Chapter 161
ချန်းဟွမ်သည် မီးပုံပွဲအား သိပ်စိတ်မဝင်စားပေ။
တစ်နေကုန် အပြင်ထွက်ထားရသည့်အတွက် ပင်ပန်းနေပြီး အခန်းပြန်၍သာ နားနားနေနေ နေလိုသည်။
ကျန်းမင်ယွမ်၏အမေးကိုငြင်းပစ်ချင်သော်လည်း ရှင်းရှင်းက အားလုံးကိုမြင်သွားပြီဖြစ်၏။
သူက ကလေးသဘာဝအရ စူးစမ်းချင်နေသည်။
အတူလိုက်ပေးရန်မှတစ်ပါး ချန်းဟွမ်ထံ၌ ရွေးချယ်စရာမရှိတော့ပေ။
ပါတီက ထိုမျှလောက် မကြီးကျယ်ပေ။
လူအချို့ကသီဆိုကခုန်နေကြပြီး အချို့မှာ စုကာရုံးကာစကားစမြည်ပြောနေကြ၏။
ပါတီပြီးဆုံးချိန်တွင် ဧည့်သည်များသည် ရွက်ဖျင်တဲထဲတွင်နေရန် သို့မဟုတ် အခန်းဆီသို့ ပြန်သွားရန် ကြိုက်သလိုရွေးချယ်နိုင်သည်။
ရှင်းရှင်းသည် ကလေးသဘာဝအရ စူးစမ်းလိုစိတ်ကြောင့် ရွက်ဖျင်တဲထဲတွင်အိပ်ချင်နေ၏။
သို့သော်လည်း လူကြီးနှစ်ယောက်က သဘောမတူကြသောကြောင့် အခန်းပြန်ရတော့သည်။
“အရမ်းနောက်ကျတဲ့ထိမနေနဲ့... စောစောအိပ်နော် "
ကျန်းမင်ယွမ်က ရှင်းရှင်း၏ပါးပြင်ကို နမ်းလိုက်၏။ထို့နေသားဖြစ်သူထံမှ အနမ်း ပြန်လည်ရရှိပြီးနောက် ကျန်းမင်ယွမ်က မတ်တပ်ထရပ်လိုက်သည်။
သူက ချန်ဟွမ်အား ကမ်းလှမ်းသည်။
"မနက်ဖြန် မနက် နေထွက်တာကို ထကြည့်မယ်မလား "
ဤအရပ်ရှိနေထွက်ချိန်သည် မည်မျှ အံ့သြဖွယ်ကောင်းကြောင်း လောင်လျှိုက ရွှန်းရွှန်းဝေအောင်ပြောနေခဲ့၏။
ထို့ကြောင့် ချန်းဟွမ်ထံတွင် သိချင်စိတ်တို့ ပေါ်ပေါက်လာသည်။
သို့သော် နေထွက်ချိန်က စောလွန်းသဖြင့် ချန်းဟွမ်က အချိန်မီထနိုင် မထနိုင်ကို သံသယရှိ၏။
"အရမ်းစောမှာနော် နိုးပါ့မလား"
ရတယ်...ငါနှိုးပေးမယ်
စကားလုံးများက ကျန်းမင်ယွမ်၏လျှာဖျားသို့ရောက်နေပြီဖြစ်သည်။ကျန်းမင်ယွမ်က ထုတ်ပြောရန်အကောင်းဆုံးလေသံကိုရွေးချယ်လိုက်၏။
သို့သော်လည်းတစ်ချိန်တည်းမှာပင် ရှင်းရှင်းက လက်မြှောက်ပြီး "မေမေ...စိတ်မပူနဲ့ သားနှိုးပေးမယ် "
ကျန်းမင်ယွမ်က ပြောချင်သည့်စကားကိုမပြောနိုင်တော့ဘဲ ရင်ဘတ်ထဲ၌ ဆို့နင့်သွားတော့သည်။
သူသည် ကောင်းခန်းရောက်မှ သာသနာဝင်ဖျက်သော သားဖြစ်သူကို ငုံ့ကြည့်လိုက်ကာ ပါးစပ်ကိုတင်းတင်းစိထား၏။
ထိုအချိန်တွင် ချန်းဟွမ်က ရှင်းရှင်းကိုကြည့်လျက် ခေါင်းတငြိမ့်ငြိမ့်ဖြစ်နေသည်။
ကျန်းမင်ယွမ်က အေးစက်သောလေသံဖြင့်ပြော၏။
" ဒါဆိုရင် မနက်မှတွေ့ကြမယ် "
" ကောင်းသောညပါ "
ချန်းဟွမ်က ကျန်းမင်ယွမ်အား နှုတ်ဆက်ပြီး အခန်းတံခါးကိုဖွင့်ကာ သားဖြစ်သူနှင့်အတူ အထဲဝင်လာခဲ့သည်။
ရှင်းရှင်းကလည်း နှုတ်ဆက်ပြီး လက်ဝှေ့ယမ်းကာ fly kissပင် ပေးလိုက်သေး၏။သို့သော်လည်း တံခါးပိတ်သွားသည့်အတွက် အဖေဖြစ်သူက မမြင်နိုင်ခဲ့ပေ။
အခန်းတံခါးပိတ်သွားပြီးနောက် ကျန်းမင်ယွမ်က သူ၏အခန်းဆီသို့ လျှောက်သွားသည်။
အခန်းထဲရှိ ရေချိုးခန်းအတွင်း၌ ကျန်းမင်ယွမ်က အဝတ်အစားများကို တစ်ထည်ချင်းချွတ်နေ၏။
ရေပန်းအောက်၌ရပ်နေသောကျန်းမင်ယွမ်ကမျက်လုံးများကိုမှိတ်ထားရင်း ခေါင်းမော့လိုက်သည်။
ရေချိုးခန်းထဲ၌ ရေနွေးငွေ့များ ပြည့်နှက်လာပြီး
အရာအရာမှာ မှုန်ဝါးလာ၏။
ဆယ်မိနစ်ခန့်ကြာသောအခါ ရေသံများရပ်သွားသည်။
ကျန်းမင်ယွမ်က ကိုယ်ပေါ်၌ သဘက်ပတ်ပြီး ထွက်လာခဲ့၏။ သူ့ အပေါ်ပိုင်းက အ၀တ်ဗလာဖြစ်နေပြီး ဆံပင်မှရေများက ရင်ဘတ်ပေါ်သို့ တစက်စက်ကျနေသည်။
ထိုအနေအထားမှာ ဆွဲဆောင်မှုရှိလှ၏။
ဤမြင်ကွင်းကို မည်သူမှမမြင်နိုင်ခြင်းက နှမျောစရာကောင်းလွန်းသည်။
ထိုအမျိုးသားက တဘက်ကိုဆွဲချွတ်လိုက်ပြီး ကျန်တဘက်တစ်ထည်ဖြင့် ခေါင်းမှရေများကိုသုတ်သည်။
ကျန်းမင်ယွမ်သည် ဆံပင်လုံးဝခြောက်မခြောက်ကို စိတ်မဝင်စားပေ။သူသည် အိပ်ရာဝင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ကျန်းမင်ယွမ်က မီးများကိုပိတ်လိုက်သော်လည်း အိပ်ရာပေါ်တွင် ဟိုလှိမ့်ဒီလှိမ့်ဖြင့် အိပ်မပျော်နိုင်ဖြစ်နေသည်။
နောက်ဆုံး၌ကျန်းမင်ယွမ် မျက်လုံးပြန်ဖွင့်ကာ ဆဲလ်ဖုန်းကို လှမ်းယူပြီး တစ်စုံတစ်ဦးထံ စာတိုတစ်စောင် ပို့လိုက်သည်။
***
ချန်းဟွမ် ရှင်းရှင်းကို ရေချိုးပေးပြီးနောက်
အိပ်ရာဝင်ပုံပြင်တစ်ပုဒ်ကို ဖတ်ပြပြီး သိပ်လိုက်၏။
ထို့နောက်တွင် သူမကိုယ်တိုင်လည်း ရေချိုးလိုက်သည်။
ရေချိုးပြီးနောက် ချန်းဟွမ်သည်
ကုတင်ပေါ်ထိုင်ရင်း maskကပ်ထားပြီး ဆဲလ်ဖုန်းနှင့်ဂိမ်းကစား၏။
သူမက ဆံနွယ်များအား ခပ်မြင့်မြင့်ထုံးဖွဲ့ထားသည်။
ဂိမ်းထဲတွင် မကောင်းဆိုးဝါးများအား အလိုအလျောက် တိုက်ခိုက်နေပြီး ချန်းဟွမ်လုပ်စရာများများစားစားမရှိပေ။ ရုတ်တရက် သူမ၏ဆဲလ်ဖုန်းက တုန်ခါသွားသောကြောင့် ၂ noti barကိုတစ်ချက်စစ်၏။
ထိုအခါဘေးအခန်းမှ အမျိုးသားပေးပို့သော စာတိုတစ်စောင်ကိုတွေ့လိုက်ရသည်။
မက်ဆေ့ချ်က ရိုးရှင်းလွန်း၏။" ကောင်းသောည " ဟူ၍ပင်။
ချန်းဟွမ်က အနည်းငယ် အံ့သြသွားသည်။
ကျန်းမင်ယွမ်သည် ဤကဲ့သို့ပြောလေ့ပြောထမရှိပေ။
မည်သို့ပင်ဆ်ိုပါစေ သူမသည် ဂိမ်းထဲမှထွက်ပြီး ထပ်တူညီသောပြန်စာကိုပြန်ပို့လိုက်သည်။
တစ်ဖက်ရှိ အိပ်ခန်းထဲတွင် မက်ဆေ့ခ်ျလက်ခံရရှိသွားသောကျန်းမင်ယွမ်က ပေါ့ပါးစွာ ပြုံးလိုက်၏။
သူ လက်မဖြင့် ဖုန်းမျက်နှာပြင်ကို ပွတ်သပ်နေပြီး စာကို စိတ်ထဲမှ နောက်ဆုံးတစ်ကြိမ်ပြန်ဖတ်လိုက်သည်။ ထို့နောက်ဖုန်းကိုချကာ အိပ်ရာဝင်လိုက်၏။
Xxxxxx
Chapter 162
သန္တာနီကျွန်းတွင် နေထွက်ချိန်သည် နံနက် ၅ နာရီ ၄၀ မိနစ်ဖြစ်၏။ချန်းဟွမ်က မနက် ၄နာရီခွဲ၌ နှိုးစက်ပေးထားသည်။
သို့သော် နှိုးစက်မြည်ချိန်တွင် သူမသည် နှစ်ခြိုက်စွာအိပ်ပျော်နေခဲ့၏။
သူမအား နှိုးပေးမည်ဟု ကြွားလုံးထုတ်ခဲ့သော ကလေးလေးသည်လည်း အိပ်မက်ကမ္ဘာထဲ ရောက်နေရှာသည်။
မိသားစု သုံးယောက်ထဲတွင် တစ်ဦးတည်းကသာ အချိန်မီ နိုးထလာခဲ့၏။
ကျန်းမင်ယွမ်သည် နံနက်ခင်း၌ အပြင်ထွက်၍
လေ့ကျင့်ခန်းလုပ်တတ်သော အလေ့အကျင့်ရှိပြီး အားလပ်ရက်၌ပင် မပျက်ကွက်ပေ။
သူက အားကစားဝတ်စုံကိုလဲဝတ်ပြီး အားကစားဖိနပ်ကိုစီးကာ အပြင်သို့ထွက်လာခဲ့သည်။
ဟိုတယ်ထဲ၌ အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်နေ၏။ ကျန်းမင်ယွမ် အောက်ထပ်သို့ ဆင်းသွားချိန်၌ သားအမိနှစ်ယောက်၏အရိပ်အယောင်ကိုပင် မတွေ့ရချေ။
ကျန်းမင်ယွမ်က နှုတ်ခမ်းကို ဖွဖွထိန်းကာ အကျယ်ကြီးအော်မရယ်မိအောင် ကြိုးစားလိုက်သည်။ ထို့နောက်ဒုတိယထပ်သို့ အမြန်ပြန်တက်ပြီး ဘယ်ဘက်ခန်းတံခါးကို ခေါက်လိုက်၏။
ချန်းဟွမ်သည် အိပ်မက်မက်နေဆဲဖြစ်ပြီး တံခါးခေါက်သံကြားရချိန်တွင် ဖုတ်ကောင်များ၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသည်။
အိပ်မက်ထဲတွင် သူမသည် အခန်းတစ်ခုထဲတွင် ပုန်းနေပြီး ထိုဖုတ်ကောင်များသည် အခန်းတံခါးကို ဆောင့်ကန်လိုက်ကြ၏။
ချန်းဟွမ်သည် အိပ်ပျော်နေဆဲဖြစ်ပြီး ဘာမှ ထူးထူးခြားခြား သတိမထားမိပေ။ သူမ၏နှလုံးသည် တင်းကြပ်နေပြီး အသက်ရှူရခက်နေသည်။ နောက်ဆုံးတွင် သူမသည် ထိုအိပ်မက်ဆိုးမှ လွတ်မြောက်ရန် ရုန်းကန်ခဲ့ရ၏။
နိုးထလာသောအခါ အိပ်မက်ထဲတွင် ကြားခဲ့ရသော တံခါးခေါက်သံက ပြန်စလာသည်။
အခြေအနေမှာ ကျောချမ်းစရာပင်။
ချန်းဟွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး အိပ်ယာပေါ်မှ ထထိုင်ကာ လက်ကိုင်ဖုန်းကိုဖွင့်ရင်း အချိန်ကိုတစ်ချက် စစ်သည်။
ထို့နောက် ပွထနေသောဆံပင်ကို လက်ဖြင့်သပ်ကာ ဖိနပ်ကိုလျိုလိုက်ပြီး တံခါးသွားဖွင့်၏။
ကျန်းမင်ယွမ်သည် အထဲမှ တုံ့ပြန်မှုကို မကြားရမီ
အချိန်အတော်ကြာသည်အထိ တံခါးခေါက်နေခဲ့သည်။ ထို့နောက် ခဏရပ်ပြီး သက်ပြင်းတစ်ချက်ချလိုက်ပြီး ဘာဆက်လုပ်ရမည်ကို စဉ်းစားနေတုန်းမှာပင် အရှေ့မှ တံခါးက ပွင့်လာသည်။
ချန်းဟွမ်က သူ့ကိုမော့ကြည့်၏။သူမသည် အိပ်ရာက နိုးစဖြစ်၍ ဆံပင်များမှာ ပွထနေသည်။
မျက်နှာထားအရ ပင်ပန်းနွမ်းနယ်နေပုံပေါ်ပြီး အသံက လည်း တိုးညင်း၏။
“တောင်းပန်ပါတယ်... အ်ိပ်ပျော်သွားလို့ ခဏနေ ဆင်းခဲ့မယ်"
“အလျင်မလိုနဲ့... စောသေးတယ်” ကျန်းမင်ယွမ်သည် အနောက်သို့ ခြေတစ်လှမ်းဆုတ်ကာ သဘာဝကျစွာဖြင့် အဝေးသို့ လှမ်းကြည့်လိုက်သည်။
" လေ့ကျင့်ခန်းသွားလုပ်လိုက်ဦးမယ် "
"အင်းပါ ... သွား သွား " ချန်းဟွမ်က လက်ဝှေ့ယမ်းပြလိုက်၏။
ပြီးခဲ့သော အကြိမ်များတွင် အမှတ်မထင်မြင်တွေ့ခဲ့ရသည့် တောင်းတင်းသောခန္ဓာကိုယ်ကို ဤကဲ့သို့လေ့ကျင့်ခန်းလုပ်ကာ ထိန်းသိမ်းထားရပေသည်ဟု ချန်းဟွမ်က တွေးလိုက်သည်။
သူမသည် တံခါးကိုပိတ်ပြီးနောက် အဝတ်အစားများကို ယူကာ ရေချိုးခန်းအတွင်း၌ လဲဝတ်လိုက်၏။
သူမ မိတ်ကပ်လိမ်းလျက် အဆင်သင့်သွားဖြစ်ပြီးနောက်တွင် ရှင်းရှင်းက နိုးထလာခဲ့သည်။
ကလေးလေးသည် အိပ်မှုန်စုံမွှားဖြစ်နေပြီး မျက်စိများကို လက်ခုံဖြင့် ပွတ်နေ၏။
သူက ခြေထောက်နှစ်ဖက်ကို ဘောင်းဘီထဲသို့ ထိုးလျိုသည်။
သားအမိနှစ်ယောက် အဆင်သင့်ဖြစ်ချိန်၌ မနက် ၅ နာရီ ၂၀မိနစ်ခန့်ရှိနေပြီဖြစ်၏ ။
ချန်းဟွမ်က ရှင်းရှင်းကိုခေါ်ပြီး အောက်ထပ်သို့ အမြန်ဆင်းလာသည်။
ကျန်းမင်ယွမ်က ဧည့်ခန်းရှိဆိုဖာပေါ်တွင် ထိုင်စောင့်နေ၏။သူသည် မနက်ပိုင်းလေ့ကျင့်ခန်းလုပ်ပြီးချိန်၌ ရေချိုးထားပုံရသည်။ကျန်းမင်ယွမ်က suitကို ဝတ်ဆင်ထား၏။
မနက်ခင်းတွင် အနည်းငယ်အေးသောကြောင့်
suitဝတ်၍ အဆင်ပြေသည်။သို့သော်လည်း သူ၏ပုံစံက နေထွက်ချိန်သွားကြည့်မည့်သူထက် အလုပ်သွားတော့မည့်သူနှင့်ပိုတူနေ၏။
"သွားကြရအောင် "
သားအမိနှစ်ယောက် အောက်ထပ်သို့ ဆင်းလာသည်ကိုမြင်လိုက်သောကျန်းမင်ယွမ်က ဆိုဖာမှထလိုက်သည်။
ဒရိုင်ဘာက အပြင်၌စောင့်နေပြီး သုံးယောက်သား ကမ်းခြေဘက်ကို ဦးတည်ခဲ့တော့၏။
သန္တာနီကျွန်းရှိ နေထွက်ချိန်ကို ကြည့်ရှုရန် အကောင်းဆုံးနေရာသည် ကမ်းခြေနှင့် မဝေးလှပေ။
ဧရာမရေတွင်းနှင့်တူသော သဘာဝလှိုဏ်ဂူတစ်ခုရှိရာ နေရာပင်ဖြစ်သည်။ ထိုဂူ၏နံရံသည် မတ်စောက်ပြီး အောက်ခြေတွင် သမုဒ္ဒရာနှင့် ဆက်စပ်နေ၏။
ချန်းဟွမ်တို့ ရောက်ရှိလာချိန်တွင် အခြားသူများလည်း ထိုနေရာ၌ ရှိနေပြီဖြစ်သည်။ အများစုမှာ စုံတွဲများဖြစ်ကြ၏။
Xxxxxx