အပိုင်း ၁၇၁-၁၇၂
Viewers 22k

Chapter 171


ကျန်းမင်ယွမ်သည် ဖုန်းချလိုက်ပြီး သူစိတ်ငြိမ်သွားသည်အထိ အချိန်အတော်ကြာ မတ်တပ်ရပ်နေပြီးမှ ဖုန်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်ကာ အထဲသို့ ပြန်ဝင်လာခဲ့သည်။ 


"ကိစ္စတစ်ခုရှိလို့ အခုချက်ချင်း သွားရမယ်..."


 "အခုလား...ဒီမှာ ညစာမစားတော့ဘူးလား...."


"မဟုတ်ဘူး...ကိုယ် ညစာမစားတော့ဘူး...ရှင်းရှင်းကို ကိုယ်ပဲ သွားပြောလိုက်မယ်..." 


ကျန်းမင်ယွမ်က တောင်းပန်သည့်အကြည့်နှင့် ကြည့်လိုက်ပြီး လှည့်ထွက်သွားသည်။


လအနည်းငယ်ကြာပြီး‌နောက် ရှင်းရှင်း၏ ပုံဆွဲစကေးမှာ များစွာမတိုးတက်ခဲ့သော်လည်း လူပုံများမှာမူ ယခင်ကထက်ပို၍ ကောင်းမွန်လာပြီး အဓိကအားဖြင့် ဖခင်ဖြစ်သူကိုသာ အသားပေးဆွဲနေဆဲပင်။ 


ကျန်းမင်ယွမ်သည် ရှင်းရှင်း အခန်းထဲကို ၀င်သွားလိုက်ပြီး သားဖြစ်သူ ဆွဲထားသော ဆံပင်အနီရောင်ခြယ်ထားသည့် သူ့ပုံသူ ပြန်ကြည့်ကာ ဘာမှပြန်မပြောလိုက်ပေ။ 


ရှင်းရှင်းက သူ့ဆွဲထားသည့်ပုံများက ဘယ်လိုနေလဲဟု မေးသည့်အခါ ကျန်းမင်ယွမ်က အမှန်အတိုင်းပင် ချီးမွမ်းလိုက်သည်။


ရှင်းရှင်းက သူ့ကို ချီးကျူးသဖြင့် ပျော်ရွှင်နေချိန်မှာပင် ကျန်းမင်ယွမ်က သူအပြင်သွားရမည့်အကြောင်း ရှင်းရှင်းကို ပြောလိုက်လေသည်။


"ဖေဖေ ညစာမစားတော့ဘူးလား..." 


သားအမိနှစ်‌ယောက်လုံး တစ်ပုံစံတည်း မေးနေတော့သည်။


"ဖေဖေ အိမ်ပြန်ရောက်ရင် စားမှာပေါ့..." 


"ဒါပေမယ့် မေမေချက်တဲ့ ဟင်းကို စားရမှာမဟုတ်တော့ဘူး..." 


ကလေးလေး၏ စိတ်ထဲတွင် သူ့အမေ၏ ဟင်းချက်ပုံကသာ အကောင်းဆုံးဖြစ်ပြီး တခြားဘယ်သူနှင့်မှ ယှဉ်နိုင်ဟန်မတူပေ။ 


ရှင်းရှင်းက အဖေဖြစ်သူကို ကတိပေးလိုက်သည်။


 "စိတ်မပူပါနဲ့ ဖေဖေရဲ့...ဖေဖေ့အစားသား ပိုစားပစ်လိုက်မယ်နော်..."


"ဒါဆို အဖေက သားကို ကျေးဇူးတင်ရမှာလား..."


ကျန်းမင်ယွမ်က ကိုယ်ကိုကိုင်းလိုက်ပြီး ရှင်းရှင်း၏ ဗိုက်လေးကို ပွတ်သပ်မည့်ဟန်ဖြင့် သူ့လက်ကို ဆန့်တန်းလိုက်သည်။


 “ဟော့ဒီ ဗိုက်သေးသေးလေးထဲမှာ ဘယ်လောက်တောင် စားပစ်နိုင်မလဲ ကြည့်ရအောင်...” 


ထို့နောက် သူက ရှင်းရှင်းကို ကလိထိုးလိုက်သဖြင့် ရှင်းရှင်းမှာ တခစ်ခစ်ရယ်နေပြီး ကိုယ်လုံးလေးကို ဘယ်ညာလှည့်ကာ ရှောင်နေတော့သည်။ 


"သား အများကြီး စားနိုင်တယ်..."


ကျန်းမင်ယွမ်သည် သားဖြစ်သူနှင့် ခဏမျှ ဆော့ကစားပြီးနောက် ကြည်နူးသွားရသည်။သူက ရှင်းရှင်းကို ကောက်ပွေ့လိုက်ပြီး ကုလားထိုင်ပေါ် တင်ထားလိုက်၍ ကြမ်းပြင်ပေါ်တွင် ကျနေသော ရောင်စုံခဲတံများကို ကောက်ကာ ပေးလိုက်သည်။


 "တာ့တာ...သား... ဖေဖေ အခု သွားပြီနော်..."


“တာ့တာ ဖေဖေ...” 


ရှင်းရှင်းကလည်း သူ့လက်ကို  ဝှေ့ယမ်းရင်း ပြောလိုက်ပြီး ကျန်းမင်ယွမ် တံခါးအပြင်ဘက်သို့ လျှောက်သွားသည့်အခါ ထပ်မေးလိုက်ပြန်သည်။


 "ဖေဖေ မနက်​ဖြန်​ လာဦးမှာလား..." 


"မနက်ဖြန် ဖေဖေမလာနိုင်သေးဘူး..." 


အခုတစ်ရက် အနားယူလိုက်သဖြင့် အလုပ်များမှာ တောင်လိုပုံနေကြလေသည်။  


"ဒါဆို ဖေဖေ အလုပ်ကောင်းကောင်းလုပ်နော်..."


ရှင်းရှင်းက ခေါင်းငုံ့ထားပြီးပြောလိုက်သဖြင့် ကျန်းမင်ယွမ် သားဖြစ်သူ၏ မျက်နှာကို မမြင်ရပေ။ထို့နောက်ရှင်းရှင်းသည် အနက်ရောင် ရောင်စုံခဲတံကို ကိုင်လိုက်ပြီး သူ့အဖေ၏မျက်နှာကို အမည်းရောင်ခြယ်ပစ်လ်ိုက်သည်။


မိုးရွာနေသော်လည်း အိမ်ကြီး၏အပြင်ဘက်တွင် နေရောင်ကလင်းနေသေးသည်။ အိမ်အကူတစ်ယောက်မှာ အပြင်မှာ စောင့်နေပြီး ကျန်းမင်ယွမ် ကားတံခါးကို ဖွင့်လိုက်သည်နှင့် အစဉ်သင့်ထီးဆောင်းပေးလိုက်သည်။ ကျန်းမင်ယွမ်က ထီးယူသွားပြီး ထိုလူကို ကျေးဇူးတင် စကားဆိုလိုက်၍ မျှော်ကြည့်လိုက်ရာ အိမ်အပြင်ဘက်တွင် စောင့်နေသည့် လူတစ်ယောက်ကို ချက်ချင်းတွေ့လိုက်ရ၏။ ထို့နောက် သူက လမ်းမြန်မြန်လျှောက်လိုက်ပြီး မကျေနပ်ဟန်ဖြင့် ပြောလိုက်သည်။


“အပြင်မှာ အေးနေတယ်လေ အမေရဲ့...ထွက်စောင့်နေရတယ်လို့...." 


"သားကို အမေ မတွေ့ရတာကြာပြီလေ....သားကို မြန်မြန်တွေ့ချင်မိတာ အမေမှားသလားဟင်..."


ကူမင်လီက သားဖြစ်သူလက်ကို လှမ်းကိုင်ရင်း ပြုံးလိုက်သည်။


 "ကြည့်ရအောင်....ပိန်သွားလားလို့...သားကို အလုပ်အရမ်းမလုပ်ဖို့ အမေ အမြဲပြောရဲ့သားနဲ့... စင်ဂယ်လ် ဖြစ်နေရင်တောင် ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ လိုတယ်‌လေ...” 


ကျန်းမင်ယွမ်က ဘာမှပြန်မပြောဘဲ သူ့အမေနှင့် အိမ်ထဲသို့ ဝင်လာခဲ့သည်။  အထဲ ဝင်ပြီးသည်နှင့် ဂူမုန့်လီက သူ့လက်ကို လွှတ်လိုက်ပြီး ဆိုဖာပေါ်တွင် အတင်းထိုင်ခိုင်းလိုက်သည်။ 


“သားပြန်လာတာ မြန်လိုက်တာ... ဟင်းချက်လို့ မပြီးသေးဘူး... ဒီမှာစောင့်နေနော်..." 


"ရပါတယ်....”


မိခင်ဖြစ်သူမှာ မီးဖိုချောင်ထဲ တစ်ခါမှဝင်သူမဟုတ်ဘဲ ခင်ပွန်းဖြစ်သူ ဆုံးပါးပြီးအချိန်ကသာ နောက်ဆုံးအကြိမ် ချက်ကျွေးခြင်း ဖြစ်လေသည်။ ထိုစဉ်က သူမသည် ဟင်းပွဲအနည်းငယ်ချက်ထားပြီး ကျန်းမင်ယွမ်ကို ရောင့်ရဲတတ်စေရန်နှင့် ဦးလေးများ၊တခြားလူကြီးများနှင့် သင့်မြတ်‌အောင် နေတတ်ရန် ဆိုဆုံးမခဲ့သည်။


ထို့ကြောင့် ကျန်းမင်ယွမ်သည် ယနေ့ည "အမေ့လက်ရာ" ကို စားရလိမ့်မည်ဟု မမျှော်လင့်ထားပေ။ 


“ကျွန်‌တော်တို့အိမ်မှာ စားဖိုမှူးရှိတယ်လေ...အမေ ဟင်းချက်စရာ မလိုပါဘူး...."


 "ဘယ်တူပါ့မလဲ..." 


ကုမင် လီ က ညင်သာစွာပြောလိုက်ပြီး ကျန်းမင်ယွမ် ဘာမှပြန်မပြောမီ မီးဖိုချောင်ထဲ ဝင်သွားလိုက်သည်။


Xxxxxx


Chapter 172


ကုမင်လီ ဟင်းချက်သည်မှာ ရှေးခေတ်က လူချမ်းသာမိသားစုမှ အိမ်ရှင်မနှင့် အလွန်ဆင်တူသည်။အကြောင်းမှာ ပါဝင်ပစ္စည်းများကို အခြားသူတစ်ဦးမှ ပြင်ဆင်ထားပြီးဖြစ်၍ သူမလုပ်ရသည်မှာ မီးဖိုကိုဖွင့်ပြီး ချက်ပြုတ်ရန်သာ ဖြစ်သည်။ ဟင်းခတ်အမွှေးအကြိုင်များပင် သူမအတွက် အချိန်မီ ပြင်ဆင်ထားပြီးသာ ဖြစ်လေတော့သည်။ထို့ကြောင့် သူမဟင်းပွဲများမှာ အရသာမရှိသည်မှလွဲ၍ စားဖိုမှူးတစ်ယောက်နှင့် တူနေတော့သည်။


ကျန်းမင်ယွမ် မရောက်မီကပင် ဟင်းအနည်းငယ် ချက်ပြီးဖြစ်ကာ ကျန်ဟင်းများချက်ရန် အချိန်အတော်ယူရမည် ဖြစ်လေသည်။


 "မင်ယွမ်ရေ...ညစာ အဆင်သင့်ဖြစ်ပြီ..."


 အိမ်အကူများက ဟင်းပွဲများ သယ်သွားကြသည့်အခါ ကုမင်လီက ကျန်းမင်ယွမ်ကို ခေါ်လိုက်သည်။ သူမသည် ခါးစည်းကို ၀တ်ထားပြီး ဆံပင်ကိုလည်း ခပ်ဖွဖွသာ ချည်နှောင်ထားလေသည်။ နွေးထွေးလှသော နေရောင်အောက်တွင် သူမသည် ပို၍ပင်နုပျိုနေပုံရပြီး အလွန်ချစ်ရသော မိခင်တစ်ယောက်လိုပင်။


ကျန်းမင်ယွမ်သည် သူ့ရှေ့က နုပျိုလှသည့် မိခင်ကိုကြည့်ပြီး ဘာမှ မတုံ့ပြန်ဘဲ အမှတ်တမဲ့သာ သဘောထားလိုက်သည်။ ထို့နောက် သူ ထမင်းစားခန်းသို့ လျှောက်မသွားမီ ဖုန်း browser မှတ်တမ်းကိုလည်း ရှင်းလင်းလိုက်သည်။


 “စားကြည့်ပါဦး... ငါးပေါင်းလေ...ရှာလကာရည်ဆော့စ်လေးနဲ့ တွဲပြီးစား... ငယ်ငယ်ကတည်းက သားအကြိုက်မလား..." 


ကုမင်လီက သူ့ထမင်းပန်းကန်ထဲသို့ ဟင်းများ ပုံပေးပြီး ဟင်းပွဲထဲမှ တူနှစ်ချောင်းကို ဟင်းပွဲထဲ ပြန်ထည့်ထားလိုက်ရင်း ပြောလေသည်။ 


"အဲ့ဒီညစ်ပတ်နေတဲ့ တိုက်ခန်းကနေ ဘာလို့ ဒီကို မပြောင်းလာတာလဲ..အိမ်မှာဆို ပိုအဆင်ပြေတယ်...."


"အပြင်မှာနေရတာ ပိုအဆင်ပြေပါတယ်..." 


ကျန်းမင်ယွမ်က ငြင်းလိုက်ပြီး ငါးကိုမစားဘဲ ထမင်းကိုသာ စားလိုက်သည်။  ညစာစားရသည်မှာ အတော်လေး အဆင်မပြေဖြစ်နေရသည်။


ကုမင်လီက သူ့ကို ဘယ်လောက်ချစ်ကြောင်းပြသည့်အနေနှင့် သူ့ပန်းကန်ထဲကို ဟင်းများ ထပ်ထည့်ပေးနေရာ ပန်းကန်လုံးထဲတွင် ဟင်းများပြည့်လျှံနေသော်လည်း ကျန်းမင်ယွမ်က ထမင်းကိုသာ စားနေဆဲပင်။


နောက်ဆုံးတွင် ကုမင်လီက သူမကို စိတ်ဆိုးနေသေးသလားဟု မျက်ရည်ဝဲကာ မေးလိုက်သဖြင့် သူ ထမင်းနင်လုမတတ်ဖြစ်သွားရချေသည်။ 


ညစာစားပြီးနောက် အိမ်အကူများသည် ထမင်းစား,စားပွဲကို သန့်ရှင်းရေးလုပ်နေလေသည်။ ကုမင်လီကလည်း ကျန်းမင်ယွမ် အစာမကြေဖြစ်စေရန် တမင်သက်သက် လုပ်နေသလားမသိ၊သူ့အနားတွင် ရပ်ကာ ရာသီဥတုအေးနေသည့်အတွက် အနွေးထည်ဝတ်ရန်၊အအေးမမိစေရန် စသဖြင့် ပြောဆိုနေတော့သည်။ယခုည သူ့ကိုခေါ်ရသည့် အကြောင်းရင်းကို မပြောသေးဘဲ သူမဘာသာသူမ တစ်ယောက်တည်း တရစပ်ပြောနေတော့သည်။


 


"မင်ယွမ်... သားမှာ ရည်းစားရှိနေပြီလား..." 


 "မရှိပါဘူး...” 


ကျန်းမင်ယွမ် ချန်းဟွမ်ကို ယခုပဲ လိုက်ခေါ်ချင်စိတ် ပေါက်သွားရသည်။


 “အမေပြောရင် သားမကြိုက်ဘူးဆိုတာ အမေသိတယ်... ဒါကြောင့် သားကို ဘာမှ ထပ်မပြောတော့ဘူး...သား ကြိုက်တဲ့ မိန်းကလေးရှိရင် အမေတွေ့ချင်တယ်...သူမအိမ်ကို အမေလိုက်မယ်လေ...သားအမေအကြောင်းကို သိတယ်မလား...အမေ မြေးလေးလိုချင်နေတာကြာပြီ..." 


ကျန်းမင်ယွမ်သည် ရေခွက်ကိုကိုင်ကာ ငြိမ်သက်နေစဉ် သူမစကားကို ကြားရသောအခါ ခေါင်းကို ဆတ်ကနဲမော့ကြည့်မိသွားရသည်။


"အဲဒီအကြည့်က ဘာလဲ...သားမှာ ကလေးရှိနေပြီလား...ဒါဆိုရင် ကောင်းကင်ဘုံက မင်းအဖေကို အမေချက်ချင်းပြောရမယ် သိလား...သူသိရင်လည်း အရမ်းဝမ်းသာရှာမှာ..."


ကျန်းမင်ယွမ်က နှုတ်ခမ်းလှုပ်ရုံသာ ပြုံးလိုက်ပြီး ရေခွက်ကိုသာ စိုက်ကြည့်နေလိုက်သည်။


ကုမင်လီ သားဖြစ်သူကို ကြည့်လိုက်ရင်း အံကို တင်းတင်းကြိတ်ထားမိသည်။


သူမနှင့် သားဖြစ်သူမှာ သိပ်မပွင့်လင်းကြသော်လည်း ယခုကိစ္စအတွက် သူမ စကားနှိုက်ရပေဦးမည်။


 


"တကယ်လို့ ကလေးရရင် သူ့ကို ပြန်ခေါ်သင့်တယ်နော်... တခြားသူတွေနဲ့ အပြင်မှာနေရတာ ဆိုးဆိုးရွားရွား ဖြစ်‌နေမှဖြင့်...”


သူမက သက်ပြင်းချလိုက်ပြီး စိတ်ရှုပ်ဟန်ဖြင့် ပြောလေသည်။


"ဒါဆို သားကိုယ်သား သတိထားရမယ်....အပြင်မှာ မိန်းမဆိုး၊မိန်းမပျက်တွေ အများကြီးရှိတယ်... သားသူတို့နဲ့ပျော်ပါးလို့ရပေမယ့် လက်ထပ်လို့မရဘူး..အမေ့ချွေးမဟာ အမေ့ရဲ့စံနှုန်းအတိုင်း တိုင်းတာလို့ရတဲ့သူ ဖြစ်ရမယ်..သားနဲ့အတူ ပွဲတက်ဖို့တောင် လူရာမဝင်တဲ့ ဇနီးမျိုး သားလည်း လိုချင်မှာမဟုတ်ဘူး...အဲ့ဒီလိုမျိုး မိန်းမဆိုရင် သူမကြောင့် သားအရှက်ရလိမ့်မယ်..."


ယခု ချန်းဟွမ်နှင့် ရှင်းရှင်း တို့ ရှိနေသည်ကို သူမ ကောင်းကောင်းသဘောပေါက်နေပြီဟု ကျန်းမင်ယွမ် သိသွားရသည်။


ကျန်းမင်ယွမ်က သူမ၏ ရယ်စရာကောင်းသည့် သီအိုရီကို နားမထောင်ချင်တော့သဖြင့် ဖန်ခွက်ကိုချပြီး မတ်တပ်ထရပ်လိုက်သည်။


“ကျွန်တော် တခြားကိစ္စတွေရှိသေးလို့ ပြန်တော့မယ်..."


“သားက အမြဲတမ်း အလုပ်များနေတာပဲ... အို...ရပါတယ်..သားသွားစရာရှိရင် သွားလေ..."


ကုမင်လီက သက်ပြင်းချလိုက်ပြီး လက်ပြနှုတ်ဆက်လိုက်သည်။တံခါးပိတ်သွားသည်နှင့် ချက်ချင်းပင် သူမအပြုံးတို့ ပျက်ပြယ်သွားရသည်။ ထို့နောက် သူက ဖုန်းကို လှမ်းယူလိုက်ပြီး တစ်စုံတစ်ယောက်ကို ခေါ်ဆိုလိုက်သည်။ 


"မင်း လူတစ်ယောက်ကို ငါ့အတွက် စုံစမ်းပေး...တစ်ပတ်အတွင်း အကြောင်းထူးတာပဲ လိုချင်တယ်..."


"ဘယ်သူတွေလဲ...ဟုတ်လား...အရှက်မရှိတဲ့ မိန်းမတစ်ယောက်ပဲ..."


သူမ၏ အကြည့်တို့မှာ ရက်စက်နေကြပြီး ချက်ချင်းပင် မျက်နှာအမူအရာတစ်မျိုးဖြစ်သွားပြန်သည်။


“နောက်တစ်ယောက်ကတော့ ငါ့မြေးပဲ.... အဲ့ဒီကလေးကို သွေးစစ်ဖို့လိုတယ်..."


Xxxxxx