အပိုင်း ၁၃၇-၁၃၈
Viewers 22k

Chapter 137


အားလုံးပြီးသောအခါ ချန်းဟွမ်က နာရီကိုတစ်ချက်ပြန်ကြည့်လိုက်သည်။ ညနေ ၄:၄၀ပင်ရှိနေပြီဖြစ်၏။ လေယာဉ်ချိန်က ၆နာရီ ၁၀မိနစ်ဖြစ်သည်။ အချိန်အများကြီးမကျန်တော့ပေ။


 ရှင်းရှင်းအား သင်ခန်းစာပေးချိန်အတော်များသွားသောကြောင့် ခေါင်းလည်းမဖြီးရသေးသကဲ့သို့ အင်္ကျီလည်းမလဲရသေးချေ။


ချန်းဟွမ် အလောတကြီးဖြစ်လာပြီး ရှင်းရှင်းအား ကျန်းမင်ယွမ်ထံသို့ထိုးပေးကာ နှစ်ယောက်သားအောက်၌အရင်စောင့်နေကြရန်ပြောသည်။


 ထို့နောက်အခန်းတွင်းသို့ပြန်ပြေးပြီး တံခါးကို ဂျိမ်းခနဲဆွဲပိတ်၏။


 "ဖေဖေ " အခန်းပြင်တွင်ရှိသော ရှင်းရှင်းက မျက်လုံးလေးကလည်ကလည်ဖြင့် ကျန်းမင်ယွမ်အားမော့ကြည့်သည်။


 "သွားရအောင် သားလေး... အဖေတို့ ကားထဲကနေ စောင့်ကြတာပေါ့ "  


သားအဖနှစ်ယောက်က အကြည့်ချင်းဖလှယ်ကြသည်။  ကျန်းမင်ယွမ်က ရှင်းရှင်းကိုပွေ့ချီလိုက်ပြီး အိမ်ထဲမှထွက်လာခဲ့၏။


 ချန်းဟွမ် ဆံပင်ပြင်ပြီးသောအခါ ညနေ ၅ နာရီကျော်နေပြီဖြစ်သည်။


သူမသည် လှိုင်းတွန့်ဆံပင်များကို ခေါင်းနောက်ဘက်တွင် ခပ်မြင့်မြင့်စည်းနှောင်ထားပြီး အနက်ရောင်ဂျက်ကတ်အတို ၊ ဂျင်းဘောင်းဘီနှင့်  ဒေါက်ဖိနပ်တစ်ရံတို့ကို ၀တ်ဆင်ထားသည်။ 


သူမသည် အနီရောင်နှုတ်ခမ်းများ ၊ ဆွဲဆောင်မှုရှိသော မျက်လုံးများဖြင့် အံ့သြဖွယ်ကောင်းလောက်အောင် ချောမောလှ၏။


ယခင်က သူမသုံးရန်စိတ်ကူးထားသည့် နှုတ်ခမ်းနီအရောင်မှာ သဘာဝဆန်ပြီး နူးညံ့သည်။သို့သော်ထိုနှုတ်ခမ်းနီဘူးက မထင်ရက်စရာကောင်းသော ရက်စက်လွန်းသည့်နည်းလမ်းဖြင့် ဇာတ်သိမ်းသွားရရှာ၏။


ထို့ကြောင့် အခြား နှုတ်ခမ်းနီအား ပြောင်းသုံးရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။


အရောင်သစ်မှာ ပို၍နီမြန်းပြီး အနည်းငယ်ထင်းသော မိတ်ကပ်ပုံစံဖြင့်သာလိုက်ဖက်ညီမည်ဖြစ်၏။


ထို့ကြောင့်ချန်းဟွမ်သည် အညိုရင့်ရောင် eyeshadowဖြင့် သူမ၏မျက်လုံးထောင့်ကို ခြယ်သခဲ့သည်။


ထိုအခါသူမ၏အလှသည် ညှို့ငင်အားကောင်းသည့်ဘက်သို့ရောက်သွား၏။


 ချန်းဟွမ်နှင့်နောက်ဆုံးတွေ့ခဲ့သည်မှာ နာရီဝက်သာကြာသေးပြီး ပုံစံပြောင်းသွားသောကြောင့် ကျန်းမင်ယွမ်က အနည်းငယ်အံ့သြသွားသည်။


သူသည် ချန်းဟွမ်အား တစ်ချက်ကြည့်ပြီး မသိမသာအကြည့်လွှဲ၏။


" ဘာလို့ ပါးပါးလေးတွေဝတ်လာတာလဲ "


 ချန်းဟွမ်၏ ဂျက်ကတ်သည် အလွန်တိုပြီး ခါးအောက်အထိသာရှည်သည်။ အထဲမှခံဝတ်ထားသောဆွယ်တာမှာလည်း ပါးလှပ်လွန်း၏။လုံးဝနွေးနွေးထွေးထွေးဖြစ်မည်မဟုတ်ချေ။


ကျန်းမင်ယွမ်သည် ကြည့်နေရုံဖြင့်ပင် သူမအစား အေးလာသည်။


 ချန်းဟွမ်ထံ၌ ဤဝတ်စုံအားရွေးရသောခိုင်မာသည့် အကြောင်းပြချက်ရှိ၏။  


“သန္တာနီကျွန်းက အပူပိုင်းဒေသမှာ ရှိတာ မဟုတ်ဘူးလား... မိုးလေဝသအ‌ခြေအနေကိုရှာကြည့်လိုက်တော့ အဲ့နေရာက အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်အထိ ရှိတယ်တဲ့...အရမ်းများများစားစားဝတ်သွားရင် လေယာဉ်ပေါ်ကဆင်းတဲ့အချိန်ကျ ပြန်ချွတ်နေရလိမ့်မယ်.... ဝန်ပိတာပေါ့ ရှုပ်ကရှုပ်သေး  ”


 " အဝတ်အစားတွေ ချွတ်ရတာက နေမကောင်းဖြစ်တာထက်တော့ ပိုကောင်းတာပေါ့ "


 ကျန်းမင်ယွမ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ထို့နောက်အအေးဒဏ်ခံနိုင်သည့် အင်္ကျီအထူကို သွားယူပြီး ချန်းဟွမ်ကိုခြုံပေးကာ လက်လျိုထိုးစေ၏။


ချန်းဟွမ်က ငြင်းဆန်သော်လည်း ကျန်းမင်ယွမ်က အင်္ကျီကို ထိုအနေအထားဖြင့်ပင် ဆက်ကိုင်ထားသည်။


 နောက်ဆုံး၌ ချန်းဟွမ်တစ်ယောက် အင်္ကျီထဲသို့ လက်ထိုးလျိုလိုက်ရ၏။


ကျန်းမင်ယွမ်၏အနွေးထည်က သူမနှင့်အလွန်ကြီးပြီးလက်များကို လုံးလုံးလျားလျား ဖုံးအုပ်ထားန်ိုင်သည်။ သူမ၏တစ်ကိုယ်လုံးမှာ ပင်ဂွင်းတစ်ကောင်ကဲ့သို့ လုံးဝိုင်းနေ၏။


 ကျန်းမင်ယွမ်က သူမပုံစံကို သဘောကျပုံရသည်။


 “လောလောဆယ်တော့ ဝတ်ထားဦး... ဟိုရောက်မှချွတ်ပေါ့...တစ်ထည်ပဲဟာကို ဝန်မများပါဘူး  ”


 ချန်းဟွမ်က ကားထိုင်ခုံနောက်မှီကို မှီချလိုက်ပြီး သက်ပြင်းချသည်။ဤအင်္ကျီသည် အလွန်ထူထဲပြီး အထဲ၌ အမွေးများပါ၏။


ဝတ်ပြီး သိပ်မကြာခင်၌ပင် ချွေးစို့လာသောကြောင့် သူမသည်ဇစ်ကိုဖွင့်ပြီး အင်္ကျီကို ချွတ်ရန်ပြင်လိုက်သည်။


 ထိုအခါကျန်းမင်ယွမ်က ချက်ချင်းဟန့်တား၏။


" ဘာဖြစ်လို့လဲ "


 "ကျွန်မ ပူလို့လေ" 


 "လေအေးပေးစက် အပူချိန်ကိုလျှော့လိုက်ပါ " 


ကျန်းမင်ယွမ်က ဒရိုင်ဘာအားလှမ်းပြောသည်။


 ထို့နောက် ချန်းဟွမ်အား ပြန်လှည့်ကြည့်၏။


  “အပူချိန်က နည်းနည်းတော့ ကျသွားမှာပါ... ဆက်ဝတ်ထား... ငါမင်းကို မဖျားစေချင်ဘူး"


 " ...... "


 ဤသို့ဖြင့် လေဆ်ိပ်သို့ရောက်သွားချိန်တွင် ချန်းဟွမ်၏အခြေအနေမှာ ပေါင်းထားသောပေါင်မုန့်တစ်လုံးကဲ့သို့ ဖြစ်နေလေသည်။


Xxxxxxx


Chapter 138


 C မြို့တွင် လေဆိပ်နှစ်ခုရှိသည်။တစ်ခုမှာ လွန်ခဲ့သည့် နှစ် ၃၀ က တည်ဆောက်ခဲ့ပြီး ကျန်တစ်ခုမှာ လွန်ခဲ့သော တစ်နှစ်က အသစ်ဆောက်ထားခြင်းဖြစ်၏။


ကျန်းမင်ယွမ်တို့ဦးတည်နေသည်မှာ လေဆိပ်ဟောင်းဆီသို့ဖြစ်သည်။


ထိုနေရာသည် မြို့တွင်းနှင့်အနည်းငယ်လှမ်းပြီး မိနစ် ၂၀ ခန့် ကားစီး၍သွားရ၏။


 လေဆိပ်သို့ရောက်သည်သောအခါ ၎င်းတို့၏လေယာဉ်လက်မှတ် နှင့် ခရီးဆောင်အိတ်များကို စစ်ဆေးရန် မိနစ် ၄၀ အချိန်ရသေးသည်။  ပထမတန်းစားခရီးသည်များသည် ကိုယ်ပိုင်လမ်းကြောင်းသပ်သပ်ရှိသောကြောင့် 


အားလုံးပြင်ဆင်ပြီးချိန်တွင် အချိန်ကျန်နေသေး၏။


 ဤသည်မှာ ရှင်းရှင်းအတွက် ပထမဆုံး အကြိမ် လေယာဉ်စီးခြင်းဖြစ်ရာ သူကစိတ်လှုပ်ရှားနေပြီး လေယာဉ်ပျံကိုမြင်ချိန်၌ ဝမ်းသာအားရ ထခုန်လေသည်


 " မေမေ...ကြည့်ပါဦး လေယာဉ်ပျံကြီး..." 


 ရှင်းရှင်းက လောလောလတ်လတ်ကလေးပင် ထွက်ခွာပျံသန်းသွားသောလေယာဉ်ကို  ညွှန်ပြရင်း အားပါးတရပြောနေသည်။  သူ၏မျက်လုံးများက တလက်လက် တောက်ပနေ၏။


 "လေယာဉ်ပျံကို သဘောကျတာလား သားသားက...."  


ချန်းဟွမ်သည် ရှင်းရှင်း၏ပါးကိုဆွဲညှစ်ရန်လက်ကိုဆန့်လိုက်သော်လည်း အင်္ကျီအထူကြီးကြောင့် မနည်းရုန်းကန်နေရသည်။ 


 “ဟုတ်ကဲ့....”  


လေတိုက်ခတ်နေပြီး ရှင်းရှင်း၏ပါးပြင်များက အေးစက်နေ၏။ရှင်းရှင်းက ပါးပြင်များကို လက်ဖြင့်အုပ်ပြီး စိတ်ဝင်တစားပြောသည်။


" သားသားကြီးလာရင် လေယာဉ်မှူးလုပ်ချင်တယ် "


 " ဒါဆို ကံကောင်းပါစေနော် သားလေး "


 ရှင်းရှင်းက ချန်းဟွမ်ကိုမော့ကြည့်ပြီး တခစ်ခစ်ရယ်၏။  


“လေယာဉ်ပျံကြီးနှစ်စင်း ဝယ်မယ်... တစ်စင်းက မေမေ့အတွက်... တစ်စင်းက သားသားဟာ "


 ရှင်းရှင်းက လက်များကို ဆန့်တန်းကာ နောက်သို့ လှည့်လည်၍ ပတ်‌ပြေးသည် ။ သူ့၏ပါးပြင်ကလေးများက နီရဲနေ၏။


 " သားသားတို့လေယာဉ် အတူတူမောင်းကြမယ်... မေမေ"


 အနောက်မှလိုက်လာသော ကျန်းမင်ယွမ်က သားအမိနှစ်ယောက်ကို ပြုံးလျက် လှမ်းကြည့်နေသည်။


" ဖေဖေ့‌အတွက်ကျတော့ရော "


ရှင်းရှင်းက ထိုအခါမှ အဖေဖြစ်သူအတွက် သတိရသွား၏။သို့သော်ပြောပြီးသားစကားကို ပြန်ရုတ်သိမ်း၍မရပေ။


ရှင်းရှင်း၏မျက်နှာလေးက အနည်းငယ်တုန်လှုပ်သွားပြီး နောက်ဆုံး၌ပြန်ဖြေလာသည်။


 “ဖေဖေနဲ့သားနဲ့က  တစ်စီးမျှစီးကြမယ်” 


 သူတို့သုံးယောက်နှင့်မလှမ်းမကမ်း၌ရှိနေသော သူများသည်လည်း ပထမတန်းခရီးသည်များပင်ဖြစ်ကြ၏။


ထိုသူများက ရှင်းရှင်း၏စကားကိုကြားသောအခါ ရယ်ကြသည်။


 "ကလေးလေး... ဒီလိုလုပ်လို့ရတယ်လေ "  မလှမ်းမကမ်းရှ်ိ သတ်လတ်ပိုင်းလူကြီးတစ်ဦးက ပြုံးလျက်ပြော၏။


 “ ဖေဖေနဲ့ မေမေကို တစ်စီးပေးလ်ိုက်‌ပေါ့”


  " ဗျာ ...မေမေ့အတွက်က တစ်စီးသပ်သပ်လေ "


ရှင်းရှင်းက အံ့သြသွားသည်။


 "မင်းမေမေပိုင်တဲ့အရာက မင်းဖေဖေပိုင်တာပဲပေါ့" 


 ရှင်းရှင်းကအလွန်ချစ်ဖို့ကောင်းနေသောကြောင့် ထိုလူကြီးက ဆက်လက်၍စနောက်ချင်နေသည်။


“မင်း ဖေဖေနဲ့ဖေမေက စုံတွဲတွေလေ...  လင်မယားနှစ်ယောက်က အမြဲအတူရှိသင့်တာပေါ့ ...ဖေဖေနဲ့မေမေက အိမ်မှာ တစ်ခန်းတည်းအိပ်ပြီး မင်းက တစ်ခန်းသပ်သပ် ခွဲအိပ်ရတယ်မို့လား "


 "မအိပ်ရပါဘူး" ရှင်းရှင်းက တုံ့ဆိုင်းမနေဘဲ ပြန်ဖြေသည်။ 


 "မေမေနဲ့ သားနဲ့က တစ်ခန်းအိပ်တာ "


 ဤကလေးငယ်တွင် အလွန်အားကောင်းသော ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိသည်။ထိုလူကြီးပြောသည့်စကားမှ တစ်စုံတစ်ခုကို သူက ရှာဖွေတွေ့ရှိခဲ့၏။ 


 “ဪ....ဒါဆို မေမေနဲ့သားနဲ့ တစ်စင်းတည်း မျှစီးလိုက်မယ်... ဖေဖေက သပ်သပ် တစ်စင်း ယူလိုက် "


 ရှင်းရှင်း၏စကားများသည် အလွန်ရိုးရှင်းသော်လည်း အချက်အလက်များစွာ ပါဝင်သည်။


 ထိုလူကြီးက မျက်လုံးပြူးသွားပြီး ဘေးမှ သူ့ဇနီးကတံတောင်ဆစ်ဖြင့်လှမ်းထိုး၏။


 ဇနီးသည်က အရှေ့သို့ခြေလှမ်းတစ်လှမ်းတိုးလာပြီး ချန်းဟွမ်နှင့်ကျန်းမင်ယွမ်တို့ကို တောင်းပန်စကားဆိုသည်။


 “တောင်းပန်ပါတယ်... ကျွန်မတို့ လောင်လျှိုက အရိပ်အကဲနားမလည်လို့ပါ...စိတ်မရှိပါနဲ့ "


 “ရပါတယ်”  ချန်းဟွမ်က ပြုံးလျက် ပြေပြေလည်လည်ပင်ပြောသည်။


 ဇနီးသည်က သက်ပြင်းတစ်ချက်ချ၏။ ထို့‌နောက်ချန်းဟွမ်နှင့် ကျန်းမင်ယွမ်တို့ကို တစ်ချက်ကြည့်ပြီး စကားစမြည်ပြောလေသည်။  


"အပန်းဖြေခရီးထွက်ကြမလို့လား"


 "ဟုတ်ကဲ့... အားလပ်ရက်က ရခဲတော့ ဒီတစ်ခေါက်တော့ အေးဆေးအနားယူမလို့ပါ "  


ချန်းဟွမ်က တစ်ဖက်သူကို ခပ်တန်းတန်းဆက်ဆံမည့် အေးစက်သောလူမျိုးမဟုတ်ပေ။


"ကျွန်မတို့က သန္တာနီကျွန်းကို သွားမှာ...  အန်တီတို့ကရော "


 "အမလေး... တိုက်ဆိုင်လိုက်တာ...အန်တီတို့လည်း အဲ့ကိုပဲသွားမှာ ”  ထိုအဒေါ်ကြီးက ဝမ်းသာအားရပြောပြီး ခင်ပွန်းသည်ကိုလှည့်ကြည့်သည်။


 " လောင်လျှို စစ်တပ်ထဲဝင်တုန်းက

သန္တာနီကျွန်းမှာ တပ်စွဲခဲ့ရတာလေ...အဲ့ဒါကြောင့် သွားလည်ကြည့်မလို့ ..."


 “ တိုက်ဆိုင်လိုက်တာ...ကျွန်မတို့လည်း  သန္တာနီကျွန်းက အရမ်းလှတယ်လို့ ကြားဖူးလို့ သွားလည်ကြမလို့... ”


Xxxxxx