Chapter 11
Viewers 4k

👱‍♀️Chapter 11



 

"အမေ… ဘာလို့ ဒီကို ရောက်လာတာလဲ…"  

စုန့်တရှန်က နှုတ်ဆက်လိုက်သည်။ 

 

အမေစုန့်က ပြုံးလိုက်ပြီး စုန့်တရှန်၏ အမေးကို မဖြေဘဲ၊ သူမက ပြန်မေးလိုက်သည်။  

"တရှန်… အမေ နေ့လယ်က ဒီကို လာသေးတယ်… ဘယ်သူမှ မရှိဘူး… နေ့လယ်တုန်းက မင်းတို့ ဘယ်သွားနေကြတာလဲ…" 

 

"အမေ… ကျွန်တော်တို့ ကျောက်မိသားစုအိမ်မှာ နေ့လယ်စာ သွားစားကြတာ…" 

 

အမေစုန့်က သံသယဖြစ်သွားသည်။  

"သူတို့က ဘာလို့ မင်းတို့ကို သူတို့အိမ်မှာ ထမင်းစားဖို့ ဖိတ်တာလဲ…" 

 

စုန့်တရှန်က အမှန်အတိုင်း မပြောဘဲ ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။ 

"ကျွန်တော် အရင်တစ်ခါ အဒေါ်ကျောက်ကို ကူညီခဲ့လို့ပါ… ဒါကြောင့် သူက ကျွန်တော်တို့ကို သူ့အိမ်မှာ ထမင်းစားဖို့ ခေါ်တာ…" 

 

အမေစုန့်က စုန့်တရှန်း၏ အဖြေကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။ 

 

အမေစုန့်က ထပ်မံ၍ စိုးရိမ်ပူပန်ခြင်း မရှိတော့ဘဲ ခေါင်းငုံ့ကာ သူမဘေးရှိ ကလေးနှစ်ယောက်ကို ကြည့်လိုက်သည်။ သူမ ပြောလိုက်သည်။ 

"မင်းတို့ ညီလေးရှောင်ပေါင်နဲ့ ခဏသွားဆော့နေကြဦး… ထမင်းစားဖို့ အဆင်သင့်ဖြစ်ရင် အဘွား ခေါ်လိုက်မယ်…" 

 

ကလေးနှစ်ယောက်ကို စကားပြောပြီးနောက်၊ သူမက အင်္ကျီလက်ကို ခေါက်တင်ကာ အတွင်းသို့ ဝင်သွားသည်။  

"အမေ မင်းတို့အတွက် ချက်ပြုတ်ပေးမယ်…" 

 

လီမော့က နှုတ်ခမ်းစေ့လိုက်၏။

ဤသည်က သူတို့ ညစာအတွက် နေခဲ့ကြမည်ဟု တိတ်တဆိတ် ဆိုလိုကြောင်း ဖြစ်သည်။ 

 

လီမော့က စုန့်တရှန်၏ မိခင် သူတို့နှင့်အတူ လာစားသည်ကို ကန့်ကွက်စရာ မရှိသော်လည်း၊ သူ့အမေက သူ့ယောက်မ မိသားစုမှ ကလေးနှစ်ယောက်ကို ခေါ်လာခဲ့သည်။ ထိုကလေးနှစ်ယောက်က ယမန်နေ့ကမှ သူတို့အမေနောက်သို့ လိုက်ကာ လီမော့၏ အိမ်သို့ ရောက်လာပြီး သူတို့၏ ရှောင်ပေါင်ကို အနိုင်ကျင့်ခဲ့ကြသည်။ စုန့်တရှန်း၏ မိခင် မနေ့က ဘာဖြစ်ခဲ့သည်ကို မသိဘဲ နေလိမ့်မည် မဟုတ်ပေ။ ဘာဖြစ်ခဲ့သည်ကို သိလျက်နှင့်ပင်၊ သူမက ထိုကလေးနှစ်ယောက်ကို ဤနေရာတွင် ညစာစားရန် ခေါ်လာခဲ့သည်။ လီမော့က ဝမ်ကွေ့ဟွာက ဤကိစ္စတွင် မပါဝင်ဟု မယုံကြည်ပေ။ 

 

 ဤသည်က အမှန်တကယ်ပင် ဝမ်ကွေ့ဟွာ၏ အကြံအစည် ဖြစ်လေသည်။ သူမ မနေ့က ဤနေရာသို့ လာခဲ့စဉ်က၊ ပေါက်စီများနှင့် ဆီးသီးကိတ်များကို မြင်တွေ့သွားခဲ့သည်။ 


လီမော့သည် သူမတို့ ဝယ်ခဲ့သော ဝက်သားသုံးထပ်သားနှင့် အသားအရိုးများကိုလည်း ဝမ်ကွေ့ဟွာ မြင်ခဲ့လိမ့်မည်ဟု ခန့်မှန်းမိသည်။ 

 

ထိုအချိန်က ဝမ်ကွေ့ဟွာက ၎င်းတို့အားလုံးကို ပြန်ယူသွားချင်ခဲ့သော်လည်း၊ သူတို့ မလုယူနိုင်မီ စုန့်တရှန်က သူတို့ကို ပစ်ထုတ်ခဲ့သည်။ ကလေးနှစ်ယောက်က ပေါက်စီများနှင့် ဆီးသီးကိတ်များကိုသာ ယူနိုင်ခဲ့သည်။ သူမက အသားကို မယူနိုင်ခဲ့ပေ။ ထို့ကြောင့် သူတို့ အိမ်ပြန်ရောက်သောအခါ၊ သူမက စိတ်မချမ်းမသာ ဖြစ်ခဲ့ပြီး အသားကို ဝေစုရရန် အစီအစဉ်တစ်ခု စဉ်းစားခဲ့သည်။ 

 

တစ်ညလုံး စဉ်းစားပြီးနောက်၊ ဝမ်ကွေ့ဟွာက အမေစုန့်အတွက် တမင်တကာ ချက်ပြုတ်မပေးခဲ့ပေ။ 

 

သူမက အမေစုန့်အား မပြတ်မသား ပြောဆိုခဲ့သည်။ 

"အမေ… တရှန် မနေ့က အသားတွေ အများကြီး ဝယ်လာတာ သမီးတွေ့လိုက်တယ်… အမေ… သမီးထင်တာတော့ မတ်လေးက အမေ့ကို သိတတ်သင့်တယ်… အမေ အဲ့ဒီမှာ သွားစားတာ ပိုကောင်းမယ်… ပြီးတော့ မင်အာနဲ့ ဆုန့်အာကို သူတို့ဦးလေးဆီ ဘာလို့ မခေါ်သွားတာလဲ…" 

 

အမေစုန့်က ပါးစပ်လှုပ်ကာ တစ်စုံတစ်ခု ပြောလိုခဲ့သည်။ သို့သော် ဝမ်ကွေ့ဟွာက သူမကို ဖြတ်ပြောခဲ့သည်။ 


"အမေ… သမီးထင်တာတော့ တရှန်က အမေ့ကို ဂုဏ်ပြုရမယ်… ဒါကြောင့် သမီး နေ့လယ်တုန်းက အမေနဲ့ ကလေးနှစ်ယောက်အတွက် ချက်မထားခဲ့တာ… အမေ သူတို့အိမ်ကို သွားလိုက်ပါလား… ဒီသနားစရာ ကလေးတွေက ပုံမှန်ဆိုရင် ခက်ခဲတဲ့ဘဝမှာ နေထိုင်ရပြီး ဘာကောင်းကောင်းမှ မစားရဘူး… ဒါကြောင့် သူတို့ကို သူတို့ဦးလေးအိမ်ကို ခေါ်သွားလိုက်ပါလား… အမေ အဲ့ဒီကို မသွားရင် ဘာစားနိုင်မှာလဲ…" 

 

အမေစုန့်က သူမ ပြောတော့မည့် စကားများကို မျိုချလိုက်ပြီး ကလေးနှစ်ယောက်ကို စုန့်တရှန်၏ အိမ်သို့ တိုက်ရိုက် ခေါ်ဆောင်လာခဲ့သည်။ 

 

မမျှော်လင့်ဘဲ၊ စုန့်တရှန်၏ အိမ်တံခါးက သော့ခတ်ထားပြီး အိမ်တွင် မည်သူမျှ မရှိခဲ့ပေ။ 

 

သူမ ပြန်သွားသောအခါ၊ သူမသည် ဝမ်ကွေ့ဟွာ၏ ပွစိပွစိ ပြောဆိုခြင်းကို ခဏတာ ခံခဲ့ရသည်မှာ သဘာဝကျပေသည်။ သူမက သူမ၏ ဗိုက်ကို ဖြေသိမ့်ရန် ကြမ်းတမ်းသော ဆန်ကွဲပြုတ်ကိုသာ ချက်ပြုတ်နိုင်ခဲ့သည်။ 

 

ညစာစားချိန်တွင်၊ ဝမ်ကွေ့ဟွာက သူမအား သူမ၏ ကလေးနှစ်ယောက်ကို စုန့်တရှန်၏ အိမ်သို့ တစ်ဖန် ခေါ်သွားရန် တောင်းဆိုခဲ့သည်။ 

 

ဤတစ်ကြိမ်တွင်၊ သူမ၏ ဒုတိယသားက နောက်ဆုံးတွင် အိမ်၌ ရှိနေခဲ့လေသည်။ 

 

လီမော့က သူတို့၏ ညစာကို ကူညီချက်ပြုတ်ပေးရန် အတင်းအကျပ် လုပ်ဆောင်နေသော အမေစုန့်ကို ကြည့်လိုက်သည်။ သူမ စုန့်တရှန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ဘာမှမပြောဘဲ၊ သူမ လုပ်နေသောအရာကို ဆက်လက် လုပ်ဆောင်နေခဲ့၏။ 

 

စုန့်တရှန်က ပါးစပ်ဖွင့်ကာ သူ၏ မိခင်အား ပြောလိုက်သည်။


"အမေ… အမေ ကျွန်တော်တို့ကို ကူညီချက်ပြုတ်ပေးစရာ မလိုပါဘူး… ကျွန်တော်တို့ ပြီးခါနီးပါပြီ… အမေ အပြင်ထွက်ပြီး ထိုင်နေလို့ရပါတယ်…" 

 

"မင်းအမေက ကလေးမဟုတ်ဘူး… ငါ ပန်းကန်ခွက်ယောက်တွေ ပြင်ဆင်ပေးမယ်…” 

 

အမေစုန့်က အစားအစာ အမှန်တကယ် အဆင်သင့် ဖြစ်နေသည်ကို မြင်သည်။ သူမက လှည့်ကာ ဗီရိုထဲမှ ပန်းကန်များနှင့် တူများကို ထုတ်ယူပြီး စားပွဲပေါ်တွင် ချလိုက်သည်။ 

 

အစားအစာများကို စားပွဲပေါ်သို့ ပို့ဆောင်လိုက်သည်။ စုန့်တကျူးမိသားစုမှ ကလေးနှစ်ယောက်က လေးထောင့်စားပွဲတွင် ထိုင်နှင့်နေကြပြီဖြစ်သည်။ တစ်ယောက်လျှင် တစ်ဖက်စီ ထိုင်နေကြပြီး စားပွဲပေါ်တွင် ထိုင်ခုံနှစ်နေရာသာ ကျန်တော့သည်။ 

 

လီမော့က ဤကလေးနှစ်ယောက်ကို ယဉ်ကျေးပြရန် မလိုလားဘဲ ချက်ချင်း ကလေးနှစ်ယောက်အား စကားပြောလိုက်သည်။ 

"မင်းတို့နှစ်ယောက်… ဟိုဘက်ကို ရွှေ့လိုက်…" 

 

ကလေးနှစ်ယောက်က လီမော့ကို နားမထောင်ဘဲ လီမော့၏ စကားများကို နားမကြားဟန်ဆောင်ကာ သူတို့၏ ထိုင်ခုံများမှ မရွေ့ဘဲ သက်တောင့်သက်သာ ထိုင်နေကြသည်။ 

 

"ငါပြောတာ မကြားဘူးလား… မရွှေ့ဘူးဆိုရင်တော့ မင်းတို့ ညစာစားလို့ရမှာ မဟုတ်ဘူး…"  


လီမော့ ထပ်ပြောလိုက်သည်။ 

အငယ်ဆုံးကောင်လေးက မကျေနပ်ဘဲ လီမော့ကို အော်ဟစ်လိုက်သည်။ 


"ဘယ်လိုများ သတ္တိရလဲ… စုန့်ရှောင်ပေါင်က သူ့အသက်အတွက် ငါတို့အပေါ် အကြွေးတင်နေတာ… ငါတို့ ဒီမှာ လာစားတဲ့အခါ မင်းတို့က ငါတို့ကို ပြုစုစောင့်ရှောက်သင့်တယ်…" 

 

လီမော့က ဤစကားကို ကြားသောအခါ၊ သူမ၏ ဦးရေပြား ပေါက်ကွဲထွက်သွားပြီး သူမ၏ အသံက မထိန်းနိုင်ဘဲ တင်းမာသွားသည်။ 

"ရှောင်ပေါင်ရဲ့ အသက်က မင်းတို့မိသားစုပိုင်တယ်လို့ ဘယ်သူပြောတာလဲ… ဘယ်သူပြောတာလဲ… ဘယ်သူက မင်းတို့ကို ပြုစုစောင့်ရှောက်ချင်လို့လဲ…" 

 

ကလေးနှစ်ယောက်က နောက်ဆုံးတွင် ငယ်ရွယ်သေးသည်။ လီမော့က သူတို့ကို တင်းမာစွာ ဆူပူလိုက်သောအခါ၊ သူတို့ ကျုံ့သွားကြသော်လည်း မရွေ့ကြပေ။ 

 

အမေစုန့်က မျက်နှာ မကောင်းတော့ဘဲ ချက်ချင်း ထွက်လာပြီး ပြောလိုက်သည်၊  

"လီမော့… သူတို့က ငယ်သေးပြီး အသိဉာဏ်မရှိသေးဘူး… တခြားမိသားစုရဲ့ ကလေးတွေအတွက် စိတ်အ‌နှောက်အယှက်မဖြစ်ပါနဲ့…" 

 

လီမော့က အမေစုန့်၏ စကားကို ကြားသောအခါ၊ သူမက မကျေမနပ် ဖြစ်သွားသည်။  

သူတို့က ငယ်သေးပြီး အသိဉာဏ်မရှိသေးဘူး ဆိုတာ ဘာကို ဆိုလိုတာလဲ…  

သူတို့က အသက် ခုနစ်နှစ်နှင့် ရှစ်နှစ် ရှိပြီ။ သူတို့က ရှောင်ပေါင်ထက် အများကြီး ကြီးတယ်…


သို့သော် ရှောင်ပေါင်က မည်သည်ကအမှန်၊ မည်သည်ကအမှားဆိုသည်ကို သိသည်။  

ဒါဆို သူတို့က ဘာလို့ နားမလည်နိုင်ရမှာလဲ… 

 

ထို့အပြင်၊ သူတို့ ပြောခဲ့သော စကားများက သူတို့ပတ်ဝန်းကျင်ရှိ လူကြီးများထံမှ ကြားခဲ့သော စကားများ ဖြစ်သည်။  

 

သူတို့အိမ်ရှိ လူကြီးများကြောင့် မဟုတ်လျှင်၊ ကလေးတစ်ယောက်က ကြောက်စရာကောင်းသော စကားကို ဘယ်လို ပြောနိုင်မှာလဲ… 


ပြီးတော့ အမေစုန့်က ဘာမှားနေတာလဲ… သူမက သူတို့ပြောတာကို မကြားဘူးလား… 


သူမက သူတို့ကို သင်ခန်းစာမပေးရုံသာမက သူတို့ကို ခုခံကာကွယ်ပေးသေးသည်။ 

 

လီမော့က ဒေါသထွက်လွန်းသဖြင့် သူမ လူကြီးတစ်ယောက်နှင့် စကားပြောနေသည်ကိုပင် ဂရုမစိုက်တော့ပေ။  


"အမေ… သူတို့ပြောတာကို အမေ မကြားလိုက်ဘူးလား… ကလေးတွေပြောတာ မကောင်းဘူးဆိုတာကို လူကြီးတွေက မသိဘူးလား… ကျွန်မတို့ ရှောင်ပေါင်ရဲ့ အသက်က သူတို့ပိုင်တယ်လို့ ဘယ်သူပြောတာလဲ… ကျွန်မတို့မိသားစုက အမေတို့မိသားစုကို ပြုစုစောင့်ရှောက်ရမယ်လို့ ဘယ်သူပြောတာလဲ…" 

 

အမေစုန့်က ထိုစကားများကို ကြားသောအခါ၊ သူမ၏ မျက်နှာ တောင့်တင်းသွားသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက်၊ သူမက ပြောလိုက်သည်။ 


"အိမ်ထဲက ဘယ်လူကြီးက အဲ့လိုပြောလို့လဲ… ဒါက ကလေးတွေ မသိဘဲ အပြင်ကနေ သင်ယူလာတာပါ… အရမ်းတွေးမနေပါနဲ့…" 

 

လီမော့က ဤအမေစုန့်က အစ်ကိုကြီး၏ မိသားစုဘက်မှ မျက်နှာသာပေးနေပြီး စုန့်တရှန်ကို လုံးဝ ထည့်မတွက်ကြောင်းကို မြင်နိုင်သည်။ 

 

လီမော့က ကလေးနှစ်ယောက်ကို မည်သို့ ထိန်းချုပ်ရမည်ကို စဉ်းစားနေစဉ်တွင်၊ သူမဘေးမှ ပုံရိပ်တစ်ခုက ဖြတ်ပြေးသွားသည်။ စုန့်တရှန်က ရှေ့သို့ ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်ပြီး၊ လက်တစ်ဖက်စီဖြင့် ကလေးနှစ်ယောက်ကို သူတို့၏ လက်များမှ ဆွဲကိုင်ကာ၊ မချီလိုက်ပြီး စားပွဲမှ ရွှေ့လိုက်သည်။ 

 

ကလေးနှစ်ယောက်ကို ကြမ်းတမ်းစွာ မချီခံလိုက်ရသည်။ သူတို့ ထိတ်လန့်တကြား အော်ဟစ်ကြပြီး၊ သူတို့၏ ခြေထောက်များကို အဆက်မပြတ် ကန်ကျောက်ကာ အော်ဟစ်နေကြသည်။ 


"ခြေခွင်ကောင်… သေနာ… မင်း… ငါ့ကို ချပေး… ငါ ငါ့အဖေနဲ့ အမေကို သွားတိုင်ပြောမယ်… ငါ့ကို ချပေး၊ ခြေခွင်ကောင် သေနာ…" 

 

စုန့်တရှန်က နားမကြားဟန်ဆောင်ကာ၊ သူတို့နှစ်ယောက်ကို ဆွဲကိုင်ပြီး တံခါးဆီသို့ လျှောက်သွားသည်။ 

ကလေးနှစ်ယောက် အပြင်သို့ ပစ်ထုတ်ခံရတော့မည်ကို မြင်သောအခါ၊ အမေစုန့်က ရှေ့သို့ ပြေးလာပြီး စုန့်တရှန်၏ ခြေထောက်ကို ဖက်ထားလိုက်သည်။


"တရှန်… ဒီလိုမလုပ်ပါနဲ့… သူတို့ ငယ်သေးတယ်… သူတို့ကို မနာကျင်စေပါနဲ့… တရှန်… အမေ့စကား နားထောင်ပါ…" 

 

အမေစုန့်က သူ့ကို ဖက်ထားသည်။ အကယ်၍ သူက ကလေးများကို ဆက်ဆွဲခေါ်သွားပါက၊ တရှန်က သူ့အမေကို နာကျင်စေနိုင်သည်။ ခေတ္တရပ်တန့်ပြီးနောက်၊ သူက ကလေးနှစ်ယောက်ကို ချပေးလိုက်သော်လည်း၊ သူ သူတို့ကို အလွန်တင်းမာစွာ ကြည့်ကာ အော်ဟစ်လိုက်သည်။ 


"မင်းတို့ နောက်တစ်ခါ ထပ်လုပ်ရင် ဘာဖြစ်မယ်ဆိုတာ သိတယ်နော်… နားလည်လား…" 

 

ကလေးနှစ်ယောက်က ချက်ချင်း အမေစုန့်၏ နောက်သို့ ပုန်းသွားကြသော်လည်း၊ သူတို့က သူ့ကို ထပ်မံ ဆဲရေးရန် မ၀ံ့တော့ပေ။ 

 

နောက်ဆုံးတွင် အမေစုန့်က ကလေးနှစ်ယောက်ကို တစ်ဖက်တွင် ထိုင်စေခဲ့ပြီး စုန့်တရှန်က တစ်ယောက်တည်း စားပွဲအဆုံးတွင် ထိုင်သည်။ လီမော့က ရှောင်ပေါင်ကို ခေါ်ယူသည်။ သူတို့က ကလေးနှစ်ယောက်၏ ရှေ့တွင် ထိုင်နေကြသည်။ အမေစုန့်က စုန့်တရှန်နှင့် မျက်နှာချင်းဆိုင် အခြားတစ်ဖက်တွင် ထိုင်သည်။ 

 

သူတို့ စားသောက်နေချိန်တွင် ကလေးနှစ်ယောက်က အစားအစာများကို အငမ်းမရ စားသုံးနေကြသည်။ တူများက လျင်မြန်စွာ မရပ်မနား လှုပ်ရှားနေကြသည်။ သူတို့က အသားမျှင်များကိုလည်း ယူကြပြီး၊ အသားများကို သူတို့၏ ထမင်းပန်းကန်များထဲတွင် ပုံထားကာ၊ သူတို့၏ ပါးစပ်ထဲသို့ အဆက်မပြတ် ထိုးထည့်နေကြသည်။ 

 

ဤအချိန်တွင်၊ လီမော့၏ မိသားစုသုံးယောက်လုံးက လုံးဝ များများစားစား မစားရသေးပေ။ အကယ်၍ လီမော့၏ မျက်စိလျင်မြန်မှုနှင့် လက်မြန်မှုတို့ဖြင့် ရှောင်ပေါင်အား အသားအနည်းငယ် ထပ်ထည့်ပေးခြင်း မရှိခဲ့ပါက၊ ရှောင်ပေါင်က အသားအရသာကိုပင် မြည်းစမ်းနိုင်မည် မဟုတ်ပေ။ 

 

စုန့်တရှန်ကလည်း လီမော့၏ ပန်းကန်ထဲသို့ အသားအနည်းငယ် ထည့်ပေးခဲ့သော်လည်း၊ သူကိုယ်တိုင်ကမူ ဘာမျှ မစားခဲ့ပေ။ 

 

သူတို့ နေ့လယ်က ချက်ခဲ့သော ထမင်းက သူတို့မိသားစုသုံးယောက်အတွက် လုံလောက်သည်။ ယခု လူအနည်းငယ် ရောက်လာသဖြင့်၊ ထမင်း မလောက်တော့ဘဲ၊ သူတို့ထဲမှ တစ်ယောက်မျှ ဗိုက်မပြည့်ကြပေ။ 

 

သူတို့ အစားအစာ ကုန်သွားသည်ကို မြင်သောအခါ၊ ကလေးနှစ်ယောက် ငိုကြွေးကာ ပိုစားချင်ကြောင်း တောင်းဆိုကြသည်။ အမေစုန့်ကလည်း လီမော့ကို ကြည့်လိုက်သည်။ 

 

လီမော့၏ မျက်နှာ မကောင်းတော့ပေ။ 

"စားစရာက ကုန်သွားပြီ… ကျွန်မ နေ့လယ်တုန်းက ကျွန်မတို့မိသားစုအတွက် ပမာဏပဲ ချက်ခဲ့တာ… ဒါကြောင့် ကျန်တော့မှာ မဟုတ်ဘူး…" 

 

ကလေးနှစ်ယောက်က ဤစကားကို ကြားသောအခါ၊ သူတို့က လက်မခံဘဲ ချက်ချင်း စားပွဲကို ရိုက်ကာ စားချင်ကြောင်း အော်ဟစ်ကြသည်။ 

 

စုန့်တရှန်က ပန်းကန်ကို ကြမ်းတမ်းစွာ ချလိုက်ရာ၊ "ဘောင်း" ဟူသော ကျယ်လောင်သည့် အသံ ထွက်ပေါ်လာပြီး၊ ကလေးနှစ်ယောက်ကို စိုက်ကြည့်နေသည်။ ထိုသို့ စိုက်ကြည့်မှုအောက်တွင်၊ သူတို့၏ အသံများက တဖြည်းဖြည်း တိုးသွားပြီး နောက်ဆုံးတွင် အသံ မရှိတော့သည်အထိ ဖြစ်သွားလေသည်။ 

 

ဝန်းကျင်မှာ သေလောက်အောင် တိတ်ဆိတ်နေပြီး၊ အမေစုန့်က စုန့်တရှန်က နှစ်သိမ့်ရန် ထွက်လာခဲ့သည်။  


"တရှန်… မင်းရဲ့ အစ်ကိုကြီးကို သူတို့လုပ်ခဲ့တာတွေ ငါပြောပြမယ်… စိတ်မဆိုးပါနဲ့… ဒါပေမယ့် တရှန်… ဒီစားစရာက ငါတို့စားဖို့ တကယ်ပဲ အရမ်းနည်းနေတယ်… မင်း ထပ်ချက်ပေးလို့ ရမလား… နည်းနည်းလေးပဲလေ…" 


လီမော့က ဒေါသဖြင့် ရယ်လိုက်သော်လည်း စကားဆက်မပြောတော့ဘဲ စုန့်တရှန်ကို သူ၏ မိခင်အား မည်သို့ ဆက်ဆံမည်ကို ကြည့်ရန် လွှဲပြောင်းပေးလိုက်သည်။ သူမက အပြင်လူ ဖြစ်ပြီး တစ်စုံတစ်ခု ပြောရန် မကောင်းပေ။ ထို့အပြင် စုန့်တရှန်က သူ့အမေကို မရိုမသေပြုမှုအတွက် စိတ်မကျေမနပ် ဖြစ်ကောင်း ဖြစ်နိုင်သည်။ 

 

စုန့်တရှန်က သူ၏ မိခင်၏ စကားကို ကြားသောအခါ၊ သူ၏ သွားများ ရုတ်တရက် ကြိတ်လိုက်မိသည်။ သူ ထိန်းချုပ်ထားခဲ့သော စကားများအားလုံးက နောက်ဆုံးတွင် ထွက်ကျသွားသကဲ့သို့ ဖြစ်နေသည်။ သူပြောလိုက်သည်။ 


"အမေ… ကျွန်တော် ဒီလောက် ဆင်းရဲနေတဲ့အချိန်မှာ ထမင်းဝယ်ဖို့ ပိုက်ဆံရှိတယ်လို့ အမေ ထင်နေတာလား… ကျွန်တော်တို့ နေ့တိုင်း ဆန်ကွဲပြုတ်ကို သနပ်နဲ့ စားနေရတာ …ဒါတွေကို ဝယ်ဖို့ လီမော့က သူ့ကိုယ်ပေါ်က နောက်ဆုံးပစ္စည်းကို ထုတ်ရောင်းခဲ့တာ… ရှောင်ပေါင်အတွက် သူဝယ်ခဲ့တဲ့ အစားအစာကို သူ့ယောက်မနဲ့ သူ့တူနှစ်ယောက်က ခိုးသွားကြတယ်… အခု… ဒီဟင်းက အမေတို့အတွက် မလောက်ဘူး… ဒါဆို အမေ ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲ… အပြင်ထွက်ပြီး တောင်းစားရမှာလား…" 

 

အမေစုန့်၏ ခေါင်းသည် စုန့်တရှန်၏ စကားများကြောင့် တဖြည်းဖြည်း နိမ့်ကျသွားလေသည်။ သူမ၏ အကြီးဆုံးချွေးမက သူမ၏ နားထဲတွင် ပွစိပွစိ ပြောဆိုခြင်းကို ခံရချိန်က၊ သူမက သူမ၏ ဒုတိယသားတွင် ငွေများ ဝှက်ထားသည်ဟု တဖြည်းဖြည်း ခံစားလာရပြီး၊ သူက ကောင်းမွန်သော ဘဝတစ်ခု ရှိနေသည်ဟု ထင်ခဲ့သည်။ ဒုတိယသားက ဤသို့ ပြောလိုက်သောအခါ၊ သူမ၏ အပြစ်ရှိသလို ခံစားမှုက တစ်ဖန် ပြန်ပေါ်လာပြီး၊ သူမက စကားမပြောနိုင်တော့ပေ။ အချိန်အတော်ကြာပြီးနောက်မှ သူမက မျက်နှာနီမြန်းလျက် ထရပ်လိုက်ပြီး ကလေးနှစ်ယောက်ကို ဆွဲကာ ပြောသည်။


"တရှန်… ဒါ အမေ့အမှားပါ… ဒါဆို အမေ သွားတော့မယ်…" 

 

စကားပြောပြီးနောက်၊ သူမက ကလေးနှစ်ယောက်နှင့်အတူ အလျင်အမြန် ထွက်သွားခဲ့လေသည်။ 

 

လီမော့က အမေစုန့်၏ ပုံရိပ်ကို စကားမပြောဘဲ ကြည့်နေသော်လည်း၊ သူမ၏ စိတ်ထဲတွင် ရယ်စရာကောင်းနေသည်။ အမေစုန့်က အချိန်တိုင်း အပြစ်ရှိသလို ခံစားရပြီး အမှုကို ကျူးလွန်ပြီးနောက် ထွက်ပြေးသွားတတ်ပုံရသည်။ 

 

အမေစုန့် ထွက်သွားသောအခါ၊ လီမော့ စားပွဲပေါ်ရှိ ပန်းကန်အလွတ်များကို ကြည့်လိုက်ပြီး၊ သူမ၏ ဒေါသက တစ်ဖန် ထွက်ပေါ်လာသည်။ သူမက နောက်ဆုံးတွင် တစ်စုံတစ်ခု ဝယ်ခဲ့ရုံမျှဖြင့် အခြားလူများ၏ ဗိုက်ထဲသို့ ကျွေးမွေးခံလိုက်ရသော်လည်း၊ သူမက ထုတ်မပြောနိုင်ခဲ့ပေ။ သူမက အမှန်တကယ်ပင် မကျေမချမ်း ခံစားနေရသည်။ 

 

စုန့်တရှန်က လီမော့၏ မကျေမချမ်းဖြစ်နေသော မျက်နှာကို တစ်ချက် လှမ်းကြည့်လိုက်ပြီး၊ သူ၏ နှုတ်ခမ်းများက လှုပ်ရှားသွားကာ၊ တစ်စုံတစ်ခု ပြောလိုခဲ့သည်။ နောက်ဆုံးတွင် သူက သက်ပြင်းချလိုက်ပြီး ထရပ်လိုက်သည်။ သူ ပြောလိုက်သည်။ 


"ကိုယ် မီးဖိုချောင်သွားပြီး ဆန်ပြုတ်နည်းနည်း ချက်လိုက်ဦးမယ်…" ဟုဆိုကာ မီးဖိုချောင်သို့ သွားခဲ့သည်။ 

 

လီမော့က ဘာမှမပြောဘဲ၊ သူ့ကိုလည်း မကူညီခဲ့ပေ။ သူမက မလှုပ်ရှားချင်ခဲ့ပေ။ 

 

နောက်ဆုံးတွင်၊ သူမက ဆန်ပြုတ်အနည်းငယ် စားခဲ့ပြီး နောက်ဆုံးတွင် ဗိုက်ဆာခြင်း မခံစားရတော့ပေ။ လီမော့ ရေနွေးအနည်းငယ် ကြိုကာ အသစ်ဝယ်ထားသော ဇလုံဖြင့် ရေချိုးခဲ့ပြီးနောက်၊ ရှောင်ပေါင်ကို ရေချိုးပေးကာ၊ မိသားစုသုံးယောက်က အိပ်ရာဝင် အနားယူကြသည်။ 

 

လီမော့က ရှောင်ပေါင်အား ပုံပြင်ပြောပြပြီး သူ့ကို အိပ်ပျော်အောင် ချော့မြှူပြီးနောက်၊ တိုးပွားလာသော တင်းမာမှုက နောက်ဆုံးတွင် ငြိမ်သက်သွားသည်။ 

 

ထိုအချိန်တွင်၊ လက်တစ်ဖက်က ဆန့်ထွက်လာပြီး လီမော့၏ လက်ကို ကိုင်လိုက်ရာ၊ လီမော့က လွတ်မြောက်ရန် ရုန်းကန်ခဲ့သော်လည်း၊ သူမကို ကိုင်ထားသော လက်က သူမကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ 

 

အမှောင်အတွင်း၌ စုန့်တရှန်၏ အနည်းငယ်သြနေသော အသံက ထွက်ပေါ်လာသည်။ 


"စိတ်မဆိုးပါနဲ့… နောင်မှာ ထပ်ဖြစ်တော့မှာ မဟုတ်ဘူး…" 

 

လီမော့က ဘာမှမပြောပေ။ 

 

အချိန်အတော်ကြာပြီးနောက်မှသာ သူမက "အွန်း" ဟူသော အသံ ပြုလိုက်လေသည်။




👱‍♀️👱‍♀️