပ်ပျော့ပျော့ဖြင့် ဝတ်ကျေတန်းကျေဆူပြီးနောက် ချန်းဟွမ်ဘက်သို့လှည့်ကြည့်သည်။


 ထို့နောက် သားဖြစ်သူအစား တောင်းပန်လိုက်၏။


 “ကလေးက တမင်တကာ လုပ်တာမဟုတ်ပါဘူး.... မသိလို့ဖြစ်မှာပါ ... ဖြည်းဖြည်းချင်း သင်ပေးရင်ရတာပဲလေ.... ဒီလိုကြီး မခြောက်လည်းဖြစ်ပါတယ် ”


 ကျန်းမင်ယွမ်၏စကားအတိုင်း ချန်းဟွမ်၏ရည်ရွယ်ချက်မှာ ရှင်းရှင်းအား နောင်ကြဉ်သွားစေလိုခြင်းဖြစ်သည်။


သူမသည် ဈေးကြီးသောနှုတ်ခမ်းနီအတွက် ဒေါသထွက်နေခြင်းမဟုတ်ပေ။


နှုတ်ခမ်းနီက ပြန်ဝယ်၍ရသည်။


 သူမကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ရသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ရှင်းရှင်းသည်  နောက်ပိုင်းတွင်


ပိုမိုရောင့်တက်လာပြီး ဆိုးသွမ်းသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။


  “ သိပ်မကြာသေးခင်ကမှ ဆိုး လာတာလေ ” ချန်းဟွမ်က ခနဲ့သောလေသံဖြင့်ပြော၏။


 " အချိန်တော့ယူရမှာပေါ့ "  ကျန်းမင်ယွမ်က သူ၏သဘောထားကို အေးဆေးစွာထုတ်ဖော်ပြသသည်။   သူ၏လေသံမှာ ညင်သာပြီး ဉာဏ်ပညာပြည့်စုံသည့် သက်ကြီးပိုင်းအဘိုးကြီးနှင့်ပင်တူနေသည်။


Xxxxxxx