Chapter 143
{ ကျန်းမင်ယွမ်က ရှင်းရှင်းလေးကို ပထမဆုံးအကြိမ် ဆူခြင်း - ၃ }
ချန်းဟွမ် စိတ်ထဲတွင် ရူးသွပ်လှသော အတွေးမျိုးစုံဖြင့် အိပ်ရာပေါ် လှဲနေခဲ့သည်... ဤသို့ဖြင့် အခန်းအတွင်း၌ လှုပ်ရှားမှု တစ်စွန်းတစ်စမျှ မရှိတော့သည့်ချိန်တွင်လှုပ်ရှားမှု အာရုံခံမှ အခန်းမီးကို သူ့အလိုလို ပိတ်လိုက်ပြီး အခန်းသည် မူလအတိုင်း အမှောင်ယံတို့ ပြန်လည်လွှမ်းမိုးသွားခဲ့လေတော့သည်... အပျော်စီးသင်္ဘောကြီးသည် ရှေ့သို့ တည်ငြိမ်စွာ ခရီးဆက်ခဲ့ပြီး ကုန်းမြေနှင့် တဖြည်းဖြည်းဝေးကွာလာခဲ့လေတယ်... ချန်းဟွမ်သည် အိပ်မပျော်နိုင်ဘူးဟုထင်ထားခဲ့သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် သူမသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခဲ့၏...
နောက်နေ့ မနက်၆နာရီခွဲတွင် သူမ နိုးထလာခဲ့သည်... နေမင်းကြီးမှာလည်း ထွက်လာခါစဖြစ်တာကြောင့် မျက်စိကျိန်းလောက်အောင် မတောက်ပသေးပေ..
ချန်းဟွမ်က ညဝတ်ဂါဝန်ကို ဝတ်ထားဆဲပင်... သူမ ပြတင်းပေါက်မှ လိုက်ကာကို ဆွဲဖွင့်လိုက်ပြီး မနက်ခင်းနေရောင်ခြည်၏နွေးထွေးသောအလင်းရောင်လေးကို ခံယူရင်း စိတ်တည်ငြိမ်အေးချမ်းမှု ရယူနေခဲ့လေသည်...
ပြတင်းပေါက်၏အပြင်ဘက်တွင်တော့ အဆုံးမရှိတဲ့ပင်လယ်ပြင်ကြီးကို မြင်တွေ့ရသည်... ထို့နောက်တွင် ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး ပင်လယ်ပြင်မှစိုစွတ်သောလေထုကို ခံစားလိုက်သေး၏... ခေတ္တအကြာတွင်တော့ ချန်းဟွမ်တစ်ယောက် အကျောဆန့်နေစဥ် အခန်းတံခါးခေါက်သံကို ကြာလိုက်ရတော့သည်... တံခါးခေါက်သံအပြီးတွင် ရှင်းရှင်းလေး၏အသံကိုလည်း ထပ်မံကြားလိုက်ရသည်...
သူမသည် ကုတင်ပေါ်မှ ကော်ဇောပေါ်သို့ ခြေဗလာဖြင့် ဆင်းလိုက်ပြီး သူမ၏အပေါ်ခြုံအင်္ကျီကို ကောက်ခြုံလိုက်ပြီးနောက် တံခါးနားသို့ လျှောက်လာခဲ့၏...
ကျန်းမင်ယွမ်နှင့်ရှင်းရှင်းတို့ သားအဖနှစ်ယောက်သည် သူမ၏တံခါးအပြင်ဘက်တွင် ရပ်နေကြသည်... တံခါးဖွင့်လိုက်သည်နှင့် ရှင်းရှင်းလေးသည် အခန်းတွင်းသို့ ပြေးဝင်လာလေတယ်... " မေမေ... မေမေ သားရဲ့ဖားလေး ဘယ်မှာလဲ?? "
အခန်းထဲသို့ ရှင်းရှင်း ပြေးဝင်သွားချိန်၌ ကျန်းမင်ယွမ်သည် သားဖြစ်သာကို လှမ်းထိန်းရန် အချိန်မမှီလိုက်ချေ...သူ ချန်းဟွမ်ကို အားနာစွာ ကြည့်လိုက်မိရင်း " ကိုယ်တို့ကြောင့် နိုးသွားတာလား? ရှင်းရှင်းက ဟိုတယ်ကပေးတဲ့သွားတိုက်တံနဲ့ မတိုက်ဘူးလို့ ပြောနေလို့ "
" အဆင်ပြေပါတယ်... ကျွန်မလည်း နိုးတာကြာပါပြီ..."
ချန်းဟွမ် ပြုံးပြလျက် အခန်းတွင်းသို့ ဝင်ခွင့်ပြုလိုက်လေတယ်... ထို့နောက် အခန်းအတွင်းပတ်ပြေးနေသောသားဖြစ်သူကို ဆွဲဖက်လိုက်ပြီး " နေပါအုံး... သားရဲ့ဖားလေးကို မေမေရှာပေးမယ်နော်..."
ရှင်းရှင်းလေးပြောသော ဖားလေးဆိုသည်မှာ သူ့ကိုယ်ပိုင် သွားတိုက်တံနဲ့ သွားတိုက်ဆေးကို ရည်ညွှန်းခြင်းဖြစ်၏... သွားတိုက်တံနှင့် သွားတိုက်ဆေးသည် အစုံလိုက်ဖြစ်ပြီး ၎င်းတို့နှစ်ခုစလုံးတွင် ဖားပုံလေး ပါရှိပေသည်... တစ်နည်းဆိုရသော် ရှင်းရှင်းလေးသည် အလွန်သစ္စာရှိသူဖြစ်ပြီး သူအသုံးပြုသမျှကို အရောင်အဆင်းအတိုင်း တစ်ထပ်တည်းတူသောအရာများကို သာ အမြဲအသုံးပြုတတ်၏...
သူမ သားအတွက် သွားတိုက်ဆေးနည်းနည်းထည့်ပြီးနောက်တွင် ကျန်းမင်ယွမ်ကလေးလေးကို သွားတိုက်ဖို့ခေါ်သွားပြီး ချန်းဟွမ်ကတော့ တံခါးပိတ်ကာ အဝတ်အစားလဲဖို့ ပြင်ဆင်လိုက်သည်...
ချန်းဟွမ်က ဤနေရာ၏အပူချိန်ကို ကြိုတင်စစ်ဆေးထားပြီး နွေဦးနှင့်နွေရာသီဝတ်စုံများကိုသာ ယူဆောင်လာခဲ့လေသည်... သူမ ဝတ်ထားသော၀တ်စုံသည် ပိုးထည်ဖြင့် ပြုလုပ်ထားပြီး ပိတ်စသည်လည်း အလွန်ပေါ့ပါးသည့်အပြင် သူမနှင့်လည်း အလွန်လိုက်ဖက်လှ၏...
သူမ အဝတ်လဲ ပြင်ဆင်ပြီးနောက် ချန်းဟွမ်သည် သူမ၏ဆံပင်ကို စက်အနည်းငယ်ဆွဲလိုက်ပြီး မျက်နှာတွင်လည်း မိတ်ကပ်အချို့ကို လိမ်းခြယ်လိုက်ပေတယ်...ကျွန်းပေါ်တွင် အပူချိန် အနည်းငယ်မြင့်သောကြောင့် မိတ်ကပ်များများ မလိမ်းပါဘဲ ပေါ့ပါးသောမိတ်ကပ်လောက်သာ လိမ်းခဲ့၏... သူမမိတ်ကပ်လိမ်းပြီးသည့်ချိန် ကွက်တိတွင်ပင် ကျန်းမင်ယွမ်မှ အခန်းတံခါးလာခေါက်ပြန်သည်...
ချန်းဟွမ် သူမ၏နှုတ်ခမ်းနီကို ဘေးခဏချလိုက်ပြီး တံခါးသွားဖွင့်ပေးလိုက်သည်... ဒီတစ်ကြိမ်တွင်တော့ တံခါးအပြင်မှ အမျိုးသားနှင့်ကလေးငယ်တို့သည် အဝတ်အစားလဲထားပြီးခဲ့ပြီပင်...
" မနက်စာစားတော့မလား... ၁၁လွှာမှာ ဘူဖေးရှိတယ်... တကယ်လို့ အဲ့နေရာအထိ မသွားချင်ဘူးဆိုရင် အခန်းထဲအထိ ပို့ပေးဖို့ ပြောပေးမယ်လေ... " ကျန်းမင်ယွမ်သည် ချန်းဟွမ်ကို ငေးကြည့်မိရင်း ထိုစကားတို့ကို ပြောနေခဲ့လေသည်... ခေတ္တအကြာတွင်တော့ အနှီအမျိုသားသည် သူ့ကိုယ်သူ သတိပြန်ကပ်လိုက်ပြီး “ ဒီနေရာမှာက ပင်လယ်စာယာဂု တော်တော်ကောင်းတယ်လို့ ကြားတယ်...” ဟု ဆက်ပြောလေ၏...
" ကျွန်မတို့ အောက်ထပ်ဆင်းကြတာပေါ့... "
သူမ အခန်းထဲတွင် တစ်နေကုန် မနေချင်သောကြောင့်စကားပြောပြီးသည်နဲ့ အခန်းသော့ကို ကောက်ကိုင်လိုက်သည်.
သူမ ၀တ်စားပြင်ဆင်ထားခြင်းတွင် ပိုက်ဆံအိတ်မပါတာကြောင့် ချန်းဟွမ်သည် သူမ၏အခန်းသော့ကို ဘယ်နေရာတွင် ထည့်ရန် မသိဖြစ်နေပြန်သည်... စက္ကန့်ပိုင်းအကြာတွင်တော့ သူမသည် ဘေးမှအမျိုးသားကို တစ်ချက်ကြည့်လိုက်ပြီး အခန်းသော့ကို ထိုအမျိုးသား၏အိတ်ကပ်ထဲထည့်လိုက်တော့၏...
ကျန်းမင်ယွမ်ကလည်း ကလေးကို သူမဘက်သို့ တွန်းပေးလိုက်ပြီး " သားက မင်းကိုအရမ်းလွမ်းနေတာ..." ဟု ပြောလာခဲ့သည်...
ရှင်းရှင်းအတွက် ဒီတစ်ကြိမ်သည် သူ့အမေနှင့်မအိပ်ဘဲနေရသည်မှာ ပထမဆုံးအကြိမ်ဖြစ်လေတယ်... ကလေးလေးသည် အမေဖြစ်သူကို တွေ့ချိန်တွင်တော့ သူမ၏၀တ်စုံကို အတင်းဆွဲကိုင်ကာ ကြောင်လေးတစ်ကောင်လို ဖယ်တွယ်နေပြန်၏...
ချန်းဟွမ်ဝတ်ဆင်ထားသောဝတ်စုံသည် လည်ပင်းအကျယ်ပုံစံဖြစ်ပြီး ကလေးလေး က ဝတ်စုံကို အောက်သို့ အတင်းဆွဲလိုက်တာကြောင့် ရင်ဘတ်နားသို့ နိမ့်ဆင်းသွားပြီး ရင်သားအပေါ်ပိုင်းကို အလွယ်တကူ မြင်သွားရစေသည်... ကျန်းမင်ယွမ်သည် သားဖြစ်သူကြောင့် ချန်းဟွမ် အရှက်မကွဲစေရန် သားဖြစ်သူကို အလျင်အမြန်ဆွဲကိုင်လိုက်လေသည်...
ထို့နောက် သူ့သားကို ပထမဦးဆုံးအကြိမ် ဆူလိုက်သည်...
" လိုချင်တာကို ပါးစပ်နဲ့ပဲပြော လက် မပါနဲ့..."
Xxxxxx
Chapter 144
{ ရွေးချယ်စရာမရှိ - ၁ }
ရှင်းရှင်းလေးသည် ဖေဖေမှ သူ့ကို ဆူလိုက်တာကြောင့် အနည်းငယ် အံသြသွားသည် .. ဖေဖေက သူကို မေမေ့အား ဘာကြောင့် ဖက်ခွင့် မပေးသည်ကို နားမလည်ပါလေ... ကလေးလေးက မိခင်ဖြစ်သူကိုအပြစ်ကင်းသောမျက်လုံးဝိုင်းဝိုင်းကြီးများနှင့် စိတ်အားထက်သန်စွာ မော့ကြည့်နေခဲ့ရင်း မေမေက သူ့ဘက်မှ ဝင်ရောက်ပြောပေးဖို့ မျှော်လင့်နေမိသည်...
သို့သော်လည်း မေမေက သူ့ကို စူးစူးစိုက်စိုက်ကြည့်ရင်း " ဘာဖြစ်လို့လဲ သားလေး "ဟုသာ မေးလာခဲ့သည်...
မေမေနှင့် သူသည် တစ်ယောက်နှင့်တစ်ယောက် စိတ်ချင်းဆက်သွယ်နိုင်စွမ်း ပျက်ကွက်သည်ဟု ရှင်းရှင်းတစ်ယောက် ခံစားမိသည်... ထို့နောက်တွင်တော့ ကလေးလေးသည် ခေါင်းလေးငုံ့ထားရင်း သူမအနားသို့ ပိုတိုးကပ်လိုက်ပြီး " ဒီနေ့ ည မေမေနဲ့တူတူ အိပ်ချင်တယ်..." ဟု တောင်းဆိုလာပြန်၏...
" ကောင်းပါပြီ... " ချန်းဟွမ် ကျန်းမင်ယွမ်ကို တစ်ချက်ကြည့်လိုက်သည်... ဘာပဲဖြစ်ဖြစ် သူမနှင့်သားဖြစ်သူသည် အမြဲအတူတူအိပ်ခဲ့ကြတာပဲလေ...
သူမ၏ပေါ့ပေါ့ပါးပါးပြန်ဖြေစကားကို နားထောင်ပြီးနောက်တွင် ကျန်းမင်ယွမ်သည် အနည်းငယ် မျက်မှောင်ကျုံ့လိုက်ပြီး ရှင်းရှင်းလေးကို သူ့ဘက်သို့ ပြန်ဆွဲလိုက်ကာ " ရှင်းရှင်းလေးက အသက်ကြီးလာပြီလေ... မေမေနဲ့ အမြဲအိပ်လို့ မဖြစ်တော့ဘူး... "
ကျန်းမင်ယွမ်ပြောချင်သည့်အကြောင်းကို ရှင်းရှင်းလေး ကောင်းကောင်းနားလည်ပေသည်... ထို့ကြောင့်လည်း ကလေးလေး၏ရင်ထဲသို့ အန္တရာယ်တစ်ခု တိုးဝင်လာခဲ့တော့တယ်... မေမေနှင့် ခွဲအိပ်ရမယ်ဆိုသောအန္တရာယ်ပင်...
ဖခင်၏စကားအဆုံးတွင် ကလေးလေးသည် ဖေဖေ့ကို မပျော်မရွှင် စိုက်ကြည့်ပြီး " သားက ငယ်ငယ်လေးပဲ ရှိသေးတာပါ ဖေဖေ..."...
သူက ငယ်သေးတာမို့ သူ့မေမေနှင့်တူတူ အိပ်ဖို့ အဆင်ပြေသည်လေ...
ရှင်းရှင်းလေး၏စကားကြောင့် ကလေးလေး၏လက်တစ်ဖက်ကို ကိုင်ထားသောကျန်းမင်ယွမ်၏လက်သည် အနည်းငယ်တင်းသွားခဲ့လေသည်... ကျန်းမင်ယွမ် ပြုံးနေသောအမျိုးသမီးကို ကြည့်လိုက်ပြီးနောက်တွင် ရှင်းရှင်းလေးကို ကျိုးကြောင်းဆီလျော်အောင် ရှင်းပြရန်သာ ရှိတော့၏... " နောက်နှစ်ဆိုရင် သားက ငါးနှစ်ပြည့်တော့မယ်... လူကြီးဖြစ်တော့မှာလေ ရှင်းရှင်း "
" ဒါပေမယ့်လည်း သားက ငယ်သေးတယ်... မေမေက ပြောတယ် လူကြီးဖြစ်ရင် အရပ်ရှည်လာမှာတဲ့... အခု သားက အရပ်ပုပုလေးပဲ ရှိသေးတာ... "
ရှင်းရှင်းလေးသည် ဖခင်ဖြစ်သူကို အသေအချာကြည့်ရင်း ထိုသို့ပြောလိုက်လေသည်...
ကျန်းမင်ယွမ်:" ••• "
ကလေးလေးက ချက်ကျလက်ကျပြောလိုက်သောကြောင့် ကျန်းမင်ယွမ်တစ်ယောက် ပြန်ချေပရန် စကားမရှိတော့ပေ...
တစ်ဖက်ရှိချန်းဟွမ်ကတော့ သားအဖနှစ်ယောက်၏စကားရည်လုခြင်းကို တိတ်တဆိတ်နားထောင်နေခဲ့ပြီး ကလေးလေး နောက်ဆုံးပြောလိုက်သောစကားကို ကြားလိုက်ချိန်တွင် အားရပါးရ ရယ်မောလိုက်မိပေသည်...
သားအဖနှစ်ယောက်လုံးက သူမကို တစ်ပြိုင်တည်း လှည့်ကြည့်လာခဲ့လေသည်..
" ကျွန်မ အဆင်ပြေပါတယ်...ကဲပါ အောက်ဆင်းကြတာပေါ့... " ချန်းဟွမ်သည် သူတို့နှစ်ဦးကို လက်ဝှေ့ယမ်းပြီး ပြုံးရွှင်လျက် ပြောလိုက်၏...
ရယ်မောနေသောအမျိုးသမီးငယ်လေးကို တွေ့လိုက်သောအခါတွင် ကျန်းမင်ယွမ်သည် သားဖြစ်သူနှင့် အပြိုင်ပြောလိုက်ရသောကိစ္စသည် ကလေးဆန်နေမှန်း သဘောပေါက်လိုက်သည်.. သူ့ကိုယ်သူ ပြန်သတိကပ်လိုက်ပြီး " ဟုတ်ပြီလေ... မနက်စာ သွားစားရကြတာပေါ့... "
အပျော်စီးသင်္ဘောကြီး၏၁၁လွှာတစ်ခုလုံးသည် စားသောက်ဆိုင်များဖြစ်သည်... နှစ်သက်ဖွယ်ကောင်းလှသောဟင်းလျာတစ်မျိုးမျိုးကို ဤနေရာတွင် ရှာတွေ့နိုင်ပေ၏... ထိုဘူဖေးနေရာသည် ကုန်းပတ်နှင့် နီးကပ်နေပြီး မျက်နှာပြင်ဧရိယာမှာလည်း အလွန်ကျယ်ဝန်းလှသည်...
စားသောက်ဆိုင်သည် အလွန်တိတ်ဆိတ်နေပြီး မီးရောင်မှိန်မှိန်လောက်သာ ထွန်းထား၏... သာယာလှပသောတေးသွားကို တီးခတ်နေပြီး လှပစွာပြင်ဆင်ထားသောအရသာမျိုးစုံသည့်အစားအသောက်တို့ရှိကာ ကွေ့ကောက်သောစင်္ကြံလမ်းရှိ နေရာများတွင် စားသုံးသူ အနည်းငယ်သာ ရှိနေသေး၏...
ရှင်းရှင်းသည် အချိုပွဲများကြောင့် အလွန်စိတ်လှုပ်ရှားနေ၏... အထဲကို လျှောက်သွားတဲ့အခါ ပထမဆုံးလုပ်ခဲ့သည်က ပန်းကန်ပြားတစ်ချပ်ကို ဆွဲယူပြီး အချိုပွဲဧရိယာဆီ ဦးတည်သွားခြင်းပင်... ထိုနေရာသည် ကလေးသူငယ်များအကြိုက်ဖြစ်တာကြောင့် စားပွဲများကို ကလေးတစ်ယောက် မှီလောက်သည်အထိ နှိမ့်ပေးထားချေသည်... ထို့ကြောင့်လည်း ရှင်းရှင်းလေး၏အရပ်နှင့်ပင် စားပွဲပေါ်မှ အစားအစာများကို အလွယ်တကူ ယူနိုင်ပေတယ်...
ကလေးလေးသည် ပန်းကန်ပြားကို စားပွဲပေါ်တင်လိုက်ပြီး စားပွဲပေါ်ရှိ အချိုပွဲများကို ကြည့်လိုက်လေ၏... အချိုပွဲအများစုသည် အရောင်အသွေးစုံလှတာကြောင့် ရှင်းရှင်းလေးသည် ၎င်းတို့အားလုံးကို လိုချင်နေမိသည်... ကလေးလေးသည် အချိုပွဲတစ်မျိုးဆီတိုင်းမှ မုန့်တစ်ခုဆီကို ပန်းကန်ထဲသို့ထည့်နေခဲ့ပြီး နောက်ဆုံးပန်းကန်ထဲတွင် ဆက်ထည့်ရန် နေရာမရှိတော့သည့်အခါ ပန်းကန်ကို လက်နှစ်ဖက်ဖြင့် သေချာသယ်ရင်း ချန်းဟွမ်တို့ရှိ စားပွဲဆီသို့ ပြန်လျှောက်လာခဲ့လေတယ်...
ရှင်းရှင်းလေးတစ်ယောက် မုန့်များကို အသည်းအသန် ထည့်နေစဥ်တွင် တစ်ဖက်ရှိ ချန်းဟွမ်နှင့်ကျန်းမင်ယွမ်တို့မှာတော့ ပင်လယ်စာယာဂုကိုသာ ထည့်လာခဲ့၏... ပင်လယ်စာယာဂုသည် လတ်ဆတ်သောပါဝင်ပစ္စည်းများသုံးထားသည့်အပြင် ပူပူလေးသာ ရှိနေသေးသည်... ထို့ကြောင့်လည်း မစားခင်တွင် အနည်းငယ် အအေးခံဖို့ရာ လိုအပ်ပေသည်...
ရှင်းရှင်းလေးသည် သူ့ပန်းကန်ပြားကို ချန်းဟွမ်တို့ရှိနေသောစားပွဲပေါ်သို့ တင်လိုက်ပြီးနောက်တွင် " သားယူလာတဲ့မုန့်တွေကို ကြည့်ပါအုံး မေမေ! "
ထိုအခါ ချန်းဟွမ်သည် ကလေးလေး ပန်းကန်ထဲမှ မုန့်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှင်းရှင်းလေးကို တစ်ဖန်ပြန်ကြည့်လိုက်ကာ မေးလိုက်သည်
" သားက ဒါတွေ အကုန်စားနိုင်လို့လား... "
" ဟုတ် စားနိုင်တာပေါ့! သားက ဗိုက်အရမ်းဆာနေတာလေ... " ရှင်းရှင်းလေးသည် သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲစွာဖြင့် ပြန်ဖြေလေသည်...
ချန်းဟွမ် : " ကောင်းပြီလေ... ကံကောင်းပါစေ..."
သူမသည် ထိုစကားကို ဆိုပြီးနောက် စက္ကန့်ပိုင်းမျှ ခေတ္တရပ်တန့်လိုက်ပြီး " စားစရာတွေကို ဖြုန်းတီးပစ်လို့ မရဘူးနော်... အားလုံးကုန်အောင် စားလို့မပြီးမချင်း ဒီနေရာကနေ မထရဘူး..."
ကျန်းမင်ယွမ်က ယာဂုပန်းကန်အသေးလေးတစ်လုံးကို ချန်းဟွမ်ရှေ့တွင် ချပေးလိုက်ရင်း " အဲ့လိုလုပ်တာ အရမ်းမလွန်လွန်းဘူးလား... "
" သူ လုပ်နိုင်လား မလုပ်နိုင်ဘူးလားဆိုတာကို သူကိုယ်တိုင် တွေ့ကြုံဖူးဖို့လိုတယ်..."
သူမသည် ပန်းကန်လုံးထဲမှ ယာဂုကို အနည်းငယ်ခပ်ယူလိုက်ရင်း ပြန်ပြောလိုက်၏... ထို့နောက် တစ်လုတ်စားလိုက်ကာ " တော်တော်စားလို့ကောင်းတာပဲ..." ထိုသိုရေရွတ်လိုက်ပြန်သည်...
ကျန်းမင်ယွမ်သည် ချန်းဟွမ်၏အကြည့်ကို ကြည့်ရုံဖြင့်ပင် သူမ စိတ်ကို ပြောင်းဖို့ မဖြစ်နိုင်မှန်း သိပေ၏... ထို့ကြောင့် သူမသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး သားဖြစ်သူကို သနားစိတ်ဖြင့် ကြည့်လိုက်မိသည်...
" ဖေဖေ? " ကျန်းမင်ယွမ်တစ်ယောက် ရှင်းရှင်းလေးကို ကြည့်နေစဥ်တွင်ပင် ရှင်းရှင်းလေးကလည်း ဖခင်ဖြစ်သူကို အားကိုးတကြီး မော့ကြည့်နေလေတယ်...
" အဆင်ပြေပါတယ်... သား စားနိုင်သလောက်ပဲစားနော်... သား မကုန်ရင် ဖေဖေ စားပေးမယ် ဟုတ်ပြီလား..."
ကျန်းမင်ယွမ်သည် သူ့သားကို အမှန်တကယ် ဂရုစိုက်တာကြောင့် သားဖြစ်သူ အစားများလျှင် ဗိုက်အောင့်မည်ကို စိုးရိမ်မိ၍ ကူစားပေးမည်ဟု ပြောလိုက်ခြင်းပင်... သို့သော် ကလေးလေး၏အမြင်တွင် သူ့ဖေဖေက သူ့မုန့်တွေကို လုစားတော့မည်ဟု ထင်သွားခဲ့သည်... ထို့ကြောင့်လည်း ရှင်းရှင်းလေးသည် သူ့ပန်းကန်ပြားကို လက်နှင့် အလျင်အမြန် ကာထားပြီး ပြောလိုက်သည်
“ သားက မေမေကို ပေးမှာ ”
ကျန်းမင်ယွမ် : " ••• "
Xxxxxx