Chapter 163
လသည် အနောက်အရပ်တွင်ရှိပြီး သောကြာဂြိုဟ်ကို မြင်နိုင်သေးသည်။
ကောင်းကင်ယံက မှောင်မိုက်နေဆဲပင်။
နေကို မမြင်ရသေးသော်လည်း တိမ်များက ဦးစွာ ပန်းရောင်သမ်းလာလေ၏။
ထို့နောက်တွင်ကောင်းကင်သည် ဖြူစပြုလာကာ မနက်ခင်း၏ အလင်းရောင်သည် သိသိသာသာပင် လင်းလက်လာသည်။
ပင်လယ်လေက သူတို့မျက်နှာ၏ကို တစ်ချက်ရိုက်ခတ်သွား၏။ တိမ်များ၏အရိပ်က သမုဒ္ဒရာထဲတွင် ရောင်ပြန်ဟပ်နေပြီး ကောင်းကင်နှင့် ရေထုတို့ကတစ်သားတည်း ရောနှောသွားသည်။
ရင်သပ်ရှုမောဖွယ် ခံစားမှုဆိုသည်ကို ထိုနေရာတွင်ရှိမနေဘဲ သိရှိနားလည်ရန် ခက်ခဲလှ၏။
ပတ်ဝန်းကျင်မှ အံ့ဩနေသော အသံများထွက်ပေါ်လာပြီး ထိုထဲတွင် ချန်းဟွမ်လည်း ပါဝင်ခဲ့သည်။ သူမသည် နေထွက်ချိန် ဖြစ်စဉ်တစ်ခုလုံးကို မလစ်မယွင်း မှတ်တမ်းတင်ခဲ့၏။
ပင်လယ်ဇင်ယော်များသည် အုပ်စုလိုက် နေ၏ရှေ့မှဖြတ်သန်းလျက် ပျံသန်းသွားကြသည်။ ချန်းဟွမ် သည် ၎င်းကို လျှပ်တစ်ပြက် ရိုက်ကူးယူခဲ့ပြီး သူမ၏ ကင်မရာကို ကျေနပ်စွာ ချလိုက်မိ၏။ ထို့နောက် ကျန်းမင်ယွမ်ကိုလှည့်ကြည့်လိုက်သောအခါ သူသည်လည်း အလားတူအမူအရာပြုသည်ကို မြင်လိုက်ရသည်။
ကျန်းမင်ယွမ်သည် မည်သည့်အချိန်ကတည်းက ကင်မရာသယ်လာမှန်းမသိရပေ။သူမ မှတ်မိသလောက်မှာ ကားပေါ်မှဆင်းကတည်းက ဖြစ်မည်။
၎င်းကင်မရာသည် သူမတွင်ရှိသော အရာထက် ပိုဆန်းကြယ်ပုံရပြီး ရလဒ်သည်လည်း အလားတူပင်ဖြစ်မည်။
"ဘာတွေရိုက်နေတာလဲ" ချန်းဟွမ်က မေး၏။
"ကြည့်လို့ရလား"
ကျန်းမင်ယွမ်၏လက်ချောင်းများသည် အနည်းငယ် တောင့်တင်းလာပြီး သူက မျက်နှာသေကြီးဖြင့် ခေါင်းငြိမ့်ပြသည်။
နောက်ဆုံးတွင် သူသည် ရှုခင်းဓာတ်ပုံတစ်ပုံကို ရွှေ့လိုက်ကာ ချန်းဟွမ်အား ပြသခဲ့၏။
“ဝိုး ပုံထွက်ကောင်းတာပဲ.... အကောင်းစားနဲ့ရိုက်တော့လည်း ဒီလိုပဲနေမှာပေါ့ ” ချန်းဟွမ်က ကင်မရာကို ကိုင်ပြီး သူမခံစားချက်ကို ထုတ်ပြောသည်။
“ကျန်တာရှိသေးလား” သူမက ဆက်မေး၏။
ကျန်းမင်ယွမ်၏နှလုံးမှာ ဆို့နင့်သွားပြီး ကင်မရာကိုလှမ်းယူရန် လက်မြှောက်လိုက်သော်လည်း ချန်းဟွမ်ကနောက်ထပ်ပုံတစ်ပုံဆီ ရွှေ့ပြီးဖြစ်နေသည်။
ကျန်းမင်ယွမ်က လက်ပြန်ချလိုက်ပြီး ရှက်ရွံ့မှုနှင့် အဆင်မပြေမှု နှစ်မျိုးလုံးကို ခံစားနေရရှာ၏။သူ၏လည်ပင်းက တင်းကျပ်လာပြီး စကားတစ်ခွန်းမှ မပြောနိုင်ချေ။
ချန်းဟွမ်သည်လည်း ထိုပုံကိုမြင်လိုက်ရသောအခါ အံ့အားသင့်သွားတော့သည်။ သာမန်မြင်ကွင်းတစ်ခုဖြစ်သော်လည်း ဓာတ်ပုံအများစု၌ သူမ၏နောက်ကျောပါဝင် နေ၏။
ပုံများတွင် အနုပညာဆန်သည့်သဘောသဘာဝရှိသည်။
ချန်းဟွမ်က ထိုပုံကိုမြင်သောအခါ ကဗျာတစ်ပုဒ်ကိုသတိရသွားတော့၏။
- တံတားရှည်ထက်...
ဝေးလံမြင်ကွင်း သင်ရှုစားစဉ်...
တစ်စုံတစ်ဦး ... မြတ်နိုးသူသည်
ရှုခင်းဆန်စွာ ... သင့်ရုပ်လွှာကို
မြင်အာရုံထွင်း ... တွယ်တာခြင်းဖြင့်
လွင့်မျော ခံစားလျက်ရှိပေသည် -
ကဗျာစာသားများကိုတွေးပြီးသောအခါ
ချန်းဟွမ်တစ်ယောက် အနည်းငယ် အဆင်မပြေသလို ခံစားရသည်။ဤသည်မှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ကောင်းဖြစ်နိုင်၏။
သို့သော်ဓါတ်ပုံအားလုံးထဲ၌ သူမ ပါဝင်နေသည်။
ချန်းဟွမ် အတွေးများပြီး ငြိမ်ကုပ်နေလေ၏။
သူမ၏ရင်ထဲ၌ လှုပ်ရွရွ ခံစားရသော်လည်း တတ်နိုင်သမျှ ထိန်းချုပ်ထားသည်။ချန်းဟွမ်၏လက်သည် မတည်မငြိမ်ဖြစ်လာပြီး ကင်မရာကိုပင် ပြုတ်ကျလုနီးနီးဖြစ်ခဲ့၏။ ကံကောင်းစွာဖြင့် သူမ ကြိုးကို လှမ်းဖမ်းဆွဲထားလိုက်နိုင်ခဲ့သည်။
ကောင်းကင်သည် တောက်ပလာသော်လည်း
အပူချိန်က သိသိသာသာမတက်ပေ။
သို့သော် ပင်လယ်လေနွေးနွေးက ပိုမိုတိုက်ခတ်လာ၏။
ချန်းဟွမ်၏ လက်ဖဝါးထဲတွင် ချွေးများ စတင်ထွက်လာပြီး ဤအခြေအနေအားမည်သို့ကိုင်တွယ်ရမည်ကို သူမ မသိပေ။
သူမ မည်ကဲ့သို့မေးရမည်နည်း။
မိမိအားသဘောကျနေ၍ ဓာတ်ပုံရိုက်ယူလေခဲ့သလော။
ထိုကဲ့သို့မဟုတ်လျှင် အဘယ်သဘောနှင့်နည်း။
တစ်ဖက်က အပျော်သဘောဖြင့်ရိုက်ယူခဲ့ခြင်းသပ်သပ်ဖြစ်သည်ဟုဖြေလျှင် အလကားနေ အရှက်က ကွဲဦးမည်။
ချန်းဟွမ်သည် ကျန်းမင်ယွမ်ဘက်မှ သူမအပေါ် ခံစားချက်များရှိလာမည်ဟူ၍ မည်သည့်အချိန်ကမှ မတွေးဖူးပေ။
စာအုပ်ကမ္ဘာထဲရောက်နေသည် ဆိုလျှင်ပင် သူမသည် အမျိုးသမီးဇာတ်ဆောင်မဟုတ်ချေ။
မင်းသားလေးကဲ့သို့သောသူသည် စင်ဒရဲလားလိုဘဝရှိသူကို ကြွေဆင်းနိုင်မည်မဟုတ်ပါ။
ချန်းဟွမ်သည် မိမိကိုယ်မိမိ အကြိမ်ကြိမ်သတိပေးခဲ့၏။ သံသယအနည်းငယ်ကျန်နေရုံမှလွဲ၍ ယုံကြည်အောင်မြင်လုနီးပါးဖြစ်ခဲ့သည်။
သူမက ကင်မရာကို ပြန်ပေးလိုက်ပြီး ရယ်မောလျက် ပေါ့ပေါ့ပါးပါးမေး၏။
"ကျွန်မပုံတွေ ဘာလို့ဒီလောက်များနေတာလဲ "
ကျန်းမင်ယွမ်သည် ကင်မရာကို ပြန်ယူလိုက်ချိန်တွင် အနည်းငယ်အေးနေသော လက်ချောင်းများဖြင့်ထိမိသွားသည်။
သူသည် ချန်းဟွမ်ကို တစ်ချက်ကြည့်လိုက်ပြီး ထုံးစံအတိုင်း အေးဆေးတည်ငြိမ်စွာပြောလိုက်၏။
" အရမ်းလှနေလို့ ရိုက်သိမ်းထားတာ"
ချန်းဟွမ်တစ်ယောက် နှလုံးအခုန်မြန်လာသည်ကို သိသိသာသာခံစားလိုက်ရတော့၏။
တောက်ပသောနံနက်ခင်းကောင်းကင်ယံအောက်တွင် သူမ၏ပါးပြင်ကလေးများက ပန်းရောင်သမ်းလာ၏။ ပတ်ဝန်းကျင်မှ အပူချိန်မြင့်တက်လာပုံရပြီး လေထုက ပို၍တင်းကြပ်လာသည်။
ချန်းဟွမ် ကျန်းမင်ယွမ်ကို ခိုးကြည့်လိုက်ချိန်
တိုက်ဆိုင်စွာဖြင့် တစ်ဖက်ကလည်း သူမကို စိုက်ကြည့်နေသည်။
အကြည့်ချင်းဆုံခိုက်တွင် အပူရှိန်သည် ပို၍ပြင်းထန်လာ၏။
တစ်စုံတစ်ယောက်၏ အချစ်ကို ထုတ်ဖော်ရန်အတွက် ဤအချိန်သည် ပြီးပြည့်စုံနေသော်လည်း နှစ်ယောက်လုံးတစ်ခွန်းမှမဟရသေးခင်တွင် တစ်စုံတစ်ဦးက ဝင်နှောင့်တော့သည်။
ရှင်းရှင်းက နေထွက်ချိန်ကိုကြည့်ရှုရန်လိုက်လာခဲ့သည်။
မြင်ကွင်းမှာ လှပသော်လည်း ယခုအချိန်တွင် သူသည် ဗိုက်ဆာနေပြီဖြစ်၏။ ရှင်းရှင်းသည် စောင့်နေခဲ့သော်လည်း ပြန်မည့်စကားကို ဘယ်သူကမှ မပြောကြပေ။
ဝေခွဲမရဖြစ်သောစိတ်နှင့် ဆာလောင်မှုနှစ်ခုစလုံး လွန်ဆွဲပြီးနောက်တွင် ရှင်းရှင်း ဆက်၍သည်းမခံနိုင်တော့ပေ။
သူ ရှေ့တိုးသွားပြီး ချန်းဟွမ်၏ဘောင်းဘီစကို ကိုင်ဆွဲလိုက်သည်။
"မေမေ မနက်စာ မစားသေးဘူးလား "
Xxxxxx
Chapter 164
အချိန်ကောင်းလေးပြတ်တောက်သွားပြီး
လူကြီးများသည်လည်း ဘာမှပြောခွင့်မရလိုက်ကြပေ။
ချန်းဟွမ်၏ အတွေးများသည်လည်း ရပ်တန့်သွားတော့၏။
သူမ တစ်ကိုယ်တည်း သက်ပြင်းချကာ
စိတ်သက်သာရာရသည်လား စိတ်ပျက်သွားသည်လားဟု ဝေခွဲမရတော့ချေ။
ချန်းဟွမ်က ကလေးငယ်လေး၏ပါးပြင်နှစ်ဖက်ကို ပွတ်သပ်ကာမနက်စာစားရန် ခေါ်သွားလိုက်သည်။
ကျန်းမင်ယွမ်မှာ နဂိုအေးတိအေးစက်ပုံစံသာပြန်ဖြစ်သွားပြီး နှုတ်ဆိတ်နေ၏။
နေထွက်ချိန်ကိုကြည့်ပြီးသောအခါ မနက်စာစားပြီး ရွက်လှေပေါ်တက်ကြသည်။ လူကြီးနှစ်ဦးသည် နည်းပြများ၏အကူအညီဖြင့် ရေငုပ်ခြင်းကို လေ့ကျင့်သင်ကြားခဲ့ကြပြီး ရေအောက်အတွေ့အကြုံကို ရှုစားခဲ့ကြ၏။ တစ်နေကုန် ပျော်ပါးပြီးနောက် ညဘက်တွင် ဝင်ကန်းကျွန်းသို့ ပြန်သွားရန် စီစဉ်ထားသည်။
ရွက်လှေသည် တစ်ညလုံး ရွက်လွှင့်ခဲ့ပြီး နောက်တစ်နေ့ နံနက်တွင် ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိခဲ့၏။
သုံးယောက်သား နေ့လယ်ပိုင်းလေယာဉ်ဖြင့် ထွက်ခွာမည်ဖြစ်၍ မနက်ခင်း၌ အမှတ်တရလက်ဆောင်ဝယ်ရန် အချိန်နည်းနည်းကျန်သေးသည်။
ဝင်ကန်းကျွန်းတွင် လူသိအများဆုံး ပစ္စည်းမှာ အုန်းခွံ သို့မဟုတ် သစ်ပင် ပင််စည်များကို ကုန်ကြမ်းအဖြစ်အသုံးပြု၍ ပန်းပုထွင်းထုခြင်းဖြစ်၏။ ၎င်းတို့သည် လက်တွေ့ကျပြီး လှပသည်။ ချန်းဟွမ်သည် လမ်းပေါ်တွင် လျှောက်သွားကာ ရှင်းရှင်းအတွက် ယုန်ရုပ်တစ်ခု ကိုဝယ်ယူခဲ့၏။ထိုမျှသာမက သစ်သီးပန်းကန်၊ ပန်းကန်လုံးနှင့် ပန်းကန်ပြားများ ၊ ဆိုင်ဝန်ထမ်းများအတွက် အပြန်လက်ဆောင်တိုလီမုတ်စများ အစရှိသည်တို့ကိုလည်းဝယ်ယူခဲ့သည်။
ချန်းဟွမ်သည် စျေးဝယ်ပြီးနောက် ရှင်းရှင်းနှင့်အတူ
ဆိုင်ထဲမှထွက်လာ၏။ထိုအခါ ကျန်းမင်ယွမ်မှာ လက်ဗလာဖြစ်နေသေးကြောင်း သတိပြုမိသွားသည်။
"အပြန်လက်ဆောင်ဘာညာမဝယ်ဘူးလား "
"မလိုပါဘူး" ကျန်းမင်ယွမ်က အမှုမဲ့အမှတ်မဲ့ပြန်ဖြေ၏။
"အားလပ်ရက်ခရီးသွားရင် တစ်ခုခုပြန်ဝယ်သွားသင့်တယ်.... မဟုတ်ရင် ခရီးက အလဟသ ဖြစ်သွားမှာ”
ချန်းဟွမ်သည် သူမတစ်ယောက်တည်းသာ ဈေးဝယ်ယူရင်း ဘာမှမဝယ်သော တစ်စုံတစ်ယောက်ကို လက်ပိုက်၍ကြည့်မနေနိုင်ပေ။
သူမသည် ကျန်းမင်ယွမ်အား အမှတ်တရပစ္စည်းများဝယ်ယူစေရန် အတူဆွဲခေါ်သွားတော့သည်။
ထိုမိန်းကလေးက သူ၏အင်္ကျီလက်မောင်းကို ဆွဲကိုင်ထားရာ ကျန်းမင်ယွမ် ရုတ်တရတ် တောင့်တင်းသွားသည်။သူသည် ချန်းဟွမ်၏မျက်နှာကိုပင်မကြည့်နိုင်တော့ဘဲ ရုပ်သေးရုပ်လေးသကဲ့သို့ တစ်ခါတည်းပါသွားတော့၏။
ကျန်းမင်ယွမ်မြင်နိုင်သမျှသည် ထိုမိန်းကလေး၏လက်ချောင်းဖြူဖြူကလေးများသာဖြစ်သည်။
ချန်းဟွမ်ကပစ္စည်းထုပ်ကိုဆွဲလျက် ကျန်းမင်ယွမ်အား သူမ ဝင်ခဲ့သည့်ဆိုင်ဆီသို့ ပြန်ဆွဲခေါ်သွား၏။
ဆိုင်သူဌေးက ဖောက်သည်ပြန်လာသည်ကိုမြင်ရသဖြင့် ဝမ်းသာကြောင်း ဖော်ပြနေသည်။
သူသည် ဖောက်သည်ဘက်မှ တစ်ခုခုများစောဒကတက်လာလေမလားဟု အနည်းငယ် စိုးရိမ်မိသွားသေး၏။
မည်သို့ပင်ဆိုစေကာမူ သူဌေးသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် သူတို့ဆီသို့ လျှောက်လှမ်းလာခဲ့သည်။
" ဘာကူညီပေးရမလဲဗျ "
"နောက်ထပ် ပစ္စည်းတွေ ထပ်ဝယ်ချင်လို့ပါ"
ဆိုင်ရှင်က ချက်ချင်းပင် စိတ်သက်သာရာရသွား တော့၏။ယခုအပြုံးက ပို၍ပင်တောက်ပသည်။
“ဟုတ်ကဲ့... ဝင်ကြည့်ပါ... သဘောမတွေ့ရင် အိမ်အထိလိုက်ခဲ့လို့ရပါတယ်... အိမ်မှာ ပစ္စည်းပိုစုံတယ် ... အထူးတလည်လိုချင်တာရှိရင်လည်း ပြောလို့ရပါတယ် သီးသန့်လုပ်ပေးပါတယ်...ပြီးရင် သင်္ဘောတင်ပေးတဲ့ ဆားဗစ်လည်းရှိသေးတယ် "
"ဟုတ်ကဲ့ အရင်ကြည့်ကြည့်လိုက်ပါဦးမယ် "
ချန်းဟွမ်က သူဌေးကို ပြုံးလျက်ပြောပြီး
ကျန်းမင်ယွမ်၏အင်္ကျီစကို လွှတ်လိုက်၏။
"ကြိုက်တာတွေ့လား"
ကျန်းမင်ယွမ် ယခုချိန်မှ သက်ပြင်းချနိုင်တော့သည်။ သူသည် အင်္ကျီကိုပြန့်အောင် ပြန်သပ်ချလိုက်ပြီး ဝေ့ဝိုက်ကြည့်၏။
ဆိုင်သည် ကျယ်ဝန်းပြီး ရွေးချယ်စရာ အများအပြားရှိသည်။ နားကပ်မှအစ ပန်းအိုးအထိ တင်ခင်းထားပြီး
ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ ဈေးအစားစားရှိ၏။
ကျန်းမင်ယွမ်သည် ယခင်က အလုပ်ခရီးများထွက်ခဲ့ဖူးသော်လည်း အပြန်လက်ဆောင်ဝယ်ယူခြင်းကို အထူးဂရုမစိုက်ခဲ့ပေ။သူသည် စျေးအကြီးဆုံး ပစ္စည်းအတွဲအစပ်အချို့ကို ရွေးယူလိုက်၏။
ဆိုင်ပိုင်ရှင်ပင် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
ဆိုင်ပိုင်ရှင်က အခြားပစ္စည်းများကို မေတ္တာလက်ဆောင်ပြန်ပေးရုံသာမက သင်္ဘောတင်ပြီး ပို့ဆောင်ပေးမည်ဖြစ်ကြောင်းကိုပါ ပြောကြားခဲ့သည်။
သားအဖ သုံးယောက်သား လက်ဗလာနှင့် ဆိုင်ထဲမှထွက်လာကြပြီး နေ့လည်စားပြီးနောက် လေယာဉ်ပေါ်တက်ရန်ပြင်ဆင်လိုက်ကြသည်
Xxxxxx