အပိုင်း ၁၄၁-၁၄၂
Viewers 20k

Chapter 141


ချန်းဟွမ် သားဖြစ်သူ၏ရည်ရွယ်ချက်အသစ်ကို အပြည့်အဝထောက်ခံ​ကြောင်း ပြောလိုက်လေသည်... 


" ဒါဆို သားက ဒီထက်ပို ပိုကောင်းလာအောင်ကြိုးစားရမယ်နော်... အတော်ဆုံး အကောင်းဆုံးဖြစ်မှ စနိုက်ပါတစ်ယောက်ဖြစ်မှာလေ..."


" သားက အတော်ဆုံးထဲက အတော်ဆုံးပဲလေ..." ရှင်းရှင်းလေးသည် နှိမ့်ချခြင်း လုံးဝမရှိပါဘဲ ပြန်ဖြေလေသည်... 


ချန်းဟွမ် " ••• " (ဆွံ့အ)


လေယာဉ်ပေါ်တွင် အင်တာနက်လိုင်း မရပါချေ... တချို့လူများသည် ညစာစားပြီးနောက် အိပ်မောကျသွားကြပြီး တချို့သူများကတော့ အချင်းချင်း ခပ်တိုးတိုး စကားစမြည်ပြောကြလေသည်...


ချန်းဟွမ်နှင့်လောင်လျှိုတို့မိသားစုမတော်တဆတွေ့ဆုံခဲ့ခြင်းဖြစ်ကာ လောင်မိသားစုမှာလည်း အေးဆေးသမားများဖြစ်တာကြောင့် စကားစမြည်ပြောဖြစ်ခဲ့ကြ၏... လောင်လျှိုသည် သူ့ငယ်ဘဝအကြောင်းကို အချိန်တော်တော်ကြာကြာ ကြွားလုံးထုတ်ပြောဆိုခဲ့ပြီးနောက်တွင်တော့ ကျန်းမင်ယွမ်နှင့် စီးပွားရေးလုပ်ငန်းများအကြောင်း စကားဆက်လိုက်မိပေသည်...


လောင်လျှိုသည် စစ်တပ်မှ ထွက်ခဲ့ပြီးနောက် အလုပ်အသစ်တစ်ခု မလျှောက်ခဲ့ဘဲ စစ်တပ်မှသူ့ရဲဘော်ရဲဖက်တစ်ဦးနှင့်အတူ တောင်ပေါ်ရှိ စိမ်းလန်းစိုပြေသောမြေကွက်တစ်ခု၌ လိမ္မော်သီးများကို စတင်စိုက်ပျိုးခဲ့ချေတယ်... ဤသို့ဖြင့် ဆယ်နှစ်ကျော်အကြာပြီး လက်ရှိတွင်တော့ ထိုမြေကွက်တွင် အသီးအနှံမျိုးစုံဖြင့် ပြည့်နှက်နေခဲ့လေပြီ...  တစ်ဖက်တွင်လည်း လောင်လျှိူသည် လူသိများသော သစ်သီးရောင်းဝယ်ရေးဘုရင်ဖြစ်လာခဲ့ကာ သူ၏အသီးအနှံများကိုပင် နိုင်ငံခြားသို့ တင်ပို့နိုင်ခဲ့ပေ၏...


ကိုယ်ပိုင်လုပ်ငန်း စတင်လုပ်သည့်ကိစ္စများနှင့်ပတ်သက်ပြီး လောင်လျှိုဆီ၌ ပြောစရာစကားများ မကုန်နိုင်လောက်အောင် များလို့နေ၏... ကျန်းမင်ယွမ်သည်လည်း ငယ်စဥ်ကကိုယ်ပိုင်လုပ်ငန်းဖြင့် စတင်ခဲ့တာကြောင့် ​ကိစ္စတော်တော်များများတွင် လောင်လျှိုနှင့် တိုက်ဆိုင်လို့နေသည်... ထို့ကြောင့်လည်း ထိုအမျိုးသားနှစ်ဦးသည် တစ်ယောက်နှင့်တစ်ယောက် နောက်တစ်ကြိမ် ထိပ်တွေ့ရန် ဆန္ဒရှိနေကြပေသည်...


ဤသို့ဖြင့် တိတ်တဆိတ် စကားစမြည်ပြောနေစဉ် လေယာဉ်သည် ဝင်ကန်းကျွန်းလေဆိပ်သို့ ဆင်းသက်ခဲ့တော့၏...


ဝင်ကန်းကျွန်းသည် ထိုကျွန်းစုတွင် အကြီးဆုံးကျွန်းဖြစ်ပြီး ၃၀၀,၀၀၀စတုရန်းကီလိုမီတာ ကျယ်ဝန်းကာ အုန်းပင်များစွာဖြင့် လှပသောရှုခင်းများလည်း ရှိသည်...


မိသားစုနှစ်စုသည်လည်း သွားမည့်ဦးတည်နေရာတူညီကြတာကြောင့် အတူတူ ခရီးဆက်ရန်သာ စီစဉ်လိုက်ကြလေတယ်... ချန်းဟွမ်သည် သူမ ပြင်ဆင်နေသောစာရွက်စာတန်းများ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်... သူမသည် ကြီးမားသောခရီးဆောင်အိတ်နှစ်လုံးကို ဆွဲလာခဲ့ပြီး ကျန်းမင်ယွမ်ကတော့သည် အိပ်ပျော်နေသောသားဖြစ်သူကို လက်တစ်ဖက်နှင့်ချီထားကာ နောက်လက်တစ်ဖက်ဖြင့် ခရီးဆောင်တစ်အိတ်ကို သယ်ယူလာခဲ့သည်...


ဝင်ကန်းကျွန်းသည် ပင်လယ်နှင့် အလွန်နီးကပ်ပြီး လေဆိပ်မှ ဆိပ်ကမ်းအထိ ဆယ်မိနစ်ခန့်သာ ဘတ်စ်ကားစီးရ၏...


ဆိပ်ကမ်းနား၌ အပျော်စီးသင်္ဘောကြီးတစ်စင်း ရပ်ထားသည်... ထိုသင်္ဘောသည် အလွန်မြင့်ပြီး ရေပြင်မှ မီတာ ၆၀မှ၇၀ခန့်အထိ မြင့်မားပေသည်... 


ကျန်းမင်ယွမ် ချန်းဟွမ်နှင့်အတူ အပျော်စီးသင်္ဘောပေါ်သို့ တက်သွားသောအခါ ဝန်ထမ်းတချို့က " မစ္စတာကျန်း " ဟု တလေးတစားနှုတ်ဆက်ကြပြီး ခရီးဆောင်အိတ်များကို သယ်ဆောင်သွားပေးကြသည်...


အပျော်စီးသင်္ဘောကြတွင် စုစုပေါင်း ၁၆ထပ်ရှိပြီး ကျန်းမင်ယွမ်က အပေါ်ဆုံးအထပ်တွင် ဟိုတယ်အခန်း ဘိုကင်ယူထားခြင်းဖြစ်ကာ လောင်လျှိုတို့က ၁၀ထပ်တွင် ဘိုကင်ယူထားခြင်းဖြစ်သည်... မိသားစုနှစ်စုသည် အထပ်ကွာလွန်းတာကြောင့် လမ်းတစ်ဝက်တွင် လမ်းခွဲခဲ့ကြပြီး နောက်တစ်နေ့တွင် ပြန်လည်တွေ့ဆုံရန် အစီအစဉ်ဆွဲထားခဲ့လိုက်ကြသည်...


အပေါ်ဆုံးထပ်သို့ ရောက်သောအခါ ဝန်ထမ်းကသော့ကတ်နှစ်ကတ်ကို ပေးလိုက်ကာ ခရီးဆောင်အိတ်များကို အထဲမှာ ထည့်ပေးလိုက်ပြီးနောက် တစ်ဖက်တွင် ငြိမ်သက်စွာ ရပ်နေခဲ့လေသည်...


ကျန်းမင်ယွမ်က ဝန်ထမ်းကို ပြန်လွှတ်လိုက်ပြီးနောက် အခန်းထဲဝင်သွားကာ သားဖြစ်သူကို ကုတင်ပေါ်တင်လိုက်ပြီး ဖိနပ်ချွတ်၍ စောင် ခြုံပေးလိုက်သည်...


ထိုအခန်းထဲတွင် ဧည့်ခန်း၊ အိပ်ခန်းတစ်ခန်း၊ စာကြည့်ခန်းနှင့် ရေချိုးခန်းတို့ အစုံအလင် ပါရှိပေ၏... ချန်းဟွမ် အခန်းတစ်ဝိုက်လှည့်ပတ် ကြည့်ရှုနေစဥ် အတွင်းဘက်တွင် ရေကူးနိုင်လောက်အောင်ကျယ်ဝန်းလှသည့်ရေချိုးကန်ကြီးကိုတွေ့လိုက်ရသောကြောင့် အတော်လေး အံ့အားသင့်မိသွားသည်...


သူဌေးတွေရဲ့ဘဝက ဒီလိုပုံစံလားဟုပင် တီးတိုးရေရွတ်လိုက်မိ၏...


 ဒီခရီးစဉ်ကို သူမစိတ်ကူးထားသည်ထက် ပိုလို့ပင် စိတ်လှုပ်ရှားလာသလို ခံစားမိပေသည်...


ထိုစဥ် ကျန်းမင်ယွမ်က သူမ အနားသို့ ရောက်လာခဲ့ပြီး " ရှင်းရှင်းကို ဒီည ကိုယ်နဲ့အိပ်ခိုင်းလိုက်ပါ... သူနိုးလာရင် ကိုယ်ရေချိုးပေးလိုက်မယ်... မင်းလည်း ပင်ပန်းနေမှာပေါ့...စောစောနားလိုက်အုံး... သန္တာကျောက်နီကျွန်းကိုရောက်ဖို့ ဒီနေရာကနေ ရှစ်နာရီလောက် ထပ်သွားရအုံးမှာ... မနက် မင်းနိုးတဲ့အခါမှ ကိုယ်တို့ အဲ့ကျွန်းကို ရောက်လောက်မှာ... " 


ချန်းဟွမ် သူ့ကို လှည့်ကြည့်လိုက်ချိန်တွင် အခန်းတွင်းရှိ အလင်းရောင်ကြောင့်လားမသိ ထိုအမျိုးသား၏အကြည့်တို့သည် ယခင်ကထက်ပိုလို့ပင် နူးညံ့နေပုံရ၏... 


" သွားရအောင်... ကိုယ် မင်းရဲ့အခန်းကို လိုက်ပြပေးမယ်..."


 ချန်းဟွမ် ခေါင်းညိမ့်ပြလိုက်ကာ ပြန်ဖြေလိုက်သည်


... " ဟုတ်ပါပြီ... "


သူမ၏အခန်းသည် ကျန်းမင်ယွမ်အခန်းနှင့် ဘေးချင်းကပ်သာဖြစ်သော်လည်း အခန်းနှစ်ခန်းက လွန်စွာကွာခြားလှ၏... ကျန်းမင်ယွမ်၏အခန်းပုံစံက ရိုးရှင်းသော်လည်း သူမ အခန်းပုံစံမှာတော့ အလယ်ခေတ်ပုံစံဖြစ်ပြီး အခန်းက အနည်းငယ်မှောင်နေပြီး နံရံပေါ်မှ ပန်းချီကားများမှာ သူမအတွက်ကြောက်စရာကောင်းနေသည်...


ချန်းဟွမ်သည် ထိုပန်းချီကားတို့ကြောင့် အနည်းငယ် ကြောက်ရွံ့သွားခဲ့ပြီး ကျန်းမင်ယွမ်နှင့်အခန်းချင်းလဲရန် ပြောတော့မည့်အချိန်တွင် သူ က အခန်းမီးကို ဖွင့်လိုက်သည်... 


 စောနက လွန်စွာကြောက်စရာကောင်းခဲ့သောအခန်းသည် ချက်ချင်းပင် လင်းထိန်သွားပြီး လှပကျော့ရှင်းနေလေသည်


Xxxxxxx


...


Chapter 142

{ ကျန်းမင်ယွမ်က ရှင်းရှင်းလေးကို ပထမဆုံးအကြိမ် ဆူခြင်း - ၂ }


အခန်းသည် အလင်းမဲ့နေချိန်တွင်သာ ကြောက်စရာကောင်းသည့်ပုံစံဖြစ်နေသော်လည်း... မီးဖွင့်လိုက်ချိန်မှာတော့ လွန်စွာခမ်းနားလှပသည်ဟုဆိုနိုင်ပေသည်.​


လက်ရှိရောက်နေသောနေရာသည် ဧည့်ခန်းဖြစ်ပြီး ၈၀~၉၀စတုရန်းမီတာ ကျယ်ဝန်းလှသည်... မျက်နှာကျက်သည်လည်း အလွန်မြင့်မားပြီး ၎င်းပေါ်တွင် ရှုပ်ထွေးလှစွာ ထွင်းထုထားသည့် အတောင်ပံများဖြန့်ကျက်ထားသော ကောင်းကင်တမန်တော်များကို တွေ့မြင်ရ၏... တမန်တော်များ၏အတောင်ပံများသည် ဖြူစင်ပြီး အပြစ်ကင်းစင်သည့်အသွင်ရှိသည်... ထို့ပြင် ၎င်းတို့အားလုံးသည် လည်ပင်းနှင့်လက်မောင်းများ ပတ်လည်တွင် ရွှေရောင်အဆင်းရှိသောတန်ဆာတို့ကို ၀တ်ဆင်ထားလျက် ရွှေအတိပြီးသောဝတ်စုံရှည်ကိုပင် ဝတ်ဆင်ထားသေးသည်... 


ချန်းဟွမ် ထို၀တ်စုံများကို ရွှေအစစ်ဖြင့် ပြုလုပ်ထားခြင်း ရှိမရှိ စေ့စေ့စပ်စပ် ကြည့်ရှုနေမိသေး၏...


" ဒီအခန်းထဲက ပစ္စည်းအားလုံးက အစစ်တွေချည်းပဲ... " 


သူမ အနီးနားမှ အမျိုးသားသည် သူမ၏စိတ်ကို ဖတ်လိုက်နိုင်သည့်အလား ပြောလာသောကြောင့် ချန်းဟွမ်မျက်လုံးများ ပြူးကျယ်သွားသည်အထိ အံ့သြသွားမိသည်... 


ထို့နောက် သူမသည် အခန်းကို လှည့်ကြည့်နေရင်း အခန်းထဲမှ ကော်ဇောသည် မယုံနိုင်လောက်အောင် နူးညံ့ပျော့ပျောင်းနေသည်ဟု သတိထားမိလာသည်... နူးညံ့ပျော့ပျောင်းလွန်းတာကြောင့် ဒေါက်ဖိနပ်ဝတ်ထားသောသူမအတွက် မတ်တပ်ရပ်နေရန်ပင် အတော်လေး ဟန်ချက်ထိန်းနေခဲ့ရသည်... ထို့ကြောင့် သူမ ဒေါက်ဖိနပ်ကို ချွတ်လိုက်ကာ ဆီဆေးပန်းချီကားတစ်ချပ်ရှိရာဆီသို့ လျှောက်သွားလိုက်သည်... 


" ဒါကရော အစစ်ပဲလား...? "

 

" ဒါက ပန်းချီဆရာ Repinရဲ့လက်ရာ ထင်တယ်... "


သို့သော် ချန်းဟွမ် ထိုနာမည်ကို တစ်ခါမျှ မကြားဖူးပေ... " သူက အရမ်းနာမည်ကြီးတာလား..? "


" နာမည်ကြီးတယ်လို့ ပြောလို့ရနိုင်ပါတယ်..."


 ကျန်းမင်ယွမ်သည် အနှီအမျိုးသမီးကို ထိုဆီဆေးပန်းချီကား၏ရေးဆွဲသူအကြောင်းကို အတိုချုံးပြောလိုက်သည်... ထိုပန်းချီဆရာသည် လွန်ခဲ့သော နှစ်ပေါင်း၂၀၀ခန့်က ကျော်ကြားခဲ့သော ပန်းချီဆရာတစ်ဦးပင်...


ချန်းဟွမ်က ရှင်းပြချက်ကို နားထောင်ပြီးနောက် သူ့ကို အထင်ကြီးဟန်ဖြင့် ကြည့်လိုက်မိသည်... ပြီးနောက် သူမ နောက်ပန်းချီကားတစ်ချပ်ဆီသို့ ဆက်လျှောက်သွားခဲ့ကာ ထပ်မံမေးမြန်းပြန်၏...


 " ဒါကရော? "


" အဲ့ဒါက ပန်းချီဆရာBraunရဲ့ပန်းချီကားလေ... သူက အသက်၂၀လောက်တည်းကပန်းချီဆရာ စဖြစ်ခဲ့တာ... " 


ထိုဆီဆေးပန်းချီကားတွင် အနီရောင်ဂါဝန်ကို ဝတ်ဆင်ထားသောအမျိုးသမီးတစ်ဦး၏အဝတ် မရှိသောကျောပြင် ဖွေးဖွေးကို မြင်တွေ့ရပေသည်... ပန်းချီကားထဲမှအမျိုးသမီးသည်သူမ၏ဦးခေါင်းသည် မော့ထားပြီး ပခုံးနှစ်ဖက်ကို လိပ်ပြာတောင်ပံများကဲ့သို့ ဖြန့်ထားသည်.. သူမ၏အရေပြားနေရာတချို့မှ စူးရှပြီးအနက်ရောင်ငှက်မွှေးများ ထွက်လို့နေသေး၏... အနီ၊အဖြူနှင့်အနက်တို့ အသေအချာပေါင်းစပ်ထားသည့်ဆီဆေးပန်းချီကားကောင်းတစ်ချပ်ပင်...


ချန်းဟွမ် ထိုပန်းချီကားရှေ့တွင် အချိန်ကြာကြီး ရပ်နေခဲ့ရင်း ပန်းချီကားထဲမှအမျိုးသမီး၏ပုခုံးကို လှမ်းကိုင်လိုက်ပြီး ထိုအမျိုးသမီး နောက်ကျောမှ ထွက်ပေါ်လာသောငှက်မွှေးသဏ္ဍာန်တောင်ပံများကို ထိတွေ့ကြည့်မိသည်...  "သူမ တကယ်လှတယ်..."


ကျန်းမင်ယွမ်ကတော့ ချန်းဟွမ်ကဲ့သို့ ဆီဆေးပန်းချီကားကို မှတ်ချက်မပေးပေ.. သူက စီးပွားရေးသမားတစ်ဦးဖြစ်သောကြောင့် အရာဝတ္ထုများအားလုံးကို ၎င်းတို့၏ငွေကြေးတန်ဖိုးဖြင့်သာ တိုင်းတာလေ့ရှိသည်... ယခုပန်းချီကားကို သတိထားမိသည့်တစ်ခုတည်းသောအကြောင်းအရင်းမှာလည်း ဒီပန်းချီကားသည် လေလံတင်ရောင်းချမှုတွင် ကြေးအများဆုံးဖြစ်နေသောကြောင့်ပင်...


" မင်း အိပ်သင့်ပြီ... မဟုတ်ရင် မနက်ကြ မနိုးဘဲဖြစ်နေမယ်... "


" ဟုတ်ပါပြီ... " 


ချန်းဟွမ် ပြန်ဖြေလိုက်ရင်း ပန်းချီကားထဲမှအမျိုးသမီးကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ပြီးနောက် ကျန်းမင်ယွမ်ကို ပြန်ကြည့်မိလိုက်လေသည်... 


" ဒီလို စျေးကြီးတဲ့နေရာမျိုးမှာ ကျွန်မ အိပ်မပျော်ဘဲနေမှာ ကြောက်တယ်... " 


ချန်းဟွမ်သည် ထိုစကားဖြင့် အနှီအမျိုးသားကို စနောက်လိုက်ချေတယ်... 


သို့သော် ထိုအမျိုးသားကတော့ စနောက်နေမှန်း မသိရှာပေ... " စိတ်မပူပါနဲ့... တစ်ခုခုပျက်စီးသွားခဲ့ရင် ကိုယ် အကုန်လျော်ပေးနိုင်တယ်..." 


ချန်းဟွမ် ထိုစကားကြောင့် ရယ်ပင် မရယ်နိုင်တော့ချေ... 


ခေတ္တအကြာတွင်တော့ သူမသည် စနောက်နေမှန်းမသိသောအမျိုးသားကို ကြည့်လိုက်ရင်းသက်ပြင်းတစ်ချက်ချကာ နှုတ်ဆက်လိုက်၏..


 " ကောင်းပါပြီ... ကဲပါ... ရှင်လည်း ပင်ပန်းနေပြီပေါ့... အနားယူလိုက်တော့... Good night... "


 ကျန်းမင်ယွမ် ခေါင်းညိမ့်ပြလိုက်ပြီး သူ့အခန်းထဲမှ ချန်းဟွမ်၏ခရီးဆောင်အိတ်ကို သွားယူပေးခဲ့ပြီးနောက် ထွက်သွားလေ၏...


အခန်းတံခါးကိုပိတ်ပြီးနောက် ချန်းဟွမ် သက်ပြင်းတစ်ချက်ချလိုက်သည်... ခရီးဆောင်အိတ်ကို ဖွင့်ကာ အဝတ်အစားတစ်ထည်ကို ထုတ်ယူလိုက်ပြီး ရေချိုးခန်းထဲသို့ လျှောက်သွားရင်း ရေကူးနိုင်လောက်အောင် ကျယ်ဝန်းလှသောရေချိုးကန်ကို ကျော်ဖြတ်ကာ ရေချိုးလိုက်သည်...


ရေချိုးခန်းအတွင်း၌ ရေချိုးခန်းသုံး ပစ္စည်းများသည် အသစ်ဖြစ်နေဆဲပင်... ချန်းဟွမ် ထိုအသုံးအဆောင်တို့၏တံဆိပ်ကိုတစ်ခါမျှ မမြင်ဖူးပေ... သူမ ရေချိုးဆပ်ပြာရည်ဘူးကို ဖွင့်ကာ လက်ဖဝါးထဲသို့အနည်းငယ်လောင်းထည့်ပြီး ရှူရှိုက်လိုက်သည်...


ဆပ်ပြာရည်ရနံ့လေးကို ရှူရှိုက်လိုက်ပြီးနောက်တွင် သူမသည် ဆပ်ပြာရည်များကို သူမ ခန္ဓာကိုယ်အနှံ့ ပွတ်တိုက်လိုက်၏... ရေချိုးဆပ်ပြာရည်က ရနံ့မွှေးပျံ့တာကြောင့် သူမသည် ရေချိုးပြီးသည့်နောက်အထိ နှစ်လိုဖွယ်ရနံ့ကို ရရှိနေဆဲပင်...


အိပ်ခန်းသည် ရေချိုးခန်းနှင့် ဘေးချင်းကပ်ဖြစ်ပြီး ဧည့်ခန်းကဲ့သို့ပင် အလွန်ကျယ်ဝန်းလှပေသည်...


ခေတ္တအကြာတွင်တော့ သူမသည် ကုတင်ပေါ်တွင် လဲလျောင်းနေရင်း မျက်နှာကျက်ပေါ်ရှိ ရောင်စုံပန်းချီကားကို စိုက်ကြည့်ကာ အတွေးနယ်ချဲ့နေမိတော့သည်... နောက်ဆုံးတွင် သူမ အိပ်ပျော်သွားသည့်အခါ ပန်းချီကားထဲမှသူများ အသက်ဝင်လာလေမလားဟု တွေးတောနေခဲ့မိ၏...


Xxxxxx