အပိုင်း ၁၇၅-၁၇၆
Viewers 22k

Chapter 175


ကုမင်လီသည် ကျန်းမင်ယွမ်၏ လေသံကြောင့် ပို၍ပင် စိတ်တိုလာရသည်။


 "အဲဒါ ဘာကိုဆိုလိုတာလဲ.... အမေက သားမျက်လုံးထဲမှာ အပြင်လူပဲလား..." 


ကျန်းမင်ယွမ် က သူမမေးခွန်းကို မဖြေဘဲ အသံတိတ်သွားသည်။ ထိုတိတ်ဆိတ်မှုကပင် သူမကို ပိုထိတ်လန့်စေလေသည်။ သူမ ဖုန်းကို အမြန်ချလိုက်ပြီး  သူမကိုယ်သူမ တည်ငြိမ်အောင် မထိန်းနိုင်တော့။


" မဖြစ်နိုင်ဘူး.... ငါက သူ့အမေပဲ... အပြင်လူမှ မဟုတ်တာ…” 


ထို့နောက် သူမက လီခန်းယီကို ဖုန်းပြန်ခေါ်ပြီး ခါတိုင်းကဲ့သို့ပင် မာနထောင်လွှားသည့် လေသံနှင့် ပြောလိုက်လေ၏။


 “မင်ယွမ်က မင်း အလုပ်လုပ်ပုံ မဟုတ်ဘူးလို့ ပြောတယ်...အလုပ်က သူ့အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ မင်းသိတယ်မလား...အဲ့ဒီတော့ ငါ မင်းကို အစားပြန်ပေးမယ်...."


 "ယွမ် ၁၀ သန်း ဆိုရင် ဘယ်လိုလဲ..."


ချန်းဟွမ်သည် ကျန်းမင်ယွမ် ဘာတွေဖြစ်ခဲ့သည်ကို မသိလိုက်ပေ။ သူမသည် ကလေးကို ကျောင်းပို့၊ဆိုင်သွား၊ကုန်စုံဆိုင်သွား၊ ရှင်းရှင်းကို ကျောင်းကြို....စသည်ဖြင့် သူမ၏ လုပ်ရိုးလုပ်စဉ်အတိုင်း လည်ပတ်နေခဲ့သည်။ 


ရှင်းရှင်းလေးက ယခုတစ်လောအနည်းငယ် စိတ်ဓာတ်ကျနေပုံရပြီး ခါတိုင်းလို မတက်ကြွကြောင်း သတိပြုမိသည့်အတွက် သူမ ရှင်းရှင်းကို ပွေ့ချီပြီး မေးလိုက်သည်။


 "ဘာကိစ္စရှိလို့လဲ...သား ဘာလို့ မျက်နှာမကောင်းရတာလဲ..." 


သူမက ထိုင်ချလိုက်ပြီး ရှင်းရှင်း ပျော်အောင် ကြိုးစားကြည့်သည်။ 


ရှင်းရှင်းက သူမနားတိုးကာ သူ့လက်ညှိုးကို ထောင်ပြလိုက်သည်။


 “သားလက်က သွေးထွက်နေတယ်.....” 


"ဘာဖြစ်သွားတာလဲ..မှန်းစမ်း...."


ချန်းဟွမ်က သားဖြစ်သူ သွေးထွက်နေသည်ကို မြင်ရလျှင် လန့်ဖျပ်သွားရသည်။ တခြားကလေးတစ်ယောက်နှင့် ရန်ဖြစ်ခဲ့သည်ဟု သူမထင်မိသော်လည်း အနီးကပ်ကြည့်လိုက်သောအခါ ဒဏ်ရာမှာ အလွန်သေးငယ်သည်ကို တွေ့လိုက်ရသည်။


" မေမေ အုံဖွလုပ်ပေးမယ်နော်...ဒါဆို မနာတော့ဘူး..."


ဒဏ်ရာ အရွယ်အစားကို မြင်လိုက်ရလျှင် ချန်းဟွမ် စိတ်မပူတော့ဘဲ ရှင်းရှင်းလက်ကို လေဖြင့် မှုတ်ပေးလိုက်သောအခါ ရှင်းရှင်းက သူမကို ပြုံးကြည့်နေလေ၏။ထိုညတွင် ရှင်းရှင်း အိပ်ရာဝင်ပြီးနောက် သူမ ကျန်းမင်ယွမ်အား ဖုန်းခေါ်လိုက်ပြီး ထိုအကြောင်းကို ပြောပြလိုက်သည်။ 


ယခုတလော သူမတို့ အိမ်ပြောင်းမည့်ကိစ္စနှင့်ပတ်သက်၍  နှစ်ယောက်သား ညတိုင်း စကားပြောဖြစ်လေသည်။ ထိုသို့ ဖုန်းပြောတိုင်းလည်း တခြားကိစ္စများပါ ပြောလေ့ရှိကြသည်။ကျန်းမင်ယွမ် သည် နားထောင်ကောင်းသူဖြစ်ကာ စကားသိပ်မပြောသော်လည်း အေးစက်စက် ‌ဖြစ်မနေပေ။ထို့ကြောင့် နှစ်ယောက်သား စကားအပေးအယူတည့်လှသည်။ 


ယခင်က ချန်းဟွမ်သည် ရှင်းရှင်း အကြောင်းပြောသည့်အခါတိုင်း သူက ပြန်ပြောလေ့မရှိဘဲ နားထောင်တတ်သည်။ယခုအခေါက်တွင်  သူမပြောပြီးသည်နှင့် နှစ်စက္ကန့်အတွင်း ပြန်ပြောလိုက်သည်။


"လက်မှာ ဒဏ်ရာရသွားတယ်လို့ မင်းပြောလိုက်တာလား..."


 သူ့အသံက လေးနက်မှု အပြည့်နှင့်။ 


“ဟုတ်တယ်...လက်ချောင်းထိပ်က အရေပြား အပေါ်ယံလေးတင်ပဲ... စိုးရိမ်စရာမရှိပါဘူး...စိတ်မပူပါနဲ့...” 


“ခိုက်မိတာလို့ မထင်ဘူး...သွေး‌ဖောက်ထားတာ ဖြစ်နိုင်တယ်...”


 "သွေးဖောက်ထားတယ် ဟုတ်လား..." 


ချန်းဟွမ် အံ့သြသွားရသည်။ 


"သူငယ်တန်းကလေးတွေကို ဆေးစစ်မယ်လို့လည်း သူတို့မပြောထားပါဘူး..."


 “အဲ့ဒါ ဆေးစစ်တာမဟုတ်ဘူး...  ဖုန်းနဲ့ ရှင်းပြလို့ မရဘူး...နေဦး...ကိုယ်အခုပဲ လာခဲ့မယ်..."


၁၀မိနစ်ခန့်ကြာလျှင် ကျန်းမင်ယွမ် ကိုယ်တိုင်ရောက်ချလာလေ၏။


ချန်းဟွမ်က ချည်သားညအိပ်ဝတ်စုံကို ဝတ်ထားပြီး သူ့ကို တံခါးလှပ်ပေးကာ ရေနွေးတစ်ခွက် ပေးလိုက်သည်။


"ဘာဖြစ်လို့လဲ...."


သူမပို၍ စိတ်ရှုပ်သွားရသည်။ 


"အမေက ရှင်းရှင်း နဲ့ မင်းအကြောင်း သိသွားပြီ... DNA နမူနာယူဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်တယ်လို့ ကိုယ်ထင်တယ်...”


 "ရှင် အရင်က စစ်ထားတယ်မလား....." 


"အဲ့ဒါကို သူမ မသိထားဘူး..."


“ မိဘ-သားသမီးနေ့ကို ကိုယ် တက်တယ်ဆိုတာ တခြားတစ်ယောက်ဆီကနေ သူမကြားလို့ သံသယဖြစ်လာတာ....” 


ကျန်းမင်ယွမ်မှာ မိခင်ဖြစ်သူကို စိတ်အနှောင့်အယှက်ဖြစ်သွားရသည်။


ချန်းဟွမ်ကလည်း ကျဉ်းထဲကျပ်ထဲရောက်နေပြီဟု ခံစားလိုက်ရသည်။ဇာတ်ဆောင်မင်းသား၏ မိခင်သည် ဆိုးသွမ်းပြီး ဆက်ဆံရခက်ခဲလှသော ဝတ္ထုအကြောင်းကို သူမ သတိရသွားမိသည်။ သူမ၏ မြေးဖြစ်သူကိုသာ လိုချင်ပြီး မြေးကိုမွေးပေးထားသော မိခင်ကို နှိမ့်ချတတ်သူ ဖြစ်သည်။


ယခု ရှင်းရှင်းနှင့် သူမကို သိသွားပြီဖြစ်၍ ရှင်းရှင်းကို အဝေးသို့ခေါ်သွားပြီး သူမကို ပိုက်ဆံပေး၍ နှင်ထုတ်ချင်တာလား...


ချန်းဟွမ် ထိုအကြောင်းကို တွေးပြီး စိတ်ပူပန်နေမိသည်။


"ဘာလို့ တခြားနေရာကို မပြောင်းတာလဲ....ဒီမှာဆို မလုံခြုံဘူး...အမေက ဒီ့ထက်ပိုပြီး ဆိုးတာတွေ လုပ်လာမှာစိုးတယ်...” 


"ဒါပေမယ့် ရှင်းရှင်းက ကျောင်းဆက်တက်ရမယ်လေ..." 


အိမ်ပြောင်းခြင်းသည် ပြဿနာကိုဖြေရှင်းခြင်းမဟုတ်သဖြင့် သူမထိုသို့မလုပ်နိုင်ပေ။ 


ကျန်းမင်ယွမ် ဤကိစ္စကို ဟိုးအရင်ကတည်းက တွေးထားခဲ့ဖူးသည်။ 


"ကိုယ် နောက်ထပ် မူကြိုတစ်ခု ရှာကြည့်ထားတယ်...ကိုယ်တို့ တိုက်ခန်းနားမှာပဲ... အဆောက်အဦးကလည်း ကောင်းတယ်... အဓိကကတော့ သူတို့မှာ လုံခြုံရေး အားကောင်းတဲ့အတွက် ခုလို သွေးဖောက်သလိုမျိုး ထပ်ဖြစ်မလာနိုင်ဘူး..."


Xxxxxxx


Chapter 176


ချန်းဟွမ်သည် ရှင်းရှင်းကို အခြားကျောင်းသို့ပြောင်းမည့်ကိစ္စကို ကျန်းမင်ယွမ်အား ပြောပြထားရန်မလိုအပ်ပေ။ ယခုလက်ရှိကျောင်းသည် သူစိမ်းများက ကလေးတစ်ယောက်ကို ချဉ်းကပ်နိုင်သည့်အပြင် ကျောင်းကလည်း အလိုတူအလိုပါသဘောမျိုး ရောက်နေပေသည်။


 


မူကြိုကိစ္စနှင့်ပတ်သတ်၍ သိပ်စိတ်မပူရသော်လည်း ကျန်းမင်ယွမ်က သူ့အိမ်အောက်ထပ်ကို ပြောင်းလာစေချင်သည်။


ဝတ္ထုထဲတွင် ယောက္ခမဆိုးအကြောင်းကို များများစားစား မဖော်ပြထားသော်လည်း ကျန်းမင်ယွမ်၏ မိခင်အကြောင်းကိုမူ အလွန် အသေးစိတ်ကျသည်အထိ သူမသိခွင့်ရလေသည်။ သူမသည် PRC ကိုမတည်ထောင်မီ ခေတ်မီပြီး ချမ်းသာသည့် ရူးကြောင်ကြောင် လေဒီကြီးများကဲ့သို့ လူမှုရေး အဆင့်အတန်းကိုအလွန် အသားပေးသူဖြစ်သည်။ သူမထက် နိမ့်ကျသူများကို စကားပြောသည့်အခါလည်း မတူသလို၊မတန်သလို  ဆက်ဆံတတ်သူဖြစ်လေသည်။တစ်ချိန်တည်းမှာပင် အထူးသဖြင့် သားဖြစ်သူကို နှိမ့်ချဆက်ဆံပြီး မနှစ်မြို့သောသူများကိုလည်း လွှတ်ပေးလိမ့်မည် မဟုတ်ပေ။


ချန်းဟွမ်သည် ဝတ္ထုတစ်ခုလုံးကို မဖတ်ဖူးသော်လည်း ကောမန့်များကို တစ်ချက်ကြည့်လိုက်သည်။ အရည်အချင်းရှိသည့် အမျိုးသမီး ဇာတ်ဆောင်ပင် မကြာခဏ နှိပ်စက်ညှဉ်းပန်း ခံခဲ့ရပြီး သူမ မိဘများကိုပါ ထိပါးခံရလေသည်။


ချန်းဟွမ်က သူမကိုယ်သူမ ပင်ပန်းမည်စိုး၍ ထိုကဲ့သို့သူများနှင့် မဆက်ဆံချင်ပေ။ အမေကျန်းက သူမတို့အကြောင်း သိသွားပြီးနောက်ပိုင်းတွင် သူမ တတ်နိုင်သမျှ ဝေးဝေးမှာ နေချင်ခဲ့သည်။ထို့အပြင် သူမကို ဆန့်ကျင်ဖို့ မဝံ့ရဲသည့်မို့ တိတ်တဆိတ်သာ နေလိုပေသည်။


ယခု သူမဆိုင်သည် ဝင်ငွေကောင်းနေပြီး ဆိုင်ဝင်ငွေတစ်ခုတည်းဖြင့် ရှင်းရှင်း နှင့်သူမတို့ စိတ်အေးချမ်းသာစွာ နေ‌နိုင်ပေသည်။သို့သော်လည်း ကလေးအဖေအတွက်မူ သိပ်ကောင်းလိမ့်မည်မဟုတ်။


ကျန်းမင်ယွမ်ကိုယ်တိုင်ကလည်း သူမတို့သားအမိကို ထွက်သွားစေချင်မည် မဟုတ်ပေ။သူမ စိတ်ထဲတွင် လွန်ဆွဲနေရင်း ခံစားချက်များက မဖုံးနိုင်မဖိနိုင် မျက်နှာတွင် ပေါ်လာရသည်။ 


ကျန်းမင်ယွမ်သည် ချန်းဟွမ်စိတ်ထဲမှာ ဘာတွေဖြစ်နေမှန်း သိသွားသဖြင့် သူ ရုတ်တရက် စိတ်အားထက်သန်မှုတို့ ကျဆင်းသွားရသည်။ 


သူက ချန်းဟွမ် ကို အပြင်းအထန် စိုက်ကြည့်ရင်း အကဲခတ်နေလိုက်သည်။


 "မပြောင်းချင်လို့လား...."


ချန်းဟွမ် လည်း စိတ်အိုက်သွားရပြီး သူနှင့် မျက်လုံးချင်းမဆုံမိစေရန် အဝေးကို လှမ်းကြည့်လိုက်သည်။ သေချာသည်မှာ သူမ အတွေးများက ဘူးပေါ်သလို ပေါ်သွားခြင်းပင်။


ကျန်းမင်ယွမ် စိတ်ပျက်သွားသော်လည်း သူဘာပြန်ပြောရမှန်း မသိသဖြင့် အခန်းထဲတွင် တိတ်ဆိတ်နေလေသည်။ နှစ်ယောက်သား ပထမဆုံး ဆုံတွေ့ခဲ့သည့် နေ့ရက်များကို ပြန်ရောက်သွားသလိုပင်။


 “ကျွန်မ…” 


ချန်းဟွမ် က နောက်ဆုံးတွင် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။  


"ရှင့်အမေနဲ့ ဘယ်လိုနည်းနဲ့မှ မဆက်သွယ်ချင်ဘူး...." 


“စိတ်ချ...မင်းတို့နှစ်ယောက်ကို သူမ မနှောင့်ယှက်စေရပါဘူး....”


ချန်းဟွမ်  မယုံနိုင်စွာ သူ့ကို စိုက်ကြည့်နေမိသည်။ သူမ ကျန်းမင်ယွမ်၏ အိမ်အောက်ထပ်သို့ ပြောင်းရွှေ့သွားလိုက်လျှင် မဒမ်ကျန်းကို စိန်ခေါ်လိုက်ခြင်း ဖြစ်လေသည်။ 


 ဒါဆို ဘာလို့ သူမကို လာမရှာတာလဲ....


ကျန်းမင်ယွမ်သည် သူမစိတ်ထဲမှ ဝေခွဲမရဖြစ်နေပုံကို မြင်သွားပုံဖြင့် နှုတ်ဆိတ်နေပြီးမှ မတ်တပ်ထရပ်လိုက်သည်။


“ဒါကို နောက်မှ ပြောကြရအောင်... နောက်ကျနေပြီ...သွားအိပ်တော့လေ... ကိုယ်လည်း သွားတော့မယ်..." 


ချန်းဟွမ် လည်းစိတ်ထိခိုက်နေပြီး မတ်တပ်ထရပ်ကာ သူအပြင်ထွက်သွားသည်ကို လှမ်းမြင်လိုက်ရသည်။ ဓာတ်လှေကားတံခါး ပွင့်လာသောအခါ သူမက ကားကို ဂရုစိုက်မောင်းရန် သူ့ကို မှာလိုက်လေသည်။


"အများကြီး လျှောက်တွေးမနေနဲ့...." 


သူမက အံ့အားသင့်သွားရပြီး သူက ပေါ့ပါးသော အပြုံးဖြင့် ပြောလိုက်သည်။ 


“ဒါက ကြီးကြီးမားမား ကိစ္စ မဟုတ်ဘူး.... အရမ်းကြီးလည်း စိတ်မပူပါနဲ့...."


ထို့နောက် ဓာတ်လှေကားထဲသို့ လှမ်းဝင်လိုက်သည်။


 သာမာန်အားဖြင့် အလွန်စိတ်ထားကောင်းသူ၏ အပြုံးသည် တစ်ဖက်သားအပေါ် လွန်စွာ အကျိုးသက်ရောက်ပေသည်။ 


သူ့အပြုံးကြောင့် ချန်းဟွမ် ရှက်သွားမိပြီး တစ်ချိန်တည်းမှာပင် သူမ စိတ်ထဲတွင် အတိုင်းအတာတစ်ခုအထိ ပျော်ရွှင်သွားမိသည်။ ဓာတ်လှေကားတံခါးပိတ်သွားသောအခါ နောက်ဆုံးတွင် ချန်းဟွမ် သတိပြန်ဝင်လာရသည်။


 


Xxxxxxx