Chapter 12
Viewers 4k

👱‍♀️Chapter 12



 

နံနက်ခင်းတွင် စုန့်တရှန်က သူတို့၏ လယ်ကွင်းများသို့ ရေလောင်းရန် ထွက်သွားပြီး နောက်တစ်နေ့တွင် လီမော့ကို တောင်ကုန်းနောက်သို့ ခေါ်ဆောင်သွားခဲ့သည်။

 

စုန့်တရှန်က နောက်ကျောတွင် တောင်းတစ်လုံးကို လွယ်ထားပြီး ရှေ့တွင် ရှောင်ပေါင်ကို အဝတ်စဖြင့် ပွေ့ချီထားကာ သယ်ဆောင်သွားသည်။ လီမော့က လက်ထဲတွင် တောင်းတစ်လုံးဖြင့် နောက်မှ လိုက်ပါလာခဲ့သည်။

 

အမှန်တကယ်ပင် တောင်ကုန်းနောက်တွင် နှင်းဆီပန်းများနှင့် ကျင်းဟွာများ အများအပြား ရှိနေခဲ့သည်။ လီမော့က နှင်းဆီပန်းများကို စုဆောင်းပြီး စုန့်တရှန်က ရွှေရောင်ပန်းများ (ကျင်းဟွာ) ကို စုဆောင်းခဲ့ရာ သူတို့ ယူဆောင်လာသော တောင်းများ ပြည့်ရန် အချိန်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။

 

လူများ မေးခွန်းထုတ်ခြင်းမှ ကာကွယ်ရန်၊ လီမော့နှင့် စုန့်တရှန်တို့က ပန်းများပြည့်နေသော တောင်းကို သူတို့၏ အိမ်သို့ ဦးစွာ ပြန်ပို့ခဲ့ကြပြီးနောက်တွင် သစ်သားဘူးများ ရယူရန် ဦးလေးကျန်း၏ အိမ်သို့ သွားခဲ့ကြသည်။

 

လီမော့က မူလက ရှေးခေတ်လက်မှုပညာရှင်က များများစားစား ပိုကောင်းအောင် လုပ်နိုင်မည် မဟုတ်ဟု ထင်ခဲ့သော်လည်း ရလဒ်ကြောင့် သူမက အံ့အားသင့်သွားသည်။ ဦးလေးကျန်း ပြုလုပ်ခဲ့သော သစ်သားဘူးက နူးညံ့သိမ်မွေ့ပြီး အလွန်ချောမွေ့အောင် ပွတ်တိုက်ထားသည်။ အဖုံးကို ပိတ်လိုက်သောအခါ မည်သည့် ကြားလပ်ကိုမျှ မမြင်ရပေ။ အဖုံးကို ဖယ်ရှားလိုက်သောအခါ မည်သည့် အဟန့်အတားမျှ မရှိဘဲ လွယ်ကူစွာ ဖွင့်နိုင်သည်။ အဖုံးပေါ်တွင် ချိတ်ငယ်လေးတစ်ခုလည်း ရှိသည်။ ညင်သာစွာ ဖွင့်လိုက်သောအခါ ၎င်းက သစ်သားဘူး၏ ကိုယ်ထည်တွင် ခိုင်မြဲစွာ ကပ်ငြိနေသည်။ ထို့ကြောင့် အမှုန့်များ ဖိတ်စင်သွားမည်ကို စိုးရိမ်စရာ မလိုပေ။

 

ဤဘူးဖြင့် သူမ၏ အမွှေးဆီခဲက လုံးဝ နိမ့်ကျမနေတော့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းက သူမ၏ အမွှေးဆီခဲအတွက် အမှတ်များ ပေါင်းထည့်ပေးလိမ့်မည်။ လူများက ပိုမို ဝယ်ယူကြလိမ့်မည်။

 

လီမော့က ဦးလေးကျန်းအား စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး နောင်တွင် မည်သည့်အရာအတွက်မဆို ဦးလေးကျန်းထံ လာရောက်မည်ဖြစ်ကြောင်းကို တိတ်တဆိတ် ပြောလိုက်မိသည်။

ဘူးကို ရရှိပြီးနောက် လီမော့က အမွှေးဆီခဲ ပြုလုပ်ရန် ပါဝင်ပစ္စည်းများ ပြင်ဆင်ခြင်းကို စတင်ခဲ့သည်။

 

လီမော့က နှင်းဆီပန်းများကို ကောက်ယူပြီး နှင်းဆီပွင့်ဖတ်များကို စတင် ခူးယူခဲ့သည်။ သူမက နှင်းဆီပန်းများကို ရေဖြင့် ဆေးကြောကာ ကြေမွနေသော ကျင်းဟွာများနှင့် ရောနှောပြီး အိုးတစ်လုံးအတွင်းသို့ ထည့်ပြီး မီးပြင်းဖြင့် ပေါင်းခဲ့သည်။

 

တစ်နာရီကြာပြီးနောက် နှင်းဆီပန်းများနှင့် ကျင်းဟွာများက ပိုမိုနူးညံ့ပြီး ပျော့ဖတ်လာလေပြီ။ လီမော့က ၎င်းတို့ကို တူဖြင့် မွှေနှောက်ကာ အနည်းဆုံး ဆယ့်ငါးမိနစ်ခန့် ပေါင်းစေပြီး မီးမငြှိမ်းသတ်မီ ဇလုံတစ်ခုသို့ ပြောင်းရွှေ့ခဲ့သည်။ သူမက မျက်နှာလိမ်းဆီ အတုံးနှစ်တုံး ထည့်ကာ ညီညာစွာ မွှေနှောက်ပြီး ပန်းများကို ထောင်းချေခဲ့သည်။ ဤတစ်ကြိမ်တွင် အဆီခဲက နောက်ဆုံးတွင် ကြည့်ကောင်းသွားလေသည်။ ၎င်းက ပါးနီ နှင့် ဆင်တူလုနီးပါး ဖြစ်နေပြီး လှပနေ၏။

 

လီမော့ သူမ၏ လက်ကို ဆန့်ထုတ်ကာ အဆီခဲအတွင်းသို့ နှစ်လိုက်ပြီး သူမ၏ လက်ကောက်ဝတ်ပေါ်တွင် ညင်သာစွာ သုတ်လိမ်းကာ ညီညာစွာ ဖြန့်ကျက်လိုက်သည်။ သူမ၏ လက်ကောက်ဝတ်ပေါ်တွင် အနီရောင် အစွန်းအထင်း မရှိပေ။ ၎င်းက သူမ၏ လက်ကောက်ဝတ်ကို တစ်စုံတစ်ခု သုတ်မထားသကဲ့သို့သာ မြင်ရသော်လည်း အဆီခဲမှ ထွက်ပေါ်လာသော ရနံ့ကိုမူ အနံ့ခံနိုင်သည်။

 

သူမက အဆီခဲကို ပြင်ဆင်ထားသော သစ်သားဘူးများအတွင်းသို့ ပြောင်းရွှေ့ကာ ဘူးအတွင်း၌ ဖိနှိပ်ပြီး အေးသွား‌စေရန် ခဏကြာ စောင့်ဆိုင်းခဲ့သည်။

 

လီမော့က ဘူးသုံးဘူးကို ကောက်ယူကာ ထုပ်ပိုးပြီး အဒေါ်ကျောက်၏ အိမ်သို့ လမ်းလျှောက်သွားခဲ့သည်။

 

လီမော့က စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကာ အဒေါ်ကျောက်၏ အိမ်သို့ ဘူးသုံးဘူး ပို့ပေးခဲ့သည်။ အကယ်၍ သူမက အဆီခဲကို ရောင်းချလိုပါက သူမက တစ်စုံတစ်ယောက်ကို စမ်းသပ်သုံးစွဲစေပြီး ကြော်ငြာပေးရန် လိုအပ်သည်။ ဤအရာကို သူတို့မိသားစုနှင့် ဆက်ဆံရေးကောင်းမွန်သော အဒေါ်ကျောက်၏ မိသားစုမှသာလျှင် လုပ်ဆောင်နိုင်သည်။

 

လီမော့က နေ့လယ်စာ စားပြီးနောက် ဝင်လာခဲ့သည်။ ကျောက်မိသားစုက စားသောက်ပြီးကာစဖြစ်ပြီး မိသားစုဝင်များက အနားယူနေကြလေသည်။

 

ကျောက်ချင်ဟွာက လီမော့ ရောက်လာသည်ကို မြင်သောအခါ သူမ၏ မျက်လုံးများက အရောင်တောက်လာပြီး သူမ ချက်ချင်း နှုတ်ဆက်လိုက်သည်။


"ယောက်မ… ရောက်လာပြီလား…"

 

လီမော့က ပြုံးလိုက်ပြီး သူမ၏ လက်ကို ဆွဲလိုက်သည်။

 

ဤအချိန်တွင် ကျောက်မိသားစုရှိ လူတိုင်းက သူမကို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကြသည်။ 

အဒေါ်ကျောက်က လီမော့ကို တိုက်ရိုက် မေးလိုက်သည်။


"လီမော့… မင်း အဒေါ့်ကို ရှာဖို့ ဒီကို လာတာလား…"

 

လီမော့က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

"အဒေါ်… ကျွန်မ အဒေါ်နဲ့ ပြောစရာလေးတစ်ခု ရှိလို့ပါ…"


သူမက ယူလာသည့် ဘူးသုံးဘူးကို ထုတ်ယူပြီး စားပွဲပေါ်တွင် ချလိုက်သည်။

 

ဤအချိန်တွင် လူတိုင်းက စူးစမ်းလိုစိတ်ဖြင့် အနားသို့ ရောက်လာကြသည်။ သူတို့က သစ်သားဘူးကို စူးစမ်းစွာ ကြည့်နေကြသည်။

 

"အစ်မ လီမော့… ဒါက ဘာလဲ…" 

ချင်လန်ဟွာက မေးလိုက်သည်။ (TN - ကျောက်ချင်ဟွာနှင့် အတူတူ ဖြစ်ပုံရသည်)

 

လီမော့က ပြုံးလိုက်သည်။

"ဒါက ကျွန်မ လုပ်ထားတဲ့ အဆီခဲပါ… ကျွန်မ ဒါကို ရှင်တို့ကို ပေးချင်လို့ပါ…"

 

ကျောက်မိသားစုက ဤစကားကို ကြားသောအခါ သူတို့က ချက်ချင်း အံ့အားသင့်သွားကြသည်။

"ခရင်မ်လား… ဒါက အဆီခဲလား… ဒါက ပစ္စည်းကောင်းပဲ…"

 

လီမော့က ပြုံးလိုက်သည်။ သူမက တစ်ဘူးကို ဖွင့်လိုက်ပြီး သူမ၏ လက်ဖြင့် အနည်းငယ် ယူကာ ချင်ဟွာ၏ လက်ကို ဆွဲပြီး သူမ၏ လက်ကောက်ဝတ်ပေါ်တွင် ညင်သာစွာ လိမ်းကျံပေးလိုက်သည်။ ထို့နောက် အဆီခဲအဖုံးကို ပြန်ဖုံးလိုက်ပြီး လူတိုင်းကို မေးလိုက်သည်။


"ရနံ့ မွှေးရဲ့လား…"

 

လီရှောင်ဖုန်းက အဆီခဲနှင့် ခြေလှမ်းနှစ်လှမ်း အကွာသို့ သွားလိုက်ရာ အဝေးမှပင် အနံ့ခံနိုင်သည်။ ၎င်းက သူမ ယခင်က အလှကုန်ဆိုင်တွင် အနံ့ခံခဲ့သော အဆီခဲထက် အမှန်တကယ် ပိုမွှေးသည်။ သူမက ချင်ဟွာ၏ ပတ်လည်တွင် လျှောက်သွားကြည့်ရာ ချင်ဟွာကို ဝန်းရံနေသော ရနံ့ကို သူမ အနံ့ခံနိုင်သည်။ 


"ဒါက အရမ်း ပြင်းတာပဲ… လက်ကောက်ဝတ်ပေါ်မှာ နည်းနည်းလေး လိမ်းရုံပဲ… တစ်ကိုယ်လုံးမှာ အနံ့ရတယ်… မွှေးလိုက်တာ… ယောက်မ… ဒါကို တကယ်ပဲ လုပ်ထားတာလား…"

 

လီမော့က ခေါင်းညိတ်ပြီး အဆီခဲဘူးသုံးဘူးကို သူတို့ရှေ့သို့ တွန်းပို့လိုက်သည်။ 

"ယောက်မ… ကျွန်မ ဒါကို လုပ်ထားတာပါ… ကျွန်မ ရှင်တို့ကို လိမ်မှာ မဟုတ်ပါဘူး… ကျွန်မ ဒါကို ရောင်းဖို့ စီစဉ်ထားပြီး ရှင်တို့ကို ဘူးသုံးဘူး ပေးတာပါ… ရှင်တို့ သုံးကြည့်ပြီး တခြားသူတွေကို ကူညီပြီး ညွှန်းပေးပါ…"

 

ယန်လန်ဟွာက အနည်းငယ် ရှက်ရွံ့သွားသည်။

"ညီမလေး လီမော့… ဒီအဆီခဲက အရမ်းဈေးကြီးတယ်… ရှင်က ကျွန်မတို့ကို တစ်ခါတည်း ဘူးသုံးဘူးတောင် ပေးတယ်… ရှင် အများကြီး ရှုံးလိမ့်မယ်… ဒီလိုလုပ်လို့ မဖြစ်ဘူး…"

 

လီမော့က ခေါင်းခါလိုက်သည်။

"ယောက်မ… ကျွန်မ ဒါကို လုပ်ထားတာပါ… ကျွန်မ ဈေးကြီးပေးပြီး ဝယ်ထားတာ မဟုတ်ပါဘူး… ရှင်တို့ ကောင်းကောင်း သုံးကြည့်ပြီး တခြားလူတွေကို ညွှန်းပေးပါ… ဒါဆိုရင် ကျွန်မ ပိုက်ဆံရှာနိုင်မှာပါ…"

 

ချင်ဟွာက ဤအချိန်တွင် စိုးရိမ်စွာ ပြောလိုက်သည်။

"ယောက်မ… ရှင့်ရဲ့ အဆီခဲက ကောင်းပါတယ်… ဒါပေမယ့် ဒီအဆီခဲက အရမ်းဈေးကြီးတယ်… ပြီးတော့ ကျွန်မတို့ရွာက လူတွေက ဝယ်ဖို့ ပိုက်ဆံသုံးရမှာကို တွန့်ဆုတ်နေကြမှာ သေချာတယ်…"

 

အခြားလူများက ချင်ဟွာ၏ စကားကို သဘောတူကြသည်။ ဤရွာရှိ လူများက ဝယ်ရန် တွန့်ဆုတ်နေကြပေမည်။

 

လီမော့က ထိုအချိန်တွင် ရှင်းပြသည်။

"ကျွန်မက အလှကုန်ဆိုင်က ဈေးနှုန်းအတိုင်း ထားမှာ မဟုတ်ပါဘူး… ဒီအဆီခဲကို နေ့တိုင်း သုံးရင်တောင်မှ ဘူးတစ်ဘူးက ၃ လလောက် သုံးလို့ရတယ်… ကျွန်မ တစ်ဘူးကို ၅ ယွမ်နဲ့ပဲ ရောင်းမှာပါ… သူတို့ ဝယ်ကြဦးမှာ မဟုတ်သေးဘူးလို့ ရှင်တို့ ထင်နေသေးလား…"

 

"ဘာ… ယောက်မ… ရှင် ဒီလိုဘူးမျိုးကို တစ်ဘူး ၅ ယွမ်ပဲ ယူတာလား… ဒါက အရမ်းဈေးပေါလွန်းတယ် မဟုတ်လား… အလှကုန်ဆိုင်မှာ အသက်သာဆုံးက ၁၅ ယွမ်တောင် ရှိတယ်…" 

လီရှောင်ဖုန်းက အံ့အားသင့်သွားသည်။

 

လီမော့: "တကယ်ပဲ ၅ ယွမ်ပါ… ကျွန်မက ရွာက အမျိုးသမီးတွေကို ရောင်းမှာပါ… ကျွန်မ ပိုမြင့်တဲ့ဈေး တောင်းချင်တာ မဟုတ်ပါဘူး… ကျွန်မက တစ်ဘူးစီအတွက် နည်းနည်းလေးပဲ အမြတ်ရချင်တာပါ…"

 

"ဒီလောက်ကောင်းတဲ့ ပစ္စည်းက ၅ ယွမ်ပဲ ဆိုသရွေ့တော့ သူတို့ ဝယ်ကြမှာပါ…" 

ဤအချိန်တွင် အဒေါ်ကျောက်ကလည်း စကားပြောလာသည်။

 

လီမော့က ပြုံးလိုက်သည်။

"ဒါဆို အဒေါ်… အစ်မလန်ဟွာ… ပြီးတော့ ညီမချင်ဟွာ… သူတို့ကို သုံးပြီးရင် တခြားလူတွေနဲ့ ဒါအကြောင်း ကူညီပြီး ပြောပေးကြပါ… သူတို့ စိတ်ဝင်စားတယ်ဆိုရင် ကျွန်မ ရောင်းနေတယ်လို့ သူတို့ကို ပြောပြပေးပါ…"

 

လူအများအပြားက ခေါင်းညိတ်ပြီး သဘောတူကြသည်။

 

လီမော့က မူလက တစ်စုံတစ်ယောက် ဝယ်ယူရန် စဉ်းစားမည်က ရက်အနည်းငယ် ကြာလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် နေ့လယ်ခင်းတွင် ချင်ဟွာက မိန်းကလေးငယ်တစ်ယောက်ကို သူမ၏ အိမ်သို့ ခေါ်ဆောင်လာခဲ့သည်။

 

"ယောက်မ… ဒါက ထောင်ကျီပါ… ကျွန်မရဲ့ သူငယ်ချင်းကောင်းပါ… သူက ယောက်မရဲ့ အဆီခဲကို ဝယ်ချင်လို့တဲ့…" 

ချင်ဟွာက ထိုမိန်းကလေးကို လီမော့အား မိတ်ဆက်ပေးသည်။

 

လီမော့က မိန်းကလေးကို ကြည့်ပြီး ပြုံးလျက် ပြောလိုက်သည်။

"အထဲဝင်ပြီး ထိုင်စကားပြောကြရအောင်…"

 

ထောင်ကျီက အနည်းငယ် ရှက်နေသည်။ လီမော့ကို မြင်သောအခါ သူမ၏ မျက်နှာက အနည်းငယ် နီရဲနေသည်။ သူမက ဤမျှ လှပသော လူတစ်ယောက်ကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူမက လီမော့ကို အနည်းငယ် ပိုကြာကြာ ကြည့်မိခြင်းကို မတားဆီးနိုင်ခဲ့ပေ။

 

လီမော့က မိန်းကလေးငယ်၏ ခိုးကြောင်ခိုးဝှက် အကြည့်ကို မြင်တွေ့လိုက်သည်။ သူမက ရယ်မောမိပြီး သူမ၏ အကြည့်ကို သတိမပြုမိဟန် ဆောင်လိုက်သည်။ သူမက မီးဖိုချောင်သို့ သွားပြီး သူတို့နှစ်ယောက်အတွက် ရေနှစ်ခွက် ထည့်ပေးလိုက်သည်။


 

"ယောက်မ… ဒီလိုလုပ်စရာ မလိုပါဘူး… ကျွန်မတို့က ယောက်မရဲ့ အဆီခဲကို လာဝယ်တာပါ…" 

ချင်ဟွာက ပြောလိုက်သည်။

 

"ကျွန်မက ယောက်မရဲ့ အဆီခဲကို လိမ်းပြီး ထောင်ကျီနဲ့ သွားဆော့တယ်… ထောင်ကျီက ကျွန်မကိုယ်ပေါ်က ရနံ့ကို အနံ့ရတယ်… မွှေးနေတာပဲ…" 

ချင်ဟွာက စကားပြောပြီးနောက် မရယ်ဘဲ မနေနိုင်တော့ပေ။

 

ဘေးရှိ ထောင်ကျီကလည်း ခေါင်းညိတ်ကာ အသံငယ်ဖြင့် ပြောသည်။

"ယောက်မ… ချင်ဟွာရဲ့ ကိုယ်ပေါ်က အနံ့က တကယ်ကောင်းတယ်… ကျွန်မလည်း ယောက်မရဲ့ အဆီခဲကို ဝယ်ချင်တယ်…"

 

လီမော့က ခေါင်းညိတ်ပြီး သူတို့ကို ခဏစောင့်ရန် ပြောကာ သူမ၏ အခန်းအတွင်းသို့ ဝင်သွားပြီး အဆီခဲဘူးတစ်ဘူးကို ယူထုတ်ကာ ထောင်ကျီထံသို့ ကမ်းပေးလိုက်သည်။

"လာ… ဒါက အဆီခဲပဲ… စမ်းကြည့်ချင်လား…"

 

ထောင်ကျီက စိတ်လှုပ်ရှားသွားသည်။ လီမော့က သူမအား စမ်းကြည့်ချင်သလားဟု မေးသည့်အခါ သူမက ရှက်ရွံ့စွာဖြင့် ချက်ချင်း ခေါင်းညိတ်လိုက်သည်။ သူမက ဘူးကို ဂရုတစိုက် ဖွင့်လိုက်ရာ ဘူးအတွင်းရှိ ပန်းရောင်အဆီခဲကို သူမ မြင်တွေ့ခဲ့သည်။ ၎င်းက လှပနေသည်။

 

ထောင်ကျီက မျက်တောင်ခတ်လိုက်ပြီး လီမော့အား ရှက်ရွံ့သည့် အရိပ်အယောင်ဖြင့် မေးလိုက်သည်။ "ယောက်မ… ဒါကို ဘယ်လိုသုံးရမလဲ…"

 

လီမော့က ဘူးကို ယူကာ အနည်းငယ် ထုတ်ယူပြီး ထောင်ကျီ၏ လက်ကို ဆွဲကာ သူမ၏ လက်ကောက်ဝတ်ပေါ်တွင် လိမ်းကျံပေးလိုက်သည်။ 

"ကြည့်… နည်းနည်းလေးပဲ ယူ… ပြီးတော့ ရှင့်ရဲ့ လက်ကောက်ဝတ် ဒါမှမဟုတ် လည်ပင်းမှာ လိမ်းလိုက်… နည်းနည်းလေးပဲ လိမ်းရုံနဲ့ တစ်နေ့လုံး ခံတယ်… ပိုလိမ်းစရာ မလိုဘူး…"

 

ထောင်ကျီက သူမ၏ လက်ကောက်ဝတ်ကို အနီးကပ်၍ အနံ့ခံလိုက်သည်။ ၎င်းက အမှန်တကယ်ပင် မွှေးကြိုင်နေသည်။ သူမက အမှန်တကယ်ကို ပျော်ရွှင်နေမိသည်။ သူမက သူမ၏ ပိုက်ဆံအိတ်အတွင်းမှ  ၅ ယွမ်ကို ထုတ်ယူပြီး လီမော့ထံသို့ ကမ်းပေးလိုက်သည်။

 

"ယောက်မ… ဒါက ပိုက်ဆံပါ… ယောက်မရဲ့ အဆီခဲက အလှကုန်ဆိုင်က အဆီခဲထက် အများကြီး ဈေးသက်သာတယ်…"

 

လီမော့က တုံ့ဆိုင်းမနေဘဲ ပိုက်ဆံကို ယူလိုက်သည်။

"ဒါဆို ဒီယောက်မက ပိုက်ဆံယူလိုက်မယ်… ရှင်တို့သာ စိတ်မရှိဘူးဆိုရင် ရှင်တို့ရဲ့ သူငယ်ချင်းတွေကိုလည်း ညွှန်းပေးလို့ရတယ်…"

 

ထောင်ကျီက ခေါင်းညိတ်လိုက်သည်။

"ဒါက အရမ်းဈေးသက်သာတာပဲ… ကျွန်မ သူတို့ကို ယောက်မဆီကို သေချာပေါက် ညွှန်းပေးပါ့မယ်…"

 

ဘေးရှိ ချင်ဟွာက လီမော့၏ အင်္ကျီလက်စကို ဆွဲကာ မျက်တောင်ခတ်ပြီး ချွဲနွဲ့စွာ ပြောလိုက်သည်။  “ယောက်မ… ကျွန်မ ထောင်ကျီကို ယောက်မ ကျွန်မကို အရင်တစ်ခါက မိတ်ကပ်လိမ်းပေးခဲ့တာကို ပြောပြတာ… ထောင်ကျီက မယုံဘူး… ယောက်မ… ယောက်မ ထောင်ကျီကို ပြင်ပေးလို့ရမလား… သူက မကြာခင် လက်ထပ်တော့မှာ… ယောက်မ သူ့ကို ပိုလှအောင် လုပ်ပေးရင် သူက တခြား အလှပြင်ဆရာမတွေကို မေးစရာ မလိုတော့ဘူး…"

 

ထောင်ကျီကလည်း လီမော့ကို စူးစမ်းလိုစိတ်နှင့် တောင့်တမှုတို့ဖြင့် ကြည့်နေသည်။

 

လီမော့က ပြုံးလိုက်သည်။ 

ငါက ဘယ်လိုလုပ် လက်မခံဘဲ နေနိုင်မှာလဲ…

၎င်းက သူမကိုယ်တိုင်အတွက် ကြော်ငြာသကဲ့သို့ ဖြစ်နေသည်။ သူမက လုပ်ပေးရန်ပင် မစောင့်နိုင်တော့ပေ။

 

"ဒါဆို ရှင်တို့နှစ်ယောက် ခဏစောင့်… ကျွန်မ ပစ္စည်းတွေ သွားယူလိုက်ဦးမယ်…" 

 

လီမော့က ဤသို့ပြောပြီးနောက် သူမ မိတ်ကပ်ပစ္စည်းများ ယူရန် သူမ၏ အခန်းအတွင်းသို့ ဝင်သွားခဲ့သည်။

 

ကျန်ရစ်ခဲ့သော မိန်းကလေးငယ်နှစ်ယောက်က ပျော်ရွှင်မှုကြောင့် မျက်လုံးများက အရောင်တောက်နေကြသည်။

 

လီမော့က ထောင်ကျီ၏ မျက်နှာကို ပိုမိုအနီးကပ် ကြည့်လိုက်သည်။ သူမ၏ အသားအရေက ကြမ်းတမ်းသည်။ သူမ၏ မျက်လုံးများက အတော်အတန် သေးငယ်ပြီး၊ သူမ၏ နှုတ်ခမ်းများကမူ အနည်းငယ် ထူသည်။ မိတ်ကပ်လိမ်းခြယ်သည့်အခါ သူမက ဤအချက်များကို အာရုံစိုက်သင့်သည်။

 

စဉ်းစားပြီးနောက် လီမော့က အလှကုန်များကို ကောက်ယူပြီး ထောင်ကျီ၏ မျက်နှာပေါ်တွင် လျင်မြန်စွာ လှုပ်ရှားလိုက်သည်။

 

ချင်ဟွာက လီမော့ ယခင်တစ်ခါက သူမအား မိတ်ကပ် မည်သို့ လိမ်းခြယ်ပေးခဲ့သည်ကို မမြင်တွေ့ခဲ့ရဘဲ သူမကို အလွန်လှပအောင် ပြုလုပ်ပေးခဲ့သည်။

 

နောက်ဆုံးတွင် သူမက ယခု မြင်တွေ့ခဲ့ရသော်လည်း သူမ မြင်တွေ့ပြီးနောက် လီမော့က အမှန်တကယ်ပင် မယုံနိုင်စရာ ကောင်းသည်ဟုသာ ခံစားမိသည်။ သူမက ခြေလှမ်းတိုင်းကိုသာ ကြည့်နေခဲ့လျှင်ပင်၊ သူမ ဘာလုပ်ခဲ့သည် သို့မဟုတ် မည်သို့ လုပ်ဆောင်ခဲ့သည်ကိုမူ သူမ မှတ်မိနိုင်ခြင်း မရှိသေးပေ။

 

အကယ်၍ သူမက ဤသူက ထောင်ကျီ ဖြစ်ကြောင်းကိုသာ မသိခဲ့ပါက သူမ(ချင်ဟွာ)က သူမ(ထောင်ကျီ)ကို မှတ်မိမည် မဟုတ်ပေ။ 

ထောင်ကျီက ဘာကြောင့်များ ဒီလောက် လှနေရတာလဲ…

 

ထောင်ကျီ၏ ကြမ်းတမ်းသော အသားအရေက ပျောက်ကွယ်သွားလေသည်။ ယခု သူမ၏ မျက်နှာက ချောမွေ့ပြီး ဖြူဖွေးနေ၏။ သူမ၏ မျက်လုံးများက ကြီးမားပြီး တက်ကြွနေကာ ယခင်က အမြဲတမ်း ထူထည်းခဲ့သော သူမ၏ နှုတ်ခမ်းများပင်လျှင် ဤအခိုက်အတန့်တွင် ပန်းရောင်သန်းပြီး နူးညံ့နေကာ လူများကို ဆန့်ထုတ်ချင်စိတ် ဖြစ်ပေါ်စေသည်။ ၎င်းကို ထိတွေ့ပြီး မည်သို့ ခံစားရသည်ကို သိချင်စိတ် ပေါက်စေသည်။ လီမော့ ဖန်တီးပေးသော ဆံမြိတ်ချထားသော ဆံထုံးနှင့် တွဲဖက်လိုက်သောအခါ ထောင်ကျီက မြို့ပြင်ရှိ ဟွမ်ယွမ်၏ သမီးထက်ပင် ပိုမိုလှပနေသည်။


"ထောင်ကျီ… နင် အခု ဘယ်လောက်လှနေလဲဆိုတာ နင် သေချာ သိမှာ‌တောင် မဟုတ်ဘူး…" 

ချင်ဟွာက စကားပြောပြီးနောက် သူမက ချက်ချင်း မှန်ကို ယူပြီး ထောင်ကျီ မြင်နိုင်ရန် သူမ၏ ရှေ့တွင် ကိုင်ထားလိုက်သည်။ ဤအကြည့်က ချင်ဟွာအား ထိုအချိန်က သူမ၏ အမူအရာက မည်သို့ ဖြစ်နေခဲ့သည်ကို သိစေခဲ့သည်။ သူမက ငေးကြောင်နေပုံရသည်။

 

ချင်ဟွာက ပြုံးလိုက်ပြီး ထောင်ကျီကို တွန်းလိုက်သည်။ 

" ထောင်ကျီ… ရူးသွားပြီလား… အရမ်းလှလွန်းလို့လား…"

 

ထောင်ကျီက ဗလာသက်သက် ခေါင်းညိတ်ပြီး တီးတိုးရေရွတ်သည်။

"ဒါ ငါလား… သူက ဘာလို့ လှနေတာလဲ…"

 

ချင်ဟွာက ပြုံးလိုက်သည်။ သူမ ထောင်ကျီ၏ မျက်နှာကို ညှစ်လိုက်ပြီး ပြောလိုက်သည်။

"နိုးထလိုက်တော့… ဒါ နင်ပဲ…" 

 

ထောင်ကျီက ဆွဲညစ်ခံလိုက်ရသဖြင့် "အိုး…" ဟု အော်လိုက်ပြီး သူမက ချက်ချင်း ချင်ဟွာကို ကျီစယ်ကစားသည့်အနေဖြင့် ရိုက်လိုက်သည်။

"ဟေး… ငါ့မျက်နှာကို မညှစ်နဲ့… နင့်ကြောင့် မိတ်ကပ်တွေ ပျက်သွားလိမ့်မယ်…"

 

ချင်ဟွာက ရယ်မောပြီး ပြောလိုက်သည်။ 

"ဂုဏ်မောက်နေလိုက်တာ…"

 

ထောင်ကျီက ပြန်ပြောလိုက်သည်။ 

"နင်က ငါ့ထက် ပိုပြီး မာနကြီးတယ်…"

 

လီမော့က မိန်းကလေးနှစ်ယောက်၏ ကျီစယ်ကစားခြင်းကို ကြည့်နေသည်။ သူတို့က ကလေးအရွယ်များသာ ရှိသေးသော်လည်း သူတို့က ထိုမျှ ငယ်ရွယ်သော အသက်အရွယ်တွင် လက်ထပ်ကြတော့မည်။

 

ဤအချိန်တွင် သူတို့နှစ်ယောက်၏ တိုက်ခိုက်ခြင်းက ပြီးဆုံးသွားသည်။ ထောင်ကျီက တောက်ပသော မျက်လုံးများဖြင့် လီမော့၏ လက်ကို ကိုင်လိုက်သည်။

"ယောက်မ… ယောက်မရဲ့ မိတ်ကပ်က အရမ်းလှတယ်… ကျွန်မ လက်ထပ်တဲ့အခါ လာပြီး ကျွန်မကို မိတ်ကပ်လိမ်းပေးပါ… ကျွန်မ အိမ်ပြန်ပြီး ကျွန်မအမေကို ကျွန်မကို မြင်စေချင်တယ်…" 

သူမက ပြောပြီးနောက် အိမ်ပြန်ရန် မစောင့်နိုင်တော့ဘဲ အိမ်အတွင်းက ပြေးထွက်သွားခဲ့သည်။

 

ချင်ဟွာက နောက်မှ တီးတိုးရေရွတ်သည်။

"သူ ပြေးတာ အရမ်းမြန်တာပဲ…"




👱‍♀️👱‍♀️