Chapter 173
လီခန်းယီသည် ဖုန်းပြောပြီးသည်နှင့် သူ ရာထူးတိုးမည့်သတင်းကို စောင့်နေပြီး သူ့ကိုယ်သူလည်း အတော်လေး ယုံကြည်မှု ရှိသွားရသည်။သူဌေး၏ မိခင်ဖြစ်သူ မဒမ်ကျန်းက သူ့ကို အလွန်သဘောကျသွားသဖြင့် ရာထူးတိုးပေးလိမ့်မည်ဟု မျှော်လင့်ထားခြင်း ဖြစ်လေသည်။
လီခန်းယီက သူရာထူးတိုးရန် အချိန်ခဏသာလိုသည်ဟု တွေးလိုက်ပြီး လုပ်လက်စအလုပ်များအားလုံး ဆက်မလုပ်တော့ဘဲ ပစ်ထားလိုက်တော့သည်။သို့ရာတွင် သူ ပစ်ထား၍မရသည့် အလုပ်များကိုမူ ပျင်းတိပျင်းရွဲ အချိန်ဆွဲ လုပ်နေလိုက်သည်။
"လီခန်းယီ.... "ချူ ဥယျာဉ်" ရဲ့ တိုးတက်မှု အစီရင်ခံစာကို ပေးပို့ပြီးပြီလား..."
"ဘာတိုးတက်မှု အစီရင်ခံစာလဲ..."
လီခန်းယီက ကုလားထိုင်ကို မှီပြီး ခြေချိတ်ထိုင်လိုက်ရင်း လုပ်ဖော်ကိုင်ဖက်ဖြစ်သူကို မေးလိုက်သည်။
"ဗုဒ္ဓဟူးနေ့ အစည်းအဝေးတုန်းက ရှင်ပြောခဲ့တဲ့ အစီအရင်ခံစာလေ...ရှင်ပဲ ပို့မယ်လို့ပြောထားတာ...သူတို့ကပြောတော့ မရောက်သေးဘူးတဲ့.."
လုပ်ဖော်ကိုင်ဖက် အမျိုးသမီးက သူ့ကို မကျေမနပ် ပြောလိုက်သည်။
လီခန်းယီသည် အစည်းအဝေးတွင် သူပြောခဲ့သည်များကို ယောင်ဝါးဝါး မှတ်မိသွားရသည်။ အစည်းအဝေးပြီးနောက် အွန်လိုင်းတွင် အိမ်ပုံစံများ ရှာဖွေနေခဲ့သဖြင့် အီးမေးလ်ပို့ရမည့်ကိစ္စကို လုံးဝမေ့သွားခဲ့ပြီး ယခုမှ သတိရသွားရသည်။သို့ရာတွင် မေ့သွားသည်ဟု ပြော၍မဖြစ်၊အလုပ်ကို သူဂရုမစိုက်သော်လည်း ဂုဏ်သိက္ခာကို ရှေ့တန်းတင်ရန် လိုအပ်နေသေးသည်။
သူက သံသယစိတ်ဖြင့် ပြောလိုက်သည်။
“ထူးဆန်းလိုက်တာ... ကျွန်တော်ပို့လိုက်ပြီလေ..."
သူက စကားပြောနေရင်း အီးမေးလ်ကိုဖွင့်လိုက်ပြီး ကြည့်ချင်ဟန်ဆောင်ကာ တိုးတိုးလေး ပြောလိုက်သည်။
"မေးလ်က မရောက်သွားတာများလား...."
သူက ဇာတ်လမ်းဆင်ပြီးနောက်လုပ်ဖော်ကိုင်ဖက် အမျိုးသမီးကို ကြည့်ပြီး ရှက်ပြုံးပြုံးပြလိုက်သည်။
"ဟုတ်တယ်... ကြည့်ရတာ မရောက်သွားတာပဲ...အခုပဲပြန်ပို့လိုက်မယ်နော်..."
ထိုအမျိုးသမီးက ဘာမှ မပြောဘဲ သူ့ကို အေးစက်စက် ကြည့်နေလေသည်။ သူတို့နှစ်ယောက်မှာ လုပ်ဖော်ကိုင်ဖက်များဖြစ်ကြပြီး အဖွဲ့လိုက် လက်တွဲလုပ်ခဲ့ကြသည်။ လီခန်းယီသည် မကြာသေးမီကတည်းက အလုပ်ကို လက်လွတ်စပယ် လုပ််ခဲ့သဖြင့် သူမ ပို၍ ဝန်ပိခဲ့ရသည်။သူမ အကြိမ်ပေါင်းများစွာ သတိပေးသော်လည်း လီခန်းယီက ဆင်ခြေကိုင်နေဆဲ ဖြစ်သည်။
လီခန်းယီမှာ လုပ်ဖော်ကိုင်ကိုင်ဖက်ဖြစ်သူ အမျိုးသမီးက သူ့ကို မကြည်မှန်းသိနေသော်လည်း ယခုအချိန်တွင် သူ့ကိုယ်သူ ယုံကြည်မှုရှိနေသဖြင့် ရုံးမှာရှိသည့် လုပ်ဖော်ကိုင်ဖက်များကို ဂရုမစိုက်ပေ။ ဖြစ်နိုင်လျှင် စကားကိုပင် ကောင်းကောင်း မပြောချင်တော့။
လုပ်ဖော်ကိုင်ဖက်ကို စော်ကားခြင်း၏ ရလဒ်မှာ အထက်လူကြီး၏ ရုံးခန်းသို့ အခေါ်ခံရခြင်း ဖြစ်သည်။
ချီရှန်သည် လီခန်းယီကို အမြင်သိပ်မကြည်ပေ။ အတိအကျပြောရလျှင် ရုံးတွင်းရှိ ဝန်ထမ်းများအားလုံး လီခန်းယီကို သဘောမတွေ့ကြပေ။လီခန်းယီ၏ လုပ်ရည်ကိုင်ရည်မှာ မညံ့သော်လည်း သူဌေးနောက်ကို တစ်နေကုန် လိုက်၍ ဖားနေသူမျိုး ဖြစ်သည်။ သူဌေးက သူ့ကို စိတ်ဆိုးပြီး ရုံးခန်း အပြင်ဘက်သို့ နှင်ထုတ်ထားသည့်အခါက မည်မျှရယ်စရာကောင်းသည်ကို လူတိုင်း မှတ်မိကြသေးသည်။ချီရှန်သည် လီခန်းယီကို လုံးဝကြည့်မရသော်လည်း မကြာသေးမီက လီခန်းယီ၏ အလုပ်တာဝန် လစ်ဟင်းမှုနှင့် ပတ်သတ်၍ သူ့ကို မေးမြန်းရန် ခေါ်လိုက်ခြင်း ဖြစ်သည်။
ချီရှန်ရှေ့တွင် လီခန်းယီက မျက်နှာငယ်လေးနှင့် တောင်းပန်နေသော်လည်း စိတ်ထဲကမပါကြောင်း မည်သူမဆို သိနိုင်ပေသည်။ ချီရှန် မျက်မှောင်ကြုတ်မိသွားရပြီး ဒီလိုလူမျိုးနှင့် မည်သို့ဆက်ဆံရမှန်းမသိတော့ချေ။ နောက်ဆုံးတွင် ချီရှန် သက်ပြင်းချလိုက်ပြီး လီခန်းယီကို ပြန်လွှတ်လိုက်သည်။
လီခန်းယီက ချီရှန်အား ပြုံးပြကာ သူ့စားပွဲဆီသို့ အမြန်ပြန်လာခဲ့သည်။အထက်မှ ညွှန်ကြားချက်ကြောင့် ချီရှန်က သူ့ကို ခေါ်တွေ့ခြင်းဖြစ်သည်ဟု ပေါ့ပေါ့ပါးပါး တွေးလိုက်သော်လည်း များမကြာမီ သူ့ကို အလုပ်ထုတ်လိုက်ကြောင်း အကြောင်းကြားစာ ရလာသဖြင့် မယုံနိုင်ဖြစ်နေရလေသည်။
"ကျွန်တော် အလုပ်ထုတ်ခံရတာလား...ဘာလို့လဲ..."
လီခန်းယီသည် ချီရှန်၏ ရုံးခန်းထဲသို့ ၀င်သွားပြီး မေးမြန်းလိုက်ရာ ချီရှန်က သူ့ကို မော့မကြည့်ဘဲ ပြောလိုက်သည်။
"သူဌေးက ထုတ်လိုက်တာ.. မင်း သူဌေးနဲ့ စကားပြောချင်ရင် ပြောလို့ရတယ်..မကြာခင် လူသစ်တစ်ယောက် ရောက်လာလိမ့်မယ်..သူနဲ့ မင်းကိုအစားထိုးလိုက်တာ..."
"သူဌေးက ကျွန်တော့်ကို အလုပ်ထုတ်စရာ အကြောင်းမှ မရှိတာ..."
လီခန်းယီ နည်းနည်းလေးမှ မယုံပေ။ သူဌေး၏သားဖြစ်သူကို သူကိုယ်တိုင် ရှာပေးခဲ့သည်လေ။
" မယုံချင်လည်းနေ..."
ချီရှန် သူ့ကို ဘာဆက်ပြောရမှန်းတောင် မသိ ဖြစ်သွားရသည်။လီခန်းယီသည် အလုပ်ထုတ်ရသည်အထိ မဆိုးသေးသော်လည်း သူဌေးက ဆုံးဖြတ်လိုက်ခြင်းဖြစ်၍ သူလည်း မတတ်နိုင်ပေ။
Xxxxxx
Chapter 174
လီခန်းယီ မယုံကြည်နိုင်ဖြစ်နေပြီး သူ့ကို မှားပြီး အလုပ်ထုတ်လိုက်သည်ဟု ထင်သွားရသည်။ထို့နောက် သူသည် ချီရှန်၏ ရုံးခန်းထဲမှ အမြန်ထွက်လာပြီး သူဌေး ရုံးခန်းထဲကို ၀င်သွားလိုက်သည်။
လီခန်းယီ၏ ပုံစံကြောင့် အခြားဝန်ထမ်းများမှာ သူ့ကို ကြည့်နေကြပြီး အတင်းမပြောရဲသော်လည်း နားကိုမူ စွင့်ထားကြလေ၏။ သေချာသည်မှာ လီခန်းယီနှင့် ချီရှန်တို့ ပြောဆိုခဲ့သည်ကို သူတို့ ကြားခဲ့ခြင်း ဖြစ်လေသည်။
လီခန်းယီ မှာ အလွန်စိတ်လှုပ်ရှားနေသဖြင့် ရုံးခန်းတံခါးကိုပင် မပိတ်ထားသောကြောင့် သူ့ဒေါသသံကို ရုံးခန်းအပြင်ဘက်မှ ရှင်းရှင်းလင်းလင်း ကြားနေရသည်။
"ကျွန်တော့်ကို ဘာလို့ အလုပ်ထုတ်လိုက်တာလဲ...သူဌေး... ကျွန်တော် ဘာအမှားလုပ်မိလို့လဲ...ကျွန်တော် ဒီမှာ အလုပ်လုပ်တာ ၅ နှစ်ရှိပါပြီ...ကျွန်တော် ကြိုးစားခဲ့တာတွေကို ထည့်မတွက်ရင်တောင်... အနည်းဆုံးတော့ ကျွန်တော်က အလုပ်ကြိုးစားသူတစ်ယောက်ပါ...သူဌေးရဲ့ သားကို ကျွန်တော် ရှာတွေ့ခဲ့သူက ကျွန်တော်ဆိုတာကိုလည်း ထည့်မတွက်ချင်နေပါ..."
ရုံးခန်းထဲတွင် ဗုံးတစ်လုံးကွဲသွားသည့်နှယ်။
ဘေးနားက ရုံးအကူများက တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်နေကြပြီး သူတို့ကြားလိုက်ရသည်ကို မယုံနိုင်ဖြစ်နေကြသည်။
ငါတို့သူဌေးမှာ သားတစ်ယောက်ရှိနေပြီလား...သူက စင်ဂယ်လ် မဟုတ်ဘူးလား...
ကျန်းမင်ယွမ်က ဝန်ထမ်းမိန်းကလေးများနှင့် ရောထွေးယှက်တင် မနေခဲ့သော်လည်း သူ့ရုပ်ရည်နှင့် အဆင့်အတန်းကြောင့် ရုံးမှာရှိသည့် မိန်းကလေးတော်တော်များများက သူ့ကို သဘောကျကြသည်။အထူးသဖြင့် သူနှင့် အနီးကပ်အလုပ်လုပ်ကြသည့် လက်ထောက်များပင်။
အမျိုးသမီး လက်ထောက်တို့မှာ တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်စွာ ကြည့်လိုက်ကြသည်။ သူတို့ထဲက မိန်းကလေးတစ်ယောက်မှာ သက်ပြင်းတစ်ချက်ချပြီး စားပွဲပေါ်ကို မှောက်အိပ်လိုက်သည်။
“ယောကျ်ားကောင်းတစ်ယောက်တော့ လက်လွှတ်ရပြန်ပြီ..."
***
အတင်းအဖျင်း အပြောများလေလေ၊ ပြန့်နှံ့လေလေဖြစ်သည်။
ယခု လီခန်းယီသည် ရုံးထဲတွင် လူသိများသွားရပြီး သူ့ကို လုံခြုံရေးများက ဆွဲထုတ်လိုက်သည့်အခါ တကူးတက လာကြည့်ကြသူများပင် ရှိကြသည်။
လီခန်းယီ အလွန်အရှက်ကွဲသွားရပြီး ဝမ်းနည်းဒေါသစိတ်တို့ ဖြစ်နေရလေသည်။ သူဌေးထံမှ အဖြေလည်း မရသဖြင့် အခြားတစ်ယောက် အကြောင်း တွေးလိုက်မိသည်။သူ ဖုန်းဆက်လိုက်ရာ ၁၀ ကြိမ်ခန့်မြည်ပြီးကာမှ တစ်ဖက်က ဖုန်းကိုင်လေသည်။
ကုမင်လီက စိတ်မရှည်ဟန်ဖြင့် ခပ်ဆတ်ဆတ်ပြောလိုက်သည်။
"မင်းဘာလိုချင်လို့လဲ...."
အမှန်အတိုင်းပြောရလျှင် မျက်လုံးဖြူ ဝံပုလွေများကဲ့သို့ ကောက်ကျစ်လှသော ဤလူများကို သူ အလွန်မုန်းမိလေသည်။ သူတို့သည် လူတစ်ယောက်အား အကျိုးအနည်းငယ်သာ ပြုပြီး အကန့်အသတ်မရှိ ပြန်တောင်းမည့် သူများ ဖြစ်သည်။ ကံမကောင်းစွာနှင့် သူမ၏သားဖြစ်သူမှာ သူမဆန္ဒကို အမြဲဆန့်ကျင်တတ်ခြင်း ဖြစ်လေသည်။
"မဒမ်ကျန်း....”
လီခန်းယီက တည်ငြိမ်အောင် မနည်းကြိုးစားပြီး စကားကို တုံးတိမဖြစ်အောင် ပြောလိုက်သည်။
"ကျွန်တော့်ကို ရာထူးတိုးမယ်လို့ ကတိပေးထားတယ် မဟုတ်ဘူးလား..."
“ဟုတ်တယ် ငါ သူ့ကိုပြောပြီးပြီ.... လုပ်ငန်းခွဲတွေအတွက် ဒါရိုက်တာဖြစ်ချင်လား...နောက်ထပ် ဘာလိုချင်သေးလဲ..."
"ပြောထားတယ် ဟုတ်လား... ဒါဆို သူဌေးက ကျွန်တော့်ကို ဘာလို့ အလုပ်ထုတ်ရတာလဲ..."
လီခန်းယီက စူးရှကျယ်လောင်စွာ ထအော်လိုက််ရာ ကုမင်လီ ဖုန်းကို နားနားမှ အမြန်ဆွဲခွာလိုက်ရသည်။သူမလည်း အလွန်ဒေါသထွက်သွားရသဖြင့် မျက်မှောင်နှစ်ခုကြားကို လက်နှင့်ဖိထောက်ထားလိုက်ရင်း မေးလိုက်သည်။
"မင်ယွမ်က မင်းကို အလုပ်ထုတ်လိုက်တာလား..."
ကုမင်လီသည် ဒေါသကို မျိုသိပ်ထားလိုက်ပြီး အနည်းငယ်တွေးကြည့်လိုက်ရာ နောက်ဆုံးတွင် ဖြစ်ပျက်ခဲ့သမျှကို နားလည်သွားရသည်။
"ကောင်းပြီ ....ဖုန်းချလိုက်တော့...ငါ သူ့ကို သွားပြောမယ်...."
သူမ ဖုန်းချလိုက်ပြီး ကျန်းမင်ယွမ်ကို ဖုန်းခေါ်လိုက်သည်။
ကျန်းမင်ယွမ်က မိခင်ဖြစ်သူဖုန်းဆက်သည်ကို မအံ့သြဘဲ ဖုန်းကို စပီကာဖွင့်ထားပြီး အလုပ်ဆက်လုပ်နေသည်။
"အခုအလုပ်ရှုပ်နေလား မင်ယွမ်..."
ဘယ်လိုအခြေအနေမျိုးဖြစ်စေ သူမသည် အမြဲဂရုတစိုက်ရှိပြီး ကြင်နာမှုအပြည့်ရှိသည့် အသံနှင့်သာ ပြောဆိုလေသည်။
“အမြဲတမ်း အလုပ်ချည်းပဲ ကြိုးစားမနေနဲ့... အလုပ်ရယ် ဘဝရယ် ဟန်ချက်ညီဖို့ လိုတယ်လေ... အလုပ်လုပ်ရင်းလည်း အနားယူဖို့ လိုတယ်နော်..."
သူမက ထုံးစံအတိုင်း ပြောဆိုပြီးနောက် သူမပြောချင်သည့် အကြောင်းအရာကို နောက်ဆုံးမှ ပြောလေတော့သည်။
“သားရဲ့ လက်ထောက်ကို အလုပ်ထုတ်လိုက်တယ်လို့ အမေကြားတယ်...မင်းစိတ်ဆိုးအောင် သူဘာလုပ်လိုက်လို့လဲ...."
"ကျွန်တော့် နောက်ကွယ်မှာ ကျွန်တော့်အကြောင်းတွေ သူများကို ပြောပြနေလို့လေ..."
ကျန်းမင်ယွမ်က အေးစက်စွာ ထေ့ငေါ့လိုက်ပြီး ကွေ့ဝိုက်မနေဘဲ ဒဲ့ဒိုးသာ ပြောလိုက်လေသည်။
"ကျွန်တော့်ဆီမှာ အလုပ်လုပ်နေပြီး တခြားတစ်ယောက်ရဲ့ သစ္စာခံ ဖြစ်နေတဲ့သူကို ကျွန်တော် ဆက်မထားနိုင်ဘူး....ကျွန်တော့် ကုမ္ပဏီမှာအလုပ်ထုတ်တာပဲ ဖြစ်ဖြစ်၊ဖြုတ်တာပဲ ဖြစ်ဖြစ် တခြားသူတွေ ဝင်စွက်ဖက်ဖို့မလိုဘူး... ဒါကြောင့် အမေလည်း သူ့ကို ကာပြောပေးပြီး ကျွန်တော့်ကို မနှောင့်ယှက်ပါနဲ့.... "
Xxxxxxx