အပ်ုင်း ၁၆၅-၁၆၆
Viewers 22k

Chapter 165


လေယာဉ်ဆင်းသက်ချိန်တွင် ညနေစောင်းနေပြီဖြစ်သည်။  သုံးယောက်သား လေယာဉ်ပေါ်မှဆင်းလိုက်သည်နှင့် ရိုးတွင်းချဉ်ဆီထဲအထိ စိမ့်အေးသွားစေသော ရင်းနှီးပြီးသား အေးစက်စက်လေထုကို ခံစားလိုက်ရ၏။


 ချန်းဟွမ် အင်္ကျီအထူကြီးကို ၀တ်ထားသော်လည်း အေးစက်နေဆဲဖြစ်သည်။ 


သူမသည် အင်္ကျီကို လက်နှစ်ဖက်ဖြင့်စေ့ချလိုက်ပြီး တုန်တက်သွား၏။ချန်းဟွမ်စီးလာသော ဖိနပ်မှာ မထူမပါးဖြစ်ပြီး ခြေချောင်းများပင် ထုံကျဉ်နေသည်။


အအေးဒဏ်ကြောင့် ခြေချောင်းများမှ အထိအတွေ့ကိုပင် မခံစားရချေ။


ချန်းဟွမ်သည် ဘေးနားမှ အမျိုးသားကို အလွန်တရာပင်လေးစားမိသည်။


ကျန်းမင်ယွမ်က ရှင်းရှင်းကို ပွေ့ချီထား၏။


သူသည် အလွန်ရင်းနှီးနေသော ဝတ်စုံပုံစံနှင့် အောက်ခံရှပ်အင်္ကျီခပ်ပါးပါးကိုသာ ၀တ်ဆင်ထားရာ ဘေးမှမြင်နေရသောသူပင် သူ့အစားအေးလာမိ၏။


 မည်သို့ပင်ဆိုစေကာမူ ကျန်းမင်ယွမ်၏နောက်ကျောက


ဖြောင့်စင်းနေပြီး လုံးဝအေးပုံရမနေချေ။


 


အဆောက်အဦးတွင်းရှိစင်္ကြံသို့ရောက်သွားသောအခါ ယခင်ကလောက် မအေးတော့ပေ။


ချန်းဟွမ်သည်လည်း  ခံစားချက်ပိုကောင်းလာသည်။


 ကျန်းမင်ယွမ်က ရှင်းရှင်းကို ပွေ့ချီထားရာမှ ချလိုက်ပြီး


 " ခရီးဆောင်အိတ် သွားယူဦးမယ်" 


 "ကျွန်မလိုက်ခဲ့မယ် "  


ခရီးဆောင်အိတ်ကြီးနှစ်လုံးသယ်ယူခဲ့သော ချန်းဟွမ်က ထိုနေရာတွင်ရပ်စောင့်ရမည်ကို အားနာမိသည်။


သူမသည် အရာအားလုံးကို ကောင်းမွန်စွာတွေးခေါ်နိုင်သည်ဟု ထင်ခဲ့၏။ ဟိုတယ်ရှိ ပစ္စည်းများက ညစ်ပတ်နိုင်သည်ဟု အတွေးပေါက်ခဲ့ပြီး အိပ်ယာခင်းများ ၊ ဖိနပ်များ အစရှိသည်တို့ကို တနင့်တပိုး အကုန်သယ်လာမိခဲ့သည်။


သို့သော် ဟိုတယ်ရှိနေ့စဉ်သုံးပစ္စည်းများက သူမယူလာသည်များထက်ပင် အရည်အသွေးပိုကောင်းနေပြီး   အသစ်စက်စက်များလည်းဖြစ်ကြ၏။


ချန်းဟွမ်သည် ခရီးစဉ်တစ်ခုလုံး မလိုအပ်သည်များကို သယ်ဆောင်လာမိခဲ့သည်။


 "မလိုပါဘူး... ငါသယ်နိုင်တယ်... မင်းက ဒီမှာ ရှင်းရှင်းနဲ့အတူနေခဲ့ "  


သူမ၏ရှုပ်ပွနေသောဆံပင်များနှင့် အအေးဒဏ်ကြောင့် ပုခုံးတွန့်သွားပုံကို ကြည့်ပြီး ကျန်းမင်ယွမ်သည် ချန်းဟွမ်၏ခေါင်းကို ခပ်ဖွဖွပွတ်သပ်ချင်ခဲ့သော်လည်း  နောက်ဆုံးတွင် သူ ထိုအတွေးကို စွန့်ပစ်လိုက်သည်။


ကျန်းမင်ယွမ်၏နှုတ်ခမ်းများက အပေါ်သို့ ကော့ချိုးသွားပြီး နူးညံ့သောလေသံဖြင့်ပြော၏။


  “ဒီပစ္စည်းလောက်တော့ ငါသယ်နိုင်ပါတယ်” 


 ပြောပြီးသည်နှင့် ကျန်းမင်ယွမ်က အမြန်ထွက်သွားတော့သည်။


 ရှင်းရှင်းနှင့်ချန်းဟွမ်တို့သည် ယခုအချိန်တွင် အလွန်အသုံးမဝင်ပေ။ City C ၏ အေးမြသော ရာသီဥတုဒဏ်ကို 


ခံရသော ကလေးလေးသည်လည်း တုန်ယင်နေသည်။ 


တစ်ချိန်တည်းမှာပင် သူသည် ညစာအတွက် သင့်လျော်မည့်အစားအစာများကို အကြံပြုနေ၏။


ရှင်းရှင်းသည် ရက်အနည်းငယ်ကြာအောင် အပြင်စာများထွက်စားပြီးနောက်တွင်  အမေဖြစ်သူ၏ အိမ်ချက်လက်ရာကို အလွန်တမ်းတနေရှာသည်။


 “ ဝက်ခြေထောက်က အဆင်မပြေဘူး ... အဆီများလွန်းတယ်...သစ်အယ်သီးနဲ့ ကြက်ကင်ကော ဘယ်လိုလဲ "   ချန်းဟွမ်သည် ရှင်းရှင်းထံမှအကြံပြုချက်များကို ငြင်းပယ်ခဲ့ပြီး အခြားဟင်းလျာတစ်ခုကိုပြော၏။


 ရှင်းရှင်းက ခဏတာတွေးလိုက်ပြီး ကြက်သားသည်လည်းအဆင်ပြေသည်ဟု စဉ်းစားလိုက်သည်။


သူကမသိမသာ ခေါင်းငြိမ့်၏။  


"ပုဇွန်လည်း စားချင်တယ်"


 "ပုဇွန်စားရတာ အားမရသေးဘူးလား"  


ချန်းဟွမ်သည် အင်္ကျီအထူကြီးကြားထဲရှိ သူမ၏လက်ကို ခက်ခက်ခဲခဲ ဆန့်ထုတ်လိုက်ပြီး အေးစက်နေသော ပါးပြင်ကလေးကို ထိကိုင်လိုက်သည်။ 


ထို့နောက် သူမသည် ရှင်းရှင်း၏အခြားပါးပြင်ကို ကျန်လက်တစ်ဖက်ဖြင့်အုပ်မိုးလိုက်ပြီးပြော၏။


"ကောင်းပါပြီရှင်...အဲ့ဒါဆိုလည်း ပုဇွန်ပေါ့ "


 သားအမိနှစ်ယောက် ဟင်းချက်ရန် ဆွေးနွေးနေကြချိန်တွင် ဘေးဘီမှ အံ့အားသင့်နေသောလေသံတစ်ခု ထွက်ပေါ်လာသည်။


  “ တိုက်ဆိုင်လိုက်တာ....ကျွန်တော်တို့ ထပ်တွေ့ပြန်ပြီ "


ဤတစ်ခါ၌လည်း ကမ်းခြေတွင် ဓာတ်ပုံရိုက်‌ပေးခဲ့သည့်သူပင်ဖြစ်၏။


 "ကျွန်တော့်နာမည်က ယောင်ထန်ပါ... မှတ်မိရဲ့လား" 


ထိုသူက သူ့ကိုယ်သူ စိတ်အားထက်သန်စွာဖြင့် မိတ်ဆက်ခဲ့သည်။  


" လေယာဉ်ပေါ်ကဆင်းလာတာလားဗျ"


 ချန်းဟွမ်က ထိုင်နေရာမှ မတ်တပ်ထရပ်ပြီး ခေါင်းငြိမ့်ပြလိုက်၏။


 " ရေစက်ပါတာ မှန်နေပါပြီ ဒီလောက်ဆို " ယောင်ထန်ကဖော်ရွေလွန်းနေသည်။


  " City C မှာနေတာလား...တစ်ယောက်ယောက်ကို စောင့်နေတာလား...ကျွန်တော်နဲ့လိုက်ခဲ့လို့ရတယ်နော်... ကားထဲမှာ လူနှစ်ယောက်စာလွတ်သေးတယ် ”


 " ရပါတယ် မလိုပါဘူး "


 “အဆင်ပြေပါတယ်ဗျာ... ကျွန်တော့်ကို အများကြီးကူညီထားတာပဲ...  ကားစီးခွင့်ပေးတာက ပြဿနာမရှိပါဘူး”


  ချန်းဟွမ်က အလွန်ယဉ်ကျေးသည်ဟု ယောင်ထန်ထင်သည်။ သူသည် အခြားအရာများကို ဆက်ပြောရန်ရှိသေးသော်လည်း ရှင်းရှင်းက ကြားဝင်နှောက်ယှက်လာ၏။


ပါကျဲပေါက်လေးက  ဗိုက်​ဆာ​နေသည့်အပြင် ညစာအကြောင်းပြောနေရာမှ အနှောက်ဝင်လာသောအခါ  စိတ်မကြည်ဖြစ်သွား၏။


ယခု၌ ဤဦးလေးကြီးက မေမေ့အားခေါ်သွားမည်ဟု ပြောနေခြင်းမဟုတ်ပါလော။


Xxxxxxx


Chapter 166


ရှင်းရှင်းသည် အန္တရာယ်ကို ကောင်းကောင်းသိသည်။ 


အတန်းဖော်တစ်ဦးမှ သူ၏အမေမှာ အခြားဦးလေးကြီးတစ်‌ယောက်နှင့်ထွက်ပြေးသွားပြီး သူ့ထံ၌ အမေမရှိတော့ဟူ၍ ရှင်းရှင်းအား ပြောပြခဲ့ဖူး၏။


ရှင်းရှင်းသည် မိခင်မဲ့သောကလေးတစ်ဦး မဖြစ်လိုသောကြောင့် သတ္တိရှိစွာဖြင့် မားမားမတ်မတ်ရပ်တည်လိုက်သည်။


 " ဖေဖေနဲ့ အိမ်ပြန်မှာပါ "  


ကောင်လေးသည် တိုက်ကြက်တစ်ကောင်ကဲ့သို့ ရင်ကော့ခေါင်းမော့ထား၏။


“သားတို့ ဦးလေးနဲ့ မလိုက်တော့ဘူးဗျ” ရှင်းရှင်းက ပြောလိုက်သည်။


 ရှင်းရှင်း၏စကားက ထိုလူကို အရှက်ရစေခဲ့၏။


ယောင်ထန်သည် ချန်းဟွမ်အား ကမ်းခြေ၌တွေ့စဉ်ကတည်းက သဘောကျနေခဲ့ပြီး တစ်ခုခု မေးချင်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။


 လိပ်စာကတ်ပေးခဲ့ခြင်းက ထူးထူးခြားခြားထိရောက်မည်မဟုတ်။


ယောင်ထန်သည် သူ၏ရုပ်ရည်ပိုင်းဆိုင်ရာကို  ယုံကြည်မှုအပြည့်ရှိသည်။သူ့အားလျစ်လျူသောသူထံသို့ ခခယယကပ်နေတတ်သောသူမျိုးမဟုတ်ပေ။


 သို့သော်လည်း ဤတစ်ကြိမ်တွင်မူ စိန်ခေါ်မှုများသည်ဟု ခံစားလာရသည်။ 


သူသည်နောက်မဆုတ်ဘဲ “တိုက်ဆိုင်မှု” ကို အကြောင်းပြချက်အဖြစ် ဆက်လက်အသုံးပြုကာ ချန်းဟွမ်ထံမှ ဖုန်းနံပါတ်ရရန် ထပ်တလဲလဲကြိုးစားနေ၏။


 မအောင်မြင်မချင်း လက်မလျှော့ဟူသည့် ယောင်ထန်၏အကြည့်က ချန်းဟွမ်ကိုစိတ်ရှုပ်လာစေသည်။


နောက်ဆုံးတွင် သူမသည် ယောင်ထန်အား ပထုတ်နိုင်ရန်အတွက် နံပါတ်အချို့ကိုရွတ်ပြလိုက်တော့၏။


 ယောင်ထန်သည် ချန်းဟွမ်၏ဖုန်းနံပါတ်ကို ရသောအခါ ဝမ်းသာသွားသည်။ တစ်စုံတစ်ဦးက ၎င်းတို့ဆီသို့ လျှောက်လှမ်းလာနေချိန်တွင် ယောင်ထန်သည် ထိုနံပါတ်များက အစစ်ဟုတ်မဟုတ်ကို စစ်ဆေးနေခဲ့၏။


 သူတို့ထံသို့ ဦးတည်လာနေသူတွင် ပြောင်မြောက်လှသည့်အသွင်အပြင်နှင့် ကိုယ်ရောင်ကိုယ်ဝါရှိသည်။ 


သူ၏အလုပ်ကြောင့်ပင်  ယောင်ထန်သည် အတိတ်တွင် ကြီးမားသောရိုက်ချက်များစွာကို ကြုံတွေ့ခဲ့ရပြီး သူယှဉ်နိုင်မည့်သူမဟုတ်ကြောင်း နားလည်ခဲ့၏။


ကျန်းမင်ယွမ်၏အကြည့်အား သူဆက်လက်၍ တောင့်မခံနိုင်တော့ပေ။ယောင်ထန်သည် ချန်းဟွမ်ကို နှုတ်ဆက်ပြီး ဆက်သွယ်လိုက်ပါမည် ဟုပြောလျက် ထွက်ခွာသွားခဲ့သည်။


 "သိတဲ့သူလား "   


အနီးအနားသို့‌ရောက်လာသောကျန်းမင်ယွမ်က မေးလိုက်သည်


 သူသည်လက်ဗလာဖြစ်နေပြီး အလွန်အေးဆေးပုံရနေသည်။ အမျိုးသားနှစ်ဦးက ခရီးဆောင်အိတ်များနှင့်အတူ ကျန်းမင်ယွမ်၏အနောက်မှ လိုက်ပါလာ၏။


 " အရင်က ဓာတ်ပုံရိုက်ပေးဖူးတဲ့ သူပါ" 


ချန်းဟွမ်သည် ယောင်ထန်အားထွေထွေထူးထူးစိတ်မဝင်စားသောကြောင့် များများစားစားမပြောလိုတော့ပေ။


သို့သော် သူမ၏ဘေး၌ရပ်နေသော သစ္စာဖောက်ကလေးကိုမေ့သွားခဲ့၏။


 ရှင်းရှင်းသည် သူ၏အမေ အခြားတစ်ယောက်နှင့် ထွက်ပြေးသွားမည်ကို စိုးရိမ်နေဆဲဖြစ်သည်။


ထို့ကြောင့် အဖေဖြစ်သူအားတွေ့ချိန်တွင် ဖြစ်သမျှအကြောင်းကို မခြွင်းမချန်အစီရင်ခံတော့မည်။


ရှင်းရှင်းသည် ဒေါသထွက်နေသော ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ ခုန်ဆွခုန်ဆွဖြစ်နေရှာသည်။ 


 "အဲ့ဒီဦးလေးကြီးက  မေမေ့ဖုန်းနံပါတ်ကိုတောင်းတယ်"


 "ဟမ်...."  ကျန်းမင်ယွမ်၏အသံက သိပ်မကျယ်သော်လည်း မျက်နှာထားမှာ သိသိသာသာပျက်ယွင်းသွား၏။


သူသည် ထိုလူ၏ပုံသဏ္ဍာန်ကို သတိရသွားပြီး 


အကြည့်ကိုပါ တစ်ခါတည်းမှတ်မိသွားသည်။


 ကျန်းမင်ယွမ်သည် ရှေ့ဆက်တိုးရန် အကြောင်းပြချက်ကောင်းတစ်ခုရှိလာပြီဟု ခံစားရပြီး သဘောကျစိတ်သည်လည်း ပို၍သေချာလာ၏။


 “အဲ့တစ်ယောက်က တစ်မျိုးပဲ...  မင်း သူ့ကို ရှောင်ချင်လား "


 "ကျွန်မသိပါတယ်  စိတ်မပူပါနဲ့” 


ချန်းဟွမ်သည် ကလေးမဟုတ်ပေ။


သူမလည်း ရိပ်မိသည်။  


ချန်းဟွမ်က လက်ကို ဝှေ့ယမ်းပြီး အလွန်စိတ်ချမ်းသာစရာကောင်းသော တစ်ခုခုကို ပြောပြလိုက်၏။  


“ကျွန်မပေးခဲ့တဲ့ ဖုန်းနံပါတ်က ဘေးဆိုင်က နံပါတ်ကြီး ”


ကျန်းမင်ယွမ်က ရုတ်တရက် ဆွံ့အသွားတော့သည်။


ဤအချိန်တွင်  သူမ၏ဉာဏ်ရည်ဉာဏ်သွေးကို ချီးကျူးရမည်လော။ထိုသို့မဟုတ်လျှင် ဆိုင်နီးနားချင်း၏ဖုန်းနံပါတ်ကို မည်သို့သတိရသွားသနည်းဟု မေးရမည်လော။


အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်တွင် ကျန်းမင်ယွမ်က ခပ်တိုးတိုးပြောခဲ့၏။


 “ကောင်းပါတယ်”   


ဒရိုင်ဘာက အပြင်၌ သုံးယောက်သားကို စောင့်ဆိုင်းနေသည်။


သုံးယောက်လုံး ကားထဲသို့ ဝင်သွားပြီး ချန်းဟွမ်၏အိမ်ဆီသို့ ဦးတည်လိုက်ကြ၏။


 အပြန်လမ်းတွင် ချန်းဟွမ်က ပျံကျဈေးတွင် ကားခဏရပ်ခိုင်းသည်။ သူမကိုယ်တိုင် စျေးဝယ်ချင်သော်လည်း ရှင်းရှင်းက အတင်းလိုက်ချင်နေ၏။ 


ရှင်းရှင်းလိုက်လျှင် ကျန်းမင်ယွမ်သည်လည်း အတူလိုက်ပါနိုင်မည်ဖြစ်သည်။ 


 သူတို့သုံးယောက်လုံး ပျံကျဈေးသို့ ပထမဆုံးအကြိမ် အတူသွားကြခြင်းပင်။


ထို့ကြောင့် ရင်းနှီးကျွမ်းဝင်သောခံစားချက်မျိုးမရချေ။


 ပျံကျဈေးအတွင်း၌ အသား၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များရှိသည်။ ထိုအနံများ အားလုံးကရောထွေးနေပြီး ကောင်းသောအနံ့တော့မဟုတ်ချေ။


ရှင်းရှင်းက နှာခေါင်းပိတ်လိုက်ပြီး ကျန်းမင်ယွမ်က  မျက်မှောင်ကြုတ်သွားသည်။  ချန်းဟွမ်သည် ထိုအနံ့ကို မနှစ်မြို့သော်လည်း ရွေးချယ်စရာမရှိပေ။


 “ဒီက ပစ္စည်းတွေက ကုန်တိုက်တွေထက် ပိုလတ်တယ်”


ချန်းဟွမ်ကသာ မီးဖိုချောင်ဝင်မည့်သူဖြစ်ပြီး ကျန်နှစ်ဦး၌ ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိပေ။


 မိသားစုသုံးယောက်သည်  အချိန်တိုအတွင်း၌ လိုအပ်သမျှကိုဝယ်ယူပြီး ပစ္စည်းများကိုကျန်းမင်ယွမ်က သယ်ဆောင်ပေးသည်။


ထို့နောက် ကားဆီသို့ ပြန်လာခဲ့ကြ၏။ 


ဒရိုင်ဘာသည် ကျန်းမင်ယွမ်၏ပုံစံကြောင့် အလွန်ထိတ်လန့်သွားပြီး လီဗာပင် ဖိနင်းမိတော့မတတ်ဖြစ်သွားသည်။


အိမ်ပြန်ရောက်သည်နှင့်  သားအဖနှစ်ယောက်က သန့်ရှင်းရေးလုပ်ကြ၏။ထိုအချိန်တွင် ချန်းဟွမ်သည် ညစာပြင်ဆင်နေခဲ့ပြီး အလွန်သဟဇာတဖြစ်သော အခြေအနေဖြစ်သည်။


.........


အခြားတစ်ဖက်တွင်မူ လီခန်းယီသည် သူနှင့်ရင်းနှီးသောဆိုင်ဝန်ထမ်းအား နောက်ဆုံးအကြိမ်အဖြစ် အတည်ပြုခဲ့သည်။ 


 "မင်းတို့သူဌေး မနက်ဖြန်လာမှာသေချာလား"


 “ဟုတ်တယ်...သေချာပါတယ်ဆို...ဘာလို့လိမ်ပြောရမှာလဲ" 


တစ်လျှောက်လုံး နှောက်ယှက်ခံခဲ့ရသော ဝန်ထမ်းသည်လည်း စိတ်တိုလာ၏။ ဤသည်မှာ လီခန်းယီဘက်မှ ဆဋ္ဌမ‌မြောက်အကြိမ် မေးလာခြင်းဖြစ်သည်။  


ဝန်ထမ်းကောင်လေးကအနည်းငယ် ချိတုံချတုံ ဖြစ်နေပြီးမေး၏။


 “ သူဌေးကို ဘာလို့ ရှာနေတာလဲ” 


 လီခန်းယီသည် ထိုမေးခွန်းကိုဖြေရန် ကောင်းစွာပြင်ဆင်ထားသည်။


  “သူငယ်ချင်းတွေ့ဆုံပွဲလုပ်မလို့ပြင်နေတာလေ... တချို့လူတွေနဲ့ အဆက်အသွယ်မရတော့လို့...” 


 လီခန်းယီသည် ပြောနေစဉ်တွင် မျက်တောင်တစ်ချက်မခတ်ပေ။


" ဒီကသူဌေးရဲ့နာမည်က ငါ့အတန်းဖော်နဲ့တူနေတာမလို့ သူဟုတ်မဟုတ် စစ်ဆေးကြည့်ချင်လို့  "


Xxxxxxx