Chapter 169
ကျန်းမင်ယွမ်၏ သစ္စာရှိသော ညာလက်ရုံးတစ်ဦးဖြစ်သည့် ချီရှန်သည် အမှန်တရားအား တစ်လျှောက်လုံးသိနေခဲ့သည်။
လီခန်းယီကမူ ချန်းဟွမ်အား တစ်ပတ်ခန့် နောက်ယောင်ခံပြီးသောအခါ ကလေးမူကြိုပို့သည့်နေရာကို သိရှိသွားခဲ့၏။သူသည် သိချင်စိတ်အလွန်များနေပြီး အလုပ်အပေါ်အာရုံမစိုက်နိုင်တော့ချေ။
အလုပ်ဆင်းမှ မူကြိုသို့လိုက်သွားလျှင် ညနေစောင်းချေရော့မည်။လီခန်းယီထံတွင် ခွင့်ယူရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ချေ။
လီခန်းယီတွင် ထွေထွေထူးထူးအလုပ်ကိစ္စမရှိသည့်အတွက် ချီရှန်က ခွင့်တောင်းခံလွှာအား ချက်ချင်းပင် အတည်ပြုပေးလိုက်သည်။
သို့သော်လည်း ချီရှန်က အနည်းသံသယရှိနေ၏။
"ခဏခဏခွင့်ယူနေတာပဲနော်"
"ဟုတ်တယ် အိမ်မှာ ကိစ္စလေးပေါ်လာလို့"
လီခန်းယီက နာရီကိုတစ်ချက်ကြည့်လိုက်ပြီး ရုံးမှ ချက်ချင်းထွက်လာခဲ့သည်။
သူသည် မူကြိုကျောင်းဆီသို့ မောင်းနှင်လာခဲ့၏။
ကျောင်းပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်နေပြီး အပြင်၌ ကားများ ရပ်ထားသည်။လီခန်းယီတစ်ယောက်
ပါကင်ထိုးစရာနေရာ ရှာမတွေ့သေးပေ။
ရွေးချယ်စရာမရှိသည့်အဆုံး သူ၏ကားအား ခပ်လှမ်းလှမ်း၌ ရပ်ထားခဲ့ရပြီး မူကြိုဆင်းချိန်အား စောင့်ရန် ကျောင်းဘက်သို့လမ်းလျှောက်လာခဲ့သည်။
မကြာမီပင် မူကြိုအတွင်းမှ ရွှင်မြူးသောအသံများ ထွက်ပေါ်လာ၏။
လီခန်းယီ တက်ကြွလာသည်။ သူ့ နောက်ကျောကို တည့်တည့်မတ်ထားပြီး မူကြိုကျောင်းအဝင်ဝကို စူးစိုက်ကြည့်နေ၏။
မူကြိုဆရာမ မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းပြီး သူမထံမှ အချက်အလက်အချို့ရရန် ရင်းနှီးမှုရယူနိုင်မည့်နည်းလမ်းများကို တွေးတောနေခဲ့သည်။
လီခန်းယီ စောင့်နေစဉ်တွင် မူကြိုကျောင်းတံခါးပွင့်လာပြီး ကလေးများနှင့် မိဘများ အတူထွက်လာကြ၏။လီခန်းယီအံ့ဩသွားသည်။
ဤသည်က ဆိုးရွားသော တိုက်ဆိုင်မှုပင်။
ယနေ့ မူကြိုဆရာမအား မတွေ့နိုင်တော့ဟု လီခန်းယီတွေးလိုက်သည်။တမင်သပ်သပ် အချိန်ဖြုန်းတီးရာကျသွား၏။
သို့သော် ကြုံတွေ့ရသော အတားအဆီးများအားလုံးက လီခန်းယီအား ပို၍စိတ်အားထက်သန်စေသည်။
သူသည် ယခုချိန်၌ အလွန်အမင်းစိတ်ပျက်မနေချေ။
သို့သော် အပျော်လွန်နေသည့်အခြေအနေမျိုးလည်းမဟုတ်ပေ။ယနေ့ ဆုံးရှုံးခဲ့ရသည့် လစာအကြောင်းတွေးရင်း လီခန်းယီက သက်ပြင်းချသည်။
သူသည် စီးကရက်ကို ချနင်းကာ မီးငြှိမ်းသတ်လိုက်ပြီး နောက်ပြန်ဆုတ်သွားတော့၏။
ကျောင်းဆင်းချိန်ဖြစ်၍ ရပ်ထားသောကားများက တရွေ့ရွေ့ထွက်ခွာနေကြသည်။
လီခန်းယီသည်ရင်းနှီးပုံရသော ကားတစ်စီးကို တွေ့လိုက်ရသဖြင့် တစ်ချက်လှည့်ကြည့်လိုက်၏။
ကားလိုင်စင်နံပါတ်ပြားကို စိုက်ကြည့်ပြီးနောက်တွင် ထိုအရာသည် သူဌေး၏ကားမှန်း သတိပြုမိသွားတော့သည်။
မူကြိုကျောင်းရှေ့၌ သူဌေး၏ကားရှိနေခြင်းက မည်သည့်အဓိပ္ပါယ်နည်း။
လီခန်းယီသည် ကိုယ့်ပေါင်ကိုယ်ပြန်ရိုက်လိုက်ပြီး
ထအော်လုမိတော့မတတ်ဖြစ်သွားသည်။
သူ၏မျက်နှာက နီမြန်းနေပြီး ဖုန်းကိုဆွဲထုတ်လျက် ကားကို ဓာတ်ပုံရိုက်ရန် မစောင့်ဆိုင်းနိုင်ရှာတော့ပေ။
ပထမနေ့၌ပင် ဤကဲ့သို့သောတစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိနိုင်မည်ဟု လီခန်းယီ မျှော်လင့်မထားခဲ့။ သူ အလွန်စိတ်လှုပ်ရှားနေမိ၏။
သူဌေးသည် ကိုယ်ရေးကိုယ်တာကိစ္စအတွက် တစ်ရက်အနားယူကြောင်း လုပ်ဖော်ကိုင်ဖက်များထံမှ ကြားသိခဲ့ရသည်။
သို့သော် ယခု၌ သူဌေးသည် မူကြိုကျောင်းသို့ရောက်နေ၏။
လီခန်းယီသည် အလွန်ပြင်းထန်သော ထင်ကြေးတစ်ခုကိုဆက်စပ်တွေးမိလိုက်တော့သည်။
မဖြစ်နိုင်ပေ။
လီခန်းယီ ကိုယ့်အတွေးကိုယ်ပင် ပြန်လန့်မိ၏။
သူဌေးသည် တစ်နေ့တစ်နေ့ ပိုက်ဆံကိုသာ သဲကြီးမဲကြီးရှာတတ်သော လူစားမျိုးဖြစ်သည်။
လက်မထပ်ဘဲ မွေးထားသည့်ကလေးအတွက် မိဘနှင့် ကလေးစုဝေးပွဲကိုအဘယ်ကြောင့် တက်ရောက်ပေးမည်နည်း။
လီခန်းယီ၏အစ်ကိုဖြစ်သူသည်ပင်လျှင် တူမ၏မိဘဆရာစုဝေးပွဲသို့ မသွားဖူးပေ။
လီခန်းယီ သူ၏ကိုယ်ပိုင်အတွေးကို စွန့်ပစ်နိုင်ရန် အကြောင်းပြချက်များစွာကို တွေးခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ အမှန်တရားသည် မျက်စိရှေ့တွင် ပေါ်ထွက်နေပေသည်။
သူဌေးက ကလေးတစ်ယောက်ကိုချီထားပြီး အမျိုးသမီးတစ်ဦးနှင့် ဘေးချင်းယှဉ်လျက် ကျောင်းထဲမှထွက်လာခဲ့၏။
လီခန်းယီ ထိတ်လန့်တုန်လှုပ်နေသော်လည်း
အခွင့်အရေးကိုလက်ဆုပ်လက်ကိုင်ဖမ်းရန် မမေ့လျော့ခဲ့ချေ။
သူသည် လူအုပ်နောက်၌ ပုန်းအောင်းပြီး ဖုန်းကင်မရာကို သူဌေးရှိရာဘက်သို့ ချိန်လိုက်သည်။
သူ၏လက်များက တုန်ယင်နေပြီး တော်တော်နှင့်အာရုံမစူးစိုက်နိုင်ပေ။သူသည် စိုးရိမ်စိတ်ကြောင့် ဇောချွေးများပင်ပျံလာသည်။
တစ်ဖက်တွင်လည်း ကျန်းမင်ယွမ်သည် ချန်းဟွမ်နှင့် စကားပြောနေခဲ့၏။
"ဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် "
“ကျေးဇူးတင်စရာ မလိုပါဘူး... မပြောနဲ့တော့"
ကျန်းမင်ယွမ်က ချန်းဟွမ်ကိုကြည့်ပြီးပြောသည်။
သူ၏မျက်ဝန်းများထဲတွင် အပြုံးတစ်ခု ရှိနေ၏။
သူတို့နှစ်ဦးသည် ကားရှိရာသို့လျှောက်လှမ်းလာပြီး ဒရိုင်ဘာက ကားတံခါးဆင်းဖွင့်ပေးသည်။
ကျန်းမင်ယွမ်သည် ရှင်းရှင်းအား ကလေးထိုင်သည့်သီးသန့်ခုံတွင် နေရာချပေးနေရင်း တစ်နေရာရာသို့ ဇတ်ခနဲလှည့်ကြည့်၏။
"ဘာဖြစ်လို့လဲ" ချန်းဟွမ်က အံ့ဩတကြီး မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး”
ကျန်းမင်ယွမ်က ခေါင်းယမ်းလိုက်၏။
ထို့နောက် သူသည် ရှင်းရှင်းအား နေရာချပေးခြင်းကို အပြီးသတ်လိုက်ပြီး ချန်းဟွမ်ရှိရာ ကားနောက်ခန်းထဲသို့ ဝင်ထိုင်သည်။
ကားတံခါးပိတ်ပြီးသောအခါ ကားက တရွေ့ရွေ့ ထွက်ခွာသွားတော့၏။ အခြားသူများ၏နောက်၌ ကပ်ပုန်းနေသော လီခန်းယီက သက်ပြင်းတစ်ချက်ချသည်။
သူသည် ဖုန်းထဲမှ ကြည်လင်ပြတ်သားသော ဓာတ်ပုံကို ကြည့်လျက် ထိန်းမနိုင်သိမ်းမနိုင် ကျယ်လောင်စွာ ရယ်မောလိုက်၏။သူ၏မျက်နှာနှင့်လည်ပင်းများက နီရဲနေလေသည်။
ထို့နောက် လီခန်းယီသည် အလွတ်ရနေသည့် ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်ပြီး ဖုန်းဆက်၏။
“ ကျွန်တော် သူဌေးကို တွေ့လိုက်တယ်... မိန်းမတစ်ယောက်ရယ် ကလေးတစ်ယောက်ရယ်နဲ့ အတူတူရှ်ိနေတာ... ဟုတ်တယ်...ဟုတ်တယ်...ဓာတ်ပုံတွေရှိတယ်...လိုချင်ရင် ပို့ပေးလိုက်လို့ရတယ် "
လီခန်းယီက နောက်ကြောင်းပြန်ဆွပြီး သစ္စာဖောက်နေချိန်၌ ကားထဲရှိကျန်းမင်ယွမ်က ချန်းဟွမ်အား ခပ်တိုးတိုးပြောသည်။
"တခြားနေရာမှာ ပြောင်းနေရင်ရော ဘယ်လိုသဘောရလဲ "
Xxxxxxx
Chapter 170
"တခြားတစ်နေရာမှာပြောင်းနေရမှာလား ဘာဖြစ်လို့လဲ"
ချန်းဟွမ် အံ့သြသွားသည်။ယခုလက်ရှိ နေနေသောနေရာတွင်လည်း အဆင်မပြေသည်မျိုးမရှိချေ။
ကျန်းမင်ယွမ်က တစ်ခုခုပြောချင်နေပုံရသော်လည်း
ဒရိုင်ဘာကိုလှမ်းကြည့်ပြီး စကားလုံးများကို ပြန်မျိုချလိုက်သည်။
"စိတ်ထဲမထားနဲ့...နောက်မှဆက်ပြောမယ်"
ကားအတွင်းခန်းသည် ဆွေးနွေးမှုပြုလုပ်ရန် အကောင်းဆုံးနေရာမဟုတ်ပေ။
ချန်းဟွမ်က ခေါင်းငြိမ့်လျက် ဘာမှဆက်မမေးတော့သော်လည်း သူမထံတွင် စူးစမ်းလိုစိတ်ရှိနေဆဲဖြစ်သည်။သူမသည် ကျန်းမင်ယွမ်၏အဖြေကို သိချင်နေသည်။
အိမ်ပြန်ရောက်သောအခါ ချန်းဟွမ်က ရှင်းရှင်းကို စာလုပ်ရန် လွှတ်ထားလိုက်ပြီး လက်ဖက်ရည်နှစ်ခွက်လုပ်၏။
ထို့နောက် တစ်ခွက်ကို ကျန်းမင်ယွမ်ထံ ကမ်းပေးသည်။
"အခုပြောပြလို့ရပြီလား" သူမက မေး၏။
“အင်း ” ကျန်းမင်ယွမ်သည် လွန်ခဲ့သောရက်အနည်းငယ်ကတည်းက ဤကိစ္စကို တွေးနေခဲ့သည်။
" ရှင်းရှင်း အသက်ကြီးလာတာနဲ့အမျှ မိဘတွေက ဝေးကွာနေတာကိုသတိထားမိလာရင် စိတ်ရှုပ်ထွေးပြီး မကောင်းတဲ့အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်... အဲ့ဒါကြောင့် ငါ့အောက်ထပ်ကို ရွှေ့လာဖို့ ကမ်းလှမ်းချင်တယ်”
"အောက်ထပ်....."
“အင်း”
တကယ်တမ်းတွင် ကျန်းမင်ယွမ်သည် သားအမိနှစ်ယောက်အား သူနှင့်အတူနေရန်တောင်းဆိုလိုသော်လည်းအခြေအနေမပေးသေးပေ။သူကဆက်ပြောသည်။
" အောက်ထပ်က အိမ်ငှားက စာချုပ်ပြည့်လို့ထွက်သွားပြီ... မင်းအဆင်ပြေရင် မနက်ဖြန်ပဲ ပြောင်းလာခဲ့လို့ရတယ် "
"ဒီနေရာနဲ့လည်း သိပ်မဝေးဘူးဆိုတော့ အဆင်မပြေတာမျိုးရှိမှာမဟုတ်ပါဘူး"
ချန်းဟွမ်က တိတ်ဆိတ်သွားသည်။
ကျန်းမင်ယွမ်၏စကားကို သူမ နားလည်၏။
သူမတို့နှစ်ဦးကြားမှ အခြေအနေများသည် ကလေးဦးနှောက်နှင့်နားလည်ရန် ခက်ခဲသေးသည်။
ကြာလာလျှင် ဘေးစကားများကြောင့် အကျိုးသက်ရောက်မှုတစ်ခုခုလည်းဖြစ်လာနိုင်သေး၏။
လေယာဉ်ပေါ်တွင်တွေ့ခဲ့သော လောင်လျှိုတို့မိသားစုသည် ပြီးပြည့်စုံသော ဥပမာတစ်ခုပင်ဖြစ်သည်။
ချန်းဟွမ်သည် ဤအခြေအနေကိုနားလည်ပေးနိုင်သော်လည်း သူမ၏ခံစားချက်မှာ ထိုသို့မဟုတ်ချေ။
သူမသည် မိမိကိုယ်ကို ကျန်းမင်ယွမ်အပေါ်၌မရိုးမသားဖြစ်နေသည်ဟုထင်မိ၏။
နေ့တိုင်းမတွေ့ရသောအချိန်များတွင် ထိုခံစားချက်က သိပ်မသိသာသော်လည်း နေ့စဉ်နှင့်အမျှတွေ့လာရပါက မည်သို့ဆက်ဖြစ်မည်ကို ချန်းဟွမ် မမှန်းဆတတ်တော့ချေ။
ထိုမျှသာမက အဆောက်အဦးတစ်ခုတည်းတွင် အတူတူနေရမည်ဖြစ်သည်။ခေါင်းစဉ်တပ်၍ မရသေးသောခံစားချက်က ချန်းဟွမ်အားထိတ်လန့်စေ၏။
ချန်းဟွမ်က တိတ်ဆိတ်နေခဲ့ပြီး ကျန်းမင်ယွမ်ကလည်း
အလျင်စလိုဖိအားမပေးချေ။
ကျန်းမင်ယွမ်က လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး အချိန်အတော်ကြာသည်အထိ စောင့်ဆိုင်းနေသည်။
သို့သော် ရရှိလိုက်သည်မှာ ကုမင်လီထံမှ ဖုန်းခေါ်ဆိုမှုသာဖြစ်၏။
ဖုန်းမြည်သံကြောင့် ကျန်းမင်ယွမ်က မျက်မှောင်ကြုတ်သွားသည်။
သူသည် နာမည်ကျော်တစ်ဦးဖြစ်ပြီး ကင်မရာများနှင့်ပတ်သတ်၍ ထိလွယ်ရှလွယ်၏။ကျန်းမင်ယွမ်သည် မူကြိုကျောင်းအပြင်ဘက်၌ တစ်စုံတစ်ဦးက သူ့အား ပုံချောင်းရိုက်သည်ကို ပြန်လည်သတိရသွားတော့သည်။
ဤကဲ့သို့သောအချိန်မျိုးတွင် ကုမင်လီထံမှ ဖုန်းခေါ်လာ၏။တစ်ခုခုတော့ ရှိနေသည်။
ကျန်းမင်ယွမ်သည် ဖုံးကွယ်စရာရှိသည်ဟုမခံစားရသော်လည်း အနည်းငယ် စိတ်ခုနေ၏။
သူက သက်ပြင်းချရင်း မတ်တပ်ထရပ်လျက် ပြောသည်။
“ဖုန်း ပြောလိုက်ဦးမယ်”
“အင်း ပြောလေ”
ကျန်းမင်ယွမ်ရှိနေခြင်းက ချန်းဟွမ်အတွက် အနည်းငယ်နေရခက်စေသည်။
သူမသည် ဖုန်းသံကြားလိုက်ရချိန်တွင် အနည်းငယ် စိတ်သက်သာရာရပြီး ပေါ့ပါးသွားသလိုခံစားလိုက်ရ၏။
ချန်းဟွမ်က သူမ၏လက်ကို အလျင်အမြန် ဝှေ့ယမ်းကာ စိတ်ထဲမထားကြောင်း ညွှန်ပြသည်။
ကျန်းမင်ယွမ်သည် လသာဆောင်ဆီသို့ လျှောက်လှမ်းသွား၏။ထို့နောက်မှန်တံခါးကို ပြန်ဆွဲပိတ်လိုက်သည်။
ယခုအနေအထားတွင် ကျန်းမင်ယွမ်ကိုမြင်ရသော်လည်း ဖုန်းပြောနေသည့်အသံများကိုမကြားနိုင်တော့ပေ။
ကျန်းမင်ယွမ်က ဖုန်းကိုင်လိုက်သည်။
“ ဟုတ်ကဲ့ ”
"မင်ယွမ် အလုပ်ရှိသေးလား"
ဂရုစိုက်မှုအပြည့်ရှ်ိသော မိခင်တစ်ဦး၏လေသံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။
"မရှိပါဘူး...ကိစ္စတစ်ခုခုနဲ့အပြင်ရောက်နေတာ"
"ဪ ဟုတ်လား ကောင်းလိုက်တာ အိမ်ပြန်မလာတာကြာပြီနော်...ညစာချက်ထားတယ်... အတူစားရအောင်"
“ဒီည လုပ်စရာလေးရှိသေးလို့…”
"ဘာရှိလို့လဲ... လုပ်ပြီးရင် လာခဲ့လေ... အမေ စောင့်နေမယ် "
ကုမင်လီသည် စနောက်နေခြင်းမဟုတ်ပေ။
ကျန်းမင်ယွမ်အလာအား တစ်ညလုံးထိုင်စောင့်နေမည့် လူစားမျိုးဖြစ်သည်။
သားအမိနှစ်ယောက်မှာ မည်မျှပင်မရင်းနှီးပါသော်လည်း ကျန်းမင်ယွမ်သည် အမေဖြစ်သူအပေါ် ရင့်ရင့်သီးသီးမလုပ်ရက်ပေ။
"ကောင်းပါပြီ...ခဏနေ ထွက်လာခဲ့ပါ့မယ် "
"ဟုတ်ပြီ စောင့်နေမယ်"
သားဖြစ်သူမှ သူမ၏ဆန္ဒကိုလိုက်လျောပေးသည့်အတွက် ကုမင်လီက အလွန်စိတ်ကျေနပ်သွားတော့သည်။
သူမ၏လေသံက အလွန်ချိုသာနေ၏။
ထိုအရာက တစ်ဖက်လူကို စိတ်မသက်မသာဖြစ်စေသည်။
Xxxxxx