အပိုင်း ၁၅၁-၁၅၂
Viewers 20k

Chapter 151


အသက်အရွယ်မရွေးသော အမျိုးသားတိုင်းသည် သေနတ်ကို ခုံမင်တတ်ကြသည်။  ကျန်းမင်ယွမ်သည်လည်း ထိုကဲ့သိုပင်ဖြစ်၏။


ကျန်းမင်ယွမ် နိုင်ငံခြားသို့ ပညာတော်သင်သွားစဉ်က သေနတ်နှင့်ပတ်သက်သည့် အတွေ့အကြုံများ ရှိခဲ့သည်။


ဤကဲ့သို့သောခန်းမပုံစံများကိုလည်း စီးပွားရေးအရ  ဒီဇိုင်းဆွဲပေးခဲ့ဖူး၏။ 


သေနတ်ကိုင်ထားသောကျန်းမင်ယွမ်၏ပုံစံက လွန်စွာ အတွေ့အကြုံရှိပုံရသည်။နည်းပြဆရာက ကျန်းမင်ယွမ်အား ခေတ္တကြည့်ပြီး မည်သည့်မှတ်ချက်မှ ထပ်မပေးချေ။


သေနတ်ထဲတွင်ဖြည့်ထားသည်မှာ ကျည်အစစ်ဖြစ်သည်။ ပစ်မှတ်များသည် ငြိမ်သက်နေပြီး အဝေးဆုံး ၂၅ မီတာအထိရှိ၏။ 


ကျန်းမင်ယွမ် သေနတ်ကိုင်လိုက်သောအခါ ချန်းဟွမ်နှင့် ရှင်းရှင်းက စောင့်ကြည့်ရန် မှန်တံခါးနောက်သို့ထွက်လာခဲ့ကြသည်။ သားအမိနှစ်ယောက်သည် ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်ကာ လက်ဖက်ရည်သောက်ရင်း သေနတ်ပစ်ပုံကို စိတ်ဝင်တစား ကြည့်နေကြ၏။


 ကျန်းမင်ယွမ်က မျက်လုံးကာကို တပ်ဆင်ထားသည်။  သူ့၏ပါးစပ်ကို မျဉ်းဖြောင့်ကဲ့သို့ တင်းတင်းစိထားပြီး မေးစေ့မှာ တောင့်တင်းနေ၏။ သူသည်ပြင်ဆင်ရန် အချိန်အများကြီး မယူလိုက်ရပေ။


ချန်းဟွမ်တစ်ယောက် လက်ဖက်ရည်ခွက်အား  လှမ်းယူလိုက်ချိန်တွင် " ဘန်း " ဟူသောအသံကိုကြားလိုက်ရတော့၏။


ကျည်ကာမှန်များကို ဖြတ်ကျော်၍ထွက်လာသော


ဆူညံသံက အနည်းငယ် လျော့ပါးသည်။ သို့သော်လည်း ရင်ခုန်စေလောက်သည်အထိ ကျယ်လောင်လွန်းသေး၏။


 ချန်းဟွမ်က လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ပြီး ပစ်မှတ်ကိုစပ်စုရန် သားဖြစ်သူနှင့်အတူ မှန်တံခါးအနီးသို့ အပြေးလေး‌သွားသည်။ 


 "မေမေ...ဖေဖေ ပစ်လိုက်ပြီလား "  ရှင်းရှင်းက အလွန်စိတ်လှုပ်ရှားနေ၏။


 " ထိသွားပြီ "  နံရံပေါ်တွင် ကြီးမားသော LED ဖန်သားပြင်တစ်ခုရှိပြီး ၎င်းက ပစ်မှတ်ရလဒ်ကို ပြသသည်။


သေနတ်သံပြီးနောက်တွင် ဆယ်မှတ်ဟူသော သင်္ကေတက ဖန်သားပြင်ပေါ်၌ပေါ်လာသည်။


 “ ဖေဖေက ဆယ်မှတ်ကွင်းကို ပစ်လိုက်တာ ”


 "အဲ့ဒါက ကောင်းတာလား"


 "ဒါပေါ့ " ချန်းဟွမ်က ရှင်းရှင်းကို ခေါင်းညိတ်ပြလိုက်၏။  


" ၁၀မှတ်က အမြင့်ဆုံးပဲလေ "


 “ဝါး …” 


ရှင်းရှင်းတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်သွားတော့၏။ ထို့နောက် မျက်နှာသေးသေးလေးပေါ်၌ မာန်တက်နေသော အမူအရာပေါ်ထွက်လာသည်။ 


 "သိသားပဲ...ဖေဖေက အတော်ဆုံးပဲဆိုတာ "


ရှင်းရှင်း၏မျက်လုံးထဲ၌ သူ၏အဖေဖြစ်သူမှာ အမြဲတမ်း အစွမ်းထက်၏။ ထိုအစွမ်းသတ္တိအား နဖူးတွေ့ဒူးတွေ့မြင်လိုက်ရသည့်အခါတွင် သူသည်ဂုဏ်ယူမဆုံးနိုင်တော့ချေ။


 ကျန်းမင်ယွမ်က အလွန်တည်ငြိမ်နေ၏။သူ သူ့စွမ်းဆောင်ရည်အား လုံးဝ မအံ့သြမိ‌ပေ။


၁၀ချက်ပစ်ခတ်ခဲ့ရာတွင် ကိုးမှတ်တန်တစ်ချက်မှလွဲ၍ ကျန်ပစ်ခတ်မှုအားလုံးသည် ဆယ်မှတ်ရရှိခဲ့သည်။


 ချန်းဟွမ် ကျန်းမင်ယွမ်အား အလွန်အထင်ကြီးနေပြီဖြစ်၏။ရှင်းရှင်းမှာမူ အဖေဖြစ်သူအား စူပါမန်းအဖြစ်ပင် မြင်နေပေပြီ


 ၁၀ ချက်ပစ်ပြီးသောအခါ ကျန်းမင်ယွမ်က သေနတ်ကို   နေရာတကျပြန်ထား၏။ထို့နောက်မျက်လုံးနှင့် နား အကာအကွယ်များကို ဖြုတ်လိုက်သည်။


ရှင်းရှင်းက ဒုံးကျည်ငယ်လေးတစ်ခုသဖွယ် အဖေဖြစ်သူထံ တစ်ချိုးတည်းပြေးသွား၏။


ယ​နေ့အစောပိုင်းက သင်ခန်းစာရခဲ့သောက​လေးငယ်​သည်​ ကျန်းမင်ယွမ်ထံသို့ ​မရောက်​မီတွင် ​ အရှိန်​​အနည်းငယ်လျှော့လိုက်​သည်​။ သူသည် ကျန်းမင်ယွမ်၏ ရင်ခွင်ထဲသို့  လှဲချကာ ခြေထောက်ကို ဖက်ထားရင်း အလွန်ချိုမြိန်သော လေသံဖြင့် ပြောသည်။


  "ဖေဖေက အရမ်းတော်တာပဲ... "


 ကျန်းမင်ယွမ်သည်လည်း သားဖြစ်သူထံမှ ချီးကျူးမှုကို အလွန်ပင်သဘောကျ၏။သူသည် နောက်ထပ်အကြိမ်အနည်းငယ်မျှပင် ထပ်ပစ်ချင်ခဲ့သည်။ 


သို့သော်လည်း‌ တွေးခေါ်ပုံမှာ မရင့်ကျက်ဟု ခံစားရသည့်အတွက် အနည်းငယ်စနှိးစနှောင့်ဖြစ်သွား၏။


 ရင့်ကျက်တည်ငြိမ်သောကျန်းမင်ယွမ်သည် နောက်ဆုံး၌ ဆန္ဒကိုမျိုသိပ်ကာ နံပါတ်တစ်အမာခံပရိသတ်ဖြစ်သည့် သားဖြစ်သူကို အပြင်ခေါ်သွားလိုက်ပြီး သားအဖသုံးယောက်သား ထိုနေရာမှ ထွက်ခွာလာခဲ့ကြ၏။


 စစ်အခြေစိုက်စခန်းသည် အလွန်မကျယ်ဝန်းသကဲ့သို့သွားစရာနေရာလည်း များများစားစားမရှိချေ။


ယခင်ကသွားရောက်ခဲ့သော နေရာနှစ်ခုမှ လွဲ၍ ကျန်‌နေရာများအားလုံးသည် အစစ်အမှန်(သာမန်)များဖြစ်ကြ၏။


ကလေးများအတွက် မည်သည့်ကစားနည်းကမှ သင့်လျော်မနေပေ။ သုံးယောက်သား ခဏတာ လမ်းလျှောက်ပြီး တခြားတစ်နေရာသို့သွားရန် ဆုံးဖြတ်လိုက်ကြသည်။


 " ဘယ်နေရာသွားချင်လဲ "  


လောင်လျှို နှင့် ဇနီးသည်မှာ ဤနေရာတွင် မပြီးပြတ်သေးသောကြောင့် မိသားစုနှစ်စုသည် လောလောဆယ်တွင် လမ်းခွဲရန် သဘောတူညီခဲ့ကြ၏။


ကျန်းမင်ယွမ်သည် သားဖြစ်သူကို ပွေ့ချီပြီး စစ်တန်းလျားမှ ထွက်သွားကာ ချန်းဟွမ်၏ဆန္ဒကို နားထောင်ရန်ဆုံးဖြတ်ထားသည်။


 "ကမ်းခြေဘက်သွားရအောင်...  အရမ်းလှတယ်လို့ ကြားတယ် "  


သန္တာနီကျွန်းတစ်ဝိုက်ရှိ ရေအရောင်သည် အလွန်တောက်ပ၏။သန္တာကျောက်တန်းများ၏ ပျံ့နှံ့မှုကြောင့် ရေသည် နေရောင်အောက်တွင် အပြာနှင့် အနီရောင် နှစ်မျိုးလုံး ရောယှက်နေမည်ဖြစ်၏။အလွန်လှပမည့်မြင်ကွင်းပင်။


ချန်းဟွမ်သည် သန္တာနီကျွန်းသို့လာရန် ဆုံးဖြတ်ပြီးကတည်းက ဓာတ်ပုံရိုက်ရန် ကြိုတင် အစီစဉ်ဆွဲထားခဲ့သည်။ သူမ ဤခရီးစဉ်အတွက် ကင်မရာတစ်လုံးပင် ဝယ်ယူခဲ့သေး၏။ 


ထိုကင်မရာကို သူမနှင့်အတူ ယူဆောင်လာခဲ့ပြီး ဓာတ်ပုံကောင်းအချို့ကို စုဆောင်းသိမ်းဆည်းထားရန်  ပြန်လည်ယူဆောင်လာချင်ခဲ့သည်။


သို့သော် သူမ ကိုယ်တိုင် ဓာတ်ပုံမရိုက်နိုင်ချေ။


၎င်းအပြင် ရှင်းရှင်းကို အားမကိုးနိုင်သည်မှာ သေချာသည်။  ထို့ကြောင့်သူမသည် ကျန်းမင်ယွမ်ကို အကူအညီတောင်းရန်ဆုံးဖြတ်ခဲ့၏။


ထိုအရာကို တွေးမိလိုက်သောအခါ ချန်းဟွမ်ကအနည်းငယ် တွေဝေ‌သွားသည်။သူမတို့နှစ်ယောက်သည် ထိုမျှလောက်ကြီး ရင်းနှီးကြသေးသည်လည်းမဟုတ်ချေ။


အချိန်အနည်းငယ်တွန့်ဆုတ်နေအပြီးတွင် ချန်းဟွမ်က ခပ်တိုးတိုးမေးသည်။


"ကျွန်မကို ဓာတ်ပုံရိုက်ပေးလို့ရမလား" 


 ကျန်းမင်ယွမ်ဘက်မှပြန်မ‌ဖြေမီတွင်


ချန်းဟွမ်က ထပ်လောင်းဖြည့်စွက်ပြောကြား၏။ 


"ကျွန်မလည်းရှင့်ကို ပြန်ရိုက်ပေးမယ်လေ " 


Xxxxxx


Chapter 152


ကျန်းမင်ယွမ်သည် ပုံမှန်တွင် ဓာတ်ပုံရိုက်ရန် စိတ်မဝင်စားတတ်သဖြင့် ငြင်းဆိုချင်သည်။သို့သော် သူသည် စိတ်ပြောင်းသွားပြီး ခေါင်းငြိမ့်လိုက်၏။


ဓာတ်ပုံရိုက်မည့် ကိစ္စက ဤကဲ့သို့ အဆုံးသတ်သွားခဲ့သည်။


 ကမ်းခြေသည် စစ်တန်းလျားနှင့် သိပ်မဝေးသော်လည်း နာရီဝက်ကျော်ခန့် လမ်းလျှောက်ရမည်ဖြစ်၏။


သို့သော်လည်း ကံကောင်းစွာဖြင့် အဖြူရောင် လျှပ်စစ်ကားတစ်စီးကို ငှားရမ်းနိုင်ခဲ့သည်။ 


ငှားရမ်းခမှာ တစ်ကြိမ်လျှင် ယွမ်တစ်ရာကျသင့်ပြီး ယာဉ်မောင်းတစ်ဦးအား ရွေးချယ်ခွင့်လည်းရှိ၏။


ကျန်းမင်ယွမ်တို့သုံးယောက်က ကားတစ်စီးငှားရမ်းလိုက်ကြသည်။


 ခရီးသွားကားသည် သုံးဘီးဆိုင်ကယ်နှင့် အလွန်တူ၏။  အရှေ့တွင် ယာဉ်မောင်းထိုင်ခုံတစ်ခုနှင့် အနောက်ဘက်တွင် ထိုင်ခုံနှစ်ခုပါရှိသည်။ 


တံခါး၊ ပြတင်းပေါက်များမပါရှိဘဲ ဘေးဘီနှစ်ဖက်စလုံးသည် ပွင့်လျက်သားအနေအထားဖြစ်၏။


သုံးနေရာသာရှိသောကြောင့် ယာဉ်မောင်းကို ငှားရမ်းနိုင်မည်မဟုတ်ပေ။ 


ထို့ကြောင့် ကားမောင်းရမည့်တာဝန်မှာ ကျန်းမင်ယွမ်၏ ပခုံးပေါ်သို့ ကျရောက်သွားသည်။


 ကျန်းမင်ယွမ်သည် ယွမ်သိန်းတစ်ထောင်မှစ၍ သန်းဆယ်ချီတန်သောကားများစွာကို မောင်းနှင်ခဲ့ဖူးသော်လည်း လျှပ်စစ်ကားမောင်းနှင်သည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။သူ အနည်းငယ် အဆင်မပြေသကဲ့သို့ခံစားရသည်။


ကျန်းမင်ယွမ်က ကားထဲသို့ဝင်ပြီးနောက် ဝေ့ဝိုက်ကြည့်လိုက်၏။


 "ပြုတ်တော့မကျလောက်ပါဘူးနော် "  


ကျန်းမင်ယွမ်က လျှပ်စစ်ကား၏ ဘေးကင်းမှုကို သံသယရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။


 ချန်းဟွမ်က ရှင်းရှင်းအား လက်တစ်ဖက်နှင့် လှမ်းထိန်းထားပြီး ကျန်လက်တစ်ဖက်နှင့် လက်ကိုင်ကွင်းကိုဆွဲထား၏။ 


“ဖြည်းဖြည်းမောင်းပေါ့... အဆင်ပြေမှာပါ ”


 "ထင်တာပါပဲ..."  ကျန်းမင်ယွမ်သည် သက်ပြင်းချကာ ကားစက်နှိုးလိုက်ပြီး ကားပါကင်မှ ထွက်ခွာသွားသည် ။


စစ်တန်းလျားမှ ကမ်းခြေသို့သွားသောလမ်းသည် အလွန်ညီညာပြီး အခြားခရီးသည်များကလည်း အလားတူလျှပ်စစ်ကားများစီးလာကြသည်ကို တွေ့နိုင်သည်။


 ရှင်းရှင်းသည် ယခင်က ချန်းဟွမ်၏ သုံးဘီးဆိုင်ကယ်ကို စီးဖူးသောကြောင့် ဤလျှပ်စစ်ကားကို နေသားကျနေပြီဖြစ်၏။ သူသည် နေရာတွင်သာ ငြိမ်ငြိမ်လေးထိုင်နေသည်။ 


သန္တာနီကျွန်းတွင် အခြားအပူပိုင်းကျွန်းများကဲ့သို့ပင်  အုန်းပင်များစွာရှိ၏။အုန်းပင်များအား လမ်းတစ်ဖက်တစ်ချက်စီ၌ တွေ့နိုင်ပြီး အပင်များပေါ်တွင် အုန်းသီးများ ပြွတ်သိပ်နေသည်။


ခရီးသွားအချို့က ကားရပ်ကာ ထိုအုန်းသီးများကို ခူးဆွတ်ရန် ကြိုးစားကြ၏။


 ရှင်းရှင်းက ဘေးကိုလှည့်ကြည့်လိုက်ပြီး မြင်ကွင်းတစ်ခုကြောင့် ပါးစပ်အဝိုင်းသားဖြစ်သွားသည်။


 လမ်းဘေး၌ အသက်နှစ်ဆယ်ကျော် လူငယ်စုံတွဲတစ်တွဲရှိသည်။ကောင်ကလေးက အုန်းပင်ပေါ်သို့ လက်နှစ်ဖက်ဖြင့် ထိန်းကိုင်ကာ တက်နေပြီး အပင်တစ်ဝက်အထိပင် ရောက်နေပြီဖြစ်၏။ကောင်မလေးမှာ သစ်ပင်အောက်ခြေ၌ရပ်ပြီး မော့ကြည့်ကာ သတိထားရန် လှမ်းပြောနေသည်။


 ရည်းစားကောင်လေး၏ လှုပ်ရှားမှုများမှာ ချောမွေ့သွက်လက်ပြီး မကြာခင်၌ပင် သစ်ပင်ထိပ်သို့ ရောက်သွားတော့၏။သူသည် လက်တစ်ဖက်ဖြင့် အုန်းပင်ကိုခိုထားပြီး ကျန်လက်တစ်ဖက်ဖြင့် အုန်းသီးလှမ်းဆွတ်သည်။


 အုန်းသီးအညှာပြတ်တောက်သွားပြီး ကောင်လေးက အုန်းသီးကိုအောက်သို့ပစ်ချ၏။


ကောင်မလေးက ခပ်ကျယ်ကျယ်ရယ်ကာ လိမ့်သွား‌သောအုန်းသီးကို လိုက်ကောက်သည်။


ထို့နောက် ရည်းစားကောင်ကလေးအား နောက်တစ်လုံးထပ်ဆွတ်ရန် လှမ်းပြောနေ၏။


ကျန်းမင်ယွမ်မောင်းနှင်လာသောကားမှာ ထိုစုံတွဲအား ဖြတ်ကျော်ခဲ့ပြီးဖြစ်သော်လည်း ရှင်းရှင်းက လည်ပြန်ငေးကြည့်နေဆဲပင်ဖြစ်သည်။


  "မေမေ....အဲဒီ့အစိမ်း‌ရောင်ကြက်ဥကြီးက အရမ်းကြီးတာပဲနော် "


 “အဲ့ဒါ ကြက်ဥမဟုတ်ဘူး အုန်းသီး "


 ချန်းဟွမ်က ရှင်းရှင်း၏အသိကို ပြန်လည်တည့်မတ်ပေးပြီး အုန်းသီး၏အကြောင်း ၊ အသီးသီးပုံနှင့်


စားလို့ရသည့်နည်းလမ်းများအ‌ကြောင်းကို စနစ်တကျရှင်းပြပေး၏။


 အုန်းသီးမှာ အရသာကောင်းကြောင်း သိလိုက်ရသောရှင်းရှင်းသည်  ပိုမိုစိတ်ဝင်စားလာခဲ့သည်။ သူသည် လမ်းဘေးရှိ အုန်းပင်များကို လှည့်ကြည့်လိုက်၏။ 


ထို့နောက် မောင်းသူထိုင်ခုံ၌ရှိသော ကျန်းမင်ယွမ်အား လှမ်းကြည့်ပြီးမေးသည်။


“ဖေဖေ... အုန်းသီးခူးပေးလို့ရမလား... သားသားလည်း တစ်လုံးလောက် လိုချင်လို့ "


ကျန်းမင်ယွမ်သည် ကားမောင်းသည့်အခါ ယာဉ်မတော်တဆမှုမဖြစ်စေရန် အလွန်သတိထားတတ်၏။ ရှင်းရှင်း၏စကားအား သူက ချက်ချင်းမတုံ့ပြန်ပေ။


ရှင်းရှင်း၏ပြောစကားကို နားလည်လိုက်သောအခါ ကျန်းမင်ယွမ်သည် ယခင်ကထက်ပင်​ ပိုတိတ်​ဆိတ်​သွားတော့သည်။


ဖခင်တစ်ဦးသည် သားသမီးများ၏အမြင်တွင် စွမ်းဆောင်နိုင်သူဖြစ်သည်။ ဖခင်များကိုယ်တိုင်ကလည်း  အလုံးစုံသော တန်ခိုးရှင်အဖြစ် သားသမီးများအားမြင်စေလိုကြသည်ချည်းဖြစ်၏။


ကျန်းမင်ယွမ်သည် ရှင်းရှင်းအား သစ်ပင်မတက်တတ်ကြောင်းကို မည်သို့ပြောရမည်မသိချေ။


 ရှင်းရှင်းကို စိတ်မပျက်စေလိုပေ။


Xxxxxx