Chapter 167
"တကယ်လား" ဆိုင်ဝန်ထမ်းသည် သံသယဖြစ်နေဆဲဖြစ်၏။ သူက လက်ကိုင်ဖုန်းကို ဆွဲထုတ်လိုက်သည်။
“ဒီမှာ သူဌေးရဲ့ ဖုန်းနံပါတ်ရှိတယ်...ဖုန်းဆက်ချင်လား"
“မဟုတ်ဘူး..မလိုဘူး"
လီခန်းယီသည် မသေချာသေးခင်အချိန်အထိ ကျီးလန့်ဆန်စားမလုပ်လိုပေ။
သူသည် ဝန်ထမ်းအား ဖုန်းခေါ်ဆိုခြင်းမပြုရန် လျင်မြန်စွာ ဟန့်တားခဲ့ပြီး ဆင်ခြေထပ်ပေးပြန်သည်။
"ကိုယ့်ဟာကိုယ် ကြည့်ကြပ်လုပ်မယ်...လူမှားသွားရင် အဆင်မပြေဘူး"
“အဲ့လောက်ကြီးလည်းမဟုတ်ပါဘူး ”
"မင်းမသိပါဘူး "
သူသည် နောက်ထပ်အကြောင်းအရင်းများရှိနေဟန်ဖြင့် ပူပန်သောကရောက်ချင်ယောင်ဆောင်နေသည်။
ထိုအခါဆိုင်ဝန်ထမ်းလည်း လက်လျှော့သွားတော့၏။
***
ရက်အတန်ကြာ စောင့်ဆိုင်းပြီးနောက်တွင် လီခန်းယီသည် စိတ်မရှည်ဖြစ်လာပြီး ဆက်မစောင့်လိုတော့ပေ။
သို့သော် ဆိုင်ဝန်ထမ်းထံမှအတည်ပြုပြီး နောက်တစ်ရက်တွင် လီခန်းယီသည် အလုပ်မှခွင့်တစ်ရက်ယူကာ ရုံခန်းသို့ ဦးတည်ခဲ့ပြန်သည်။
သူ၏ကြိုးစားအားထုတ်မှုသည် ဤတစ်ကြိမ်၌ အချည်းနှီးမဖြစ်ခဲ့ချေ။ မနက် ၁၀ နာရီဝန်းကျင်၌ စားသောက်ဆိုင်ထဲသို့ ခပ်ချောချောအမျိုးသမီးတစ်ဦး လမ်းလျှောက်လျက် ဝင်လာသည်။
ထိုအချိန်တွင် ဖောက်သည်အများအပြားမရှိသဖြင့် လူအဝင်အထွက်ကို ရှင်းလင်းစွာသိနိုင်၏။ လီခန်းယီသည် ချန်းဟွမ်၏ပုံပန်းသဏ္ဍာန်ကို မမှတ်မိသော်လည်း ဝတ်ကောင်းစားလှနှင့် မီးဖိုချောင်ဘက်သို့ တည့်တည့်လျှောက်လာသူကို မြင်လိုက်ရသောအခါတွင် အာရုံဝင်စားသွားတော့သည်။
သူ ခံစားချက်ကောင်းလာပြီး ထိုအမျိုးသမီးက ဝန်ထမ်းနှင့်စကားပြောနေသည်ကို တွေ့လိုက်ရသဖြင့် ပို၍ပင်သေချာသွားတော့၏။
လီခန်းယီက စိတ်လှုပ်ရှားနေပြီး ရာထူးတိုးပြီးရင်းတိုးလာသည့်ပုံရိပ်ကို စိတ်ထဲ၌ ပုံဖော်မိနေလေသည်။
ချန်းဟွမ်သည် နေ့ခင်းပိုင်းတွင် ဆိုင်မှပြန်လည်ထွက်ခွာသွား၏။ လီခန်းယီက ငွေမရှင်းမီတွင် ဆိုင်ထဲ၌ ခဏနေခဲ့သည်။ထို့နောက်ပိုင်းတွင် သူသည် စင်္ကြံ၌ အပြန်ပြန်အလှန်လှန် လျှောက်သွားကာ ဆိုင်ဝင်ပေါက်ကို စောင့်ကြပ်နေခဲ့၏။
လီခန်းယီသည် ထိုမိန်းကလေးကို စောင့်ကြည့်ရင်း အပေါ့အပါးပင်မသွားနိုင်ချေ။
ဆီးအိမ်ပေါက်ကွဲလုမတတ်အခြေအနေရောက်မှသာ
သန့်စင်ခန်းထဲပြေးဝင်သွားသည်။
သို့သော် သူသည်အချိန်မဖြုန်းဝံ့ဘဲ ဘေးကင်းသော အကွာအဝေးမှနေ၍ ချန်းဟွမ်အား နောက်ယောင်ခံလိုက်နေဆဲပင်။
ရှော့ပင်းမောလ်တွင် လူအများအပြားရှိသဖြင့် နောက်ယောင်ခံခြင်းက သိပ်မသိသာလှပေ။
ထို့နောက်တွင်ချန်းဟွမ်သည် ကုန်တိုက်ထဲမှထွက်လာပြီး တက္ကစီပေါ်တက်သွားသည်။
လီခန်းယီသည်လည်း ချက်ချင်းဆိုသလို သူ၏ကားနှင့် ဆက်လိုက်ပြန်၏။
ချန်းဟွမ်သည် လုံခြုံသောပတ်ဝန်းကျင်တွင်သာ အမြဲနေထိုင်ခဲ့ပြီး နောက်ယောင်ခံလိုက်ခြင်း ခံရမည်ဟူ၍ မည်သည့်အခါကမှ မတွေးခဲ့ဖူးချေ။
သူမသည် တက္ကစီစီးကာ အိမ်ပြန်သည်။
ထို့နောက် ရှင်းရှင်းအားသွားမကြိုမီ ညစာစားရန် ပြင်ဆင်နေတော့၏။
တစ်ဖက်တွင် လီခန်းယီသည် အဆောက်အဦးအပြင်ဘက်၌ ကားရပ်လိုက်ပြီး ချန်းဟွမ် ထွက်သွားသည်ကို ကြည့်ရုံမှတစ်ပါး ဘာမှမတတ်နိုင်ခဲ့ပေ။
ချန်းဟွမ်သည် ရှင်းရှင်းအား ကျောင်းကြိုရန် အနောက်ထွက်ပေါက်မှ အသွားအလာလုပ်ခဲ့လေရာ လီခန်းယီ အပြင်၌ ညဆယ်နာရီအထိ အငတ်ခံပြီး စောင့်နေသော်လည်း ချန်းဟွမ်ကိုထပ်မတွေ့ရတော့ပေ။
***
အားလပ်ရက်မှ ပြန်ရောက်ပြီးနောက်ပိုင်းတွင် ကလေးများက ကျောင်းစာကို အပြည့်အဝအာရုံမစိုက်နိုင်ကြပေ။
တစ်နေ့တာလုံးက သူတို့အတွက် ရှည်လျားလှသည်။
တစ်နေ့တာ ကုန်ဆုံးခါနီးတွင် ဆရာမဖြစ်သူမှာ ကလေးများထံမှ အာရုံစိုက်မှုကို ပြန်လည်ရယူခဲ့၏။
နောက်တစ်ပတ်၌ မိဘနှင့်ကလေး ပူးပေါင်းဆောင်ရွက်
မှု အစီအစဥ်တစ်ခုရှိသည့်အတွက် သက်ဆိုင်ရာမိဘများကို အသီးသီးခေါ်ဆောင်လာရန် ဆရာမက မှာကြားခဲ့သည်။
မိဘနှင့်ကလေး ပူးပေါင်းဆောင်ရွက်
မှုအစီအစဉ်ဆ်ိုသည်မှာ မိဘများနှင့်အတူ ဂိမ်းကစားကြပြီး စည်းလုံးမှုရယူကြသည့် အစီအစဉ်မျိုးဖြစ်၏။
ထိုစုဝေးပွဲကို ကလေးများက ကောင်းကောင်းလက်ခံခဲ့ကြသည်။တခြားနေရာများသို့ စိတ်ရောက်နေကြသော ကလေးများမှာ အသိစိတ်ပြန်ကပ်လာကြ၏။
သူတို့သည် ယခုတစ်ပတ်ကို မြန်မြန်ဆန်ဆန် ကုန်ဆုံးစေချင်နေကြသည်။
ချန်းဟွမ်သည် ရှင်းရှင်းအား ကျောင်းကြိုသောအခါ သတင်းများကြားလာရ၏။
"မိဘနဲ့ကလေး ပူးပေါင်းဆောင်ရွက်
မှုအစီအစဉ်တဲ့လား...."
"ဟုတ်...ဖေဖေနဲ့ မေမေ အတူတူလာပေးပါတဲ့ "
"မေမေက ကိစ္စမရှိပေမဲ့ ဖေဖေက မအားဘူးလေ "
ကျန်းမင်ယွမ်သည် နှစ်ကုန်ကာလ အချိန်အတောအတွင်း အထူးအလုပ်များနေမည်ဟု သူမကို ပြောခဲ့ဖူးသည်။
"ဒါပေမဲ့ ဖေဖေ့ကို တကယ်လာစေချင်တယ်"
ရှင်းရှင်း၏ မျက်ဝန်းများထဲတွင် လိုအင်ဆန္ဒများပြည့်နှက်နေလေ၏။
ရှင်းရှင်းသည် ဤကျောင်း၌ လအနည်းငယ်ကြာ တက်ရောက်ခဲ့ပြီး မိဘနှင့်ကလေး ပူးပေါင်းဆောင်ရွက်
မှုအစီအစဉ်အား အများအပြားတွေ့ကြုံဖူးသည်။
ထိုအချိန်များ၌ သူမှလွဲ၍ တခြားအတန်းဖော်များတွင်ဖခင်အသီးသီးရှိကြ၏။
ချန်းဟွမ်က ရှင်းရှင်းအား စိတ်မကောင်းမဖြစ်စေချင်ပေ။
သူမက ခဏတာစဉ်းစားလိုက်ပြီး ပြောသည်။
"ဒါဆို ဒီည ဖေဖေ့ကိုလာနိုင်မလား မေးကြည့်ကြတာပေါ့ "
“ဟုတ်ကဲ့ ”
Xxxxxxx
Chapter 168
"မိဘနဲ့ ကလေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တဲ့လား" ကျန်းမင်ယွမ်သည် ထိုအခြင်းအရာအကြောင်းကို တစ်ခါမှမကြားဖူးပေ။
"အဲ့ဒါက ဘာလုပ်ရတာလဲ"
“သားတို့အတူတူ ဂိမ်းကစားကြမှာ... ဆရာမက ဖေဖေရောမေမေရော ခေါ်ခဲ့လို့ ပြောတယ် ”
ရှင်းရှင်းသည် အဖေဖြစ်သူအားရှင်းပြရင်း ဆိုဖာပေါ်တွင် ထိုင်နေသည်။ သူက အလွန်စိတ်လှုပ်ရှားနေပုံရ၏။
ရှင်းရှင်းသည် တင်ပါးကလေးအားဘယ်ညာရွှေ့ပြီး ငြိမ်ငြိမ်မထိုင်နိုင်ပေ။
ကျန်းမင်ယွမ်က ဖုန်းကို စားပွဲပေါ်၌တင်ထားပြီး
စပီကာဖွင့်၍ပြောနေခြင်းဖြစ်သည်။
သူ့ အရှေ့မှ စာရွက်စာတမ်းအပုံလိုက်ကြီးကို တစ်ချက်ကြည့်လိုက်၏။
ရက်အနည်းငယ်အနားယူပြီးနောက်တွင် ပြန်လည်စစ်ဆေးရန်နှင့် လက်မှတ်ထိုးရန် စာရွက်စာတမ်းများပုံနေသေးသည်။ နောက်ထပ်ရက်အနည်းငယ်လောက်ထိ အချိန်ပိုဆင်းရမည်ဖြစ်၏။
ကျန်းမင်ယွမ်က ဖိုင်တစ်ခုကိုဆွဲယူလိုက်ရင်း ရှင်းရှင်းအားမေးလိုက်သည်။
"ဘယ်အချိန်လဲ"
"လာမဲ့အင်္ဂါနေ့...ဖေဖေ"
တစ်ပတ်အချိန်ရသေးသည်။
ဤတစ်ပတ်တာအတွင်း အလုပ်ကို မီးကုန်ယမ်းကုန်လုပ်လိုက်ပါက အားလပ်ရက်တစ်ရက်ရနိုင်၏။
ကျန်းမင်ယွမ်က ခဏတာတွေးလိုက်ပြီး ရှင်းရှင်း၏တောင်းဆိုမှုကို သဘောတူညီလိုက်သည်။
ဖုန်းတစ်ဖက်မှ ကလေးလေးသည် အထူးစိတ်လှုပ်ရှားနေပြီး အဖေဖြစ်သူအား မည်မျှပင်ချစ်ရသည့်အကြောင်းများကို တဖွဖွပြောနေတော့၏။
ခဏအကြာတွင် အနည်းငယ်မကျေမနပ်အသံတစ်သံက ရှင်းရှင်း၏ ဖွဲ့နွဲ့နေသောစကားများနှင့်အတူရောပါလာသည်။
ကျန်းမင်ယွမ်တစ်ယောက်ပြုံးမိသွားတော့၏။
ထိုသားအမိနှစ်ယောက်၏အသံကို ကြားလိုက်ရချိန်တွင်သူ့ထံမှ ပင်ပန်းနွမ်းနယ်မှုတို့က လျော့ပါးကုန်သည်။
သူသည်အရှေ့မှ စာရွက်စာတမ်းများကို တွန်းဖယ်လိုက်ပြီး ကုလားထိုင်နောက်သို့ မှီကာ အကြောလျှော့လိုက်၏။
ထို့နောက် စပီကာပိတ်ပြီး ဖုန်းကို နားနားကပ်လိုက်သည်။
" မေမေ ဘယ်မှာလဲ" ဟု မမေးရသေးခင်တွင် ရှင်းရှင်းထံမှ မေတ္တာဖွဲ့စကားများအား ဆုံးအောင်နားထောင်ရသေး၏။
“မေမေက ဟင်းချက်နေတယ်... ပုစွန် ပုစွန် ”
ခရီးထွက်ပြီးနောက်ပိုင်းတွင် ရှင်းရှင်းသည် ပုစွန်ကိုခံတွင်းတွေ့သွားပြီး အချိန်တိုင်းစားချင်နေသည်။
"ဖေဖေရော ဘာစားလဲ "
"ဖေဖေ မစားရသေးဘူး ဘာစားရမှန်းမသိဘူး"
ကျန်းမင်ယွမ်သည် တစ်နေကုန် အလုပ်ရှုပ်နေသောကြောင့် ရေသောက်ရန်ပင် အချိန်မရှိချေ။
သူသည် နေ့လည်စာ နှစ်လုတ်ခန့်သာ စားခဲ့ရပြီး
ယခုအချိန်တွင် အစာအိမ်မှာ ခံစားချက်မဲ့သည်အထိဗိုက်ဆာလွန်းနေသည်။
"ဒါဆို ဖေဖေလည်း ပုဇွန်စား "
ရှင်းရှင်းသည် သူကြိုက်လျှင် အခြားသူလည်းကြိုက်မည်ဟု ကလေးဦးနှောက်ဖြင့်တွေး၏။
သူက ပုစွန်ကိုအကြံပြုရန် တုံ့ဆိုင်းမနေခဲ့ပေ။
"ကောင်းပြီ ဖေဖေလည်း ပုဇွန်စားမယ်"
***
သားဖြစ်သူနှင့် ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်ပြီးနောက်တွင် ကျန်းမင်ယွမ် ပြုံးစိစိဖြစ်နေသေးသည်။
သူ အတွင်းရေးမှူးအား ဖုန်းဆက်ပြီးလှမ်းပြော၏။
" ညစာဝယ်လာပေး ပုစွန်နဲ့နော်..."
" ဟုတ်ကဲ့ပါ "
ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် သူဌေးထံမှ
လိုချင်သောအရာကို တိတိကျကျကြားရခြင်းဖြစ်သည်။
ချီရှန် အနည်းငယ်အံ့ဩသွားသော်လည်း လေသံကိုမထစ်မငေါ့အောင်ထိန်းချုပ်ထားနိုင်၏။
ထို့နောက်အတွင်းရေးမှူးတစ်ဦး၏ တာဝန်အရ ဆက်လက်မေးမြန်းလိုက်သည်။
“တခြားရော မှာဦးမလားဗျ”
"ကြိုက်တာဝယ်ခဲ့"
မည်သို့ပင်ဆိုပါစေ ယခင်အငွေ့အသက်က ကျန်နေသေး၏။ ချီရှန်က သက်ပြင်းတစ်ချက်ချလိုက်သည်။
ဖုန်းချခါနီးတွင် သူဌေးက ထပ်ပြောလာပြန်၏။
“ ၉ ရက်နေ့ကို အချိန်ဇယားရှင်းထားပါ သွားစရာရှိတယ် "
“ဟုတ်ကဲ့ပါ " ချီရှန်က ခေါင်းငြိမ့်လိုက်သည်။
သူသည် မကြာခဏအားလပ်ရက်ယူနေသောသူဌေး၏ပုံစံ
နှင့် အသားကျနေပြီဖြစ်၏။
ချီရှန်ဘက်မှ မေးစရာမရှိတော့သော်လည်း ကျန်းမင်ယွမ်က နောက်ဆုံးမေးခွန်းကို ဆက်မေးလာသည်။
“မိဘနဲ့ ကလေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အတွက် ဘာတွေပြင်ဆင်ရမယ်ဆိုတာ သိလား”
“ဗျာ...”
ချီရှန်သည် လူပျိုဖြစ်သည်။ထိုကဲ့သို့သောအရာများကို မည်သို့သိနိုင်မည်နည်း။
***
ဇန်နဝါရီလ ၉ ရက် ၊ အင်္ဂါနေ့ တွင်ဖြစ်သည်။
လီခန်းယီတစ်ယောက် ရုံးသို့ရောက်ချိန်တွင် တစ်ခုခုလွဲနေသည်က်ို ခံစားလိုက်ရ၏။
နှစ်နာရီအကြာတွင် သူဌေးအား တစ်မနက်လုံး မမြင်ရသေးသည်ကို သတိပြုမိသွားသည်။
“သူဌေး ရှိလား” လီခန်းယီက သံသယဖြင့်မေး၏။
“ဒီနေ့ သူဌေး အလုပ်မလာဘူး”
လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြန်ဖြေသည်။
“ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုခုတော့ ရှိနေတယ် ထင်တယ်”
ရုံးပျော်ကြီးက ခွင့်ယူသည်တဲ့လား။
တစ်ခုခုရှိနေသည်မှာသေချာသည်။
သူဌေးမရှိသဖြင့် ပေါ့ပါးနေသော ဝန်ထမ်းများက
ဖြစ်နိုင်ချေများကို ခေါင်းချင်းဆိုင်လျက် ဆွေးနွေးနေကြ၏။
အားလုံးက နေရာအနှံ့တွင် အတင်းအဖျင်းများပြောနေကြသည်။
ခြွင်းချက်အဖြစ် လူနှစ်ဦးသာရှိ၏။
တစ်ဦးမှာ ချီရှန်ဖြစ်ပြီး ကျန်တစ်ဦးမှာ လီခန်းယီဖြစ်သည်။
Xxxxxx