Chapter 177
Imperial MeowFebruary 07, 2023
Chapter 177
ကျန်းမင်ယွမ်သည် ဓါတ်လှေကားထဲမှထွက်ကာ ကားထဲဝင်လိုက်ပြီး GPS ကိုဖွင့်၍ အိမ်ကြီး၏ တည်နေရာကို သတ်မှတ်၍ မောင်းလာလိုက်သည်။
ညဉ့်နက်နေပြီဖြစ်သဖြင့် လုံခြုံရေးဝန်ထမ်းများမှလွဲ၍ ကျန်သူများမှာ အိပ်ယာဝင်နေကြပြီဖြစ်သည်။ ကျန်းမင်ယွမ်သည် ဘယ်သူ့ကိုမှ မနှိုးဘဲ အမြန်ရေချိုးပြီး ခြောက်လကျော်ကြာအောင် မအိပ်စက်ရသော ကုတင်ပေါ်တွင် လှဲချလိုက်သည်။ အိပ်ရာမဝင်မီ လူတစ်ယောက်ထံသို့ မက်ဆေ့ခ်ျပို့လိုက်သည်။
“ကောင်းသောညပါ...”
ကုမင်လီသည် သားဖြစ်သူ ပြန်ရောက်လာသည်ကို မနက်ရောက်မှ သိခြင်း ဖြစ်သည်။သူမကအသက်ကြီးသူဖြစ်၍ ကောင်းကောင်း အိပ်မပျော်နိုင်ဘဲ မနက်တိုင်း ၆ နာရီမှာ အိပ်ရာနိုးလာတတ်သည်။ထို့နောက် သူမကိုယ်သူမ ကျန်းမာနေဖို့ နေ့တိုင်း လေ့ကျင့်ခန်း အသင့်အတင့်ကို လုပ်လေ့ရှိသည်။ သူမသည် အပေါ်ထပ်သို့ တက်သွားလိုက်ရာ လေ့ကျင့်ခန်းလုပ်သည့် အခန်းထဲတွင် တစ်ယောက်ယောက် ရှိနေသည်ကို သူမသတိပြုမိလိုက်သည်။
"မင်ယွမ်.. သား အိမ်ပြန်ရောက်နေတာလား..."
ကျန်းမင်ယွမ် အချိန်အတော်ကြာ လေ့ကျင့်ခန်းလုပ်နေခဲဲ့၍ တစ်ကိုယ်လုံး ချွေးစေးများထွက်နေကာ သူ့မျက်နှာကို ပဝါတစ်ခုနှင့် သုတ်လိုက်ပြီး အမေဖြစ်သူကို ပြောလိုက်သည်။
"အမေ့ကို ကျွန်တော်ပြောစရာရှိတယ်..."
"ဘာလဲ..."
ကုမင်လီ ရင်ဘတ်ထဲတွင် တင်းကျပ်မှုကို ခံစားလိုက်ရသည်။
“ရေမြန်မြန်ချိုးလိုက်ဦးမယ်... ပြီးရင် ကျွန်တော်တို့ စကားပြောမယ်..."
"အင်း..ရေသွားချိုးလေ..."
သူထွက်သွားပြီးနောက် ကုမင်လီ လေ့ကျင့်ခန်းလည်း လုပ်ချင်စိတ် မရှိတော့ပေ။ မနေ့က သူမကို စိတ်ညစ်စရာများပြောခဲ့သော်လည်း သူ့အကြည့်ကိုကြည့်ရုံနှင့် တောင်းပန်ဖို့ အိမ်သို့ ပြန်လာခြင်း မဟုတ်နိုင်။ ထို့ကြောင့် သူပြောချင်သည့်ကိစ္စမှာ ကောင်းသော ကိစ္စမဟုတ်ဟု ယူဆလိုက်သည်။
ကျန်းမင်ခိုင် ကို ပိုက်ဆံပေးလိုက်တဲ့ ကိစ္စလား...ဒါမှမဟုတ် ကျန်းရှုတုန် နှင့် သူမ၏ ဆက်ဆံရေးကို သူသိသွားတာလား...
ဤအကြောင်းကို သူမ ပိုတွေးလေလေ၊ ပိုကြောက်လာလေလေပင်။
ကုမင်လီ လေ့ကျင့်ခန်းလုပ်သည့် အခန်းမှ မထွက်မီ စိတ်ကို တည်ငြိမ်အောင် ထိန်းထားရသည်။ထို့နောက် ကျန်းမင်ယွမ် ကို အောက်ထပ်တွင် စောင့်နေလိုက်သည်။
ကျန်းမင်ယွမ် ရေချိုးပြီး အောက်ထပ်ကို ဆင်းလာချိန်တွင် ကုမင်လီ ထမင်းစားခန်းထဲမှာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမရှေ့တွင် ပေါင်မုန့်နှစ်ချပ်ရှိကာ စတော်ဘယ်ရီယိုကို ပေါင်မုန့်တစ်ချပ်ပေါ်တွင် သုတ်ထားသည်။ သူဆင်းလာသည့် ခြေသံကိုကြားလျှင် သူမက လှေကားကို မျှော်ကြည့်ကာ ပြောလိုက်သည်။
"မနက်စာစားမယ်လေ..."
ကျန်းမင်ယွမ် လျှောက်လာပြီး ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
"ကျွန်တော့်ကလေးကို စုံစမ်းဖို့ သီးသန့်စုံစမ်းရေးမှူးကို အမေ ငှားလိုက်တယ်ဆိုတာ ကျွန်တော်သိတယ်....သူမတို့နှစ်ယောက် လွတ်လွတ်လပ်လပ်နေပါစေ...အမေ ဆက်မလုပ်တာ ကောင်းမယ်ထင်တယ်...."
ကုမင်လီ၏ လက်များသည် လေထဲ၌ ခဏရပ်သွားပြီး တစ်စက္ကန့်အကြာတွင် သူမက ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည်။
"သား ဘာတွေပြောနေတာလဲ..."
“ကျွန်တော်ပြောနေတာ အမေ မနေ့က တစ်ယောက်ယောက်ဆီကို ငွေတွေအများကြီး လွှဲပေးလိုက်တဲ့ ကိစ္စကိုလေ...."
ကုမင်လီသည် ထောပတ်သုတ်သည့် ဓားကိုချလိုက်ပြီး သူမဘေးနားတွင်ထိုင်နေသော ကျန်းမင်ယွမ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"အမေ့ကို စောင့်ကြည့်ဖို့ လူလွှတ်ထားတာလား..."
"အမေ ကျွန်တော့်ကလေးကို လိုက်ကြည့်သလိုပေါ့..."
“သူက မင်းရဲ့သား... ငါ့မြေး... ငါဘာလို့ သူ့ကို စောင့်ကြည့်လို့မရ,ရမှာလဲ..."
ကုမင်လီမှာ သူမကို ကျန်းမင်ယွမ်က မှားယွင်းစွပ်စွဲနေသည်ဟု ခံစားရနေသည်။
"အမေ စောင့်ကြည့်နေတာကို မင်းသိပြီးသားဆိုရင် ဘာလို့ အစောကြီးကတည်းက မပြောတာလဲ... ငါက မင်းအမေဆိုတာကိုရော သိသေးရဲ့လား..."
"……"
"မင်းသာ ငါ့ကို ရည်ရွယ်ချက်ရှိရှိ ဖုန်းကွယ်မထားရင် ငါ ကလေးကို စုံစမ်းဖို့ လူငှားစရာကို မလိုဘူး..."
ကုမင်လီက သူမ၏ လုပ်ရပ်များသည် တရားမျှတသည်ဟု ခံစားမိသဖြင့် ထိုင်ခုံပေါ်တွင် ခပ်မတ်မတ်ပြင်ထိုင်လိုက်သည်။ ထိုနောက် ယိုသုတ်ထားသော ပေါင်မုန့်ကို တစ်ကိုက်ကိုက်လိုက်ပြီး ပြောလေသည်။
“မင်းရဲ့သားမှန်း သေချာနေတဲ့အတွက် ငါဆက်ပြီး မစုံစမ်းတော့ဘူး...အချိန်ယူပြီး သူ့ကို အိမ်ပြန်လာခိုင်းသင့်တယ်... မင်းအစား ငါ သူ့ကို ပြုစုပေးမယ်....ဘာပဲဖြစ်ဖြစ် သူက ကျန်း မျိုးရိုးပဲလေ... မလိုလားအပ်တဲ့ ကိစ္စတွေကြားမှာ ကလေးကို ကြီးပြင်းခွင့်မပြုနိုင်ဘူး..."
"အမေ နားလည်မှုလွဲနေပြီ...ကလေးကို အိမ်ပြန်ပို့ဖို့ ဆွေးနွေးဖို့လာတာ မဟုတ်ပါဘူး... ကျွန်တော် ပြောနေတာက အမေ့ရဲ့အပြုအမူက ကျွန်တော့်ကလေးနဲ့ သူ့အမေကို အနှောင့်အယှက်ဖြစ်စေတယ်....အမေသူတို့နဲ့ ဝေးဝေးနေဖို့ ကျွန်တော် တောင်းဆိုပါတယ်..."
"အဲဒါ ဘာကိုဆိုလိုတာလဲ... မင်းရဲ့သားနဲ့ ငါ အဆက်အသွယ် မလုပ်ရဘူးလား..."
"ဟုတ်ပါတယ်..."
"ကျန်းမင်ယွမ်...မင်းငါ့ကို အမေလို့မှတ်သေးရဲ့လား... မင့်သားနဲ့ ဝေးဝေးနေဆိုတာ ဘာကိုဆိုလိုတာလဲ... ငါက ဘာဖြစ်နေလို့လဲ...ငါက နူနေလို့လား..."
ကုမင်လီသည် ကျန်းမင်ယွမ်စကားကြောင့် ဒေါသထွက်နေပြီး ထောပတ်သုတ်သည့် ဓားကို စားပွဲပေါ်သို့ ဒုန်းကနဲ စောင့်ချလိုက်ပြီး ပြောလေသည်။
"အဲ့ဒီမိန်းမက မင်းကို ဘာတွေပြောထားလို့လဲ..မင်းအမေပြောတာကို နားထောင်စမ်း... တခြား မိန်းမတွေပြောတာကို နားမထောင်နဲ့...သူတို့က မင်းရဲ့ပိုက်ဆံတွေကြောင့် မင်းနဲ့အတူရှိချင်နေကြတာ..."
"ဒါဆို အမေကရော ကျွန်တော့်အဖေနဲ့ ဘာလို့ အတူရှိခဲ့တာလဲ..."
Xxxxxx
Chapter 178
Imperial MeowFebruary 07, 2023
Chapter 178
ကုမင်လီ ချက်ချင်း နှုတ်ဆိတ်သွားရပြီး သူမ မျက်နှာမှာ နီရဲနေကာ သားဖြစ်သူကို မယုံနိုင်စွာ စိုက်ကြည့်နေသည်။သူမကို သားဖြစ်သူက ဤကဲ့သို့ ပြောလိမ့်မည်ဟု သူမမမျှော်လင့်ထားပေ။
"မင်းလို မျက်လုံးဖြူဝံပုလွေကို ငါဘယ်လိုများ မွေးထုတ်လိုက်ပါလိမ့်..."
သူမ ရင်ဘတ်ကို ဖိထားရင်း အသက်ရှုမြန်လာသဖြင့် သူမကိုယ်သူမ စိတ်တည်ငြိမ်အောင် လုပ်နေရသည်။
"သေချာနားထောင်... ငါမင်းအဖေနဲ့ အတူရှိတယ်ဆိုတာက ငါတို့မိသားစုတွေမို့လို့လေ...ဒါကြောင့် ဘယ်နေရာက ရောက်လာမှန်းမသိတဲ့ ကြုံရာကျပန်း မိန်းမတစ်ယောက်ကို ထည့်မပြောနဲ့...အဲ့လို မိန်းမမျိုးနဲ့ မင်းနဲ့ နည်းနည်းလေးမှ မလိုက်ဖက်ဘူး..."
"အာ... ဒါဆို အမေနဲ့ ကျန်းယွီသုန်းက အရမ်းလိုက်ဖက်တာပဲနော်..."
ကျန်းမင်ယွမ်က အဓိပ္ပါယ်ရှိသော အကြည့်ဖြင့် အေးအေးဆေးဆေး ပြောလိုက်သည်။
ကျန်းယွီသုန်း ဆိုသည့် နာမည်က ကုမင်လီကို ထိတ်လန့်စေပြီး သူမချက်ချင်းပင် အားတင်းကာ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်သည်။
“မင်း ဘာတွေလျှောက်ပြောနေတာလဲ... အဲဒါ မင်းရဲ့ တတိယဦးလေးပဲလေ..."
"အဲဒီကိစ္စက အဓိပ္ပာယ်မရှိတာ ဟုတ်လား... မဟုတ်ဘူးလား ဆိုတာ အမေသိတာပဲ...အမေ ကျန်းယွီသုန်း နဲ့ အဆင်ပြေချင်ရင် ကျွန်တော့်မိန်းမနဲ့ ကလေးနားက ခပ်ဝေးဝေးနေပေးပါ..."
ထိုသို့ပြောပြီးနောက် ကုမင်လီ၏ အကြည့်ကို ကျန်းမင်ယွမ် ဂရုမစိုက်ဘဲ ထွက်သွားလိုက်သည်။
"မိန်းမနဲ့ ကလေးက ဘာကို ပြောတာလဲ...ဒီမိန်းမနဲ့လက်ထပ်မှာကို ငါဘယ်တော့မှ သဘောမတူဘူးမှတ်..."
အစေခံများအားလုံး သူမတို့ သားအမိနှစ်ယောက်နှင့် တတ်နိုင်သမျှ ဝေးဝေးနေနေကြသည်။
ကုမင်လီ၏ ဒေါသူပုန်ထနေသည့် အော်သံကို ဂရုမစိုက်စွာဖြင့် ကျန်းမင်ယွမ်သည် ကားကို စက်နှိုးလိုက်ပြီး ထွက်သွားလေသည်။ထို့နောက် သူသည် ဒေါသထွက်ထွက်နှင့် ဘဝတွင် ပထမဦးဆုံးအကြိမ် ကားကို အတင်းမောင်းနေလေသည်။ ကားအိတ်ဇောထဲက မီးခိုးများကို နောက်ချန်ထားခဲ့ကာ လေထန်သော တောင်ကုန်းဆင်းပေါ်မှ သူ့ကားကလေးသည် အရှိန်ပြင်းပြင်း ပြေးဆင်းလာခဲ့သည်။သူသည် အရှိန်ပြင်းပြင်း မောင်းလေ့မရှိသဖြင့် ကွေ့တစ်ခုရောက်သောအခါ ကားမှာ ဟန်ချက်ပျက်သွားရသော်လည်း ကျန်းမင်ယွမ် ဘရိတ်ကို အောက်ခြေအထိ ဖိထားလိုက်သဖြင့် ကားမှာရပ်သွားရသည်။ ကျွီကနဲ ဘရိတ်အုပ်သံနှင့်အတူ သူ့ခန္ဓာကိုယ်မှာ အရှိန်မထိန်းနိုင်ဘဲ ရှေ့သို့ ငိုက်သွားရပြီး လုံခြုံရေးခါးပတ်ကြောင့် မခိုက်မိခြင်း ဖြစ်လေသည်။
ကျန်းမင်ယွမ် စတီယာရင်ဘီးပေါ်တွင် ခေါင်းမှောက်အိပ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်ကာ ခဏကြာမှ စိတ်ငြိမ်သွားသဖြင့် မျက်နှာကို လက်ခုံဖြင့် ပွတ်သုတ်လိုက်ပြီး ကားကို စက်ပြန်နှိုးကာ တောင်ကုန်းဆင်းမှ ညင်သာစွာ လိမ့်ဆင်းလိုက်သည်။
***
မဒမ်ကျန်းသည် ရှင်းရှင်းကို စုံစမ်းနေကြောင်း သူမသိလိုက်ကတည်းက ချန်းဟွမ် အိမ်တံခါးတံခါးလာခေါက်သူတိုင်းကို ကြောက်ရွံ့နေခဲ့သည်။
"သူတို့ ငါတို့ကို မေ့သွားပြီလား..."
သူမက ရှင်းရှင်းကို ရင်ခွင်ထဲထည့်ထားရင်း သူ့ပါးကလေးကို လက်ဖြင့် ညှစ်၍ ပြောလိုက်သည်။ ရှင်းရှင်းက သူမလက်ထဲမှ ပါးကို ရှောင်လိုက်ရင်း မေးလိုက်သည်။
“ဘာတွေပြောနေတာလဲ မေမေ...”
"ဘာမှမဟုတ်ပါဘူး...မေမေတို့ ဆက်ကစားကြရအောင်နော်..."
သားအမိနှစ်ယောက် ဆိုဖာပေါ်တွင် ဆက်ပြီးဂိမ်းဆော့နေကြလေသည်။
တီဗီတွင် ပြည်တွင်းသတင်းအစီအစဉ်၌ တစ်နှစ်တာလုံး ထိပ်တန်း စွန့်ဦးတီထွင်သူ ဆယ်ဦးတို့ကို တစ်ဦးပြီးတစ်ဦး မိတ်ဆက်ပေးနေလေသည်။
ရှင်းရှင်းက ဂိမ်းကစားနေရင်း နာမည်တစ်ခုကိုကြားလိုက်ရလျှင် မျက်လုံးပြူးသွားရပြီး အော်ပြောလိုက်သည်။
"ဖေဖေပဲ..."
သူ့အဖေကို တီဗီမှာ မြင်ရသောအခါ ရှင်းရှင်း အလွန်စိတ်လှုပ်ရှားသွားပြီး ဆိုဖာပေါ်မှ ဆင်းကာ တီဗီနားသို့ ပြေးသွားလိုက်သည်။
“ဖေဖေက တီဗွီထဲကို ဘယ်လိုရောက်သွားတာလဲ..."
ချန်းဟွမ်က ရှင်းရှင်းကို နောက်ပြန်ဆွဲခေါ်ရင်း ပြောလိုက်လေသည်။
"ဖေဖေက အရမ်းတော်လို့ တီဗီထဲ ရောက်သွားရတာပေါ့ သားရဲ့...သား တီဗီနား မကပ်နဲ့နော်...မျက်လုံး ထိခိုက်လိမ့်မယ်..."
ချန်းဟွမ် က ရှင်းရှင်းကို နောက်ပြန်ဆွဲခေါ်သော်လည်း သူ့မျက်လုံးများက တီဗီကို စူးစိုက်ကြည့်နေဆဲပင်။
“မေမေ...သားလည်း တီဗီထဲ ပါချင်တယ်...."
“သားကြိုးစားရင် တစ်နေ့တော့ တီဗီထဲပါမှာပေါ့ သားရဲ့..."
“မဟုတ်ဘူး....သား တီဗီထဲမှာ ပါခဲ့တယ်....သားတို့ဆရာမက သားတို့အားလုံး တီဗီထဲပါမယ်လို့ ပြောတယ်..."
ရှင်းရှင်းက ခဏစဉ်းစားလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ ရှင်းရှင်း ထိုသို့ပြောပြီးသည်နှင့် သူ့တို့ မူကြိုအကြောင်း သတင်းထဲတွင် ပါလာတော့သည်။
ရှင်းရှင်းသည် ပြီးခဲ့သည့် ပညာသင်နှစ်ဝက်တွင် သူတက်ခဲ့သည့်ကျောင်းကို ချက်ချင်းမှတ်မိသွားပြီး တီဗီနားသို့ ပြန်သွားလိုက်ပြန်သည်။
သတင်းမှာ မူကြိုရှိ မီးဘေးလုံခြုံရေး ကိရိယာများ ကွာဟနေမှုနှင့် ပြဿနာများကို ဖြေရှင်းရန်အတွက် မူကြိုကိုပိတ်ပစ်ရမည်ဖြစ်ပြီး ကျောင်းမှ တာဝန်ရှိသူများကိုလည်း တာဝန်ယူခိုင်းမည်ဟု ဆိုသည်။
ရှင်းရှင်းက သတင်းကို ဂရုစိုက်နားထောင်မနေဘဲ တီဗီထဲတွင် တစ်စုံတစ်ယောက်ကို လိုက်ရှာနေလေသည်။ သတင်းပြီးသွားချိန်တွင် ကလေးလေးက အလွန်စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"မေမေ...သားလည်း တီဗီထဲမှာ မပါဘူး..."
Xxxxxxx