Chapter 135
ရှင်းရှင်းက ကျန်းမင်ယွမ်၏ပေါင်ကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း အရှေ့တွင် ရပ်နေသည်။
သူ၏မျက်နှာကိုဘောင်းဘီစဖြင့် ဖုံးကွယ်ထားလေရာ ကျန်းမင်ယွမ်၏ဘောင်းဘီ၌ နှုတ်ခမ်းနီများ ပေတူးကုန်ပြီဖြစ်၏။
ရှင်းရှင်းက အမေဖြစ်သူကို လုံးဝမကြည့်ရဲပေ။
အဖေဖြစ်သူက နံဘေး၌ရှ်ိနေသည့်အတွက် ရှင်းရှင်းက ပို၍ရဲတင်းလာသည်။သူ၏ နားရွက်များကလှုပ်ခါလာပြီး အမေဖြစ်သူဘက်သို့ အမြန်ခေါင်းလှည့်ကာပြော၏။
“သားက လိမ္မာပါတယ်နော်... ”
ပြောပြီးသည့်နောက် ရှင်းရှင်းက ကျန်းမင်ယွမ်၏အနောက်၌ ခေါင်းကို ဝှက်ထားပြန်သည်။
သူ၏ခေါင်းမှာ အငြိမ်မနေသောကြောင့် အဝတ်ပေါ်၌ ပေကျံနေသောနှုတ်ခမ်းနီများက မျက်နှာပေါ်ပြန်ရောက်သွား၏။
မျက်ခွက်ပေါ်၌ ကွက်ကြားကွက်ကြားပေကျံနေသောအနီကွက်များကြောင့် ကာလီကိုကြောင်ဖြင့်ပင် ဆင်တူနေသည်။
[ ကာလီကိုကြောင်တွင် မျက်နှာအပါအဝင် တစ်ကိုယ်လုံး၌ အကွက်အကွက်များပါဝင်သည်။ ]
ချန်းဟွမ်၏နှုတ်ခမ်းများက လှုပ်ယမ်းသွား၏။
သူမသည် အခြေအနေကိုသည်းမခံနိုင်စွာ ကြည့်နေမိသည်။
ချန်းဟွမ်က မတ်တပ်ထရပ်ပြီး ကျန်းမင်ယွမ်၏အနောက်၌ ပုန်းကွယ်နေသော ရှင်းရှင်းကို ဆွဲထုတ်လာ၏။
ရှင်းရှင်းက အဖေဖြစ်သူ၏ခြေထောက်ကို ပို၍တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားလိုက်သည်။ကံမကောင်းစွာဖြင့်ပင် ခုခံမှုအားလုံးက အချည်းနှီးဖြစ်ခဲ့ရ၏။
အလွန်အမင်းအားကိုးအားထားပြုရသော သူ၏ဖခင်သည်လည်း ယခုအချိန်တွင် ကာကွယ်ပေးနိုင်မည်မဟုတ်တော့ချေ။
"ကိုယ့် ဘောင်းဘီကိုယ် ပြန်ကြည့်လိုက်ဦး....ဘာလို့ ကာပြောပေးနေမှန်း နားကိုမလည်နိုင်တော့ဘူး "
ချန်းဟွမ်က ရုန်းကန်နေသောသားဖြစ်သူကို ချုပ်ထားပြီး ကျန်းမင်ယွမ်၏ဘောင်းဘီရှိ အစွန်းအထင်းများကိုစိုက်ကြည့်နေသည်။
" ဘောင်းဘီလဲဖို့မလိုဘူးလား "
ချန်းဟွမ်က ကျန်းမင်ယွမ်ကို ပထုတ်ရန်ကြိုးစားနေပြီဖြစ်၏။သူမထံတွင် အခြားရည်ရွယ်ချက်တစ်ခုရှိနေကြောင်းမှာ သိသာထင်ရှားလွန်းသည်။ထိုရည်ရွယ်ချက်မှာ သူမသည် ဤကိစ္စအား ကျော်သွားမပေးနိုင်ဟူ၍ပင်။
“ကောင်းပြီ...” ကျန်းမင်ယွမ်က ချန်းဟွမ်၏အတွေးများကိုသိသော်လည်း တစ်စုံတစ်ရာငြင်းဆန်ခြင်းမရှိချေ။
သားဖြစ်သူမှာ ကမ်းတက်၍ ပိုဆိုးသွမ်းလာနိုင်သောကြောင့် ဤတစ်ကြိမ်၌ သင်ခန်းစာပေးရန်လိုအပ်သည်။
ကျန်းမင်ယွမ်က လွယ်လင့်တကူပင် ခေါင်းငြိမ့်၏။
" ကောင်းပြီလေ... အောက်ဆင်းပြီး သွားလဲလိုက်မယ် "
ချန်းဟွမ်က ပြုံးလျက် လက်ဝှေ့ယမ်းပြသည်။
" ဒါဆိုသွားပါတော့... "
အဖေဖြစ်သူ အောက်ဆင်းတော့မည်ဖြစ်ကြောင်းကြားလိုက်ရသောအခါ ရှင်းရှင်းက ကတုန်ကယင်ဖြစ်သွားတော့၏။သူက မော့ကြည့်ပြီး ရေရွတ်သည်။
" ဖေဖေ... "
"ဖေဖေက အဝတ်လဲရမှာ " ချန်းဟွမ်က
ရှင်းရှင်းကို ကြည့်ကာ ပြောလိုက်ပြီးနောက် သူမသည် ကျန်းမင်ယွမ်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြီး လက်ပြလျက် ထွက်သွားရန် အချက်ပေးလိုက်သည်။
ကျန်းမင်ယွမ်က ချန်းဟွမ်ကို ပြုံးပြသော်လည်း
သားဖြစ်သူထံမှ အကြည့်များကိုရှောင်ဖယ်နေ၏။
ထို့နောက်သူ အိမ်ပြင်သို့ထွက်သွားလိုက်သည်။
ကျန်းမင်ယွမ်ထုပ်ပိုးထားသောခရီးဆောင်အိတ်က သိပ်မကြီးပေ။သူသည် ဘောင်းဘီတစ်ထည်ကို ဆွဲထုတ်လိုက်ပြီး ကားအတွင်း၌ပင် လဲဝတ်လိုက်သည်။
ထို့နောက်တွင် အချိန်စောနေသေးသောကြောင့် အပေါ်ထပ်သို့ ပြန်မတက်မီ ကားထဲ၌ ခဏတာထိုင်နေလိုက်၏။
ကျန်းမင်ယွမ်ပြန်ရောက်လာချိန်၌ ချန်းဟွမ်က ရှင်းရှင်းအား မေတ္တာတရားရှေ့ထား၍ သင်ကြားပြသနေဆဲပင်ဖြစ်သည်။
ချန်းဟွမ်က ရှင်းရှင်းအား မည်သို့နားချလိုက်သည် မသိပေ။ကလေးက ကျန်းမင်ယွမ်အားတစ်ချက်သာလှည့်ကြည့်ပြီး စစ်ကူတောင်းခြင်းမျိုးလည်းမရှိတော့ပေ။
သားအမိနှစ်ဦးသည် အဆုံးစွန်ထိ ညှိနှိုင်းခဲ့ကြပြီး ရှင်းရှင်းက ရှုပ်ပွသွားသောအရာများကို ကိုယ်တိုင်ကိုယ်ကျရှင်းလင်းပါ့မည်ဟု ကတိပြုခဲ့သည်။
ချန်းဟွမ်သည် ဆိုဖာပေါ်၌ပြန်ထိုင်ကာ ခေါင်းငြိမ့်ပြလိုက်၏။
“ဟုတ်ပြီလေ... သွားပြီး မြန်မြန်ရှင်းတော့...
ဖေဖေနဲ့မေမေက လေယာဉ်စီးရဦးမှာ.... ကြာနေရင် တစ်ယောက်တည်းထားပစ်ခဲ့မယ် "
ရှင်းရှင်းက ငိုမဲ့မဲ့ဖြစ်နေသည်။
သူ၏မျက်ဝန်းများထဲတွင် မျက်ရည်များဝေ့ဝဲနေသော်လည်း ခဲရာခဲဆစ် ထိန်းချုပ်ထားရှာ၏။
ရှင်းရှင်းက အားမလိုအားမရဖြစ်နေသော််လည်း ခေါင်းငြိမ့်လိုက်ပြီး နှုတ်ခမ်းဆူဆူဖြင့် ခပ်တိုးတိုးပြန်ဖြေ၏။
“ဟုတ်ကဲ့ပါ...မေမေ”
ချန်းဟွမ် ရှင်းရှင်းအား ကြမ်းပြင်၊
ခြေသုတ်ခုံ နှင့် ကျန်းမင်ယွမ်၏ ဘောင်းဘီတို့ကို တစ်ဆင့်ချင်းရှင်းလင်းခိုင်းသည်။
သားဖြစ်သူက ဘောင်းဘီလျှော်ပေးမည်ဟုကြားလိုက်ရသောအခါ ကျန်းမင်ယွမ်က အကြောက်အကန်ငြင်း၏။
" ဖေဖေ့ဟာကို လျှော်ပေးစရာမလို.... "
သို့သော် ချန်းဟွမ်၏အကြည့်စူးစူးများကြောင့် ပြောလက်စ စကားမှာ လမ်းတစ်ဝက်၌ပင်ရပ်တန့်သွားရသည်။
“ကောင်းပြီလေ…”
ချန်းဟွမ်သည် ရှင်းရှင်းအား ရှုပ်ပွနေသည်များကို ကိုယ်တိုင်ကိုယ်ကျရှင်းလင်းရန် အလေးအနက်ပြောကြားခဲ့၏။
သားဖြစ်သူမှာ အလွန်ငယ်ရွယ်သေးပြီး ပိုက်ဆံ၏တန်ဖိုးကို ကောင်းကောင်းမသိသေးပေ။
နှုတ်ခမ်းနီနှင့် ရောင်စုံခဲတံတို့က ကလေး၏အမြင်တွင် ထွေထွေထူးထူးကွဲပြားနေမည်မဟုတ်ချေ။ဤအခြေအနေတွင်ပိုက်ဆံအကြောင်းတဖွဖွပြောနေပါက မိုက်မဲရာကျမည်။
တစ်ချိန်လုံး ရိုက်နှက်ဆုံးမနေခြင်းက မသင့်တော်ကြောင်း ချန်းဟွမ်နားလည်သည်။
အလွန်အကျွံ ရိုက်နှက်ဆုံးမခြင်းသည် ကလေး၏ ဖွံ့ဖြိုးမှုအတွက် ကောင်းမွန်သောအရာ မဟုတ်ပေ။
ကိုယ့်ကိစ္စကိုယ်တာဝန်ယူခိုင်းခြင်းကသာ သင့်တော်သောနည်းလမ်းဖြစ်သည်။
Xxxxxxxx
Chapter 136
ရှင်းရှင်း လုပ်ပေးဖူးသမျှမှာ ဖိနပ်ယူပေးခြင်း သို့မဟုတ် ရေတစ်ခွက်ခပ်လာပေးခြင်းတို့ပင်ဖြစ်သည်။
သူသည် ကစားစရာကားတစ်စီးဖြင့်ဆော့နေသည်ဟုမှတ်ယူလိုက်ကာ ကြမ်းပြင်ကို ကြမ်းတိုက်တံ
ဖြင့်ပွတ်တိုက်၏။
ဤသည်က ရှင်းရှင်း၏ပထမဆုံးအကြိမ်လည်းဖြစ်သည်။
ငယ်ရွယ်လွန်းသော ရှင်းရှင်းက ကြမ်းတိုက်တံကို ကောင်းကောင်းမထိန်းနိုင်ပေ။
ထို့ကြောင့် ချန်းဟွမ်ကမျက်နှာသုတ်ပုဝါအစိုတစ်ထည်ကိုပေးပြီး လက်ဖြင့်ကိုင်လျက် ပွတ်တိုက်စေသည်။
ရှင်းရှင်းက ကြမ်းပြင်ပေါ်တွင်လေးဖက်ထောက်လျက် ခေါင်းငုံ့ကာ ဖြည်းဖြည်းချင်း ကြမ်းတိုက်တော့၏။
ကျန်းမင်ယွမ်က မကြည့်ရက်သော်လည်း ဝင်မပါရန်သာဆုံးဖြတ်လိုက်သည်။
ကျန်းမင်ယွမ် ချန်းဟွမ်ကိုကြည့်လိုက်ပြီး ရှေ့သို့ ခြေလှမ်းနှစ်လှမ်းခန့်လှမ်းကာ ကျိုးနေသော နှုတ်ခမ်းနီများကို တစ်ရှူးခံ၍ ကောက်ယူလိုက်၏။
နှုတ်ခမ်းနီဘူးသည် နဂိုအတိုင်းရှိနေဆဲဖြစ်ပြီး အောက်ခြေတွင် အမှတ်တံဆ်ိပ်နှင့် အရောင်နံပါတ်လည်းပါရှိ၏။ ကျန်းမင်ယွမ်သည် အမှိုက်ပုံးထဲသို့ မစွန့်ပစ်မီ
ထိုနံပါတ်ကို အလွတ်ကျက်လိုက်သည်။
ထို့နောက်ချန်းဟွမ်ကိုပြန်ကြည့်လိုက်သောအခါ သူမ၏အကြည့်များက အမှိုက်ပုံးဘက်တွင်ရှိမနေချေ။
ရှင်းရှင်းသည် ဆယ်မိနစ်ကျော်ကြာ ကြမ်းတိုက်ခဲ့ပြီး နောက်ဆုံးတွင် ကြမ်းပြင်မှာ အနည်းငယ် သန့်စင်သွားခဲ့သည်။ပုဝါတစ်ခုလုံးလည်း ပန်းရောင်ပြောင်းနေပြီဖြစ်၏။
ချန်းဟွမ်က စကားတစ်ခွန်းမှ မပြောဘဲ မျက်နှာသုတ်ပုဝါအသစ်တစ်ထည်ကို ကမ်းပေးလိုက်သည်။
ရှင်းရှင်းသည် တစ်ချိန်လုံး လေးဖက်ထောက်ထားရသောကြောင့် ညောင်းညာနေပြီဖြစ်၏။
သို့သော် သူကခေါင်းမာသည်။အမေဖြစ်သူက စကားတစ်ခွန်းမှ မပြောသေးသရွေ့ ရှင်းရှင်းသည်လည်း ပင်ပန်းနေပြီဖြစ်ကြောင်းကို ဝန်ခံမည် မဟုတ်ချေ။
သူသည် မျက်နှာသုတ်ပုဝါအသစ်ဖြင့် ကြမ်းပြင်ကို
ဆက်လက်ပွတ်တိုက်ခဲ့သည်။
လူကြီးနှစ်ယောက်က တစ်ဖက်၌ရပ်ပြီး ကလေးကို ကြည့်နေကြ၏။
ခြေသုတ်ခုံက ကြမ်းပြင်ထက် သန့်ရှင်းရေးလုပ်ရန် ပိုခက်ခဲသည်။ စိုစွတ်သော မျက်နှာသုတ်ပုဝါကို အသုံးပြုသော်လည်း အရောင်ကျွတ်မလာပေ။စွန်းထင်းသော ဧရိယာသည်သာ ပိုကြီးမားလာ၏။
အချိန်အတော်ကြာပြီဖြစ်သော်လည်း ရှင်းရှင်းက အပြီးမသတ်နိုင်သေးပေ။ထပ်မံ၍ ငိုမိတော့မည်ဖြစ်သည်။
ငယ်လွန်းသေး၍ သန့်ရှင်းရေးလုပ်ရန် အချိန်အများကြီးယူနေရ၏။ နောက်ဆုံးတွင် ရှင်းရှင်းသည် တောင့်ခံထားရာမှ ဟန်ချက်ပျက်သွားပြီး ငုတ်တုတ်အနေအထားဖြစ်သွားတော့သည်။
“ တော်ပြီ....” ချန်းဟွမ်က အနားသို့ တိုးကပ်လာပြီး ရှင်းရှင်းကိုပွေ့ချီ၏။
ထို့နောက် ရှင်းရှင်းထံမှ မျက်နှာသုတ်ပုဝါအား ကျန်းမင်ယွမ်ထံ ကမ်းပေးလိုက်သည်။
“အခုတော်လို့ရပြီ... မျက်နှာသစ်ပြီး လေဆိပ်သွားမယ် "
ရှင်းရှင်းသည် အမေဖြစ်သူ၏ ရင်ခွင်ထဲတွင်ရှိနေ၏။
သူသည် ကွေးကောက်လုမတတ်ဖြစ်ပြီး အားနည်းနေသော လက်များဖြင့် အမေဖြစ်သူ၏လည်ပင်းကို သိုင်းဖက်လိုက်သည်။ထို့နောက် အဖေဖြစ်သူကိုလှမ်းကြည့်ပြီး ခပ်တိုးတိုးလေးပြော၏။
" ဖေဖေ့ဘောင်းဘီ ကျန်သေးတယ်... "
ကျန်းမင်ယွမ်ထံတွင် သားဖြစ်သူအား ဘောင်းဘီ လျှော်ခိုင်းရန် အစီအစဉ်မရှိချေ။
" ဖေဖေ့ဘောင်းဘီကို စိတ်ပူနေစရာမလိုပါဘူး "
ရှင်းရှင်းသည် အဖေဖြစ်သူ၏စကားကို အထွန့်မတက်ရဲတော့ပေ။
ဤအဖြစ်အပျက်ကြောင့် သင်ခန်းစာလည်းရသွားပြီဖြစ်သည်။
ချန်းဟွမ်သည် ရှင်းရှင်းကို ရေချိုးခန်းထဲသို့ သယ်ဆောင်သွားပြီး မှန်ရှေ့ရှိ ထိုင်ခုံပေါ်တွင် တင်လိုက်သည်။
သူမ မိတ်ကပ်ဖျက်ဆေးအချို့ကို ယူလိုက်ကာ ရှင်းရှင်း၏မျက်နှာပေါ်သို့ လိမ်းပေးလိုက်၏။
မိတ်ကပ်ဖျက်ဆေးလိမ်းလိုက်သည်နှင့် နှုတ်ခမ်းနီက ချက်ချင်းပျောက်ကွယ်သွားသည်။
အထူးသဖြင့် နှုတ်ခမ်းနီများစွန်းထင်းနေသော မျက်ခုံးတစ်ဝိုက်ကို သေသေချာချာပွတ်ပေးရ၏။
ထို့နောက် ချန်းဟွမ်က ရှင်းရှင်းကို မျက်လုံးမှိတ်စေကာ မျက်နှာကိုရေဖြင့်ဆေးကြောပေးသည်။
ပြောင်စင်သွားသောအခါ ရေဘဲကိုပိတ်ပြီး ရှင်းရှင်း၏မျက်နှာကို ရေခြောက်အောင်သုတ်ပေး၏။
သူမသည် မျက်နှာသုတ်ပုဝါကို စင်ပေါ်သို့ ပြန်တင်လိုက်ပြီး သားဖြစ်သူကိုကြည့်လျက်ပြောသည်။
“ဟုတ်ပြီ ဖေဖေက ဘောင်းဘီလျှော်ပေးစရာမလိုဘူးလို့ ပြောတယ်...နောက်တစ်ခါဆိုရင်တော့ လျှော်ရမှာနော် "
ရှင်းရှင်းလေး ယခုအချိန်တွင် သင်ခန်းစာရသွားပြီဟု ချန်းဟွမ်က ယူဆလိုက်သည်။
နောင်အချိန်၌သူ့ရှေ့တွင် နှုတ်ခမ်းနီတောင့်ချထားလျှင်ပင်
အလားတူလုပ်ရပ်မျိုးကို လုပ်ရဲတော့မည်မဟုတ်ချေ။
အမေဖြစ်သူက ဖြေလျှော့ပေးလိုက်သည်ကို ကြားလိုက်ရသောကြောင့် ရှင်းရှင်းက သက်ပြင်းအရှည်ကြီးချလိုက်ပြီး ချန်းဟွမ်ကို ကတိများအထပ်ထပ်ပေးတော့၏။
" သား နောက်တစ်ခေါက်မလုပ်တော့ပါဘူး "
" ဟုတ်ပြီ... နောက်တစ်ခေါက်လုပ်ရင် ကိုယ့်ဟာကိုယ်ရှင်းရမှာနော် "
ချန်းဟွမ်က ညှာတာပေးမည်မဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်းပြောကြားလိုက်သည်။
ယနေ့အဖြစ်အပျက်မှ အသိတရားတစ်ခုရသွား၏။
နောက်တစ်ကြိမ်တွင်လည်း ချန်းဟွမ် ဤလမ်းစဉ်ကိုသာ ကျင့်သုံးမည်ဖြစ်သည်။
Xxxxxx