Chapter 155
ကမ်းခြေ၌ အခြားလည်ပတ်သူများရှိသော်လည်း ချန်းဟွမ်သည် သားအဖနှစ်ယောက်အား ချက်ချင်းဆိုသလို ရှာတွေ့ခဲ့သည်။
ရှင်းရှင်းသည် အခြားကလေးများနှင့် အတူဆော့ကစားလိုခဲ့သော်လည်း ယခုအချိန်တွင်အဖေနှင့်အတူထိုင်ကာ သဲရဲတိုက်ကို သူ့ဘာသာသူ တည်ဆောက်နေသည်။
အစိတ်အပိုင်း အများစုကို ကျန်းမင်ယွမ်တည်ဆောက်ထားခြင်းဖြစ်ပြီး ရှင်းရှင်းက ပို၍စိန်ခေါ်မှုများအောင် ပြုလုပ်နေ၏။
သားအဖနှစ်ယောက် ပျော်ရွှင်နေကြသည်ကို မြင်လိုက်ရသောချန်းဟွမ်က ဝင်နှောက်ယှက်ခြင်းမပြုရန်ဆုံးဖြတ်လိုက်သည်။
သူမ ဖန်ခွက်ထဲမှ ရေကိုကုန်အောင်သောက်လိုက်ပြီး အအေးထပ်မှာ၏။ထို့နောက် ခုံပေါ် သို့ပြန်မှီချလိုက်ပြီး စိတ်လွတ်လက်လွတ်နားနေလေသည်။
စိုစွတ်သောလေနှင့်အတူ သမုဒ္ဒရာလေများတိုက်ခတ်နေသဖြင့် အလွန်အိပ်ငိုက်စေ၏။
ချန်းဟွမ်သည် အနည်းငယ်မျှသာ အနားယူရန် စီစဉ်ထားသော်လည်း ထိုနေရာတွင် ကြာကြာနေမိလေလေ ပိုအိပ်ချင်လာလေလေဖြစ်သည်။ နောက်ဆုံး၌ သူမသည် အိပ်ပျော်လုနီးနီးဖြစ်သွားတော့၏။
"စိတ်တော့မရှိပါနဲ့... မင်္ဂလာပါဗျ"
ဘေးနားမှ အသံတစ်ခုက ချန်းဟွမ်အား ပြန်လည်နိုးထလာစေသည်။ ချန်းဟွမ်သည် ထိုသူကို ကြည့်ရန်အလို့ငှာမျက်လုံးများကိုဖွင့်လိုက်၏။
၂၅ - ၂၆ နှစ် ၀န်းကျင်အမျိုးသားတစ်ဦးဖြစ်သည်။
သူသည် ဒီကနေ့ခေတ်တွင် အလွန်ရေပန်းစားနေသည့် သိမ်မွေ့သောအသွင်အပြင်ရှိပြီး အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးဖြစ်၏။
သူ၏ဆံပင်က အနည်းငယ်ရှည်ပြီး ကြည့်ကောင်းသည့်အထဲပါသည်။
ချန်းဟွမ် ထထိုင်လိုက်သောအခါ ထိုအမျိုးသားက ပြုံးပြ၏။သူ့ထံတွင် အချိုးညီသောပါးချိုင့်နှစ်ခုရှိသည်။
"ကျွန်တော် တစ်ခုလောက် တောင်းဆိုလို့ရမလား"
ထိုသူက ဆက်ပြောသည်။
“ကျွန်တော့် ဓာတ်ပုံဆရာက နောက်ဆုံးမိနစ်ကျမှ ဖုန်းဆက်ပြီး နေမကောင်းလို့ ဓာတ်ပုံမရိုက်နိုင်တော့ဘူးလို့ပြောတယ်...အဲ့ဒီဘက်က ကျွန်တော့်ကို ကူညီပေးနိုင်မလား"
"ဘယ်လောက်ကြာမှာလဲ...."
ချန်းဟွမ်၏စကားအဆုံးတွင် ထိုအမျိုးသားက အနည်းငယ် တုံ့ဆိုင်းသွားပြီး ဆက်ဖြေသည်။
“ အရမ်းမကြာပါဘူးဗျ ”
“ကောင်းပြီလေ”
ဘာမှမလုပ်ဘဲ ထိုင်နေခြင်းထက် ထိုလူအား
ကူညီခြင်းကပိုကောင်းသည်ဟု ချန်းဟွမ်ကတွေးလိုက်၏။
သူမသည် ထိုသူထံမှ ကင်မရာကိုယူ၍ ကိုင်ကြည့်ကာ မေးလိုက်သည်။
"ဘယ်နေရာမှာ ဓာတ်ပုံရိုက်မှာလဲ"
“ဟိုဘက်မှာပါ ” ထိုအမျိုးသားက လူသိပ်မရှိသော နေရာကို ညွှန်ပြ၏။
ချန်းဟွမ်က ခေါင်းငြိမ့်လိုက်ပြီး ထိုလမ်းကြောင်းဆီသို့ စတင်လျှောက်လာခဲ့သည်။
ထိုသူက သူမ၏ဘေးမှနေ၍ အမြန်လိုက်လာ၏။
ပစ္စည်းကိရိယာများသည် အလွန်ပြည့်စုံသည်။ သူ့ထံတွင် ကင်မရာများ၊ မှန်ဘီလူးများ၊ ကင်မရာထောက်တံများ စသည်တို့ပါရှိသည်။ ချန်းဟွမ်သည် သူမ၏ယခင်ဘဝတွင် ဓာတ်ပုံရိုက်ခြင်းနှင့် ပတ်သက်၍ အတွေ့အကြုံအချို့ရှိခဲ့ပြီး အတော်လေး ရင်းနှီးခဲ့၏။အမည်မသိအမျိုးသားသည် အလွန်ပူးပေါင်းဆောင်ရွက်တတ်ပြီး ဓာတ်ပုံရိုက်ရန် အချိန်သိပ်မကြာခဲ့ပေ။
ရိုက်ကူးပြီးသောအခါ ချန်းဟွမ်က ပုံများကို တစ်ချက်ပြန်ကြည့်သည်။ ထိုလူကလည်း ဓာတ်ပုံကြည့်ရန် ချန်းဟွမ်၏အနားသို့တိုးကပ်လာ၏။ သူသည် ချန်းဟွမ်နှင့် အတော်လေးနီးကပ်စွာ ရပ်နေသည်။
သူ၏ကိုယ်မှရေမွေးနံ့သည် အရမ်းမစူးသော်လည်း ချန်းဟွမ်က ထိုရနံ့ကိုမနှစ်သက်ပေ။
ထို့ကြောင့် ထိုသူ့ထံ ကင်မရာကို ပြန်ထိုးအပ်လိုက်သည်။
"ဒီမှာပါ...ကျွန်မပြန်တော့မယ်"
ချန်းဟွမ်သည် ထိုနေရာမှထွက်လာခဲ့၏။
ထိုယောက်ျားက သူမနောက်သို့ လိုက်မလာချေ။
ကျေးဇူးတင်ကြောင်းပြောလျက် ပုံများအား ပြန်ကြည့်ရင်းဖြင့်သာ ရှိရင်းစွဲနေရာ၌ကျန်နေခဲ့သည်။
ချန်းဟွမ် သူမ၏ မူလနေရာသို့ ပြန်သွားပြီး ရေတစ်ငုံသောက်လိုက်၏။အေးမြမှုသည် အပူအချို့ကို လျင်မြန်စွာ သက်သာစေပြီး သူမကို ပြန်လည်အသက်ဝင်လာစေသည်။
ထို့နောက် ချန်းဟွမ်သည် မှာယူထားသော အအေးခွက်များကိုကိုင်ဆောင်ကာ သားအဖနှစ်ဦးဆီသို့ ဦးတည်လိုက်၏။
ကျန်းမင်ယွမ်နှင့် ရှင်းရှင်းတို့သည် သဲရဲတိုက်ကို တစ်နေရာတည်းတွင် တည်ဆောက်နေဆဲဖြစ်သည်။
ရဲတိုက်မှာရုပ်လုံးပေါ်နေပြီဖြစ်ပြီး ကျန်းမင်ယွမ်က အသေးစိတ်လိုက်လံပြင်ဆင်နေ၏။
ချန်းဟွမ်သည် သောက်စရာများကို ကိုင်ထားလျက်အနေအထားဖြင့် သားအဖနှစ်ယောက်ကို ခဏရပ်ကြည့်နေသည်။ထို့နောက်မှသာ အအေးများကို ကမ်းပေးလိုက်၏။
“သောက်ကြပါဦး”
ကျန်းမင်ယွမ်လှည့်ကြည့်လိုက်သောအခါ အနောက်၌ရပ်နေသောချန်းဟွမ်ကိုတွေ့လိုက်ရသည်။
သူကချန်းဟွမ်အားပြုံးပြ၏။
ထို့နောက် သူမထံမှ အအေးခွက်ကို လှမ်းယူလိုက်သည်။ ကျေးဇူးတင်ကြောင်းပြောပြီးမှ ကျန်းမင်ယွမ်က အအေးခွက်ကို ခပ်ဖြည်းဖြည်းမော့ေသာက်လိုက်သည်။
Xxxxxx
Chapter 156
ကျန်းမင်ယွမ် အအေးသောက်နေချိန်တွင် ရှင်းရှင်းက တစ်ကိုယ်တည်း အလုပ်ရှုပ်နေသည်။ ကလေးလေးသည် သဲကို လက်ဖြင့်ရိုက်ကာ ရဲတိုက်အတွက် အကာအရံတစ်ခု ဖန်တီးချင်နေ၏။ သူသည် ထိုအရာအပေါ် အလွန်အာရုံစိုက်မိနေသောကြောင့် အမေဖြစ်သူကိုပင် တစ်ချက်သာလှည့်ကြည့်နိုင်သည်။ရှင်းရှင်းက အအေးခွက်ကိုယူရန်ငြင်းဆန်ပြီး အကာအရံကို အပြီးသတ်ချင်သေးကြောင်း ပြော၏။
ချန်းဟွမ်က ကလေးငယ်ရေဓာတ်ခန်းခြောက်မည်ကိုစိုးရိမ်သည်။သူမ အအေးခွက်တွင်ပိုက်တပ်လိုက်ပြီး ရှင်းရှင်း၏ဘေး၌ဝင်ထိုင်၏။
ရှင်းရှင်းက ခွက်ထက်ဝက်ကျိုးသည်အထိ စုပ်သောက်လိုက်သည်။
"ဖြည်းဖြည်း...မလောနဲ့"
ရှင်းရှင်းအမှန်တကယ်ပင် ရေငတ်နေပြီး
စသောက်သည်နှင့် မရပ်တန့်နိုင်တော့ချေ။
ထို့ကြောင့် ချန်းဟွမ်က ဖန်ခွက်ကိုဖယ်ထုတ်ပြီး တစ်ကြိမ်လျှင် ပမာဏအနည်းငယ်မျှသာ သောက်ခွင့်ပေးတော့သည်။
အအေးကုန်သွားသောအခါ ရှင်းရှင်းက ပြော၏။
"မေမေ....ဗိုက်အရမ်းပြည့်နေပြီ"
"အများကြီးမသောက်နဲ့လို့ ပြောသားပဲ"
"ဒါပေမဲ့ သားသား နံရံကမပြီးသေးဘူး "
"ကောင်းပြီ...မေမေဆောက်ပေးမယ် " ချန်းဟွမ်က သက်ပြင်းတစ်ချက်ချလိုက်သည်။
သူမသည် သားဖြစ်သူထံ ဖန်ခွက်ပေးလိုက်ပြီး
ရဲတိုက်နံရံတည်ဆောက်ရန် စတင်ကူညီတော့၏။
အိမ်၌ ထမင်းဟင်းမချက်ရသည်မှာ အနည်းငယ်ကြာပြီဖြစ်၍ ချန်းဟွမ်၏လက်သည်းများက ပိုရှည်လာသည်။ သူမသည် ပန်းရောင်လက်သည်းဆိုးဆေးကိုအသုံးပြုကာ လက်သည်းအားမျဉ်းကွေးပုံစံ ဝိုက်ဝိုက်ကလေးညှပ်ထား၏။
လက်တစ်ဆုပ်စာ သဲများကိုကိုင်လိုက်တိုင်း ထိုသဲများက လက်သည်းကြားထဲ ဝင်ဝင်လာသည်။သိပ်အဆင်မပြေပေ။
ချန်းဟွမ်က သဲများကို ဆုပ်ပြီး နေရာချကာ တဖတ်ဖတ်ရိုက်သည်။ သူမ၏လက်ချောင်းများကြားတွင် သဲများ ညပ်နေ၏။ထိုခံစားမှုက ထူးဆန်းပြီး သက်တောင့်သက်သာမဖြစ်ပေ
ချန်းဟွမ်က ရှင်းရှင်းထက် ပိုမြန်ပြီး သိပ်မကြာခင်၌ပင် တံတိုင်းဆောက်ခြင်းက အပြီးသတ်သွားသည်။
သဲနုဖြင့်ပြုလုပ်ထားသော နံရံသည် ညီညာမနေချေ။
ဖရိုဖရဲဖြစ်နေသော်လည်း ချန်းဟွမ်က ဂရုမစိုက်ပေ။
သူမက လက်နှစ်ဖက်ကိုပွတ်ခါပြီး မတ်တပ်ထရပ်သည်။ "နေ့လည်စာ သွားစားရအောင်...ဒါက နောက်မှလုပ်လို့ရတယ် ”
ကျန်းမင်ယွမ်သည်လည်း သဲနံရံဆီမှ အကြည့်လွှဲလိုက်ပြီး သူ့နာရီကို တစ်ချက်ကြည့်သည်။
"ကောင်းပြီ ငါ စားသောက်ဆိုင် ဘိုကင်ယူထားတယ် "
စားသောက်ဆိုင်သည် ကမ်းခြေနှင့် သိပ်မဝေးလှဘဲ ၎င်း၏ အဓိကဆွဲဆောင်မှုမှာ ပင်လယ်စာဖြစ်သည်။
နေ့လည်စာစားချိန်ဖြစ်သဖြင့် စားသောက်ဆိုင်သည် အလွန်စည်ကားနေ၏။ ကျန်းမင်ယွမ်က အထဲသို့ ဝင်သွားပြီး နာမည်ပြောလိုက်သောအခါ ဆိုင်ဝန်ထမ်းက
ကြိုတင်ဘိုကင်ချိတ်ထားသည့် စားပွဲဆီသို့ ခေါ်ဆောင်သွားသည်။
ကျန်းမင်ယွမ်ဘိုကင်ယူထားသောစားပွဲသည် ထောင့်တစ်နေရာတွင် ရှိ၏။ ထိုစားပွဲနှင့် ကျန်နေရာများကို ဆိုင်တွင်းရှိအပင်အနည်းငယ်က ခြားထားသဖြင့် အနည်းငယ်သီးသန့်ဆန်သော ခံစားချက်မျိုးရသည်။
စားပွဲဘေး၌ ပြတင်းပေါက်လည်းရှိ၏။ပင်လယ်လေကို ခံစားရသော်လည်း နေမထိုးပေ။ အလွန်အဆင်ပြေသောနေရာဖြစ်သည်။
သုံးယောက်သား နေရာ၌ထိုင်ပြီးသောအခါ ဝန်ထမ်းက မီနူးစာအုပ်ယူလာပေး၏။
မီနူးတွင်ပါဝင်သော ဟင်းပွဲအများစုကို ပင်လယ်စာဖြင့် ပြုလုပ်ထားသည်။
ချန်းဟွမ်တို့က ရှင်းရှင်းအား အရင်ရွေးချယ်စေ၏။
ရှင်းရှင်းက ထုံးစံအတိုင်း မီနူးအားလှန်လှောကြည့်ပြီး ကြည့်ကောင်းသမျှပုံတိုင်းကို ထိုင်မှာနေတော့သည်။
“ဟုတ်ပြီ...သားသား... မေမေတို့ ဒီလောက်ကြီး မစားနိုင်ဘူးလေ... နော်"
ရှင်းရှင်း၏အကြောင်းကိုသိသောချန်းဟွမ်က ဝင်ဟန့်တား၏။
ရှင်းရှင်းက ချန်းဟွမ်ကိုမော့ကြည့်သည်။
ထို့နောက်တွင် ယနေ့မနက်က စားခဲ့သည်ထက်ပင် ပို၍မှာမိနေကြောင်း သူကိုယ်တိုင် သတိထားမိသွားတော့၏။
ရှင်းရှင်းက မီနူးကို ချလိုက်သည်။
" ဟုတ်ကဲ့ သားပြီးသွားပါပြီ မေမေ "
“လိမ္မာချက်ပဲ” ချန်းဟွမ်သည် မီနူးကို လှမ်းယူလိုက်ပြီး ရှင်းရှင်းမှာထားသည့် ဟင်းပွဲအချို့ကို ပယ်လိုက်သည်။ထိုဟင်းပွဲများအစား အသီးအရွက်ဟင်းလျာ နှစ်ပွဲထပ်မှာ၏။
ပြီးနောက်တွင် ကျန်းမင်ယွမ်အား ဆက်မေးခဲ့သည်။
"မှာချင်တာမျိုးရှ်ိသေးလား"
“မရှိဘူး... အဆင်ပြေတယ်” ကျန်းမင်ယွမ်သည် မီနူးအား ဆိုင်ဝန်ထမ်းထံ ပြန်ပေးခဲ့၏။
“ဒါပါပဲ”
ဝန်ထမ်းက မီနူးစာအုပ်ကိုယူကာ မကြာမီတွင် ဟင်းလျာများ ရောက်ရှိလာမည်ဖြစ်ကြောင်း ပြောသည်။သူမ ထွက်သွားပြီးနောက်တွင် ရှင်းရှင်းက သဲရဲတိုက်အကြောင်း ထပ်မံပြောပြလာ၏။ ရဲတိုက်အား အဓိကဆောက်ခဲ့သူမှာ ကျန်းမင်ယွမ်ဖြစ်ပြီး ရှင်းရှင်းကလည်း အဖေဖြစ်သူကို အမွှမ်းတင်နေသည်။
ကျန်းမင်ယွမ်က ပြုံးရုံသာပြုံးပြီး ဘာမှပြန်မပြောပေ။ သူသည် ရှင်းရှင်း၏ ပါးပြင်ကို ခပ်ဖွဖွထိသည်။
ထို့နောက်တွင် ရှင်းရှင်းသည် အဖေဖြစ်သူဘက်သို့ ခေါင်းလှည့်ကာ ရယ်မောလျက် ပြုံးပြလိုက်၏။
ထိုမျှသာမက ချန်းဟွမ်ကိုလည်း အတူကစားရန်ဖိတ်ခေါ်လာသည်။
"နေ့လည်ကျရင် သားသားတို့နဲ့ လာကစားပါ မေမေ"
Xxxxxxx