အပိုင်း ၁၄၅-၁၄၆
Viewers 20k

Chapter 145

{ ရွေးချယ်စရာမရှိ - ၂ }


" Puufff " 


ချန်းဟွမ်သည် မနက်စာ စားနေစဥ် သားအဖနှစ်ယောက်၏စကားတို့ကို နားထောင်ရင်း ရယ်မောနေရသည်... သူမ ပါးစပ်ထဲတွင် အစာရှိနေချိန် ရယ်လိုက်မိတာကြောင့် ချောင်းဆိုးသွားသည်...


ချန်းဟွမ်သည် သူမ၏ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် အုပ်ကာ အလွန်ချောင်းဆိုးနေခဲ့တာကြောင့် မတ်မတ်ပင် မထိုင်နိုင်တော့ချေ... ထိုအခါ သားအဖနှစ်ယောက်သည် လက်ထဲရှိအစားအသောက်များကို အမြန်ချချလိုက်ပြီး သူမ နောက်ကျောကို လက်ဖြင့် ပုတ်ပေးကြရှာ၏... အသက်ဖြောင့်ဖြောင့်ပြန်ရှူနိုင်ချိန်တွင်တော့ သူမသည် ကျန်းမင်ယွမ်ကို မော့ကြည့်ကာ ကျေးဇူးတင်စကားဆိုလိုက်တော့သည်...


ချန်းဟွမ် အဆင်ပြေသွားချိန်တွင်တော့ ကျန်းမင်ယွမ် သူ့လက်ကို ဖယ်လိုက်ပြီး  အနည်းငယ် ပြုံးရင်း  "သတိထားဦးလေ.... ".


 ချန်းဟွမ်သည် ခေါင်းတစ်ချက်ညိမ့်ပြလိုက်ပြီးနောက် အဝေးကို ကြည့်မိကာ အနည်းငယ်ရှက်သွားခဲ့မိ၏... သူမသည် အရွယ်ရောက်ပြီးသားလူကြီးတစ်ယောက်ဖြစ်သောကြောင့် ယခုလို မဖြစ်သင့်ဘူးလေ...


ထိုစဥ်တွင် ကလေးလေးသည် ချန်းဟွမ်နားတွင် ခုန်နေခဲ့ပြီး "မေမေ... မေမေ... "ဟု ခေါ်နေ၏...


" ရှင်းရှင်းကိုလည်း ကျေးဇူးတင်ပါတယ်..." 


ချန်းဟွမ်သည် သားဖြစ်သူကို ကျေးဇူးစကားဆိုရင် ကလေးလေး၏ခေါင်းကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်သည်... 


အကြာကြီး ချောင်းဆိုးသွားခဲ့သဖြင့် သူမ၏ မျက်ဝန်းတစ်စုံတွင် မျက်ရည်များ ဝဲနေခဲ့ပြီး သူမအား အပြစ်ကင်းစင်လှသောကြာပန်းဖြူမိန်းကလေးတစ်ယောက်နှင့် ပိုတူစေ၏... 


ကျန်းမင်ယွမ်သည် ထိုမြင်ကွင်းလေးကို ကြည့်မိလိုက်ပြီးနောက် ချက်ချင်းပင် သူ့လည်ချောင်း အနည်းငယ် တင်းကျပ်သွားသလိုခံစားလိုက်ရသည်.. သူ သူမကို အချိန်ကြာကြာငေးကြည့်နေခဲ့ပြီးနောက်တွင် သူ့ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီး သတိပေးစကားဆိုလိုက်သည်


" အစားစားနေတဲ့ချိန် တခြားကို အာရုံမထားနဲ့... " 


" ဟုတ်...ဟုတ်ကဲ့... " သူမသည် ထိုသို့ပြန်ဖြေပြီးနောက်တွင် ရှင်းရှင်းလေးကို သူ့ထိုင်ခုံတွင် ပြန်ထိုင်ခိုင်းလိုက်လေသည်...ရှင်းရှင်းလေးသည် မိခင် အဆင်ပြေကြောင်း သေချာအောင် ကြည့်ပြီးမှသာ သူ့ထိုင်ခုံသို့ ပြန်သွားလိုက်သည်... ထို့နောက်တွင်တော့ သူ့ပန်းကန်ထဲမှ အသေးဆုံး ကိတ်မုန့်လေးကို ယူလိုက်ပြီး " ဒီတစ်ခု မေမေယူ " ဟုဆိုကာ ချန်းဟွမ်ကို ပေးလိုက်၏...


ချန်းဟွမ်သည် သူမ လက်ထဲရောက်လာသောကိတ်မုန့်ကြည့်ရင်း ရှင်းရှင်းနှင့် ကျန်းငမင်ယွမ်တို့ ပြောဆိုခဲ့သောစကားတချို့ကို ​သတိရသွားခဲ့လေတယ်... ပြီးနောက်တွင် ရုတ်တရက် အတွေးတစ်ခုဝင်လာပြီး သူမ လက်ထဲမှကိတ်မုန့်ကို ကျန်းမင်ယွမ် ရှေ့သို့တိုးပြလိုက်ရင်း  " စားအုံးမလား? "ဟု မေးလိုက်သည်...


" အဲဒါ မေမေ့အတွက်! " ရှင်းရှင်းလေးသည်သူ့မေမေအတွက် ပေးထားသောကိတ်မုန့်ကို ဖေဖေ့ကို ပေးတော့မည်ဟုတွေးမိတာကြောင့် ချက်ချင်းပင် ခြေဖျားလေး ထောက်ကာမတ်တပ်ရပ်လိုက်လေသည်... ထိုစဥ် အကြံတစ်ခု ထပ်မံဝင်သွားလာခဲ့ကာ သူ့ပန်းကန်ထဲမှ ပုံပျက်နေသောကိတ်မုန့်ကို ရှာပြီး သူ့အဖေကို ပေးလိုက်တော့၏... " ဒါက ဖေဖေ့အတွက်... "


တစ်ဖက်တွင်တော့ ကျန်းမင်ယွမ်သည် အကျင့်မကောင်းသောကလေးလေးကို ကြည့်ပြီးနောက် ချန်းဟွမ်ကို တဖန်ပြန်ကြည့်လိုက်ပြီး ပြောလိုက်သည်


" ဖြေးဖြေးချင်းစား " 


" Ohh... " ထို့နောက်တွင်တော့ ချန်းဟွမ်သည် ကျန်းမင်ယွမ်ကို ထပ်မံမစနောက်တော့ပါဘဲ တိတ်တဆိတ်သာ စားသောက်နေတော့၏..


စားသောက်ဆိုင်မှ ကိတ်မုန့်များသည် အတော်လေး စားလို့ကောင်းလှသည်... ချိုမြိန်မှုကို ရရှိပေမယ့်လည်း အီသွားခြင်းမျိုး မရှိပါလေ... သို့သော်လည်းပဲ ရှင်းရှင်းလေးသည် ပန်းကန်ထဲမှကိတ်မုန့်အားလုံးကို ကုန်အောင် မစားနိုင်ပါချေ...


ကလေးလေးသည် အစပိုင်းတွင်တော့ သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲခဲ့ပြီး ဖေဖေ့ကို တစ်လုံး ပေးလိုက်ရလို့ ဝမ်းနည်းနေခဲ့မိသော်လည်း သူကိုယ်တိုင် ကိတ်မုန့်သုံးလုံး စားပြီးနောက်တွင် ထပ်မစားနိုင်တော့မှန်း ခံစားမိလာ၏... 


ကိတ်မုန့်သုံးလုံးစားအပြီးတွင်တော့ ရှင်းရှင်းလေးသည် ပန်းကန်ထဲ၌ ကျန်ရှိနေသေးသောကိတ်မုန့်များကို မုန်းတီးစွာကြည့်နေမိရင်း ထိုကိတ်မုန့်တို့ကို ထပ်မထိချင်တော့ပေ... 


မည်သို့ပင်ဆိုစေကာမူ ရှင်းရှင်းသည် သူ့စကားကို လိုက်နာသောကလေးပင်... ထို့ကြောင့်လည်း သူ့မေမေကို ကတိပေးထားသည့်အတိုင်း ကိတ်မုန့်များကို ကုန်အောင်စားရန် နောက်ထပ်ကိတ်မုန့်တစ်လုံးကို တွန့်ဆုတ်စွာ လှမ်းယူရင်း သက်ပြင်းတစ်ချက်ချလိုက်မိလေသည်...


ချန်းဟွမ်နှင့်ကျန်းမင်ယွမ်တို့နှစ်ဦးသည် သားဖြစ်သူ၏အခြေအနေကို ဘေးမှကြည့်နေကြ၏... ကျန်းမင်ယွမ်သည် သားအတွက် စိတ်မကောင်းဖြစ်မိသော်လည်း သူလည်း

ထပ်မစားနိုင်တော့သည်ကြောင့် ကိတ်မုန့်များကို လွှင့်ပစ်ရန်သာ ဆုံးဖြတ်လိုက်သည်...


ဒီအကြိမ်တွင်တော့ ကလေးလေးသည် ကိတ်မုန့်ပန်းကန်ကို လာကိုင်သောဖခင်ကို ရန်မတွေ့တော့ပါလေ... ရှင်းရှင်းသည် ဖခင်ကို နတ်သားလေးကို ကြည့်နေသကဲ့သို့ ကြည့်ရင်း ပြောလိုက်သည် " ဖေဖေ စားချင်ရင် စားလေ "...


 ကျန်းမင်ယွမ်က " မစားချင်ပါဘူး " ဟုဆိုရင်း မကျေမနပ်အကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်တော့သည်...


" ဟုတ် ဟုတ် " 


ရှင်းရှင်းလေးသည် ဖခင်စကားကြောင့် အနည်းငယ် စိတ်ပျက်သွားမိသည်... သူဖေဖေသည် လွန်ခဲ့သောစက္ကန့်ပိုင်းကလောက် ချစ်စရာမကောင်းတော့ဘူးဟု ရုတ်တရက်ခံစားလိုက်ရ၏... ထို့နောက် ဖခင်လက်ထဲမှ ပန်းကန်ကို ပြန်ဆွဲထားလိုက်ရင်း “ ဒါတွေအားလုံးကို ကုန်အောင်စားမှရမှာလေ ဖေဖေ ”


ရှင်းရှင်းလေးသည် စုစုပေါင်း ကိတ်မုန့် ဆယ်ခုယူခဲ့ခြင်းပင်... သူစားသည်နှင့် ဖေဖေ၊မေမေတို့ကိုပေးလိုက်သောကိတ်မုန့်တို့ကို နုတ်လိုက်လျှင် ပန်းကန်ထဲ၌ လေးခုကျန်သေးပေသည်... ကျန်ကိတ်မုန့်များသည်  အရွယ်အစားမကြီးမားလှဘဲ အချိုပွဲကြိုက်သူအတွက် အကြိုက်တွေ့စရာဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ကျန်းမင်ယွမ်သည်  အချိုပွဲများကို မနှစ်သက်တာကြောင့် ထိုကိတ်မုန့်များ အားလုံးကို စားရမည်ဆိုသောကိစ္စသည် သူ့ကို နှိပ်စက်ညှဉ်းပန်းနေသလိုပင်ဖြစ်သည်...


သို့သော် သူ့ဆီ၌ ရွေးချယ်စရာမရှိတော့ချေ...


နောက်ဆုံးတွင်တော့ ကျန်းမင်ယွမ်သည် ကိတ်မုန့်များကို စ စားလာတော့၏... သူ့လှုပ်ရှားမှုများသည် ပြေပြစ်ပြီး အလျင်စလို မဟုတ်သလို လွန်စွာနှေးကွေးနေခြင်းမျိုးလည်း မရှိပါလေ... 


 မနှစ်သက်သည်ကို ကြိတ်မှိတ်စားနေခြင်းအား မြင်တွေ့နေရသောချန်းဟွမ်သည် ထိုအမျိုးသားကို အနည်းငယ်သနားမိလေသည်...


သို့သော် ချက်ချင်းပင် သူမကိုယ်သူမ သတိပြန်ကပ်လိုက်ပြီး ဘာကြောင့်ဇာတ်လိုက်ကို သနားမိပါလိမ့်ဟု တွေးမိလိုက်သည်...


ထူးဆန်းသည်က သူမသည် ထိုသနားဂရုဏာစိတ်ကို မဖယ်ရှားနိုင်ခဲ့ဘဲ ထိုခံစားချက်သည် ပိုလို့ပင် အားကောင်းလာခဲ့၏... ထိုချိန်တွင် ကျန်းမင်ယွမ်က တတိယမြောက် ကိတ်မုန့် စားပြီးသွားခဲ့ပြီဖြစ်ပြီး နောက်ဆုံးကိတ်မုန့်ကို ယူရန် လက်လှမ်းနေပြီးဖြစ်သည်...


 သူမသည်လည်း ထိုနောက်ဆုံးကိတ်မု့န့်ကို ဦးစွာယူရန် လက်လှမ်းလိုက်​တာကြောင့် သူမ၏လက်နှင့် ကျန်းမင်ယွမ်၏လက်တို့ ထိတွေ့သွားသည်


... သူတို့နှစ်ဦးရဲ့လက်တို့ တစ်ယောက်နဲ့တစ်ယောက် ထိမိသွားချိန်၌ လျှပ်စစ်ဝင်သလိုခံစားချက်မျိုး ခံစားမိလိုက်ကြလေသည်... ထိုခံစားချက်ကြောင့် ကျန်းမင်ယွမ်၏လက် အနောက်ဆုတ်သွားချိန်ကို အခွင့်အရေးယူကာ ချန်းဟွမ်က ကိတ်မုန့်ကို အမြန်ယူလိုက်ပြီး နူးညံ့စွာပြုံး၌ ပြောလိုက်သည် 


" ဒီနောက်ဆုံးတစ်ခုကိုတော့ ကျွန်မ စားလိုက်ပါ့မယ်... "


Xxxxxxx


Chapter 146

{ လုံခြုံမှု - ၁ }


နောက်ဆုံးတွင်တော့ ရှင်းရှင်းလေးသည် သူ့မိဘများ၏အကူအညီဖြင့် ကိတ်မုန့်ပန်းကန်ကို အပြီးသတ်လိုက်နိုင်ခဲ့၏...


မနက်စာစားပြီးသောအခါ သုံးယောက်သားအတူတူ ကုန်းပတ်ပေါ်သို့တက်ချိန်တွင်တော့ အပျော်စီးသင်္ဘောကြီးသည် ဆိပ်ကမ်းသို့ မကြာခင်အတွင်း ဆိုက်ကပ်တော့မည်ပင်...


အပျော်စီးသင်္ဘောကြီးပေါ်တွင် ခရီးသည် ၆ထောင်ခန့်လိုက်ပါလာပြီး သင်္ဘောကြီးသည် နောက်ဆုံးတွင် နိုင်ငံတကာရေပြင်သို့ ရွက်လွှင့်ရင်း တစ်လခွဲကြာ ခရီးလှည့်လည်ပြီး နောက်ဆုံးတွင်မှ ဝင်ကန်းကျွန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်...


သန္တာကျောက်နီကျွန်းတွင် ခရီးသည်အများအပြား မဆင်းကြပေ.. အနည်းဆုံး အယောက် ၁၀၀ကျော်လောက်သာ ဆင်းနေခဲ့ခြင်းဖြစ်၏... ထို့ကြောင့်လည်း ချန်းဟွမ်တို့သည် လောင်လျှိုတို့မိသားစုနှင့် တွေ့ဖို့မခက်ခဲခဲ့ပါချေ... 


" နောက်ဆုံးတော့ ငါတို့ ဒီသင်္ဘောပေါ်က ဆင်းခဲ့ရပြီ.. " 


လောင်လျှို၏ဇနီးဖြစ်သူက ထိုသို့ဆိုရင်း သူမ၏ခင်ပွန်းနှင့်အတူ သင်္ဘောပေါ်မှ ဆင်းရင်း ပြောလိုက်လေသည်... ထို့နောက် သူမသည် ချန်းဟွမ်ကို ကြည့်ရင်း " သင်္ဘောပေါ်ရောက်တာနဲ့ ပျော်စရာကောင်းမယ်လို့ ထင်ခဲ့တာ... အခုတော့ သင်္ဘောပေါ်ရောက်တာနဲ့ လှိုင်းမူးလို့ ညက တစ်ညလုံး အိပ်လို့တောင်မပျော်ဘူး "


သူမ၏မျက်နှာသည် အဝါရောင်သန်းနေကာ ကျန်းမာရေး သိပ်​ကောင်းပုံမရပေ... သူမ၏သားက သူ့မ ထက်ပင် ပိုလို့ဆိုးသေး၏... မနေ့က မိဘနှစ်ပါး အနည်းငယ်စကားများရန်ဖြစ်မှုကြောင့် စိတ်အားထက်သန်ပြီးရယ်မောနေတတ်သော ဆယ်ကျော်သက်အရွယ်လူငယ်လေးသည် အခုတွင်တော့ ချက်ချင်း ဖျားနေပုံပေါ်သည်...


ခဏလောက် ငြီးတွားပြီးနောက် မစ္စစ်လျှိုသည် လောင်လျှိုကို စကားဖြင့် ထပ်မံတိုက်ခိုက်ပြန်၏... သူမသည် ခင်ပွန်းဖြစ်သူကို မျက်စောင်းထိုးရင်းဖြင့် ညည်းတွားလိုက်သည်


" အဲ့ဒါ သူ့ကြောင့်လေ... ငါတို့နဲ့အဆင်ပြေတဲ့အမူးပြေဆေး နည်းနည်း ယူလာမယ်လို့ ပြောတာကို မယူနဲ့တဲ့လေ... ဒီလောက်လေးနဲ့ မမူးဘူးဆိုပြီး မယူလာခိုင်းဘူး... အခုလိုဖြစ်မှန်းသိရင် ငါ့ဘာသာ ထည့်လာပါတယ်ဟယ်... " 


ဇနီးဖြစ်သူ၏အပြစ်ပြောစကားကို ကြားရချိန်တွင် လောင်လျှိုသည် မတရားဘူးဟု ခံစားရတာကြောင့် ခွန်းတုံ့ပြန်လိုက်၏... "အရင်တုန်းကလည်း မင်းက လှိုင်းမမူးဘူးလေ... အဲ့ဒါကြောင့် ငါက မယူခိုင်းတာပါ... မင်းကလည်း ငါ့ပဲ အပြစ်ပြောပြန်ပြီ... "


" မြစ်ထဲမှာ လှေလေး စီးတာကတော့ မူးမလားရှင့်... ပင်လယ်ထဲမှာ အခုလို သင်္ဘောကြီးနဲ့ သွားတာနဲ့ ဘယ်တူပါ့မလဲတော်... "


" ဘာလို့ မတူရမှာလဲကွ...တူတူပဲ... "


လင်မယားနှစ်ယောက် ထပ်မံရန်ပွဲဆင်နွှဲတော့မည်ကို သတိထားမိသော ချန်းဟွမ်သည် ကြားမှ ဝင်ဖြေရှင်းပေးလိုက်ရသေးသည်... ပြီးနောက်တွင် သူမ ယူလာသောလိမ္မော်သီးအခွံများ ထည့်ထားသောဘူးလေးကို ဆွဲထုတ်လိုက်ပြီး အမျိုးသမီးကြီး လက်ထဲသို့ ထည့်ပေးလိုက်ကာ " ဒါလေး နည်းနည်းစားကြည့်ပါလား... မူးတာ လုံးဝအရှင်း မပျောက်ရင်တောင် နည်းနည်းတော့ သက်သာမှာပါ... "


မစ္စစ်လျှိုသည် တစ်ညလုံး လှိုင်းမူးခြင်းဝေဒနာကို ခံစားနေခဲ့ရပြီး အစားအသောက် တစ်မျိုးမျိုးကို ကြည့်မိလေတိုင်း ပျို့အန်ချင်လာတော့၏... သို့သော် ချန်းဟွမ်၏လိမ္မော်သီးအခွံဘူးလေးကို ဖွင့်လိုက်ပြီး အနံ့မွှေးမွှေးလေးကို ရရှိပြီးနောက်တွင် သူမသည် အစားစားချင်စိတ်ကို ပြန်လည်ရရှိလာပုံပင်...


ချန်းဟွမ်သည် သူမမိသားစုအတွက် လိမ္မော်ခွံများကို ကြိုတင်ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်... သူမတို့အတွက် မလိုအပ်ခဲ့ပေမယ့်လည်း လောင်လျှိုတို့မိသားစုအတွက်တော့ ကောင်းကောင်းအသုံးဝင်လှပေသည်.


မစ္စစ်လျှိုသည် ချန်းဟွမ်ထံမှ သံဘူးကို ယူလိုက်ပြီးနောက် လိမ္မော်ခွံတစ်ခုကို ပါးစပ်ထဲသို့ ထည့်လိုက်၏...လိမ္မော်ခွံကို အနည်းငယ်စားပြီးနောက်တွင်တော့ သူမ အရင်ကထက် ပို၍ နေသာထိုင်သာရှိလာပုံရ၏...  " ရှောင်ချန်း(ချန်းဟွမ်)ရေ... ဒါလေး စားလိုက်တာ တကယ် သက်သာတယ်... ဒါတွေကို ဘယ်ကဝယ်ခဲ့တာလဲ... ငါလည်း ဝယ်ထားချင်လို့ကွယ်... " 


" ကျွန်မ ကိုယ်တိုင်လုပ်ထားတာပါ... တကယ်လို့ ကြိုက်ရင် နောက်တစ်ဘူး ထပ်ပေးလို့ရပါတယ်... " 


ချန်းဟွမ်သည် ထိုသို့ပြောပြီးနောက် သံဘူးတစ်ဘူးကို ထပ်ဆွဲထုတ်လိုက်ကာ မစ္စစ်လျှိုကို ပေးလိုက်၏...


" Ohhh... ကောင်းပါပြီ... " 


မစ္စစ်လျှိုသည် လိမ္မော်ခွံသံဘူးကို လက်ခံလိုက်ပြီး သားဖြစ်သူကို တစ်ခုပေးလိုက်ပြီးနောက် ခင်ပွန်းဖြစ်သူကို တံတောင်ဆစ်ဖြင့် ထိုးလိုက်သည်...


ထိုအခါ လောင်လျှိုက သစ်သီးခြောက်အိတ်ကို အမြန်ဆွဲထုတ်ပြီး "ဒါက ကိုယ်တိုင်လုပ်ထားတာတွေပါ... ကျန်းမာရေးမထိခိုက်စေဖို့ အာမခံတယ်ကွယ်... ဒါလေးတွေကို သဘောကျမယ်လို့ မျှော်လင့်တယ် " 


ချန်းဟွမ် လောင်လျှိုပေးသောလက်ဆောင်ကို လက်ခံပြီး ၎င်းတို့ကိုကျေးဇူးတင်စကားဆိုလိုက်သည်...


မိသားစုနှစ်ခုလုံးသည် ပေါင်းသင်းဆက်ဆံရေးကောင်းကြတာကြောင့် ပြဿနာတစ်စုံတစ်ရာမရှိခဲ့ပါချေ... ဤသို့ဖြင့် စကားစမြည်ပြောကြရင်း မကြာခင်တွင်ပင် လာကြိုသည့်ကားနှစ်စီး ရောက်လာလေ၏...


ကားများကို ကျန်းမင်ယွမ်က အချိန်မီ စီစဉ်ပေးခဲ့ခြင်းပင်... ကားနှစ်စီးရှိပြီး မိသားစုတစ်စုစီအတွက် တစ်စီးဖြစ်ပေသည်... ထိုကားနှစ်စီးသည် တည်းခိုမယ့်နေရာကို ခေါ်သွားမည်ဖြစ်၏...


သန္တာကျောက်နီကျွန်းသည် အလွန်သေးငယ်ပြီး ဤနေရာတွင် ဟိုတယ်တစ်ခုသာရှိသည်... ဟိုတယ်သည် အထပ်၆ထပ်မြင့်ပြီး အဝေးမှုကြည့်လျှင် မမြင်ရအောင် ဆောက်လုပ်ထားသည့်ပုံစံရှိကာ ပတ်ချာလည်တွင်လည်း လက်နက်အမျိုးအစားများစွာရှိနေသည့်စံအိမ်အနည်းငယ်လည်း ရှိသေးသည်...


ရှင်းရှင်းက တင့်ကားပုံသဏ္ဍာန်ရှိသောအဆောက်အဦးကို အဝေးမှ လှမ်းမြင်လိုက်ချိန်၌ တအံ့တသြကြည့်နေမိသည်... ထို့နောက်တွင် ကားပြတင်းပေါက်မှန်ကို ချလိုက်ပြီး စိတ်အားထက်သန်စွာပြောလိုက်သည်


" မေမေ... မေမေ...ဟိုးနားက ကားကြီးကို ကြည့်လိုက်အုံး အရမ်းမိုက်တာပဲ! "


ကလေးလေးသည် တင့်ကားဆိုသည်မှာ ဘာမှန်းမသိသေးသော်လည်း အောက်တွင် ဘီးပါသောအရာအားလုံးသည် ကားများဖြစ်သည်ဟု ယူဆသူပင်...


ချန်းဟွမ်သည် သားဖြစ်သူ ပြသောကားဆိုသည့်အရာကို ကြည့်ပြီးနောက် " အဲ့ဒါက ရိုးရိုးကား မဟုတ်ဘူး သား... အဲ့ဒါကို တင့်ကားလို့ ခေါ်တယ်... "


" တင့်ကားဆိုတာ ဘာလဲ မေမေ? " ရှင်းရှင်းလေးက စိတ်ဝင်တစား မေးပြန်သည်...


" အဲ့ဒါက အရမ်းအားကြီးလက်နက်ကြီးပေါ့... သားက တင့်ကားထဲမှာ ထိုင်နေရင် တခြားသူတွေက သားကို နာကျင်အောင် မလုပ်နိုင်ပေမယ့် သားကတော့ သူတို့ကို နာကျင်အောင် လုပ်လို့ရတဲ့သေနတ်အကြီးစားကြီးလေ... " 


ချန်းဟွမ်သည် ရှင်းရှင်းလေးနားလည်လွယ်စေမည့်စကားတို့ဖြင့်သာ ရှင်းပြရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်


Xxxxxx