Chapter 153
"လမ်းဘေးက အုန်းသီးတွေကို ခူးလို့မရဘူးလေ"
ကျန်းမင်ယွမ်တစ်ယောက် ဆက်ပြောစရာစကားရှာမရချိန်တွင် ချန်းဟွမ်က ဝင်ထောက်ပြတော့သည်။
" ရှင်းရှင်းက အုန်းသီးလိုချင်ရင် ဒီတိုင်းဝယ်စားရမှာပေါ့...လမ်းဘေးက အုန်းပင်တွေက တစ်ယောက်ယောက်စိုက်ထားတာလည်းဖြစ်နိုင်တာပဲ ...အဲ့လိုကြီးသွားခူးရင် သူများဟာကို ခိုးရာကျတာပေါ့ "
" ဟင် "
“ဒါတင်မကသေးဘူး အုန်းပင်တွေက အရမ်းမြင့်ပြီး လှေကားမပါဘာမပါနဲ့ ပြုတ်ကျရင် ထိခိုက်ဦးမယ်... ဘယ်လောက်ထိနာမလဲ တွေးကြည့်လို့တောင်မရဘူး”
ရှင်းရှင်းက ချန်းဟွမ်၏စကားများကို လိုက်မမီသော်လည်း ခေါင်းငြိမ့်ရှာသည်။
"ဒါပေမဲ့ တခြားသူတွေကျတော့ ခူးတယ်လေ "
ထိုအခါချန်းဟွမ်က ရှင်းရှင်း၏ပခုံးပေါ် လက်လှမ်းတင်လိုက်ပြီးပြော၏။
“တခြားသူတွေ အမှားလုပ်တိုင်း လိုက်လုပ်လို့မရဘူး... တွေ့နေရင် ဝင်တားလို့ရတယ် ဒါပေမဲ့ အတုလိုက်မခိုးရဘူး ”
“ဟုတ်...” ကလေးက ခေါင်းငြိမ့်ပြသည်။
“ဒါဆို ဟိုအစ်ကိုကြီးကို အုန်းသီးမခူးဖို့ ပြန်သွားပြောကြမယ်လေ”
ချန်းဟွမ်တစ်ယောက် ပြောစရာစကားများ ပျောက်ရှသွားတော့သည်။
သူမသည် မောင်းသူထိုင်ခုံရှိ ကျန်းမင်ယွမ်အားတစ်ချက်ကြည့်၏။ကျန်းမင်ယွမ်၏ နှုတ်ခမ်းစွန်းများက ကွေးတက်သွားသည်။
"ကောင်းပြီလေ... ဖေဖေတို့ ပြန်သွားပြီးတော့ တားကြမယ်"
သူတို့သည် ထိုနေရာအားကျော်လာသည်မှာ အချိန်အတော်အတန်ကြာနေပြီဖြစ်သောကြောင့် ပြန်သွားရန် အနည်းငယ်ခက်ခဲပြီး ကားပြန်လှည့်ရန်လိုအပ်သည်။
ကျန်းမင်ယွမ်က သားအမိနှစ်ဦးကို ကားပေါ်မှ ဦးစွာ ဆင်းစေ၏။ထို့နောက် ကားပြန်ကွေ့ရန် လမ်းရှင်းသည်အထိ စောင့်ဆိုင်းခဲ့သည်။
ကားပြန်လှည့်ပြီးနောက် ချန်းဟွမ်က ရှင်းရှင်းအား ကားပေါ်တက်ရန် အရင်ကူညီပေး၏။ပြီးမှသာ သူမကိုယ်တိုင်တက်သည်။
"ရှင် နည်းနည်းသတိအထားလွန်နေတယ်လို့ မထင်ဘူးလား"
"ဒီကားက အဲ့လောက်ကြီးမလုံခြုံဘူး" ကျန်းမင်ယွမ်သည် အဓိပ္ပါယ်တူညီသော စကားကိုသာ ထပ်တလဲလဲ ပြောနေခဲ့၏။
" ပြီးတော့ ငါက ကားမောင်းသိပ်မကျွမ်းဘူး "
ကျန်းမင်ယွမ်ထံ၌ ကိုယ်ပိုင်ဒရိုင်ဘာရှိပြီး ကားမမောင်းဖြစ်သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။
" သွားကြပြီ ထင်တယ်" ချန်းဟွမ်က ဘေးဘီဝေ့ဝိုက်ကြည့်နေသော ရှင်းရှင်းအား ပြော၏။
ထိုစုံတွဲမရှိတော့သည်မှာ သေချာနေသည့်အတွက် ရှင်းရှင်းက နှုတ်ခမ်းထော်တော့သည်။
"သားတို့ကို စောင့်တောင် မစောင့်ဘူး"
ရှင်းရှင်း၏စကားကြောင့် ချန်းဟွမ်က ခစ်ခစ်ရယ်၏။
ထို့နောက် သားဖြစ်သူ၏ခေါင်းကို ခပ်ဖွဖွပုတ်သည်။
“တစ်နေရာရာသွားပြီနေမှာပေါ့...
နောက်တစ်ခါ အုန်းသီးခူးတဲ့သူတွေတွေ့ရင်
ချက်ချင်းဝင်တားကြမယ် ဟုတ်ပြီလား”
"ဟုတ်ကဲ့..."
ရှင်းရှင်း ခေါင်းငြိမ့်လိုက်ပြီး အမေဖြစ်သူမှ ပွေ့ချီလျက်ကားပေါ်တင်ပေးနိုင်ရန်အလို့ငှာ လက်များကို ဘေးဘက်သို့ ဆန့်တန်းပေးလိုက်သည်။
ထို့နောက် မောင်းသူထိုင်ခုံရှိ ကျန်းမင်ယွမ်အား လှမ်းပြောတော့၏။
"သွားကြရအောင် ဖေဖေ... သားသား အုန်းသီးစားချင်နေပြီ"
***
ရှင်းရှင်းသည် ကျန်လမ်းခရီးတွင် အာရုံစိုက်ခဲ့သော်လည်း အုန်းသီးခူးနေသည့် အခြားမည်သူ့ကိုမှ မတွေ့ရတော့ပေ။ ၁၅ မိနစ်ခန့်အကြာတွင် သုံးယောက်သား ကမ်းခြေသို့ ရောက်သွားကြသည်။
သန္တာနီကျွန်းရှိ ကမ်းခြေသည် ၁၀ ကီလိုမီတာကျော် ရှည်လျား၏။ သဲသောင်ပြင်မှာနူးညံ့ပြီး ရေလှိုင်းကလည်းငြိမ်သက်သည်။
ကမ်းခြေရှိရေထုသည် ကြည်လင်နေသော အပြာရောင်ဖြစ်ပြီး ကောင်းကင်ပြာသည်လည်း အခြားနေရာများထက် ပို၍ရှင်းလင်းနေ၏။
ကမ်းခြေ၌ ခရီးသွားများသိပ်မရှိပေ။
ရှိနေသည့်သူအများစုမှာလည်း အင်္ကျီလက်တိုနှင့် ဘောင်းဘီတိုများကို ၀တ်ဆင်ထားကြသည်။ ၎င်းတို့ထဲမှ လူအနည်းစုသာ ရေကူးဝတ်စုံဝတ်ထားကြသည်ဖြစ်၏။ အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်ဝတ်ထားသည်ဟူ၍ ကျန်းမင်ယွမ်တစ်ဦးတည်းသာရှိသည်။
ကမ်းခြေဘေးတွင် ကားအငှားပြန်အပ်သည့်နေရာများ ရှိပြီး ကျန်းမင်ယွမ်က ကားပြန်အပ်ခဲ့၏။ သူပြန်လာချိန်တွင် ရှင်းရှင်းက ဖိနပ်ချွတ်ကာ ခြေဗလာကို သဲပြင်ပေါ်၌နေရာချနေခဲ့ပြီဖြစ်သည်။
သဲသောင်ပြင်မှာ နူးညံ့ပြီး တစ်လှမ်းလှမ်းချိန်တိုင်း၌
ခြေရာများ ကျန်ရစ်ခဲ့၏။ရှင်းရှင်းက အလွန်ပျော်နေခဲ့သည်။
ရှင်းရှင်းသည် အခြားကလေးများ သဲရဲတိုက်ဆောက်နေကြသည်ကိုတွေ့လိုက်ရပြီး သူလည်းဝင်ကစားချင်နေ၏။
သို့သော်ချန်းဟွမ်က အပြေးလေး ဝင်တားသည်။
" ဖေဖေ့အတွက် အဝတ်အစားသွားဝယ်ရအောင် "
ချန်းဟွမ်က ရှင်းရှင်း၏လက်ကို ကိုင်ထားပြီး သူတို့ဆီသို့ လျှောက်လာနေသူကို ပြုံးပြလိုက်၏။
" ဖေဖေဝတ်ထားတာက အရမ်းများလွန်းနေတယ်လို့မထင်ဘူးလား "
ရှင်းရှင်းသည် သူ၏ကိုယ်ပေါ်ရှိ ပန်းပွင့်ဘောင်းဘီတိုကို ပြန်ကြည့်လိုက်ပြီး ဦးထုပ်မှဖြာကျနေသောအနားသတ်အစကို အပေါ်သို့ပင့်တင်လိုက်၏။ထိုအခါ အဖေဖြစ်သူဝတ်ထားသော အနက်ရောင်ဘောင်းဘီရှည်ကြီးကို တွေ့လိုက်ရသည်။
ရှင်းရှင်းခေါင်းငြိမ့်လျက် ချန်းဟွမ်၏စကားကိုသဘောတူညီ၏။
“ဖေဖေ အရမ်းပူနေတဲ့ပုံပဲ ”
ကျန်းမင်ယွမ်လည်း အနည်းငယ် ပူလာသလို ခံစားနေရသည်။ ကမ်းခြေ၌ အရိပ်မရှိသကဲ့သို့ နေရောင်ကလည်း တိုက်ရိုက်ဖြာကျနေ၏။အဝတ်ဖုံးထားသောအရေပြားများပင် ပူစပ်စပ်ဖြစ်လာသည်။ နေထိုးသဖြင့် မျက်စိပင် ကောင်းကောင်းမဖွင့်နိုင်တော့ပေ။
ချန်းဟွမ်က ကျန်းမင်ယွမ်၏အနားသို့ တိုးကပ်လာပြီးပြောသည်။
“ကျွန်မတို့ တစ်ခုခု ထပ်ဝယ်ရဦးမယ် ”
"ဘာကိုလဲ "
" ရှင့်အတွက်အဝတ်အစားသွားဝယ်မယ်လို့ပြောတာ "
ချန်းဟွမ်က ရှင်းရှင်းအား အဖေဖြစ်သူ၏လက်ကိုတွဲစေသည်။ထို့နောက် တစ်နေရာသို့ လျှောက်သွားပြီး လှမ်းပြော၏။
“ဟိုဘက်မှာ ဆိုင်တစ်ဆိုင်ရှိတယ်... သွားကြည့်ရအောင် "
Xxxxxx
Chapter 154
လူများရှိသော နေရာတိုင်း၌ ဈေးဆိုင်များလည်း ရှိမည်ဖြစ်သည်။ ကမ်းခြေတစ်လျှောက်တွင် ဆိုင်မျက်နှာစာအများအပြားရှိ၏။ ကျန်းမင်ယွမ်သည် ချန်းဟွမ်၏အနောက်မှလိုက်၍ ပထမတစ်ဆိုင်သို့ ဦးတည်ခဲ့လိုက်သည်။
ကမ်းခြေဘေးရှိ ထိုဆိုင်က သိပ်မကြီးသော်လည်း ပစ္စည်းစုံ၏။သူတို့တွင်အဝတ်အစား၊ နေကာထီးများ ၊ ကြိမ်ကုလားထိုင်များ ၊ နေကာမျက်မှန်များ အစရှိသော တွေးနိုင်သမျှ ပစ္စည်းပေါင်းစုံရှ်ိသည်။ ချန်းဟွမ်သည် ဆိုင်အတွင်းဘက်သို့ လှည့်လည်ကြည့်လိုက်ရာ အသားကင်သောသံဗန်းစင်ကအစ ရှိသည်ကိုတွေ့လိုက်ရ၏။
ဆိုင်သည် အလွန်သေးငယ်ပြီး ၀တ်စုံရွေးချယ်တွင် အကန့်အသတ်သာရှိနိုင်သည်။
ချန်းဟွမ်သည် အရောင် အရမ်းမတောက်ဘဲ ကျန်းမင်ယွမ်၏ဆိုဒ်နှင့်ကိုက်ညီသည့်အထည်များကိုဆွဲထုတ်လိုက်သည်။
"ရှင် စမ်းဝတ်ကြည့်ချင်လား"
“အထဲမှာ အဝတ်လဲခန်းရှိပါတယ်.. ကြိုက်သလို စမ်းဝတ်ကြည့်နိုင်ပါတယ် ” ဆိုင်ပိုင်ရှင်က ဖော်ဖော်ရွေရွေပြော၏။
ကျန်းမင်ယွမ်သည် ချန်းဟွမ်၏လက်ထဲမှ အထည်နှစ်ထည်ကို ဆွဲယူလိုက်ပြီး နှုတ်ခမ်းများကို တင်းတင်းစေ့ထားသည်။ ရှင်းရှင်းက အဝတ်လဲခန်းရှိရာသို့ တွန်းပို့နေပြီဖြစ်၏။
ကျန်းမင်ယွမ်က သက်ပြင်းချကာ နောက်ဆုံးတွင် အဝတ်လဲခန်းထဲသို့ ဝင်သွားသည်။
အဝတ်လဲခန်းတံခါးက ပိတ်သွားပြီးမကြာခင်၌ပင် အမြန်ပြန်ပွင့်လာ၏။
အင်္ကျီလက်တိုနှင့် ကမ်းခြေဘောင်းဘီတိုကို ပြောင်းလဲဝတ်ဆင်ထားသော ကျန်းမင်ယွမ်သည် အဝတ်လဲခန်းအတွင်းမှ ထွက်လာခဲ့သည်။
ဤကဲ့သို့သော ၀တ်စားဆင်ယင်မှုမျိုးကို ကျန်းမင်ယွမ်တစ်ယောက် သဘောမတွေ့ရှာပေ။
ကျန်းမင်ယွမ်သည် တစ်ချိန်လုံး မျက်မှောင်ကြုတ်ထားပြီး လမ်းလျှောက်ရမည်ကိုပင် မလုံမလဲဖြစ်လာသည်။
သူက တံခါးကိုပြန်ပိတ်ပြီး သားအမိနှစ်ယောက် ၏ရှေ့သို့ လျှောက်သွား၏။
“ဘယ်လိုနေလဲ” ကျန်းမင်ယွမ်က မဝံ့မရဲမေးသည်။
သူသည် လည်ပင်းဝိုင်းတီရှပ်အင်္ကျီကို ၀တ်ဆင်ထားသည်။ထိုအင်္ကျီကအနည်းငယ် တင်းကျပ်နေပြီး ခန္ဓာကိုယ်တည်ဆောက်ပုံကို ထင်းထွက်နေစေ၏။
ရင်အုပ်နှင့် ဝမ်းဗိုက်ကြွက်သားများကို အတိုင်းသားမြင်နေရသည်မှာ လက်ဖြင့်ထိတွေ့ချင်စိတ်ပါ ပေါ်ပေါက်လာစေသည်။
ကမ်းခြေဘောင်းဘီတိုကမူ တီရှပ်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ အလွန်ချောင်ချိနေ၏။ ဘောင်းဘီသည် ဒူးအထက်နားအထိရှည်ပြီး အောက်သို့ကားနေသည်။
ဘောင်းဘီ၏အောက်ခံအရောင်မှာ စစ်စိမ်းရောင်ဖြစ်ပြီး အပေါ်မှ အရောင်ချွတ်ထားသောပုံစံဖြင့် မှိုင်းရာမှ အရောင်တောက်သည့်ဘက်သို့သွား၏။
လူတိုင်းသည် ဤကဲ့သို့သော အရာမျိုးနှင့်မလိုက်ဖက်နိုင်ပေ။အရပ်ပုသောသူဝတ်လိုက်လျှင် ပို၍ပင် အရပ်ပုသည့်ပုံစံပေါက်သွားပေမည်။
ကျန်းမင်ယွမ်မှာမူ အရပ်ရှည်ရုံသာမက
ပိန်ပိန်ပါးပါးခြေသလုံးကြွက်သားများလည်း ရှိသည်။
ထို့ကြောင့် ဘောင်းဘီတိုနှင့် ကောင်းကောင်းလိုက်ဖက်လေသည်။
ချန်းဟွမ်က ကျန်းမင်ယွမ်အား အပေါ်မှအောက်သို့အကြိမ်အနည်းငယ်ကြည့်၏။
ထို့နောက် မတ်တပ်ထရပ်လိုက်ပြီး သူမ၏လက်ထဲမှ နေကာမျက်မှန်ကို စွပ်ပေးသည်။
“ကြည့်ကောင်းတာပဲ” ချန်းဟွမ်က ပြော၏။
ဤဝတ်စုံသည် တစ်စုံတစ်ဦးအား ပုံတုံးသော သို့မဟုတ် အားကစားသမားတစ်ဦးဖြစ်ခြင်းဟူသော ခံစားချက်ကို အလွယ်တကူပေးစွမ်းနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ကျန်းမင်ယွမ်၏ အေးစက်သော ကိုယ်ရောင်ကိုယ်ဝါသည် ထိုအရာအား ကောင်းမွန်စွာ ဖုံးလွှမ်းထားနိုင်၏။ သူသည် ဂန်းစတားနှင့်ပင် ခပ်ဆင်ဆင်ဖြစ်နေသည်။
ကျန်းမင်ယွမ်က ထိုကဲ့သို့သော နေကာမျက်မှန်များကို ပုံမှန်ဝတ်လေ့မရှိသည့်အတွက် ချန်းဟွမ်၏စကားကို သိပ်မယုံနိုင်ဖြစ်နေရှာ၏။သူက ပိုလို့ပင် မျက်မှောင်ကြုတ်သွားတော့သည်။
"တကယ်ဟုတ်လို့လား"
"ဒါပေါ့... သားကိုမေးကြည့်လို့ရတယ် " ချန်းဟွမ်က ဘေးသို့လှည့်ပြီး သူမ၏ဘေး၌ ရပ်နေသော ရှင်းရှင်းကို မေးလိုက်၏။
"ဘယ်လိုထင်လဲ သားသား"
ရှင်းရှင်းက အဖေဖြစ်သူဝတ်ထားသည်နှင့်ဆင်တူသောကမ်းခြေဘောင်းဘီတိုကလေးကို ၀တ်ဆင်ထားသည်။
နေကာမျက်မှန်စွပ်ထားပြီး ဦးထုပ်ဆောင်းလျက်
မေးဖျားကိုလက်ဖြင့်ကိုင်ကာ အကဲခတ်နေသောရှင်းရှင်း၏ပုံစံမှာ မဆိုစလောက်ကလေးမိမ်ိုက်နေ၏။
ရှင်းရှင်း၏ မျက်မှန်သည် အနည်းငယ်ကြီးနေပြီး အောက်သို့လျှောကျသွားသည်။သို့သော်သူက လက်ဖြင့် ပြန်ပင့်မတင်ပေ။
ရှင်းရှင်းက ခေါင်းမော့လိုက်ပြီး နှာခေါင်းနှင့်ပါးစပ်ကို လှုပ်စိလှုပ်စိလုပ်လျက် နေကာမျက်မှန်ကို အပေါ်ပြန်ပင့်တင်နေ၏။သူသည် သူ့အဖေကို မျက်လုံးထောင့်မှလှမ်းကြည့်ကာ ခေါင်းငြိမ့်ပြသည်။
"ဟုတ်တယ်... အရမ်းကြည့်ကောင်းတယ် ”
ခေါင်းအငြိမ့်လွန်သွားသောကြောင့်
ရှင်းရှင်း၏နေကာမျက်မှန်ကြီးက လျှောကျလာ၏။
နှာဖျား၌ တွဲလောင်းကျနေသောနေကာမျက်မှန်နှင့် ရှင်းရှင်း၏ပုံစံက ရယ်ချင်စရာကောင်းနေသည်။
သားအမိနှစ်ယောက်လုံး၏သဘောထားက ထိုကဲ့သို့ဆိုလျှင် ကျန်းမင်ယွမ်ထံ၌ ရွေးချယ်စရာမရှိတော့ချေ။
အနည်းငယ်ကိုးရို့ကားယားဆန်သော်လည်း ထိုဝတ်စုံအားဆက်ဝတ်ထားရမည်သာဖြစ်သည်။
ထိုအဝတ်များက ဈေးမကြီးပေ။ နေကာမျက်မှန်နှင့် ကမ်းခြေစီးဖိနပ်အပါအဝင် ယွမ် ၄၀၀ သာကျသင့်သည်။ ချန်းဟွမ်က ကြိုတင်ငွေချေပြီးသားဖြစ်၏။
အဝတ်အစားဖိုးများ ပေးဆောင်ပြီးနောက် နေကာထီးနှင့် အပန်းဖြေထိုင်ခုံများရွေးယူကြသည်။
ထီးနှင့် ထိုင်ခုံ နှစ်ခုလုံးသည် အရွယ်အစား အလွန်ကြီးသောကြောင့် ဆိုင်အပြင်ဘက်တွင် ထားရှိ၏။
၎င်းတို့ကို ဝယ်ယူရန် သို့မဟုတ် ငှားရမ်းရန် အသီးသီးရွေးချယ်နိုင်သည်။
ဆိုင်ရှင်က အလွန်ဝန်ဆောင်မှုကောင်းပြီး ချန်းဟွမ် စိတ်ပါဝင်စားသည့်ပစ္စည်းများအကြောင်းကို ချက်ကျလက်ကျရှင်းပြပေး၏။
ရှင်းရှင်းကတော့ ထိုအရာများကို စိတ်မဝင်စားပဲ သဲထဲကိုသာသွားဆော့ချင်နေသည်။
ရှင်းရှင်းမှာငြိမ်ကုပ်နေပြီး ချန်းဟွမ်သည် သားဖြစ်သူ၏စိတ်ကို မှန်းဆနိုင်၏။
ချန်းဟွမ်က လက်ကိုဝှေ့ယမ်းပြပြီးပြောသည်။
“ဖေဖေနဲ့ သွားကစားချည်”
" ကျေးဇူးပါ မေမေ" ရှင်းရှင်းက ဝမ်းသာအားရ ခုန်ပေါက်လိုက်ပြီး ကျန်းမင်ယွမ်အား သူနှင့်အတူ ဆွဲခေါ်သွားတော့၏။
ကျန်းမင်ယွမ်သည် သားဖြစ်သူ၏လက်ကို ဆုပ်ကိုင်ထားသော်လည်း တုပ်တုပ်မလှုပ်ပေ။
" ငါ့အကူအညီမလိုဘူးလား"
“စိတ်မပူပါနဲ့ ကောင်လေး... ကလေးကို သွားကစားဖို့သာ ခေါ်သွားပါ... ရွေးပြီးတာနဲ့ ဒါတွေကို နေရာလိုက်ချပေးမှာ" တစ်ဖက်၌ရပ်နေသောဆိုင်ပိုင်ရှင်က အမြန်ရှင်းပြသည်။
ချန်းဟွမ်က ကျန်းမင်ယွမ်အား ပြုံးပြလိုက်၏။
"ရှင်းရှင်းကို ကစားဖို့ ခေါ်သွားပါ... အကူအညီလိုရင် အကြောင်းကြားပါ့မယ် "
“ကောင်းပြီ ” နောက်ဆုံးတွင် ထိုလူက ခေါင်းငြိမ့်ပြပြီး ရှင်းရှင်း၏လက်ကို တွဲကာ ကမ်းခြေဆီသို့ လျှောက်သွားသည်။
ချန်းဟွမ်ရွေးယူလိုက်သည့် အစုံတွင် ထီးတစ်လက်၊ ထိုင်ခုံသုံးလုံးနှင့် ဖန်ခွက်ကြီးတစ်လုံးတို့ ပါဝင်၏။
ငှားရမ်းခမှာ တစ်ရက်လျှင် ယွမ် ၃၀၀ ဖြစ်သည်။
သူဌေးသည် ပစ္စည်းများကို နေရာချ ပေးရုံသာမက
သံပရာရည်ပင် ဆားဗစ်ပေးထား၏။
ကမ်းခြေပေါ်ရှိ နေရောင်သည် တစ်စုံတစ်ဦးကို ခြောက်သွေ့သွားသလို ခံစားရစေပြီး စိတ်မသက်မသာဖြစ်လာစေသည်။ ချန်းဟွမ်သည် ထီးအောက်သို့ဝင်လိုက်သောအခါ ပြန်လည်ရှင်သန်လာသည့်သဖွယ် ခံစားလိုက်ရ၏။ သူမသည် ထိုင်ခုံပေါ်တွင်ထိုင်ကာ သံပုရာရည်တစ်ငုံသောက်လိုက်သည်။ ထို့နောက်သက်ပြင်းအရှည်ကြီးချပြီး သားအဖနှစ်ယောက်ကို လိုက်ရှာရန် ဆုံးဖြတ်လိုက်တော့၏။
Xxxxxx