အပိုင်း ၁၅၉-၁၆၀
Viewers 20k

Chapter 159


အခြားကမ်းခြေဘက်သို့ နာရီဝက်ခန့်ကားစီး၍သွားရသည်။ထိုကမ်းခြေသည် ဒီဘက်ကမ်းခြေနှင့်မတူပေ။


ခရီးသွားဧည့်သည်များမရှိဘဲ ရှင်းလင်းနေသည်။


ကျန်းမင်ယွမ်က သားအမိနှစ်ယောက်ကို ရှင်းပြ၏။


 "ဒါက သီးသန့်ကမ်းခြေဆို‌တော့ 

တခြားခရီးသွားတွေကို သွားလာခွင့်ပြုမထားဘူး"


 "ရှင်ပိုင်တာလား "


 "မဟုတ်ဘူး ငှားထားတာ"  


ကျန်းမင်ယွမ်သည် အရှေ့သို့လျှောက်သွားလိုက်သည်။ 


ခြေလှမ်းနှစ်လှမ်းခန့်အကွာတွင် သူက ချန်းဟွမ်အားပြန်လှည့်ကြည့်၏။ကျန်းမင်ယွမ်၏ ပါးစပ်မှာအနည်းငယ် လှုပ်သွားသော်လည်း ဘာမှဆက်မပြောပေ။


 အခြေအနေမှာ ထူးဆန်းနေကြောင်းချန်းဟွမ်က သတိပြုမိသွားသည်။


"ဘာကိစ္စရှိလို့လဲ"


 "ဘာမှမဟုတ်ပါဘူး" ကျန်းမင်ယွမ်က ခပ်တိုးတိုးပြောပြီး အရှေ့သို့ပြန်လှည့်သွား၏။


 ချန်းဟွမ်သာ ဤကမ်းခြေကိုနှစ်သက်ပါက အမှန်တကယ်ပင်ဝယ်ပေးနိုင်စွမ်းရှိသည်ဟု ပြောထွက်တော့မတတ်ဖြစ်သွားသော်လည်း အနည်းငယ်အကဲပိုနေသည်ဟုထင်ရသဖြင့် ကျန်းမင်ယွမ်က စကားလုံးများကို ပြန်မျိုချလိုက်ခြင်းဖြစ်သည်။


နောက်ဆုံးတွင် ကျန်းမင်ယွမ်က ဆိတ်ဆိတ်နေရန်ကိုသာရွေးချယ်လိုက်ပြီး အရှေ့သို့ပြန်လျှောက်သွား၏။


 ဤပုဂ္ဂလိကပိုင်ကမ်းခြေကို သပ်သပ်ခွဲထားပြီး ၎င်း၏ဧရိယာအတွင်းတွင် ဗီလာတစ်ခုရှိသည်။


ဗီလာသည် အလွန်ပြည့်စုံသောဇိမ်ခံအနေအထားတွင်ရှိပြီး ကျယ်ဝန်း၏။ ပိုင်ရှင်မှာ ချမ်းသာကြောင်း ထင်ရှားလွန်းသည်။


အလွန်ကောင်းသောဟိုတယ်ပင်လျှင် ဤဗီလာနှင့်နှိုင်းယှဉ်လိုက်ပါက ဈေးပေါသောတိုက်ခန်းသာသာဖြစ်သွားမည်။


 သားအဖသုံးယောက်သား ဗီလာ၏ တစ်ဖက်သို့ လမ်းလျှောက်ထွက်လာကြပြီး ကမ်းခြေသို့ ရောက်ရှိသွားကြသည်။


 လာရောက်လည်ပတ်သူများမရှိသောကြောင့် ဤကမ်းခြေသည် အထူးသန့်ရှင်းနေ၏။


 ကြည်လင်နေသောရေသည် နေဝင်လုနီးနီးအချိန်ဖြစ်၍ ပုစွန်ဆီရောင်သမ်းနေသည်။


 ကောင်းကင်ယံတွင် အေးအေးလူလူ ပျံသန်းနေကြသော ပင်လယ်ငှက်အနည်းငယ်နှင့် မြင်ကွင်းက သာယာလှ၏။


 ကျွန်း၏အနောက်ဘက်တွင်ရှိသော ဤကမ်းခြေသည် နေဝင်ချိန်ကိုကြည့်ရှုရန်သာမက ဓာတ်ပုံရိုက်ရန် အကောင်းဆုံးနေရာဖြစ်သည်။ချန်းဟွမ်တွင် ဓာတ်ပုံပညာနှင့်ပတ်သက်သော အတွေ့အကြုံအချို့ရှိခဲ့ပြီး သူမသည် ဤရှုခင်းကို အလဟသ မဖြစ်စေလိုပေ။


သူမ၏မူလရည်ရွယ်ချက်မှာ ကိုယ်ပုံကိုယ်ရိုက်လိုခြင်းဖြစ်သော်လည်း ဘေးပတ်ဝန်းကျင်သာမက အခြားသူများကိုပါ ဓာတ်ပုံလိုက်ရိုက်ပေးနေမိတော့သည်။


 သားအဖနှစ်ဦးက သူမ၏ပင်တိုင်မော်ဒယ်များဖြစ်လာကြ၏။ထိုနှစ်ဦးသည် အလွန်ပူးပေါင်းဆောင်ရွက်တတ်ကြသည်။


ပြောသည့်နေရာတိုင်းတွင် မတ်တပ်ရပ်ပေးပြီး 


ညွှန်ကြားသည့်အတိုင်းပို့စ်ပေးကြ၏။


မော်ဒယ်သေးသေးလေးက စိတ်မရှည်သည့်အခါ သက်ကြီးပိုင်းမော်ဒယ်က လက်တွဲခေါ်ပေးသည်။


 ချန်းဟွမ်သည်  ပျော်ရွှင်စွာဖြင့် ဓာတ်ပုံရိုက်ကူးခဲ့၏။


 ယခုအချိန်၌ နေလုံးကြီးသည် သမုဒ္ဒရာပေါ်တွင် တစ်ဝက်ခန့်ပေါ်နေပြီး ကောင်းကင်မှာ မှောင်ရီစပြုလာပြီဖြစ်သည်။ ရေပြင်ပေါ်တွင် ပုစွန်ဆီရောင်အလင်းတန်းက ထင်ဟပ်နေဆဲဖြစ်၏။


 ချန်းဟွမ်သည်  ကင်မရာကို ချထားပြီးဖြစ်သော်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ နောက်ထပ် ဓာတ်ပုံအနည်းငယ်ကိုရိုက်ကူးခဲ့သည်။


ချန်းဟွမ်က သူမ ရိုက်ထားသော ဓာတ်ပုံများကိုပြန်ကြည့်ပြီး ပီတိဖြာနေ၏။ သားအဖနှစ်ယောက်၏ပုံများကို မြင်လိုက်ရသည့်အခါမှ သူမလည်းဓာတ်ပုံမရိုက်ရသေးကြောင်း သတိရသွားတော့သည်။


ချန်းဟွမ်သည် သက်ကြီးပိုင်းမော်ဒယ်ထံသို့ ကင်မရာကိုလွှဲပေးလိုက်ပြီး ဓာတ်ပုံဆရာ အရာအပ်နှင်း၏။


ထို့နောက် သူမသည်ကမ်းခြေဘက်သို့ လျှောက်သွားခဲ့သည်။ 


ကမ်းခြေ၌ရပ်နေသောချန်းဟွမ်၏ ခြေထောက်၌ ရေအနည်းငယ်စိုနေ၏။သူမက နေဘက်သို့ မျက်နှာမူပြီး ရပ်နေလျက် လက်နှစ်ဖက်ကို ဆန့်တန်းထားသည်။


ချန်းဟွမ်၏ ဆံပင်နွယ်များထဲသို့ ပင်လယ်လေက


ဖြတ်သန်းသွားပြီး တလွင့်လွင့်ဖြစ်နေ၏။


 ဒီရေစီးသံက ကင်မရာသံများကို ဖုံးလွှမ်းသွားသည်။


ချန်းဟွမ်သည် ထိုအနေအထားကို ဆက်လက်ထိန်းထားပြီး လက်များညောင်းလာသဖြင့် ကင်မရာကိုင်ထားသော အမျိုးသားဘက်သို့လှည့်ကြည့်လိုက်၏။


 “ပြီးပြီလား”


 ထိုအမျိုးသမီး၏ ကျောပြင်ပေါ်တွင် ဆံနွယ်များဝဲကျနေပြီး အချို့ဆံသားများက လေထဲ၌ ဝဲပျံနေသည်။


သူမ၏ ပုခုံးတန်းများက တဖျတ်ဖျတ်ခတ်လုဆဲဆဲ လိပ်ပြာအတောင်ပံများနှင့် ဆင်တူ၏။


သူမပေါ်သို့ဖြာကျနေသော နေဝင်ဆည်းဆာရောင်က ရုပ်သွင်ကိုပြီးပြည့်စုံစေသည်။


 ကျန်းမင်ယွမ်၏လက်ချောင်းများ အနည်းငယ်တုန်ခါသွားသလို ခံစားလိုက်ရပြီး ရင်ခုန်သံမြန်လာသည်။


'ဒုတ် ဒုတ် ' 


အလှတရားမှ လွတ်မြောက်ရန် ရုန်းကန်နေရသည့်သူတစ်ဦးသဖွယ် နှလုံးခုန်သံကို နားထဲ၌ပြန်ကြားနေရ၏။


 သူ၏လက်များက မဆိုစလောက်ကလေး တုန်ရီနေသော်လည်း ‌၎င်းကဓါတ်ပုံရိုက်ခြင်းအမှုကိစ္စကို မနှောင့်နှေးစေပါ။အရှေ့၌ရပ်နေသူက မေးလာချိန်တွင် ဘယ်နှပုံရိုက်ပြီးမှန်း သူ မသိတော့ချေ။


 


 လေထဲတွင် ဝဲ‌ဖြာနေသော ဆံနွယ်များက သူမ၏ပါးပြင်ပေါ်သို့ ယိမ်းနွဲ့လာသည်။ ပန်းတစ်ပွင့်အား ပွင့်ဖူးလောက်စေသည့် သူမ၏အပြုံးက တစ်စုံတစ်ဦး၏တွေးခေါ်နိုင်စွမ်းကို ခေတ္တ ဆုံးရှုံးသွားစေ၏။


Xxxxxxx


Chapter 160


ကျန်းမင်ယွမ် ချက်ချင်းပင် သတိပြန်ကပ်သွားသည်။သူ့ခန္ဓာကိုယ်သည် ဦးနှောက်ထက် ပို၍မြန်ဆန်စွာ တုံ့ပြန်ပြီး ကင်မရာခလုတ်ကို ဖိထားပြီးသားဖြစ်၏။


ကျန်းမင်ယွမ်က ကင်မရာကိုချလိုက်ပြီးချန်းဟွမ်ကိုလှမ်းပြောသည်။သူ၏လေသံမှာ သဘာဝမကျပေ။


"ပြီးသွားပြီ...ကြည့်ချင်လား"


 “အင်း”  ချန်းဟွမ်က ပုံများကိုကြည့်ရန် မစောင့်နိုင်တော့ဘဲ ချက်ချင်းအပြေးလေးသွား၏။


ထို့နောက် ကင်မရာထဲမှ ပုံကိုခေါင်းငုံ့၍ကြည့်သည်။


 ကျန်းမင်ယွမ်သည် သိသိသာသာပင် နေရခက်လာ၏။သူ၏တစ်ကိုယ်လုံးမှ ကြွက်သားများသည် တောင့်တင်းသွားသည်။ နှာဖျားကိုဖြတ်ဝင်လာသည့် သင်းပျံ့သောရနံ့က ကျန်းမင်ယွမ်အား ပူထူသွားစေ၏။


 သူ ကင်မရာကို ချန်းဟွမ်ထံပြန်ထိုးပေးလိုက်ပြီး

သားရဲအလိုက်ခံနေရသည့်သူတစ်ဦးသဖွယ်

လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။


 ကျန်းမင်ယွမ် တည်ငြိမ်မှုပျောက်ဆုံးသွားသည်ကို ချန်းဟွမ် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။


သူမသည် ထူးဆန်းသလို ခံစားရပြီး အဝေးပြေးသွားသူ၏ကျောပြင်ကိုစိုက်ကြည့်နေမိသည်။


ထို့နောက် ချန်းဟွမ်က ခေါင်းငုံ့ပြီးရှင်းရှင်းကိုမေး၏။


 "မင်းဖေဖေ ဘာဖြစ်နေတာလဲ" 


 ရှင်းရှင်းက ခေါင်းယမ်းသည်။သူ၏မျက်နှာထားက ခံစားချက် ဗလာဖြစ်နေသည်။


 "သားလည်းမသိဘူး စောစောက အကောင်းကြီးပါ "  


ရှင်းရှင်းက ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုံးတွေးပြီး ကောက်ချက်ချလိုက်တော့သည်။


  "ဖေဖေ ဗိုက်ဆာနေတာပဲဖြစ်ရမယ် "


 "သားသား ဗိုက်ဆာနေပြီလို့ ဆိုလိုတာလား"  ချန်းဟွမ်က ရှင်းရှင်း၏နှာခေါင်းလုံးလုံးကလေးကိုခပ်သာသာဆွဲညှစ်ပြီး သဘောတကျပြော၏။


ဗိုက်ဆာနေသော ရှင်းရှင်းက မျက်မှောင်ကြုတ်လျက် ချက်ချင်းပင်ဝန်ခံလိုက်သည်။


  "ဟုတ်တယ် သားဗိုက်ဆာနေပြီ"


 "ကောင်းပါပြီရှင်...ဒါဆို သွားစားကြမယ် "  ချန်းဟွမ်က ကင်မရာကိုလည်ပင်းတွင်ချိတ်လိုက်ပြီး ရှင်းရှင်း၏လက်ကို တွဲကာ အနောက်သို့ လျှောက်သွား၏။


 "ဖေဖေ ဘယ်သွားလဲ ခန့်မှန်းကြည့်ရအောင်"


 ကျန်းမင်ယွမ်က ဘယ်ကိုမှမသွားဘဲ ဗီလာထဲတွင်သာရှိနေခဲ့သည်။သူသည် စကားတစ်ခွန်းမှ မပြောဘဲ ဆိုဖာပေါ်တွင် ဝင်ထိုင်နေ၏။ ချန်းဟွမ်နှင့်ရှင်းရှင်း ပြန်လာသည်ကိုပင် စေ့စေ့မကြည့်ချေ။


 ကျန်းမင်ယွမ် ယခုအချိန်တွင် အလွန်ငြိမ်ကုပ်‌နေ၏။သူ အစောပိုင်းက အပြုအမူအတွက် ရှက်ရွံ့သလို ခံစားနေရသည်။ယခုပုံစံက သူ သဘောကျရသော မိန်းကလေးရှေ့တွင် မည်သို့ပြုမူရမည်ကို မသိနားမလည်သော ဆယ်ကျော်သက်ကောင်လေးတစ်ယောက်နှင့်တူ၏။


ကျန်းမင်ယွမ်သည် အသက်ကြီးလာသော်လည်း အချစ်ရေးနှင့်ပတ်သက်၍ အတွေ့အကြုံမရှိချေ။


သို့သော် သူသဘောကျသော မိန်းက​လေးတစ်ယောက်ရှိလာပြီထင်သည်။သူ ထိုသူ(ချန်းဟွမ်)ကိုပြန်ကြည့်လိုက်ချိန်တွင် ခန္ဓာကိုယ်အတွင်းပိုင်းမှ ချိုမြိန်ပြီး ထူးဆန်းသော လှုပ်ခတ်မှုတစ်ခုကို ခံစားလိုက်ရ၏။


 ဤတစ်ခေါက်တော့ အမှန်အကန် ကြွေဆင်းသွားမိပြီဖြစ်သည်။ နဖူးပေါ်လက်တင်ပြီးစဉ်းစားလျင်ပင် ဘယ်ကနေဘယ်လိုကြိုက်မိသွားမှန်း သူကိုယ်တိုင်ပင်မသိပေ


သူမနှင့် သိကျွမ်းခဲ့သည်မှာ သုံးလခန့်သာရှိသေးပြီး အတူကုန်ဆုံးခဲ့သောအချိန်ကလည်း နည်းသည်။


 သူမ၏ ပင်ကိုယ်စရိုက်နှင့်အကြိုက်ကိုပင် ခရေစေ့တွင်းကျမသိသေးပေ။


ထိုသို့ဖြစ်ပါလျက် မည်သည့်စိတ်ကူးဖြင့် သဘောကျမိသွားရသနည်း။


မေးခွန်းပေါင်းသောင်းခြောက်ထောင်ကို အဖြေရှာရသော် မိသားစုထံမှ မရရှိခဲ့သည့် နွေးထွေးမှု ၊ စိတ်လုံခြုံမှုများနှင့် အစချီရပေလိမ့်မည်။


အတိတ်မှ မြင်ကွင်းအားလုံးက ကျန်းမင်ယွမ်၏ခေါင်းထဲ၌အစီအရီပြန်ပေါ်လာသည်။


ချန်းဟွမ်တို့သားအမိကသာ သူ့အား စိတ်အေးလက်အေးဖြစ်ပြီး စိတ်ချမ်းသာစေ၏။


ထို့ကြောင့်ပင် သူကိုယ်တိုင်ပင်မသိလိုက်ဘဲ


နက်ရှိုင်းစွာ တွယ်တာနေခဲ့မိခြင်းဖြစ်ပေလိမ့်မည်။


 ကျန်းမင်ယွမ်က တစ်မိနစ်တစ်မိုင်နှုန်းဖြင့် တွေးနေသော်လည်း သူ၏အပြင်ပန်းပုံစံမှာ အလွန်တည်ငြိမ်နေသည်။


ရှင်းရှင်းက တံခါးဝမှနေ၍ အတွင်းသို့လှမ်းကြည့်၏။


သူသည် အဖေဖြစ်သူအားမြင်သည်နှင့် ချန်းဟွမ်၏လက်ကိုလွှတ်ချလိုက်ပြီး အပြေးလေးသွားသည်။


ရှင်းရှင်းက  ဆိုဖာပေါ်ရှိကျန်းမင်ယွမ်၏ကိုယ်ပေါ်တက်ပြီး မေး၏။


 "ဖေဖေ ဗိုက်ဆာနေပြီလား"


 "ဟမ်..."  


ကျန်းမင်ယွမ်က သတိပြန်ကပ်သွားပြီး


ကိုယ်ပေါ်ရှိ သားဖြစ်သူကို ခပ်သာသာပွတ်သပ်ပေးသည်။


 


 "ရှင်းရှင်းက ဗိုက်ဆာနေပြီလား"


 "ဟုတ်  ညစာစားချင်ပြီ"


 "ဒါဆို သွားစားကြရအောင်"  


သူ ခံစားချက်များအကြောင်းကို ဆက်လက်၍မ‌တွေးနိုင်တော့ပေ။ယခုအချိန်၌ အစားအသောက်က  ပိုအရေးကြီးသည်။ကျန်းမင်ယွမ်က ရှင်းရှင်းကိုပွေ့ချီပြီး ဆိုဖာပေါ်မှ ထရပ်လိုက်၏။ ထို့နောက် ချန်းဟွမ်ထံသို့ လျှောက်လာပြီး မေးလိုက်သည်။


  " ပြင်သစ်အစားအစာဆို ဘယ်လိုသဘောရလဲ"


သူက ချန်းဟွမ်ကို တည့်တည့်မကြည့်ဘဲ မေးနေခြင်းဖြစ်၏။


ထုံးစံအတိုင်း  ချန်းဟွမ်က မကန့်ကွက်ချေ။


ကျွန်းပေါ်ရှိ ပြင်သစ်စားသောက်ဆိုင်ကို ပြင်သစ်လူမျိုးစစ်စစ်က ဦးစီးခဲ့ခြင်းဖြစ်၏။ရှေးယခင်က မင်းမျိုးမင်းနွယ်များအား ဤနေရာ၌တည်ခင်းဧည့်ခံခဲ့ရသည်ဟူ၍ပင် သို့လောသို့လောစကားများရှိသည်။


 ထိုစကားများသည် မည်သည့်အတိုင်းအတာအထိမှန်ကန်ကြောင်း ချန်းဟွမ်မသိချေ။သို့‌သော် အစားအသောက်များမှာ အလွန်ပင်အရသာကောင်းသည်။


သုံးယောက်သား ညစာစားပြီး‌နောက်


ဟိုတယ်ဆီသို့ ကားဖြင့် ပြန်လာခဲ့ကြ၏။


ကားအား ဟိုတယ်နှင့်ခပ်လှမ်းလှမ်း၌ ရပ်လိုက်သည်။


ဟိုတယ်မျက်နှာစာတစ်ဝိုက်၌ စစ်တပ်ရွက်ဖျင်တဲအများအပြားကို ထိုးထားလျက်ရှိ၏။


ထိုအခြင်းအရာကို တွေ့လိုက်ရသောချန်းဟွမ်က အံ့ဩသွားတော့သည်။


အလယ်၌ မီးပုံအကြီးကြီးတစ်ခုရှိပြီး 


အနီးနားပတ်ဝန်းကျင်ရှိ လူများက လက်ချင်းချိတ်လျက် လှည့်လည်ကခုန်နေကြလေသည်။


   "ပွဲရှိတာလား ဘာလား... သူတို့မပူကြဘူးလား "


 ညဘက်၌ အအေးပိုသော်လည်း မီးလှုံရသည်အထိမဟုတ်ပေ။


 “မီးက အတုပါ....တကယ်မပူဘူး” ကျန်းမင်ယွမ်က ရှင်းပြသည်။ 


 “ဟိုတယ်ကစီစဉ်ပေးတဲ့ မီးပုံပွဲက နည်းနည်းတော့

စိတ်ဝင်စားစရာကောင်းတယ်... ရွက်ဖျင်တဲထဲမှာနေလို့လည်း ရတယ်... စမ်းကြည့်ကြမလား "


Xxxxxxx