အပိုင်း ၁၄၇-၁၄၈
Viewers 20k

Chapter 147

{ လုံခြုံမှု - ၂ }


ကလေးလေးသည် မိခင်ဖြစ်သူ ရှင်းပြသည့်အကြောင်းကို ချက်ချင်းသဘောပေါက်သွားခဲ့လေသည်... ထို့နောက်တွင် ရှင်းရှင်းသည် ကားပြတင်းပေါက်နားသို့ တိုးကပ်ကာ တင်းကားပုံစံအဆောက်အဦးကြီးကို ကြည့်ရင်း " တင့်ကားကြီး... တင့်ကားကြီး... " ဟု ရေရွတ်နေတော့၏...


နောက်ဆုံးတွင် သူတို့စီးလာသောကားသည် ထိုတင့်ကားအဆောက်အဦးနားတွင် ရပ်တန့်သွားသည်..


အားလုံး ကားထဲမှ ဆင်းပြီးချိန်၌ ဟိုတယ်ဝန်ထမ်းများက သူတို့ဆီ ရောက်လာကြပြီး ဟိုတယ်အခန်း check-in လုပ်ရန် ကူညီပေးကြလေသည်...  ကျန်းမင်ယွမ် ရွေးချယ်ထားသောဟိုတယ်အခန်းသည် တင့်ကားပုံသဏ္ဍာန်ရှိသောအဆောက်အဦးထဲတွင်ပင်...


တင့်ကားသဏ္ဍာန်အဆောက်အဦး၏အပြင်ပိုင်းရှိနံရံတွင် နွယ်ပင်များ ပေါက်နေကာကြမ်းတမ်းနေပုံရ၏...


တစ်ဖက်ရှိ ရှင်းရှင်းလေးမှာတော့ ဤနေရာကြီး၏တည်ဆောက်ပုံစံကို နှစ်သက်နေပုံရသည်... တင့်ကားများကို လူသားများက မောင်းနှင်နိုင်ကြောင်း သိရှိပြီးနောက်တွင် ရှင်းရှင်း၏ရည်မှန်းချက်မှာ တင့်ကားတစ်စီးကို မောင်းနှင်ရန်ဖြစ်ကြောင်း ပြောလာပြန်သည်... ယခုအချိန်တွင်တော့ ချန်းဟွမ်နှင့်ကျန်းမင်ယွမ်တို့သည် ကလေးလေး၏ရည်မှန်းချက်များကို စိတ်ဝင်စားမှု မရှိတော့ပေ...  က​လေး​ငယ်များတွင်တွေ​ ရည်မှန်းချက် များစွာရှိ​တတ်ပြီး အရွယ်မရောက်ခင်အထိ ဆက်တိုက် ပြောင်းလဲနေတတ်သောကြောင့်ပင်... 


၎င်းတို့သည် အခန်းသော့ကို ယူကာ ဟိုတယ်ဝန်ထမ်းနှင့်အတူ အထဲဝင်သွားခဲ့ကြသည်...


အိမ်ကြီး၏အတွင်းပိုင်း အပြင်အဆင်သည်တင့်ကား၏အတွင်းပိုင်းနှင့် အတော်ဆင်တူချေ၏... တစ်ဖက်မှ မှန်ပြတင်းပေါက်သည်လည်း အဝိုင်းပုံစံရှိပေသည်... အတွင်းဘက်တွင် အလွန်ကျယ်ဝန်းသောဧည့်ခန်းဖြစ်ကာ ကြီးမားသောဆိုဖာများလည်း အခန်းအတွင်းနေရာယူထားကြလေသည်... အတွင်းပိုင်းနံရံသည်လည်း တင့်ကားအတွင်း၌ ခဲယမ်းများသိုလှောင်ထားသည့်ပုံစံပြင်ဆင်ထားသည်


ဒီဇိုင်းအသေးစိတ်များ ပြင်ထားသည့်အပြင် တင့်ကားအမျိုးအစားများကို အသေးစားအရုပ်များဖြင့် ပြသထားသည်... ဝိုင်ပုလင်းသိမ်းသည့်ဗီရိုသည်ပင် တင့်ကားပုံသဏ္ဍာန်ဘနှင့် ဆင်တူ၏...


အခန်းတွင်းအလှဆင်မှုများသည် ကလေးဖြစ်တဲ့ရှင်းရှင်းလေး သဘောကျရုံသာမက ချန်းဟွမ်သည်ပင် အတော်လေး နှစ်သက်နေမိသည်...


" ဒီနေရာက အရမ်းထူးဆန်းတယ်! " သူမသည် အခန်းတွင်းသို့ လျှောက်သွားရင်း လယ်ထွန်စက်နှင့်ပုံစံတူသည့် တင့်ကားတစ်စီးကို ကောက်ယူလိုက်ပြီး သူမမ အနောက်တွင်ရှိနေသောအမျိုးသားကို "ဒါက ဘာအမျိုးအစားလဲ? " ဟု မေးလိုက်လေ၏...


" Hot Pepper I... ဒီတင့်ကားက လွန်ခဲ့တဲ့ နှစ်၈၀လောက်တည်းကလေ... ပြီးခဲ့တဲ့နှစ်တွေလောက်မှ ဆက်အသုံးမပြုကြတော့တာ... "


" ဒါကရော? " ချန်းဟွမ်သည် တင့်ကားနောက်တစ်စီးကို ကောက်ကိုင်လိုက်ရင်း ထပ်မံမေးမြန်းပြန်တယ်...


" အဲ့ဒါက Seagull... " ကျန်းမင်ယွမ်က ဒါတွေ အားလုံးရဲ့အကြောင်းကို နာမည်၊ အချိန်နှင့်ရက်စွဲအတိအကျသိနေပြီး လွန်စွာရင်းနှီးပုံပင်...


 တစ်ဖက်တွင်တော့ ရှင်းရှင်းလေးသည် အခန်းတစ်ဝိုက်တွင် အကြိမ်ကြိမ်ခုန်ပေါက်နေခဲ့ပြီး နောက်ဆုံးတွင် တင့်ကားပုံစံငယ်တစ်ခုကို ကိုင်ကာ ကြမ်းပြင်ပေါ်တွင် ဆော့ကစားနေခဲ့သည်... တစ်ခဏလောက် ကစားပြီးနောက် သူ့ဖေဖေနှင့်မေမေကို သတိရသွားခဲ့ပြီး လှည့်ကြည့်လိုက်ချိန်တွင် မိဘနှစ်ပါးသည် တံခါးနားမှာ ရပ်နေကြဆဲဖြစ်သည်ကို တွေ့လိုက်ရ၏...


" မေမေ..."


 ရှင်းရှင်းသည် တစ်ယောက်ယောက်နှင့် ဆော့ကစားရန် ဆန္ဒရှိသောကြောင့် တင့်ကားပုံစံငယ်လေးကို ကိုင်ဆောင်ထားရင်း ချန်းဟွမ်ရှိရာဘက်သို့ အရှိန်ဖြင့် ပြေးလာခဲ့သည်...


ကလေးလေး၏ အရှိန်ပြင်းပြင်းပြေးဝင်တိုက်မှုကြောင့် ချန်းဟွမ်သည် ​ဟန်ချက်မထိန်းနိုင်တော့ဘဲ အနောက်သို့ ခြေနှစ်လှမ်းဆုတ်သွားခဲ့မိပြီး ကျန်းမင်ယွမ်၏ရင်ဘတ်နှင့် ဝင်တိုက်မိသွားတော့၏... ထိုအမျိုးသား၏ခန္ဓာကိုယ်သည် ကြွက်သားများဖြင့် တောင့်တင်းနေတာကြောင့် ဝင်တိုက်မိသူအဖို့ အနည်းငယ်သက်တောင့်သက်သာ မရှိပေမယ့်လည်း တစ်ဖက်တွင်တော့ လုံခြုံမှုကို ခံစားမိစေသည်...


သူမတို့နှစ်ဦးသား အရင်ကထက် ပို၍နီးနီးကပ်ကပ်ဖြစ်သွားခဲ့သည်မို့ တစ်ယောက်နှင့်တစ်ယောက် ကိုယ်သင်းရနံ့ မွှေးမွှေးလေးကို ရရှိလိုက်သည်... 


 ချန်းဟွမ်သည် ခေါင်းငုံ့ထားမိရင်း သူမ၏နှလုံးခုန်သံကို ထိန်းမနိုင်သိမ်းမရ ခံစားလိုက်ရ၏...ထို့နောက်တွင်တော့ သူမသည် အနည်းငယ် ချောင်းဟန့်လိုက်ပြီး သူမအပေါ်တွင် အတင်းတွယ်ဖက်ထားသောရှင်းရှင်းလေးကို အနည်းငယ် ပြန်နောက်ဆုတ်လိုက်ကာ သူမ ကိုယ်တိုင်လည်း ရှေ့သို့ ခြေတစ်လှမ်းပြန်တိုးလိုက်ပြီး ကျန်းမင်ယွမ်၏ရင်ခွင်ထဲမှ ထွက်လိုက်တော့သည်... 


တစ်ဖက်တွင်တော့ ကျန်းမင်ယွမ်သည် သူ့ရင်ခွင်ထဲမှ မွှေးပျံ့သည့်ရနံ့လေးကို ထွက်ခွာသွားသောကြောင့် တစ်ခုခုကို ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်... ထို့နောက် ကျန်းမင်ယွမ်သည် ဟန်ချက်ထိန်းပေးရန် သူပွေ့ဖက်လိုက်သော ချန်းဟွမ်၏ခါးလေးကို ပြန်လွှတ်ပေးလိုက်ရတော့၏... ပြန်လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း ထိုအမျိုးသား၏နားရွက်မှာတော့ နီရဲနေဆဲပင်...


" မေမေ သားနဲ့တူတူလာကစားလေ.


 " ရှင်းရှင်းသည် ဖေဖေနှင့်မေမေကြားမှ နူးညံ့သောအခိုက်အတန့်ကို မသိလိုက်ပါဘဲ တင့်ကားလေးကို လေပေါ်မြှောက်ရင်း သူဖြစ်ချင်သောအကြောင်းအရင်းကို ပြောနေခဲ့လေသည်...


" ကောင်းပြီလေ... မေမေတို့ကစားကြမယ်... ဒါပေမယ့် နောက်တစ်ခါကြရင် သားက မေမေကို အခုလိုမျိုး အရှိန်နဲ့ ပြေးမဖက်တော့ဘူးလို့ ကတိပေးရမယ်... " 


ချန်းဟွမ် သားဖြစ်သူကို ငုံ့ကြည့်ရင်း ပြောလိုက်၏...


ကလေးလေးက အလွန်အံ့သြသွားကာ မေးခွန်းထုတ်လိုက်သည်...


 " ဘာလို့လဲ မေမေ... "


ထိုအမေးအတွက် အဖြေကို ချန်းဟွမ် ပြန်ဖြေတော့မယ့်ချိန်၌ ကျန်းမင်ယွမ်က ဦးစွာပြန်ဖြေလိုက်လေသည်..." သားက အရမ်းဝနေလို့လေ... မေမေက မင်းကို မဖမ်းထားနိုင်တော့ဘူးပေါ့... "


' ဝတယ်? 'ဆိုသောစကားကို ကြားလိုက်ချ်န်တွင် ရှင်းရှင်းလေးသည် ကာတွန်းထဲမှ ခပ်ဝဝကောင်လေးတွေ အိပ်ရာပေါ် ထိုင်လိုက်သည်နှင့် ကုတင်ကျိုးသွားသည့်ဖြစ်ရပ်မျိုးကို မြင်ယောင်လာတော့၏... ထို့နောက်တွင် ကလေးလေးသည် မိခင်ကို မျက်လုံးဝိုင်းဝိုင်းကြီးဖြင့် မော့ကြည့်ရင်း မေးလိုက်သည်


 " မေမေ... သား မဝဘူးမလား... " 


Xxxxxxx


Chapter 148

{ လုံခြုံမှု - ၃ }


" အရမ်းဝလာတယ်... သား ပြေးဖက်လိုက်တုန်း မေမေက အနောက်ကို အရှိန်နဲ့ ဆုတ်သွားတာကို တွေ့တယ်မလား... " 


ချန်းဟွမ်သည် သားဖြစ်သူ၏ခေါင်းကို ညင်ညင်သာသာ ပုတ်လိုက်ရင်း ဆိုလိုက်သည်...


 သူ့မေမေဆီမှ ရက်စက်သောစကားလုံးများ ကြားလိုက်ရချိန်တွင် ရှင်းရှင်းလေးသည် အနည်းငယ် တုန်လှုပ်သွားတော့၏... လက်ထဲတွင် ကိုင်ထားသောတင့်ကားလေးကို မြဲမြံစွာ ဆုပ်ကိုင်ထားရင်းဖြင့် ဆိုဖာဆီသို့ လျှောက်သွားကာ ငူငူငိုင်ငိုင်ဖြင့် ထိုင်နေတော့သည်... 


ချန်းဟွမ်သည် ကလေးလေး၏အမူအရာကြောင့် အနည်းငယ်စိုးရိမ်သွားစောကြောင့်နှစ်သိမ့်ပေးရန် အနားသို့ လျှောက်လာခဲ့လိုက်၏... ထို့နောက် ကလေးလေးနားသို့ ထိုင်လိုက်ချိန်၌  ရှင်းရှင်းလေးသည် မိခင်လည်ပင်းကို အတင်းဖက်တွယ်ထားလိုက်ရင်း  " မေမေ... သား မဝဘူးမလား " ဟု ထပ်မံမေးမြန်းပြန်သည်... 


ဒီတစ်ကြိမ်တွင်လည်း ချန်းဟွမ်သည် " အရမ်းဝနေတယ်... အတင်းမဖက်နဲ့ လွှတ် " ဟု အံကြိတ်ထားရင်းပြန်ဖြေလိုက်၏...


ယခုလို အခြေအနေတွင် ကလေးအတွက် အားကိုးချင်စရာအကောင်းဆုံးသူရဲကောင်းသည် ဖခင်ဖြစ်သူပင်... ထိုချိန်တွင် ချန်းဟွမ်သည် ကျန်းမင်ယွမ်ကို အချက်ပြလိုက်ပြီး ကလေးအနီးသို့ လာစေ၏... ထို့နောက်တွင် ကျန်းမင်ယွမ်နားသို့ ကပ်ကာ " သူ့ကို အရမ်းအလိုမလိုက်နဲ့ "ဟုသာ ဆို၏...


" စိတ်မပူပါနဲ့... " ကျန်းမင်ယွမ်သည် ထိုသို့ပြောပြီးနောက် သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူ့သားကို ဆိုဖာပေါ်တွင် သေချာပြန်ထိုင်စေပြီးနောက် ဆုံးမစကား​ဆိုတော့သည်...


ရှင်းရှင်းလေးသည် အဖေဖြစ်သူ၏ နာရီဝက်နီးပါး ဆုံးမစကားဆိုပြီးနောက်တွင်တော့ ကလေးလေးသည် မိခင်နှင့်အတူ ကစားဖို့ရာ အတင်းမပူဆာတော့ပါဘဲ  ကြမ်းပြင်ပေါ်တွင် သူတစ်ယောက်တည်းသာ တင့်ကား ကိုးစီးဖြင့် ပျော်ရွှင်စွာ ကစားနေတော့၏...


အားလပ်ရက်အပန်းဖြေခရီး ထွက်ကြခြင်းဖြစ်တာကြောင့် အခန်းထဲတွင်ပဲ တစ်နေကုန် နေမယ် မဟုတ်ပါလေ... သန္တာကျောက်နီကျွန်းသည် အပူပိုင်းဒေသတွင်တည်ရှိပြီး ယနေ့ အပူချိန်သည် ၃၃ဒီဂရီစင်တီဂရိတ်ဖြစ်သည်... နေရောင်ခြည်က ခရမ်းလွန်ရောင်ခြည် ပြင်းပြင်းထန်ထန်ပါဝင်တာကြောင့် ချန်းဟွမ်သည် သူမကိုယ်သူမ နေရောင်ကာခရင်မ်များ လိမ်းလိုက်ပြီး ရှင်းရှင်းလေးအတွက် အဝတ်အစားနှင့်ဦးထုပ်တို့ ပြင်ဆင်ပေးလိုက်သည်...


အဆင်သင့်ပြင်ပြီးသောအခါ၌ ချန်းဟွမ်သည် ရှင်းရှင်းလေးနှင့်အတူ အခန်းထဲမှထွက်လာခဲ့ပြီး တစ်ချိန်တည်းတွင်ပင် ကျန်းမင်ယွမ်သည်လည်း သူ့အခန်းထဲမှ ထွက်လာခဲ့သည်...


ချန်းဟွမ်သည် ဒီတစ်ကြိမ်တွင် ပထမဆုံးအနေဖြင့် ကျန်းမင်ယွမ်ကို သူဝတ်နေကျ အနက်ရောင်ဝတ်စုံပြည့်ဖြင့် မဟုတ်ဘဲ တခြားအဝတ်အစားဖြင့် တွေ့ဖူးခြင်းဖြစ်သည်... ဆံပင်ပုံစံမှာလည်း အရင်က သကဲ့သို့ ဂျယ်ဖြင့် အနောက်သို့ လှန်ထားခြင်းမရှိပါဘဲ ချထားသေးသည်... ထိုအမျိုးသားသည် တခြားသောအဝတ်အစားပုံစံမျိုးကို ဝတ်ဆင်ထားသောလည်း ထိုအဝတ်အစားများမှာ အနက်ရောင် အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီရှည်တို့ဖြစ်နေဆဲပင်... 


ချန်းဟွမ်က လက်တိုနှင့် ပန်းပွင့်ဘောင်းဘီတိုတို့ကို ၀တ်ဆင်ထားရင်း ကောက်ရိုးဦးထုပ်ကို ဆောင်းထားရင်း ကျန်းမင်ယွမ်ကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့၏...


"ဘာဖြစ်လို့လဲ?" 


 သူ့ကို အချိန်ကြာကြာစိုက်ကြည့်နေသည်ကို ခံစားမိတာကြောင့် ကျန်းမင်ယွမ် သူ့ကိုယ်သူ ပြန်ငုံ့ကြည့်ပြီးနောက်တွင် ချန်းဟွမ်ကို လှမ်းမေးလိုက်လေသည်...


" ရှင် ဘာလို့လက်​ရှည်​ဝတ်​​ထားလဲ... မပူဘူးလား..."


 ကျန်းမင်ယွမ်၏နှုတ်ခမ်းပါးတို့ အနည်းငယ်ပြုံးသွားခဲ့၏... " ဒီပုံစံနဲ့ ကိုယ် နေသားကျနေပါပြီ... "


သို့သော် ချန်းဟွမ်ကတော့ ဆက်ပြောပြန်သည်...


 " ဒါပေမယ့် ဘောင်းဘီအမဲကြီးကတော့ ပူမယ်ထင်တယ်... အမဲရောင်က အပူစုပ်တယ်လေ... ရှင် အရမ်းပူနေလိမ့်မယ်... ဘောင်းဘီကိုတော့ အရောင်မတူတာ ပြောင်းဝတ်လိုက်ပါလား... "


သူ ခေတ္တမျှတိတ်ဆိတ်သွားခဲ့ပြီးနောက် " ကိုယ့်မှာ မရှိဘူး " ဟု ပြောလိုက်လေ၏...


သူသည် အလုပ်သရဲဖြစ်ပြီး ဗီရိုထဲတွင် အနက်ရောင်ဝတ်စုံများသာရှိသည်... ဒီခရီးမစခင်မှာ သူ့လက်ထောက်က အဝတ်အစားဝယ်ဖို့ ကူညီပေးခဲ့သော်ငြား အလွန်အစွဲကြီးသောအလုပ်သရဲကျန်းမင်ယွမ်သည် တခြားအရောင်များကို အလွယ်တကူ လက်မခံတာကြောင့်အနက်ရောင်များသာ ထည့်ပေးလိုက်ခြင်းပင်...


ထုံးစံအတိုင်း ချန်းဟွမ်သည် ထိုကိစ္စကို မသိတာကြောင့် ကျန်းမင်ယွမ်ကို အဝတ်အစားမရွေးတတ်၍ဟူသာ ထင်မိလိုက်လေသည်... ဤသို့ဖြင့် အောက်ထပ်သို့ဆင်းလာခဲ့ပြီး တံခါးနားရောက်ချိန်တွင်တော့ သူမသည် ကျန်းမင်ယွမ်ကို ပြန်လှည့်ကြည့်လိုက်ကာ စကားစလိုက်တော့သည်...


 " ကျွန်းပေါ်မှာ အဝတ်အစားရောင်းတဲ့နေရာရှိမှာပါ... ရှင်နဲ့အဆင်ပြေမယ့်အင်္ကျီရှာဝယ်တာပေါ့... " 


သူမသည် ထိုစကားတို့ဆိုပြီး ခေတ္တရပ်လိုက်ပြီးနောက် နူးညံ့စွာပြုံးရင်း စကားဆက်လိုက်၏.


.." ကျွန်မတို့တွေ အင်္ကျီဆင်တူလေး ဝတ်ရမယ်ဆို ပိုကောင်းတာပေါ့ " 


ကျန်းမင်ယွမ်သည် ထိုအချိန်ခဏလေးတွင် လည်ချောင်း ခြောက်လာသလိုခံစားလိုက်ရပြီး ခဏလေးအတွင်းတွင် ခေါင်းညိမ့်ပြပြီး တိုးတိတ်စွာသာပြန်ဖြေလိုက်သည်


"ကောင်းပြီ"


Xxxxxx