အပိုင်း ၁၃၉-၁၄၀
Viewers 22k

Chapter 139


“သေချာပေါက်လှတာပေါ့”  


လောင်လျှိုသည် စစ်မှုထမ်းခဲ့သည့် နေ့ရက်များကို အလွန်လွမ်းဆွတ်နေပုံရပြီး အတိတ်နေ့ရက်များအကြောင်းကို ပျော်ရွှင်စွာ မျှဝေခဲ့သည်။ 


" ကျွန်းပေါ်မှာ တပ်စွဲဖို့ သုံးလလောက် အချိန်ယူခဲ့ရတာ... ည‌ကနေ မိုးလင်းပေါက်အထိပဲ ... နေထွက်တဲ့အချိန်ဆို အရမ်းအရမ်းလှတာ... အရုဏ်တက်ချိန်လောက်ဆို နေရောင်နဲ့ သမုဒ္ဓရာကြီးနဲ့ထိပြီး ရွှေရောင်ဖြစ်သွားရော ...  နေတဖြည်းဖြည်းထွက်လာရင် အရောင်က ခပ်မှိန်မှိန်လေးပေါ့... ပင်လယ်ထဲကနေ ပုလဲလုံးလေးထွက်လာသလိုပဲ ”


 လောင်လျှိုသည် စစ်မှုထမ်းကာလများအကြောင်း စပြောမိသည်နှင့်တစ်ပြိုင်နက် ရပ်တန့်နိုင်ခြင်းမရှိတော့ပေ။ 


 ဥမင်လှိုဏ်ခေါင်းများတူးဖော်သည်မှအစ  ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းအဆုံး တရစပ်ပြောပြခဲ့၏။


တစ်နှစ်တွင် တိုင်ဖွန်းမုန်တိုင်းကြောင့် စစ်တန်းလျားများ ပြိုပျက်သွားပြီး မိုးခိုစရာနေရာမရှိခဲ့သည့်ဇာတ်ကြောင်းကိုပင်ဖောက်သည်ချခဲ့သေးသည်။


လောင်လျှိုသည် လေယာဉ်ထွက်ခွာတော့မည်ဟု မကြေငြာခင်အထိ တောက်လျှောက်ပြောနေခဲ့၏။


ပြင်ပကမ္ဘာအကြောင်းကို အနည်းအကျဥ်းသာ သိရှိသော ရှင်းရှင်းက လောင်လျှို၏ဇာတ်လမ်းများကို အလွန်သဘောတွေ့ခဲ့သည်။


လောင်လျှိုကလည်း နားဆင်သူပရိတ်သတ်ရှိခြင်းကို ကျေနပ်နေ၏။


အိမ်၌ ဤဓာတ်ပြားဟောင်းကိုဖွင့်ခဲ့သည်မှာ အကြိမ်နှစ်ဆယ်ခန့်ရှိပြီဖြစ်ပြီး ဇနီးသည်ရော သားဖြစ်သူကပါ သူ၏ဇာတ်လမ်းများကို ငြီးငွေ့နေပြီဖြစ်သည်။


လေယာဉ်ထွက်ခွာချိန်၌ လွင့်မြောပေါ့ပါးသည့် ခံစားမှုမျိုးကို ရရှိ၏။


ဤသည်မှာ သာယာသောခံစားမှုမျိုး မဟုတ်ချေ။


ရှင်းရှင်းက ငြိမ်ကုပ်ကုပ်လေးထိုင်ရင်း အရမ်းကြောက်နေသည်။


သူ ငိုမိတော့မည်ပင်။


လေယာဉ်လမ်းကြောင်း တည်ငြိမ်သွားပြီးနောက် ပျံသန်းရာတွင် ဆိုးရွားသော ခံစားချက်မျိုးမရရှိတော့ပေ။ ရှင်းရှင်းသည် မျက်ရည်များကို သုတ်လိုက်ပြီး ထိုင်ခုံခါးပတ်ကို ဖြုတ်ကာ ချန်းဟွမ်၏ရင်ခွင်ထဲသို့ တိုးဝင်သွားသည်။


 “အမေ ”  ရှင်းရှင်းက ငြီးတွားသည်။


  "သား လေယာဉ်မှူး မဖြစ်ချင်တော့ဘူး "


 “‌ဟုတ်ပြီ...ဒါဆိုလေယာဉ်မမောင်းတော့ဘူး... တခြားတစ်ခုခုလုပ်ကြမယ် "


 “ဟုတ်”  ရှင်းရှင်းက အားတင်းကာ ခေါင်းညိတ်လိုက်၏။


လေယာဉ်သည် ညနေ ၆ နာရီဝန်းကျင်ခန့်တွင် စတင်ထွက်ခွာပြီး ထိုအချိန်သည် ညစာစားချိန်ဖြစ်သည်။ 


လေယာဉ်တည်ငြိမ်သွားသည်နှင့် လေယာဉ်မယ်က ခရီးသည်များအတွက် မီနူးစာအုပ်များ ယူဆောင်လာ၏။


 ချန်းဟွမ်သည်  ယခင်ဘဝတွင် ရိုးရိုးတန်း၌သာ လေယာဉ်စီးဖူးခဲ့သည်။ယခုအချိန်သည် ကောင်းမွန်သောအတွေ့အကြုံဖြစ်၏။


ရွေးစရာများလှသော မီနူးကို ကြည့်ရင်း သူမ၏စိတ်ထဲတွင် ရွေးရခက်ခဲနေသည်။


 "မေမေ... သားတို့ဒီဟာမှာရအောင် "  ရှင်းရှင်းသည် မီနူးစာအုပ်ကို အနည်းငယ်လှန်ပြီးနောက် ချက်ချင်းဆုံးဖြတ်ချက်ချလိုက်၏။


 သူညွှန်ပြသည်မှာ အသားကင်ဖြစ်သည်။


မီနူးပုံတွင် ပန်းပွင့်ပုံစံဖော်ထားသောမုန်လာဥနီကလေးပါ၏။ထို့ကြောင့်လည်း ရှင်းရှင်းက ရွေးချယ်ခြင်းဖြစ်သည်။


 “ကောင်းပြီ...  ဒါနော်”  ချန်းဟွမ်က လေယာဉ်မယ်အား ရှင်းရှင်းညွှန်ပြသည့်ဟင်းပွဲကို ပြောပြလိုက်၏။ထို့နောက် ကျန်းမင်ယွမ်ဘက်သို့လှည့်ပြီး ထပ်မေးသည်။ 


" ရှင်ရော ဘာမှာမလဲ "


 " မင်းတို့နှစ်ယောက်နဲ့ အတူတူပဲမှာလိုက် " 


ကျန်းမင်ယွမ်က မျက်နှာသေဖြင့်ပြန်ပြော၏။


ကျန်းမင်ယွမ်သည် တစ်ချိန်လုံး တိတ်ဆိတ်နေပြီး သူ၏အတွေးများကို မည်သူမှ မသိနိုင်ချေ။


ချန်းဟွမ်က ကျန်းမင်ယွမ်အားဆက်မေးသည်။


 “ သောက်စရာကရော...” 


 “ရေဆိုရင် အဆင်ပြေတယ် ”


 “‌ ကောင်းပြီ ” 


 ချန်းဟွမ်က လေယာဉ်မယ်ဘက်သို့ပြန်လှည့်လိုက်သည်။ 


 "နောက်ထပ် အသားကင်တစ်ပွဲနဲ့ ရေနှစ်ခွက်ပါ  " 


 ထို့နောက်သူမသည် ရှင်းရှင်းအား နောက်တစ်ကြိမ်ထပ်မေးပြန်သည်။


" သားသားရော ဘာသောက်မလဲ "


 "ဒီတစ်ခု.... "  ရှင်းရှင်းသည် အဖျော်ယမကာပုံတစ်ခုကို ထောက်ပြသည်။


 "အုန်းရည် တစ်ခွက်ပါ "


 "ဟုတ်ကဲ့ပါ " လေယာဉ်မယ်က ပျူငှာစွာပြန်ဖြေပြီး လောင်လျှိုတို့မိသားစုဘက်သို့ ဦးတည်သွား၏။


 


 လောင်လျှိုနှင့် သူ့မိသားစုသည် အစားအသောက်ကို အငြင်းအခုန်ဖြစ်နေကြသည်။


လောင်လျှိုက ထမင်းစားချင်သော်လည်း မစ္စလျှိုက အသားကင်ကိုသာ ပိုတောင့်တ၏။


တစ်ယောက်သည် ထမင်းမှာ အရသာမရှိဟု ပြောပြီး ကျန်တစ်ယောက်သည် အသားကင်က ငြီးငွေ့စရာကောင်းကြောင်း ပြန်လည်ချေပပြန်သည်။


 လင်မယားနှစ်ယောက်သား ရန်ဖြစ်လုနီးပါး ဖြစ်နေချိန်တွင် ဘေးတွင်ထိုင်လျက် ဇာတ်ကားကြည့်နေသော သားဖြစ်သူက ခေါက်ဆွဲထမှာ၏။


" ဒါမျိုး သုံးပွဲပေးပါ... ကျေးဇူးတင်ပါတယ် "


စကားဆုံးသည်နှင့် ရန်ပွဲက ချက်ချင်းရပ်တန့်သွားပြီး လင်မယားနှစ်ယောက်က သားဖြစ်သူကို မဲကြတော့သည်။


 ထို့နောက် စားချင်သောအရာများကို အသီးသီးမှာလိုက်ကြ၏။


 " ထမင်းတစ်ပွဲ ၊ အသားကင်တစ်ပွဲနဲ့ ခေါက်ဆွဲတစ်ပွဲပေးပါ "


 လေယာဉ်မယ်သည် ပရော်ဖက်ရှင်နယ်ဆန်‌သော အပြုံးလှလှလေးကို ထိန်းထားရသော်လည်း သူမထွက်ခွာသွားချိန်၌ သက်ပြင်းချဖြစ်အောင် ချလိုက်မိသေးသည်။


နောက်ခရီးသည်အတွက် အမှာစာယူသောသူမ၏လေသံမှာ ပိုနူးညံ့နေလေသည်။


Xxxxxxx


Chapter 140


“စိတ်မရှိပါနဲ့...”  ငြင်းခုံပြီးသွားသောအခါ မစ္စလျှိုက အနည်းငယ် ရှက်ရွံ့သွားပြီး ချန်းဟွမ်အား ပြောလာသည်။


 "အန်တီတို့က အစားအသောက် အကြိုက်မတူကြဘူး...အမြဲငြင်းခုန်နေရရော " 


ဘေးတွင်ထိုင်နေသော လောင်လျှိုကလည်း ရယ်မောနေ၏။


 ဤသည်မှာ အခြား မိသားစု၏အရေးကိစ္စဖြစ်သောကြောင့် ချန်းဟွမ်သည် မှတ်ချက်တစ်စုံတစ်ရာမပေးဘဲ ပြုံးရုံသာပြုံးပြသည်။


 သို့သော် မစ္စလျှိုက ကြံဖန်တွေးကာ မိသားစုနှစ်စုကို နှိုင်းယှဉ်ကြည့်တော့၏။ရရှိလာသောခံစားချက်က မစ္စလျှိုကို နာကျင်စေသည်။ 


ချန်းဟွမ်တို့နှစ်ယောက်အား အပြန်အလှန်မေတ္တာရှိသော စုံတွဲမဟုတ်ဟုထင်‌ခဲ့သော မစ္စလျှို၏အမြင်မှာ ပြောင်းလဲသွားပြီဖြစ်၏။သူမက အနည်းငယ် ငြူစူရင်း ပြောသည်။


  "မင်းတို့မိသားစုကမှ တော်သေးတယ်..."


 ချန်းဟွမ်ကပြုံးပြလိုက်၏။


 " နှစ်ယောက်သားက အရမ်းချစ်ဖို့ကောင်းတာပဲ" 


မစ္စလျှိုသည် အစားအသောက် မှာယူခြင်းကိစ္စမှ ဇနီးမောင်နှံများကြား ဆက်ဆံရေးအ‌ကြောင်းဆီသို့ ခေါင်းစီးလွှဲသွားတော့သည်။


ခင်ပွန်းသည်၏အတိတ်ကိုပြန်ဆွကာ တစ်ကိုယ်တည်းအားမလိုအားမရဖြစ်နေတော့၏။


  “ဟော့ဒီက လောင်လျှို ငယ်ငယ်တုန်းကတော့ အလုပ်လုပ်ဖို့လောက်ပဲသိတာလေ...တစ်ခါတစ်လေဆို လနဲ့ချီပြီး ကိုမတွေ့ဖြစ်ဘူး...တစ်ခါတုန်းကဆို ခြောက်လလောက်ကြာမှအိမ်ပြန်လာတော့ သူ့သားကပါ သူ့ကိုမေ့သွားတဲ့အထိပဲ ”


 "ဟုတ်တယ်လေ အဲ့ဒါကြောင့်ပဲ မင်းတို့နှစ်ယောက်ကို ထောက်ပံ့ပေးနေနိုင်တာပေါ့ "  လောင်လျှိုက မကျေနပ်စွာဖြင့်ပြန်လည်တုံ့ပြန်သည်။


  " မင်းသာငါ့အကြောင်း များများပြောပေးရင် သားက ငါ့ကို ဘယ်လိုမေ့မလဲ "


 "ဒါဆို ကျွန်မအပြစ်လို့ ပြောနေတာလား"


 "အဲ့သဘောမဟုတ်ဘူး"


 "ဒါဆို ဘာသဘောလဲ ပြောလေ "


 “…...…”


 လင်မယားနှစ်ယောက်သား အတိတ်​ကိုပြန်လည်စမြုံ့ပြန်ပြီး ရန်မီးပွားနေကြ၏။ချန်းဟွမ်က အနည်းငယ် နေရခက်နေသည်။ အခြားဘက်သို့လှည့်ကြည့်လိုက်‌သောအခါ ကျန်းမင်ယွမ်က သူမအားစိုက်ကြည့်လျက်ရှိသည်ကို တွေ့လိုက်ရ၏။


 "ဘာဖြစ်လို့လဲ..."  ချန်းဟွမ်က မေးသည်။


 “ဘာမှမဖြစ်ပါဘူး” ကျန်းမင်ယွမ်က အဝေးတစ်နေရာသို့ အကြည့်လွှဲပြီးပြောလိုက်၏။


 သူ၏စိတ်ထဲတွင် တစ်စုံတစ်ခုရှိနေပုံရသော်လည်း

လေယာဉ်ထဲ၌ ဆွေးနွေးရန်မသင့်တော်ပေ။


လောင်လျှိုနှင့်ဇနီးသည်တို့သည် လေယာဉ်မယ်မှ အစားအစာများ ယူဆောင်မလာခင်အထိ ငြင်းခုန်နေခဲ့ကြသည်။ အစားအသောက်များတည်ခင်းပေးပြီးသည်နှင့် ပထမတန်းတစ်တန်းလုံးတွင် စားသောက်သံများသာထွက်ပေါ်နေ၏။


ရှင်းရှင်းသည် ယခင်က အသားကင်မစားခဲ့ဖူးပေ။


ထို့ကြောင့် ခက်ရင်းနှင့်ဓားအား မည်သို့သုံးရမည်ကို နားမလည်ချေ။


ချန်းဟွမ်က ရှင်းရှင်း၏ပန်းကန်ကိုယူကာ အသားကင်ကို အတုံးသေးသေးလေးများဖြစ်အောင် လှီးဖြတ်ပေးလိုက်သည်။


  " ရော့...ခက်ရင်းနဲ့ ထိုးစားလိုက်ရုံပဲ "


 "ကျေးဇူးတင်ပါတယ် မေမေ " ရှင်းရှင်းက ခေါင်းငုံ့ပြီးပြော၏။


 "ရပါတယ် ရှင့်"  


ချန်းဟွမ်က သားဖြစ်သူ၏ခေါင်းကို ပွတ်သပ်လိုက်ပြီး ကျန်းမင်ယွမ်သည်လည်း ရှင်းရှင်း၏လက်ထဲမှ  ဓားနှင့် ခက်ရင်းအား စိုက်ကြည့်လျက်ရှိသည်ကို သတိထားမိသွားသည်။ အောက်သို့ငုံ့ကြည့်လိုက်သောအခါ ကျန်းမင်ယွမ်၏ပန်းကန်ထဲ၌ အသားတုံးသေးသေးလေးများလှီးဖြတ်ထားသည်ကိုတွေ့ရ‌၏။


မည်သူ့အတွက် လှီးထားခြင်းဖြစ်ကြောင်းမပြောလည်း သိသာလွန်းသည်။


 "ဪ... ဘာလို့ စောစောကမပြောတာလဲ"  


ချန်းဟွမ်က ပြုံးလျက်ပြော၏။


" လှီးပြီးသား ရှိမှန်းသိရင် လုပ်မပေးလိုက်ပါဘူး ဖြတ်ရတာ လက်ဝင်တယ် ”


 သူမ၏စကားဆုံးသည်နှင့် တစ်ပြိုင်နက် လက်တစ်ဖက်က ဘေးနားသို့ ရောက်ရှိလာသည်။ကျန်းမင်ယွမ်က သူမ၏ပန်းကန်နှင့် သူ့ပန်းကန်ကိုလဲလှယ်ပစ်လိုက်၏။


 


 “ငါ မထိရသေးဘူး” 


ကျန်းမင်ယွမ်က ခေါင်းငုံ့ကာ အသားကင်ကိုလှီးဖြတ်နေရင်းပြောသည်။


   “မြန်မြန်စား...  အေးရင် အရသာ မကောင်းဘူး”


 သူမ၏ ဘဝသက်တမ်း နှစ်ခုလုံးတွင်

ဆန့်ကျင်ဘက်လိင်ထံမှ အသားကင်လှီးဖြတ်ပေးခြင်းမျိုးကို မကြုံရဖူးပေ။သူမသည် ယခင်ဘဝ၌အမြဲလိုလိုတစ်ကိုယ်တည်း စားခဲ့ခြင်းကြောင့်လည်းဖြစ်မည်။


 ထို့ကြောင့် ဤကဲ့သို့ဂရုစိုက်ခံရခြင်းက ထူးဆန်းနေသည်။ချန်းဟွမ်သည် ပါးစပ်ထဲသို့ အသားတစ်တုံးထည့်ကာ တစ်ဖက်လူကို ပြုံးပြလိုက်သည်


 လေယာဉ်ပေါ်မှ အစားအသောက်သည် စားသောက်ဆိုင်တစ်ခုနှင့် ယှဉ်၍မရပေ။


 အသားကင်မှာ အနည်းငယ်အကျက်လွန်ပြီး အရသာရှိရုံမျှပင်ဖြစ်သည်။သို့သော်သုံးယောက်သားက ကောင်းကောင်းမွန်မွန်စားသုံးခဲ့ကြ၏။


 ညစာစားပြီးနောက်တွင် ရှင်းရှင်းသည် လောင်လျှို၏ငယ်ရွယ်စဥ်က ဇာတ်လမ်းများကို ဆက်လက်နားထောင်ခဲ့သည်။ 


ယခုပြောနေသည်မှာ တိုက်ခိုက်ရေးအကြောင်းဖြစ်၏။


 “ စစ်တပ်ထဲကို စဝင်ဝင်ချင်း သေနတ် သုံးချက်ပစ်ရတယ်... ဦးလေးက ‌ဗဟိုကို နှစ်ကြိမ်ထိပြီး ကျန်တဲ့တစ်ချက်က အဝိုင်းနားလေးမှာ သီသီလေးပဲလိုတော့တာကွ...နည်းပြဆရာကတောင် မှပြောသေးတယ် လက်ဖြောင့်သေနတ်သမားဖြစ်လာဖို့ အလားအလာရှိတယ်ဆိုပြီးတော့ ”  


လောင်လျှိုသည် သူ၏ဇာတ်လမ်းကို ပြောပြရာတွင် အလွန်စိတ်လှုပ်ရှားနေသည်။ 


ထို့နောက် ရှင်းရှင်းကိုမေးလာ၏။


  "လက်ဖြောင့်သေနတ်သမားဆိုတာ ဘာလဲသိလား ကလေးလေး "


 ရှင်းရှင်းက ခေါင်းခါ၏။


 "မကြားဖူးဘူး... မသိဘူးဗျ" 


ကလေးက ရိုးရိုးသားသားပင် ပြန်ဖြေသည်။


 “လက်ဖြောင့်သေနတ်သမားဆိုတာက ပစ်ခတ်မှုအပိုင်းကိုတာဝန်ယူရတဲ့သူပေါ့ကွာ... အရမ်းတော်ပြီး ဘယ်လောက်ဝေးဝေးကနေပဲဖြစ်ဖြစ် ထိအောင်ပစ်နိုင်တဲ့သူမျိုးပေါ့ "


 လောင်လျှိုက လက်ဖြင့်သေနတ်ပုံစံလုပ်ကာ " ဘန်း... ဘန်း ... ဒီလိုမျိုးပစ်ရတာ " ဟုပြောပြလ်ုက်သည်။


 ရှင်းရှင်းကလည်း လောင်လျှိုကိုအတုခိုးပြီး အလားတူပင်လိုက်လုပ်၏။ထို့နောက် အမေဖြစ်သူဘက်သို့လှည့်ကြည့်သည်။


ရှင်းရှင်း၏မျက်လုံးများက တောက်ပနေပြီး ချန်းဟွမ်အား သူ၏ရည်မှန်းချက်အသစ်အကြောင်း ပြောပြလာ၏။


 "မေမေ...သားကြီးလာရင် လက်ဖြောင့်သေနတ်သမား ဖြစ်ချင်တယ်"


Xxxxx