Chapter 157
ချန်းဟွမ်က တွန့်ဆုတ်နေမိသည်။
သူမသည် ဓါတ်ပုံရိုက်ချင်နေခဲ့သည်ဖြစ်၏။သို့သော်လည်း ယခုဓာတ်ပုံမရိုက်ရသည့်အပြင် လက်သည်းထဲ၌လည်း သဲအချို့က ဝင်နေသေးသည်။
သူမသည် ထိုသဲစိများကို အလုံးစုံမထုတ်ရသေးပေ။
ချန်းဟွမ်တစ်ယောက် ထိုအကြောင်းကိုတွေးနေချိန်၌
ဘေးနားမှ အံ့သြနေသော လေသံတစ်ခု ထွက်ပေါ်လာသည်။
"တိုက်ဆိုင်လိုက်တာ... ကျွန်တော်တို့ထပ်တွေ့ကြပြန်ပြီ "
ချန်းဟွမ်သည် သတိကပ်သွားပြီး စောနကဓာတ်ပုံရိုက်ပေးခဲ့သောအမျိုးသားက သူမအား ပြုံးပြုံးကြီးရပ်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
" ဒီမှာ နေ့လည်စာ လာစားတာလား"
“ဟုတ်ပါတယ် ” ချန်းဟွမ်က ခေါင်းငြိမ့်လိုက်သည်။
"ကျွန်တော်က ဟိုဘက်မှာထိုင်တာလေ " ထိုတစ်ယောက်က မလှမ်းမကမ်းရှိစားပွဲဝိုင်းအား လှမ်းညွှန်ပြ၏။
" ရင်းနှီးပါတယ်ဆိုပြီးကြည့်နေတာ မသေချာလို့... ဒါပေမဲ့လာကြည့်လိုက်တာမှန်သွားတာပဲ ... ရေစက်ပါတယ်နော် ကျွန်တော်တို့က ”
ချန်းဟွမ်ကဘာပြန်ပြောရမှန်း မသိသောကြောင့် ပြုံးရုံသာ ပြုံးပြလိုက်သည်။
မျက်စိရှေ့မှလူက အလွန်စိတ်အားထက်သန်နေပုံရ၏။
သူမသည်ဤအခြေအနေကို မကိုင်တွယ်တတ်တော့ပေ။
" ကျွန်တော် ကျေးဇူးတင်ကြောင်းဖော်ပြဖို့ အခွင့်အရေး မရသေးဘူး... အဲ့ဒီဘက်ကြောင့်သာမဟုတ်ရင် ဒီနေ့အစီအစဉ်တွေ အကုန်ရွှေ့ပစ်ရမှာ "
ထိုသူကဆက်ပြောသည်။
“ မှန်မှန်ကန်ကန် ကျေးဇူးတင်ရမှာပေါ့... ကျွန်တော်ဒကာခံပါ့မယ် "
“မလိုပါဘူး...ကြီးကြီးမားမား ကိစ္စမဟုတ်ပါဘူး”
ချန်းဟွမ်က ငြင်းပယ်လိုက်ပြီး
သူမ၏ရှေ့၌ ထိုင်နေသူကို မေးငေါ့ပြသည်။
"ပြီးတော့ ဒကာခံမဲ့သူက သပ်သပ်ရှိတယ်"
ထိုအမျိုးသားက အနည်းငယ် နေရခက်သွားပုံရသည်။
သူသည် ဘေး၌ထိုင်နေသော ကျန်းမင်ယွမ်နှင့် ရှင်းရှင်းတို့အား ယခုမှ သတိထားမိပုံပင်။
ထိုသူက ပြုံးပြီး ကျန်းမင်ယွမ်အား ခေါင်းငြိမ့်ပြသည်။ ထို့နောက် ရှင်းရှင်းကို လှည့်ကြည့်လိုက်ပြီးပြော၏။
“ဒါက မောင်လေးလား...အရမ်းချစ်စရာကောင်းတာပဲ"
"ကျွန်မသားပါ"
"အိုး...တကယ်လားဗျ အရမ်းရုပ်နုတယ်နော်... ကလေးရှိတယ်လို့ကို ထင်ရက်စရာမရှိဘူး"
ထိုလူက ပြောပြောဆိုဆိုဖြင့် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့အတွက် တကယ် ကျေးဇူးတင်ပါတယ်...ဒါက ကျွန်တော့်ရဲ့ လုပ်ငန်းကတ်ပါ... နောက်နောင် အကူအညီလိုရင် ဖုန်းသာဆက်လိုက်ပါ ”
ထိုသူက အိတ်ကပ်ထဲမှ ကတ်ကိုထုတ်ပြီး ချန်းဟွမ်ထံပေးသည်။ပြီးနောက်တွင် နှုတ်ဆက်ထွက်ခွာသွား၏။
"အခုမှတွေ့ဖူးတဲ့သူလား " ကျန်းမင်ယွမ်က မေးသည်။
"အင်း... စောစောက သူဓာတ်ပုံရိုက်တာကို ကူညီပေးခဲ့တာ "
ချန်းဟွမ်က ထိုသူပေးသွားသောကတ်ကို လုံးဝမကြည့်ဘဲ ပေါ့ပေါ့ပါးပါး ပြော၏။
သူမ ရှင်းရှင်းဘက်သို့ ပြန်လှည့်သွားပြီး ရဲတိုက်ဆောက်မည့်အကြောင်းကို ဆက်လက်ဆွေးနွေးခဲ့သည်။
ချန်းဟွမ်၏တုံ့ပြန်မှုက ကျန်းမင်ယွမ်အားစိတ်သက်သာရာရစေ၏။ထိုယောက်ျားမှ ချန်းဟွမ်အား ကြည့်သည့်အကြည့်များသည် သဘောရိုးမဟုတ်ကြောင်းထင်ရှားလွန်းသည်။
သူဝင်ပါနိုင်သော အရေးကိစ္စမဟုတ်သော်လည်း ကျန်းမင်ယွမ်သည် အနည်းငယ် စိတ်ပူနေမိ၏။
ချန်းဟွမ်သည် ထိုတစ်ယောက်နှင့် ဆက်ဆံရေးတစ်ခုရှိလာမည်ကို ကျန်းမင်ယွမ်မလိုလားပေ။
ကျန်းမင်ယွမ်သည် စားသောက်ပြီးသည့်နောက်ပိုင်းတွင် ငြိမ်သက်သွားသည်။ စားသောက်ဆိုင်မှ ပုဇွန်လုံးများကအလွန်အရသာရှိရာ ရှင်းရှင်းသည်လည်း အလွန်အကြူးစားမိသွားပြီဖြစ်သည်။
သူတို့သုံးဦးသည် အစာကြေစေရန်အတွက် စားသောက်ဆိုင်တွင် နာရီဝက်ခန့်ထိုင်နေခဲ့ကြ၏။
ထိုနေရာမှ ထွက်ခွာလာသောအခါ နေ့လည် ၁ နာရီ တိတိထိုးနေပြီဖြစ်ပြီး နေရှိန်မှာ ပြင်းနေဆဲပင်။
ချန်းဟွမ်သည် ရှင်းရှင်း နေလောင်မည်ကို စိုးရိမ်သောကြောင့် နေပူထဲသို့ ထွက်ခွင့်မပြုပေ။
သူတို့သုံးယောက်သည် နေကာထီးအောက်တွင် တရေးတမော အိပ်ခဲ့ကြသည်။
နိုးလာသည့်အချိန်၌ ညနေ ၄ နာရီ ထိုးနေပြီဖြစ်၏။
နေမင်းကြီးသည်လည်း အနောက်ဘက်သို့ တရွေ့ရွေ့ရောက်သွားပေပြီ
အားပြည့်သွားသော ရှင်းရှင်းက အလွန်တက်ကြွနေပြီးရဲတိုက်ဆက်ဆောက်ရန် ကျန်းမင်ယွမ်အား ဆွဲခေါ်သွားလိုခဲ့၏။
"ရဲတိုက်ကို ညမှဆောက်ရင်ရော ဘယ်လိုလဲ "
ကျန်းမင်ယွမ်က ရှင်းရှင်းအား နားချလိုက်ပြီး ချန်းဟွမ်ယူဆောင်လာသောအိတ်ထဲမှ ကင်မရာကို ဆွဲထုတ်လိုက်သည်။
"အရင်ဆုံး ဓာတ်ပုံသွားရိုက်ကြရအောင်"
Xxxxxx
Chapter 158
ရှင်းရှင်းက ရဲတိုက်ကိုသာ ဆက်ဆောက်လိုပြီး
ဓာတ်ပုံရိုက်ရန် စိတ်မဝင်စားပေ။ကျန်းမင်ယွမ်က ကင်မရာကိုဆွဲထုတ်လိုက်ချိန်တွင် ရှင်းရှင်းက ကျန်းမင်ယွမ်၏ဘောင်းဘီစကိုဆွဲကိုင်ပြီး ညည်းတွားနေတော့သည်။
“သားသား ဓာတ်ပုံမရိုက်ချင်ဘူး..ရဲတိုက်ပဲဆောက်ရအောင်ပါ ဖေဖေရဲ့ ”
"ဒါပေမဲ့ မေမေက ဓာတ်ပုံရိုက်ချင်တယ်လေ" ကျန်းမင်ယွမ်က ခေါင်းငုံ့လိုက်ပြီး ရှင်းရှင်းကို ပြုံးပြလျက် ပြောသည်။
"ဖေဖေတို့မသွားရင် မေမေကအရမ်းဝမ်းနည်းလိမ့်မယ်"
ရှင်းရှင်း ချန်းဟွမ်အား မသေချာမရေရာစွာဖြင့် လှည့်ကြည့်၏။အမေဖြစ်သူ၏မျက်နှာပေါ်၌ စိတ်ပျက်လက်ပျက်ဖြစ်နေသည့်အမူအရာကို မြင်လိုက်ရသောအခါ ရှင်းရှင်းတစ်ယောက် ထိတ်ပြာသွားတော့သည်။
ရှင်းရှင်းက ကျန်းမင်ယွမ်၏ဘောင်းဘီစကို အမြန်လွှတ်လိုက်ပြီး ချန်းဟွမ်ထံ ပြေးသွား၏။
သူက ချန်းဟွမ်ဝတ်ထားသောစကတ်၏အနားသတ်အစကိုဆုပ်ကိုင်သည်။ထိုအခါချန်းဟွမ်က ထိုင်ချပေးလိုက်၏။ရှင်းရှင်းက သူမ၏လည်ဂုတ်ကို သိုင်းဖက်ထားရင်း ပါးပြင်ပေါ်သို့ အနမ်းခပ်ဖွဖွချွေသည်။
“ဝမ်းမနည်းပါနဲ့မေမေ...သားတို့ဓာတ်ပုံသွားရိုက်ကြမယ်...ရဲတိုက်က ဘယ်ချိန်ဆောက်ဆောက်ရတယ်"
ရှင်းရှင်းသည် အနာဂါတ်၌ နွေးထွေးသည့်သူတစ်ဦးဖြစ်လာရန် အလားအလာ မြင့်မား၏။
ချန်းဟွမ်ခမျာ ဝမ်းနည်းချင်ယောင်မဆောင်နိုင်တော့ရှာပေ။သူမ တခစ်ခစ်ရယ်ပြီး ရှင်းရှင်းကိုနမ်းရှုံ့လိုက်သည်။
ထို့နောက်ရှင်းရှင်း၏ခေါင်းအား ငှက်သိုက်ငယ်ကလေးပုံစံပေါက်သွားသည်အထိ ထိုးဖွလိုက်၏။
နောက်ဆုံးတွင် ချန်းဟွမ်သည် ရှင်းရှင်း၏လက်ကိုတွဲကာမတ်တပ်ထရပ်လိုက်သည်။
"သွားကြစို့" သူမက ကျန်းမင်ယွမ်ကို ကြည့်ပြီးပြောသည်။
“ကောင်းပြီ” ကျန်းမင်ယွမ်က ပြုံးပြီး အနောက်မှ လိုက်သွား၏။ သူ၏မျက်ဝန်းများထဲတွင် ခံစားချက်အမူအရာတစ်ခုဖြတ်ပြေးသွားသည်ကို သူကိုယ်တိုင်ပင်မသိခဲ့ချေ။
ကျန်းမင်ယွမ်က ချန်းဟွမ် ဆီသို့ အလျင်အမြန်လျှောက်သွားပြီးပြောသည်။
“နေရာကောင်းတစ်ခု သိထားတယ်...ငါတို့ ဓါတ်ပုံရိုက်ဖို့ အဲဒီကို သွားကြရအောင်"
ချန်းဟွမ်ကလည်း မကန့်ကွက်ပေ။
ကျန်းမင်ယွမ်သည် ခရီးစဉ်အတွက် အိမ်စာအချို့ လုပ်ခဲ့ပုံရသည်။
ကျန်းမင်ယွမ်ပြောသော တည်နေရာသည် ကျွန်း၏တစ်ဖက်ခြမ်းတွင်တည်ရှိ၏။
သူဖုန်းဆက်ပြီး ငါးမိနစ်အတွင်း၌ပင် ကားတစ်စီးရောက်လာသည်။
ဤကားသည် ကျန်းမင်ယွမ်၏ပုံစံနှင့် အလွန်လိုက်ဖက်သော တန်ဖိုးကြီးဇိမ်ခံကားအမျိုးအစားဖြစ်၏။
သုံးယောက်သား ကားထဲသို့ဝင်လိုက်ကြပြီး ဒရိုင်ဘာကတံခါးများကို ဂရုတစိုက် ပိတ်ပေးသည်။
ထို့နောက် ဒရိုင်ဘာက ဦးတည်ရာနေရာကို ကြိုသိနေသည့်သဖွယ် မည်သည်ကိုမှမေးမြန်းခြင်းမပြုဘဲ မောင်းထွက်လာခဲ့လေသည်။
"ဒါက ရှင့်ကားလား"
ချန်းဟွမ်၏အမေးကို ကျန်းမင်ယွမ်က ခေါင်းငြိမ့်လျက်သား တုံ့ပြန်၏။
"ဒါဆို ဘာလို့ လျှပ်စစ်ကားကို ငှားတာလဲ"
ချန်းဟွမ်က အံ့သြနေသည်။
ကျန်းမင်ယွမ်က သူမ၏မေးခွန်းကို ချက်ချင်းပြန်မဖြေခဲ့ပေ။အကြည့်လွှဲပြီး အဝေးကို လှမ်းကြည့်လိုက်သည့် ကျန်းမင်ယွမ်၏အေးစက်ချောမောသောမျက်နှာက ကားပြတင်းမှန်မှတစ်ဆင့် ရောက်ပြန်ဟပ်နေသည်။
ခဏအကြာတွင် ချန်ဟွမ်သည် သူ၏အဖြေကို ကြားလိုက်ရ၏။
"မင်းတို့ နှစ်ယောက်က အဲ့ဒါကို အရမ်းစိတ်ဝင်စားနေတဲ့ပုံပေါက်လို့လေ "
ချန်းဟွမ်နှင့်ရှင်းရှင်းတို့နှစ်ဦး လျှပ်စစ်ကားစီးရန် စိတ်ဝင်တစားဖြစ်နေကြချိန်တွင် ကျန်းမင်ယွမ်၏ဒရိုင်ဘာသည် စောင့်ဆိုင်းနေပြီး လာကြိုရန်အသင့်ဖြစ်နေခဲ့သည်။
ချန်းဟွမ်က တွေးတောစဉ်းစားပြီး ခေါင်းငြိမ့်လိုက်၏။
သူမက ပြတင်းပေါက် ညာဘက်ခြမ်းကို လှမ်းငေးကြည့်ရင်းပြောသည်။
“ကားတစ်စီးထက်စာရင်တော့ ပိုပျော်စရာကောင်းပြီး သက်တောင့်သက်သာဖြစ်တယ်... နောက်တစ်ခါထပ်စီးကြမလား ”
"မလုံခြုံဘူး "
ကျန်းမင်ယွမ်က ချန်းဟွမ်ဘက်သို့လှည့်ကြည့်ပြီးပြော၏။
သူ၏အကြည့်ထဲတွင် မနှစ်သက်သော အငွေ့အသက်များပါဝင်နေသည်။မိုက်မဲလေခြင်းဟု ဆုံးမနေသောသူနှင့်ပင်တူသေး၏။
ရုံး၌ ဤအခြေအနေအတိုင်းသာဖြစ်ခဲ့ပါက ဝန်ထမ်းအားလုံး ဖိန့်ဖိန့်တုန်နေကြမည်ဖြစ်သည်။
သို့သော်ချန်းဟွမ်က ကျန်းမင်ယွမ်၏ဝန်ထမ်းမဟုတ်ချေ။
သူမသည် အကြောက်တရားကင်းရုံသာမက
ပြုံးပြုံးရွှင်ရွှင်နှင့်ပင် အကြံပေးလိုက်သေးသည်။
“ဘာက မလုံခြုံတာလဲ... ကားမောင်းနေတဲ့ ဓါတ်ပုံတွေတောင်ရိုက်လို့ရသေးတယ်...ဒါဆို ကျွန်မမောင်းမယ် ရှင်ရိုက်ပေးလေ ဘယ်လိုလဲ ... တစ်ပုံချင်းစီက အရမ်းမိမိုက်နေမှာ”
ကျန်းမင်ယွမ်က ဘာမှမပြောဘဲ စူးစိုက်ကြည့်နေသည်။
ထို့နောက် သူသည် ရှေ့တည့်တည့်ကိုသာ အကြည့်လွှဲလိုက်ပြီး ချန်းဟွမ်အား အေးစက်စွာမေး၏။
"ကားမောင်းတတ်လို့လား"
"ဟင့်အင်း " ချန်းဟွမ်က အမှန်အတိုင်း ဖြေသည်။
“ဒါပေမဲ့ အဲ့လောက်ကြီးခက်တဲ့ပုံမပေါ်ပါဘူး... တတ်လွယ်လောက်ပါတယ် ”
"ပြီးတော့ရှင်လည်းရှိတာပဲလေ....မဟုတ်ဘူးလား "
သူမ၏အထင်သက်သက်သာ ဖြစ်နိုင်သော်လည်း
စကားဆုံးသည်နှင့် ဘေးမှကျန်းမင်ယွမ်က ဟိုဘက်နည်းနည်းတိုးသွားသလိုပင်။
ချန်းဟွမ်သည် ထိုအကြောင်းအရင်းအား အဖြေထုတ်ရန် ကြိုးစားနေစဥ်မှာပင် ကျန်းမင်ယွမ်က ခပ်တိုးတိုးပြောလာ၏။
" စဉ်းစားသေးတာပေါ့ "
ကျန်းမင်ယွမ်သည် ထိုစကားကိုပြောပြီးသောအခါ အေးစက်စက်ဖြင့် ရုပ်တည်ကြီးဖြစ်သွားတော့သည်။
Xxxxxx