အပိုင်း ၁၄၉-၁၅၀
Viewers 20k

Chapter 149

{ ကလေးကြီး  - ၁ }


ကျန်းမင်ယွမ်ဆီမှ တိကျသေချာသောအဖြေကို ရရှိလိုက်သဖြင့် ချန်းဟွမ်တစ်ယောက် ဝမ်းသာသွားခဲ့သည်... 


သူမ စက်ဝိုင်းသဏ္ဍာန်တံခါးကို တွန်းဖွင့်ပြီး သားဖြစ်သူနှင့်အတူ အပြင်သို့ လျှောက်လှမ်းပြီးနောက် ကျန်းမင်ယွမ်ကို ပြန်လှည့်မေးလိုက်သည်...


 " ဘယ်ကို အရင်သွားကြမလဲ "


" လောင်လျှိုတို့ကို အရင်စောင့်ကြတာပေါ့..." 


လောင်လျှိုတို့မိသားစုသည်လည်း ဤဟိုတယ်တွင် တည်းခိုခဲ့ကြခြင်းဖြစ်၏... ၎င်းတို့သည် ရဟတ်ယာဉ်ပုံသဏ္ဍာန်ရှိသောစံအိမ်ကို ငှားရမ်းထားခြင်းပင်...


ခေတ္တမျှစောင့်ဆိုင်းပြီးနောက်တွင် လောင်လျှိုမိသားစုကို ရောက်ရှိလာကြသည်... လောင်လျှိုနှင့် မစ္စစ်လျှိုတို့သည် သားဖြစ်သူနှင့်အတူရှေ့သို့ လျှောက်ခဲ့ကြ၏...


မိသားစုနှစ်စု တွေ့ဆုံပြီးနောက်တွင် တပ်မတော်အခြေစိုက်စခန်းသို့ ဦးစွာ ဦးတည်သွားရန် ဆုံးဖြတ်ခဲ့ကြသည်... လောင်လျှိုသည် ထိုနေရာတွင် နှစ်အနည်းငယ်ကြာ စခန်းချခဲ့ဖူးတာကြောင့် ထိုနေရာ၏ဧည့်လမ်းညွှန်ဖြစ်နိုင်လောက်သည့်အထိ ထိုနေရာအကြောင်းကို ရင်းနှီးပြီးသားပင်...


စစ်အခြေစိုက်စခန်းသည် ယခုတွင် ပြတိုက်အဖြစ် ပြောင်းလဲနေပြီဖြစ်ကာ မူလတန်းလျားကိုတော့ အမှတ်တရပစ္စည်းအရောင်းပြခန်းအဖြစ် ပြောင်းလဲထားခဲ့ပြီဖြစ်သည်...


ချန်းဟွမ်တို့သည် ဦးတည်ရာသို့ ရောက်ရှိချိန်တွင် လောင်လျှိုသည် ကားပေါ်မှ ဆင်းလာတည်းက စကားစမစဲတော့ပါလေ...


" ငါ ဒီမှာရှိခဲ့တုန်းက ဒီကင်းတဲလေး မရှိခဲ့ဘူး... အခု နောက်ပိုင်းမှ ထပ်ဆောက်ထားတာနေမယ်... "


အထဲသို့ဝင်သွားပြီးနောက် သစ်ပင်များကို တွေ့ချိန်၌လည်း " ဒီသစ်ပင်ကြီးက ဟိုးအရင်တုန်းတည်းက ရှိခဲ့တာလေ... အရင်ကဆို ဒီမှာ ရေချို မရဘူးလေ... မိုးရွာတဲ့ချိန်ဆို မိုးရေ ခံထားရတယ်... "


ဤသို့ဖြင့် အိပ်ခန်းတန်းလျားလေးသို့ ရောက်ချိန်တွင်တော့ " ဟိုအရင်က ငါ ဒီတတိယထပ်မှာ နေခဲ့တာလေ... တစ်ခန်းတည်းမှာ ရှစ်ယောက်အတူနေခဲ့ရတာ... သွားကြည့်လိုက်ပါအုံးမယ် ငါ့အခန်းရှိသေးလားလို့... " 


လက်ရှိတွင်တော့ ဤနေရာသည် အရင်ကနှင့် မတူတော့ဘဲ ပြတိုက်နှင့် အမှတ်တရပစ္စည်းအရောင်းနေရာအဖြစ် အမျိုးမျိုး ပိုင်းခြားအသုံးပြုနေပြီဖြစ်သည်... ရှေးဟောင်းပစ္စည်းများကို မှန်ဘောင်အတွင်း ထည့်ပြသထားပေသည်.. ထိုခေတ်အချိန်ကာလက အသုံးပြုခဲ့သောဂေါ်ပြား၊ အိုး၊ တံလျှို၊ စစ်ယူနီဖောင်းစသည်ဖြင့် ပစ္စည်းများ အားလုံးကိုလည်း ပြသထားချေ၏...


လောင်လျှိုသည် ထိုပစ္စည်းများကို ကြည့်ရင်း ထိုခေတ်ထိုချိန်က ထိုပစ္စည်းများကို မည်သို့အသုံးပြုခဲ့ကြောင်းအသေအချာရှင်းပြနေသေး၏... လောင်လျှို၏ရှင်းပြချက်အောက်တို့ကို နားဆင်ရင်း လူတိုင်း၏စိတ်ထဲတွင် အတိတ်ကပုံရိပ်တို့ တစ်ဖန်ပြန်လည်သက်ဝင်လှုပ်ရှားလာသည်...


ပြခန်းအတွင်း၌ ၎င်းတို့အဖွဲ့အပြင် တခြားသောခရီးသွားများလည်း ရှိခဲ့ပေသည်... အစတွင်တော့ ခရီးသွားများသည် ပြခန်းနေရာကို စိတ်ဝင်တစား မရှိကြသောကြောင့် ထွက်ခွာရန် ပြင်ဆင်နေကြသော်လည်း တစ်ဖက်ရှိလောင်လျှို၏ပြောပြချက်တို့ကို ကြားချိန်ဆွင် ထိုအမျိုးသားကြီး၏စကားကို နားထောင်ရန် အနားသို့ တိုးကပ်လာကြတော့သည်...


လောင်လျှိုသည်  သူပြောသမျှကို နားထောင်သောပရိသတ်များပြားလာချိန်တွင် ပိုလို့ပင်စိတ်လှုပ်ရှားလာခဲ့တော့သည်... သူ့ကို မေးမြန်းလာသမျှမေးခွန်းတိုင်းကိုလည်း အသေအချာတိတိကျကျ ပြန်လည်ဖြေကြားပေးနိုင်တာကြောင့် ပြခန်းရှိ မူလအလုပ်သမားများပင် ခရီးသွားတို့၏လျစ်လျူရှုခံလိုက်ရသည်.


တဖြည်းဖြည်း လူများအုံလာတာကြောင့် ချန်းဟွမ်သည် ရှင်းရှင်းလေး လူအုပ်ကြား မညပ်စေရန် ထိုနေရာမှ ထွက်လာခဲ့လိုက်တော့၏... ကျန်းမင်ယွမ်သည်လည်း သားအမိနှစ်ဦး ထွက်သွားရာ နောက်သို့သာ လိုက်ခဲ့လေသည်...


ပထမထပ်ရှိ ပြခန်းသည် သိပ်မကျယ်သည့်အပြင် စိတ်ဝင်စားစရာ သိပ်မရှိသောကြောင့် ချန်းဟွမ်သည် ဒုတိယထပ်သို့ ဆက်တက်ရန် အကြံပြုလိုက်၏...


သူမ၏အကြံပြုချက်ကို သားအဖနှစ်ဦးစလုံးက လက်ခံခဲ့ကြပြီး သုံးယောက်သားအတူ ဒုတိယထပ်သို့သွားရာ လှေကားထစ်ကို စတင်တက်ခဲ့ကြ၏...


ဒုတိယထပ်တွင် ပြန်လည်မွမ်းမံပြင်ဆင်ထားမှုများစွာရှိပြီး တခြားသောစိတ်ဝင်စားဖွယ်ရာပြသမှုများလည်း ရှိချေတယ်... ပထမအခန်းသည် လေ့ကျင့်ရေးခန်းဖြစ်ကာ အထဲကို လှမ်းကြည့်လိုက်ပါက နံရံပေါ်က ကြီးမားသောမြေပုံကြီးတစ်ခုကို တွေ့လိုက်ရပေသည်... အခန်းအလယ်တွင် သဲပုံးကြီးတစ်ခုရှိပြီး ထိုသဲပုံးအတွင်းတွင် အနီနှင့်အပြာ စစ်တပ်တို့ နှစ်ဖက်ပြိုင်ဆိုင်တိုက်ခိုက်နေသည့် ပြင်းထန်သောတိုက်ပွဲတစ်ခုပုံစံ ပြုလုပ်ထားသေး၏... ဤနေရာတွင် ထိုသဲပုံးကြီးတစ်ခုသာရှိသော်လည်း ၎င်းကို အသေအချာမျက်မြင်တွေ့ကြုံခံစားလိုသော ခရီးသွားများ အများအပြားရှိနေသည်... လူတချို့သည် ကိုယ်တိုင်ဝင်ရောက် တိုက်ခိုက်ရမည့်အလှည့်ကို စောင့်ဆိုင်းရင်း တန်းစီနေကြပြီး တချို့မှာတော့ ဝင်ရောက်တိုက်ခိုက်ကစားကြသူများကို ကြည့်ရှုနေကြသည်...


ရှင်းရှင်းလေးသည် ငယ်ရွယ်သေးတာကြောင့် ထိုသဲပုံးတွင်းတိုက်ပွဲတွင် ဝင်ရောက်တိုက်ခိုက်ရန် အဆင်မပြေလှချေ... ထို့ကြောင့်လည်း ကျန်းမင်ယွမ်သည် မိနစ်အနည်းငယ်ကြာပြီးနောက် ထွက်ခွာရန် ပြောလာတော့၏...


ကျန်းမင်ယွမ်သည် ယခုလိုတိုက်ပွဲမျိုးကို သိပ်ဂရုမစိုက်သလို ချန်းဟွမ်သည်လည်း  သိပ်စိတ်မဝင်စားတာကြောင့် ခေါင်းညိမ့်ပြလိုက်ပြီး " ကောင်းပြီလေ... ဒါဆို သွားကြတာပေါ့... " 


Xxxxx


Chapter 150

{ ကလေးကြီး  - ၂ }


ထိုအခန်းကြီး၏နောက်တွင် သေနတ်ပစ်ခန်းရှိပြီး ထိုနေရာတွင် ပစ်ခတ်မှု လေ့ကျင့်ရေးတို့ ပြုလုပ်နိုင်၏... သေနတ်ပစ်ခန်းသည် ခန့်မှန်းခြေအားဖြင့် မီတာ၃၀ကျော်လောက် ရှည်လျားသည်... ထိုနေရာသို့ လာရောက်သူများကို  အကာအကွယ်ပစ္စည်းများ တပ်ဆင်ထားရန် သတိပေးချက်များစွာကို ပို့ချပေးမည်နည်းပြဆရာလည်း ရှိနေသည်...


သံပုံးအခန်း ကဲ့သို့ပင် ဤနေရာတွင်လည်း သေနတ်ပစ်ရန် စောင့်ဆိုင်းနေသော လူတန်းစီရှည်ကြီး ရှိနေသေး၏... ရှင်းရှင်းလေးသည် သေနတ်များ လွန်စွာနှစ်သက်ပြီး ယခုတွင်လည်း သေနတ်နှင့် ဆော့ကစားချင်တာကြောင့် ဖခင်၏ရင်ခွင်ထဲ ခုန်တက်သွားကာ ပူဆာတော့သည်...


ကျန်းမင်ယွမ်သည် သူ့ပေါ်သို့ ခုန်တက်လာသောသားဖြစ်သူကို ခက်ခက်ခဲခဲဟန်ချက်ထိန်းလိုက်ရသေး၏... ရှင်းရှင်းလေးသည် ဖခင်ဖြစ်သူကို သနားစဖွယ်ကောင်းသောအကြည့်တို့ဖြင့်ကြည့်ရင်း ပူဆာလေသည်...


 " ဖေဖေ... သား သေနတ်ပစ်ကြည့်ချင်တယ်... "


" ဖေဖေ သား သေနတ်ပစ်ကြည့်ချင်တယ်လို့... " ကလေးလေးက ထိုစကားဖြင့် အကြိမ်ကြိမ်တောင်းဆိုလာချိန်တွင်တော့ ကျန်းမင်ယွမ် လက်ခံလိုက်သည်


 " ကောင်းပြီ... ဖေဖေတို့ ရှေ့ဆုံးတန်းရောက်ရင် ပစ်ကြည့်ကြမယ်... "


သို့သော် လိုချင်တာကိုသာ သိသောကလေးလေးသည် စိတ်မရှည်ပါဘဲ ထပ်ပူဆာပြန်၏...


 " ဒါပေမယ့်​ သားက အခုချက်ချင်း ပစ်ချင်တာလေ... "


သို့သော်လည်း စောင့်ဆိုင်းလိုင်းမှာ လူများစွာ တန်းစီနေဆဲဖြစ်ပြီး ပစ်ပြီးသူများ၏ အကာအကွယ်ပစ္စည်းကိရိယာကို ပြန်ဖြုတ်သည့်အချိန်တို့ကိုပါ ထည့်တွက်ချက်ပါက ၎င်းအလှည့်ရောက်ရန် အနည်းဆုံး တစ်နာရီလောက် ကြာပေအုံးမည်...


ကျန်းမင်ယွမ်သည် ရှင်းရှင်းလေးကို ချီထားရင်း လူတန်းကြီးကို ကြည့်ကာ အချိန်တစ်ခုထိ စဥ်းစားနေမိ၏... ထို့နောက်တွင်တော့ အနှီအမျိုးသားသည် ရှင်းရှင်းလေးကို အောက်ခဏပြန်ချထားခဲ့ပြီး လူတန်းကြီး၏ရှေ့ဆုံးနေရာမှ လူဆီသို့ လျှောက်သွားပြီး စကားပြောနေခဲ့သည်...


သူတို့ပြောနေသောအကြောင်းအရင်းတို့ကို ချန်းဟွမ်တို့သားအမိ လုံးဝမကြားနိုင်လောက်အောင်အထိ ဝေးကွာနေခဲ့လေသည်... သူမ မြင်တွေ့လိုက်ရသည်က ကျန်းမင်ယွမ်တစ်ယောက် သူ့ပိုက်ဆံအိတ်ကို ဆွဲထုတ်လိုက်သည်ကိုပင်... ခဏအကြာတွင် သူသည် ရှင်းရှင်း၏လက်ကို ဆွဲကိုင်လိုက်ပြီး ချန်းဟွမ်ကို ကြည့်ကာ " ကိုယ်တို့ သွားကြစို့..." ဟု ပြောလာခဲ့၏...


ထိုသို့ဆိုပြီးနောက် ရှေ့ဆုံးမှ လူဆီသို့ ချန်းဟွမ်တို့သားအမိကိုပါ ခေါ်လာရင်း ပြန်လာခဲ့သည်... ထိုအခါ ရှေ့ဆုံးနေရာမှလူသည် ထိုနေရာမှ ရှောင်ထွက်သွားပြီး လိုင်းနောက်ဘက်သို့ လျှောက်သွားလေတော့သည်...


၎င်းတို့၏နေရာဖလှယ်ကြခြင်းသည် ကြားလူများကို မထိခိုက်စေသည့်အတွက် မည်သူမှတစ်ဦးတစ်ယောက်မျှ မကျေမနပ် မဖြစ်ကြပါလေ...


" ရှင် သူ့ကို ဘယ်လောက်ပေးလိုက်တာလဲ... " ချန်းဟွမ်က စပ်စုလေသည်...


" ယွမ် ၁ထောင် " ကျန်းမင်ယွမ်သည် ၁ထောင်ဟူသော ပမာဏကို ၁ယွမ်လောက်သာ ပေးချေလိုက်သည့်အတိုင်း ပေါ့ပေါ့တန်တန် ပြန်ဖြေခဲ့လေတယ်...


ချန်းဟွမ် : " ••• " (ဆွံ့အ)


 ကျန်းမင်ယွမ်လိုလူတစ်ယောက်အတွက် ၁ ယွမ်နှင့် ယွမ် ၁ထောင်သည် သိပ်ကွာခြားမှု ရှိပုံမရချေ...


ဤသို့ဖြင့် အရှေ့တွင် ပစ်နေသောလူများ ၁၀ ချက်ပစ်အပြီးတွင် ၎င်းတိုသုံးယောက်သား အလှည့်ရောက်ရှိလာပြီး နည်းပြဆရာကဘယ်သူပစ်မှာလဲလို့ မေးလာခဲ့၏...


 ရှင်းရှင်းလေးက " သား! သား! "ဟု ခုန်ပေါက်ရင်း ပြန်ဖြေလေသည်... 


ကလေးလေး၏စိတ်လှုပ်ရှားနေမှုကို မြင်ချိန်တွင် နည်းပြဆရာသည် အနည်းငယ်ရယ်မောလိုက်လေတယ်... " စိတ်မရှိပါနဲကွာ... ဒီနေရာမှာက ကလေးလေးတွေ သေနတ်ပစ်ခွင့်မရှိဘူး... "


ထိုစကားကို ကြားအပြီးတွင် သေနတ်လွန်စွာပစ်ချင်နေသောရှင်းရှင်းလေးက ချက်ချင်းပြန်ပြောလာခဲ့သည်... " ကျွန်တော်က ကလေးလေးမဟုတ်ဘူး " 


"ဘယ်လို?"


" ကျွန်တော် အခု ကလေးကြီးဖြစ်နေပြီ... "


 ရှင်းရှင်းလေးသည် လက်နှစ်ဖက်ဖြင့် ခါးထောက်ရင် အကောင်းဆုံးရှင်းပြချေသည်...


 " ဖေဖေက ပြောတယ် ကျွန်တော်က ကလေးကြီးဖြစ်နေပြီတဲ့... "


နည်းပြဆရာသည် စကားတတ်သောရှင်းရှင်းလေးကို တအံ့တသြ ကြည့်လိုက်ပြီးနောက် ကလေးဘေးနားက လူကြီးနှစ်ယောက်ကို လှမ်းကြည့်လိုက်ချေတယ်... ထိုစဥ် တစ်ဖက်ရှိ ကျန်းမင်ယွမ်၏ကူကယ်ရာမဲ့နေသောအကြည့်ကို မြင်သောအခါ ချက်ချင်းသဘောပေါက်လိုက်လေ၏...


ထို့နောက်တွင်တော့ နည်းပြဆရာသည် မရယ်မောတော့ဘဲ သူ့လက်တစ်ဖက်ကို ကလေးလေး၏ခေါင်းပေါ် တွင် တင်လိုက်ပြီး လေးလေး မကြားချင်သောအရာကိုသာ ထပ်ပြောလိုက်ပြန်သည်..." ဒီနေရာမှာ က​လေးကြီးတွေလည်း ပစ်လို့မရဘူး... ဒီဘက် ဖေဖေနဲ့မေမေ နှစ်ယောက်ပဲ ပစ်လို့ရမှာ... "


" ဘာလို့လဲ " ရှင်းရှင်းလေးသည် သက်ပြင်းချကာ မေးမြန်းလိုက်သည်...


“ ဘာအကြောင်းမှ မရှိပါဘူး ”  နည်း​ပြဆရာက ပြန်ပြောခဲ့၏...


မတတ်နိုင်တော့သည့်အဆုံးတွင်တော့ ကလေးလေးသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး  ခေါင်းငိုက်စိုက်ကျကာ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်များ အကုန်ထွက်သွားသလို ခံစားလိုက်ရသည်...ထို့နောက်တွင်တော့ မိဘနှစ်ပါးဘက်သို့ ပြန်လျှောက်လာခဲ့လေတယ်... အနီးသို့ ရောက်ချိန်တွင် ဖခင်၏ဘောင်းဘီစလေးကို ဆွဲလိုက်ကာ ပြောလိုက်သည်


 " ဖေဖေ... သေနတ်သွားပစ်တော့လေ... "


 ကျန်းမင်ယွမ်သည်လည်း ကန့်ကွက်စရာ အကြောင်းမရှိတာကြောင့်  " ကောင်းပြီ... " ဟု ပြန်ပြောပြီး အကာအကွယ်ဝတ်စုံတွေကို ယူဖို့ နည်းပြဆရာဆီ လျှောက်လာခဲ့လေ၏...


ဖေဖေ ထွက်သွားသည်ကို မြင်ချိန်တွင် ရှင်းရှင်းလေးသည် သူ့အမေ၏လက်ကို ဆွဲကိုင်လိုက်ပြီး တစ်ခုခုပြောချင်ကြောင်း လက်ဟန်ပြချေတယ်... ချန်းဟွမ်က အောက်သို့ ငုံ့ကြည့်လိုက်ချိန်တွင်တော့ သားဖြစ်သူက “ မေမေ... သေနတ်ပစ်တာက ပင်ပန်းတယ်...  ”ဟု ခပ်တိုးတိုးလေး ပြောနေတာကို ကြားလိုက်ရ၏...


အဲ့ဒါကြောင့် ဖေဖေ့ကို ဂရုစိုက်ပေးသင့်တယ်..


Xxxxxxx


.