Chapter 181
Imperial MeowFebruary 07, 2023
Chapter 181
ထို့နောက် ချန်းဟွမ်က ကျန်းမင်ယွမ်ကို ဖုန်းခေါ်လိုက်သည်။
ကျန်းမင်ယွမ်သည် အစည်းအဝေးတွင် အထက်အရာရှိတစ်ယောက်က စကားပြောနေသည်ကို နားထောင်နေစဉ် ဖုန်းက ရုတ်တရက် မြည်လာရသည်။
အစည်းအဝေးခန်းထဲရှိ လူအားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဖုန်းပိုင်ရှင်ကို ပြုံးစိစိကြည့်နေကြသည်။ သူတို့သူဌေးမှာ တစ်လောကတည်းက စိတ်နှင့်ကိုယ် မကပ်နေကြောင်း သူတို့ သိထားလေသည်။အစည်းအဝေးမစခင် ဖုန်းကို vibration mode မည်သို့ထားရမှန်းပင် မသိနိုင်တော့ရှာ။
အထက်တန်း စီမံခန့်ခွဲမှုအဖွဲ့သည် အစီရင်ခံစာကိုစောင့်ဆိုင်းနေစဉ် ဖုန်းမြည်သံ ကြားရသည့်နေရာကို လှည့်ပတ်ကြည့်ရှုလိုက်ရာ ဖုန်းမြည်သံက စားပွဲရှေ့နားမှ ထွက်လာသည်ကို သတိထားမိလိုက်သည်။
အားလုံသည် ဖြည်းဖြည်းချင်း စားပွဲရှေ့သို့ သူဌေးဖြစ်သူကို ပြုံးကြည့်လိုက်ကြသည်။ သူဌေးကလည်း လက်ကာပြကာ အစည်းအဝေးခန်းထဲမှ ထွက်သွားလေသည်။အစည်းအဝေးခန်းတံခါးကို ပိတ်ပြီးပြီးချင်း သူတို့ရူးမတတ်သိချင်သွားရသည်။အားလုံးက အကြည့်ချင်း ဖလှယ်နေကြသော်လည်း မည်သူမှ အခန်းပြင်ကို ခိုးမကြည့်ရဲကြ။
နှစ်မိနစ်အကြာတွင် ကျန်းမင်ယွမ် အခန်းထဲပြန်ရောက်လာပြီး သတင်းကောင်း ကြေညာလိုက်သည်။
“အစည်းအဝေးကို ရွှေ့ထားပါမယ်... မနက်ဖြန်မှပဲ ပြီးအောင်ဆက်လုပ်မယ်...အားလုံးကိုကျေးဇူးတင်ပါတယ်...."
ကျန်းမင်ယွမ်က လှည့်ထွက်မသွားခင် လူတိုင်းကို ခေါင်းညိတ်ပြလိုက်သေးသည်။ သူတို့အထင်သာ ဖြစ်နိုင်သော်လည်း သူဌေးက ပုံမှန်ထက်ပိုမြန်ပြီး လမ်းလျှောက်နေလေသည်။
ယခု သူဌေးလည်း အပြင်ထွက်သွားပြီ ဖြစ်၍ သူတို့လည်း ပစ္စည်းများကို ယူကာ အပြင်ထွက်ရန် ပြင်ဆင်ကြလေသည်။ချီရှန်သည် မှတ်စုအချို့ကို ကောက်မှတ်လိုက်ပြီး လက်တော့ပ်ကိုပိတ်ကာ မတ်တပ်ရပ်လိုက်သည်။ သူ အပြင်သို့ မထွက်နိုင်ခင်မှာ တစ်စုံတစ်ယောက်က သူ့ကို တံတောင်နှင့် တွက်လိုက်သည်။ထိုသူကပင် သူ့ကို အကဲခတ်သည့် အကြည့်နှင့် ကြည့်လိုက်ပြီး ပြောလေသည်။
"သူဌေး ရည်းစားထားနေတာ အစ်ကိုကြီး သိတယ်မဟုတ်လား...ကျွန်တော်တို့ကိုလည်း ပြောပြပါဦး..."
ချီရှန် စိတ်အဆင်မပြေ ဖြစ်သွားသော်လည်း ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။
သူဌေး ရည်းစားထားနေတယ်ဆိုတာ ကတော့ ဟုတ်ပါတယ်... ဒါပေမယ့် သူဌေး မခွင့်ပြုဘဲ သူလျှောက်ပြောလိုက်ရင် သူအလုပ်ဆက်လုပ်လို့ရော ရပါဦးမလား....
“သူ ရည်းစားထားနေတယ်လို့တော့ မထင်ဘူး.... သူဌေးမှာ သားတစ်ယောက်ရှိတယ်ဆိုတာ မကြားလိုက်ဘူးလား... သူ့သားကို ကျောင်းသွားကြိုတာ ဖြစ်နိုင်တယ်...”
ချီရှန် ပြောပြီးပြီးချင်း အခြားတစ်ယောက်ကလည်း လှမ်းပြောလိုက်သည်။
"ကျွန်မ ပြောတာမှန်တယ်မလား..."
"မသိဘူး...သူဌေးက မပြောပြဘူး..."
လက်ထဲမှာရှိသည့် လက်တော့ပ်ကို တင်းတင်းဆုပ်ကာ ချီရှန် တခြားလူများဘေးမှ ဖြတ်လျှောက်သွားလိုက်သည်။
“ကျွန်တော့်မှာ နောက်ထပ် လုပ်စရာတွေ ရှိသေးတယ်... နောက်မှပြော..."
***
ရှင်းရှင်း ဆီမှ ဖုန်းဝင်လာပြီးကတည်းက ကျန်းမင်ယွမ် စိတ်လှုပ်ရှားနေခဲ့ရပြီး ချန်းဟွမ် အိမ်သို့ ကားမောင်းရသည်ကိုပင် စိတ်မရှည်နိုင်တော့။သူ ချန်းဟွမ် အိမ်သို့ ရောက်သည့်အခါ သူ့နာရီကို အနည်းဆုံး ဆယ်ခါခန့် တကြည့်ကြည့် ဖြစ်နေလေသည်။
သူ ဓါတ်လှေကားထဲမှ မထွက်မီ အသက်ဝဝရှူလိုက်ပြီး တံခါးကို ခေါက်လိုက်သည်။ အခန်းထဲမှ ခြေသံဖွဖွကို ကြားနေရသဖြင့် တတ်နိုင်သမျှ စိတ်ငြိမ်အောင် ကြိုးစားသော်လည်း သူ့နှလုံးခုန်နှုန်းကို နှေးကွေးအောင် မလုပ်နိုင်တော့ပေ။
တံခါးပွင့်လာသောအခါ ကျန်းမင်ယွမ် က အပြုံးမပျက်ဘဲ
"မင်းပြောင်းဖို့ ဆုံးဖြတ်လိုက်ပြီဆို...."
သူတစ်ကယ် သိချင်နေတာပဲ...
ထိုသို့ တွေးရင်း ချန်းဟွမ် ပျော်ရွှင်သွားရသည်။ သူမသည် ဖိနပ်စင်ထဲမှ သူ့ အိမ်စီးဖိနပ်များကို ဆွဲထုတ်လိုက်ရင်းက ပြောလိုက်သည်။
“အင်....ဒီအချိန်ကြီး ရှင်ဘယ်လိုလုပ် ရောက်လာတာလဲ...ညစာစားပြီးပြီလား...."
"မစားရသေးဘူး...."
ကျန်းမင်ယွမ် က သူ့ဖိနပ်ကို လဲစီးလိုက်ကာ ရှူးဖိနပ်များကို သပ်သပ်ရပ်ရပ် စီထားလိုက်ပြီး သူမနောက်က လိုက်သွားသည်။
“နေရာအသစ်က အဆင်သင့်ဖြစ်နေပြီ...မနက်ဖြန်ဆို မင်း အချိန်ရှိလား...အထုပ်အပိုးတွေ ကူသယ်ရ အောင်လို့ လူတစ်ယောက်လောက် လွှတ်ပေးလိုက်ရမလား...."
"မလိုပါဘူး... အဝတ်အစားနဲ့ အရုပ်တွေ ထုပ်ဖို့ပဲလိုတယ်...ကျွန်မဘာသာပဲ လုပ်ပါ့မယ်..."
“အရုပ်တွေက အများကြီးပဲ... အားလုံးကို မင်းတစ်ယောက်တည်း လုပ်နိုင်မှာ မဟုတ်ဘူး...."
ကျန်းမင်ယွမ်က သဘောမတူ။ သူက ရှင်းရှင်းကို ကောက်ပွေ့လိုက်ပြီး မီးဖိုချောင်ထဲဝင်သွားသည့် ချန်းဟွမ်နောက် လိုက်လာပြန်သည်။
"ဒါမှမဟုတ် မင်း ရက်နည််းနည်းကြာမှ ပြောင်းပါ့လား...ကိုယ်အားရင် မင်းကို ကူညီပေးမှာပေါ့..."
ချန်းဟွမ်သည် ငါးကို အရွယ်တူ အတုံးများဖြစ်အောင် တုံးတစ်လိုက်ပြီး ဂေါ်ဖီချဉ်နှင့် ငါးဟင်းချိုအတွက် ပြင်ဆင်နေခြင်း ဖြစ်သည်။ ယနေ့ ကျန်းမင်ယွမ် သည် ပုံမှန်ထက် စကားများများပြောနေသည်ကို သူမ သတိပြုမိသဖြင့် သူမနှုတ်ခမ်းများ ပြုံးယောင်သမ်းနေရသည်။
“ဒါဆိုလည်း ပြီးရောလေ...”
ကျန်းမင်ယွမ်၏ ဒုတိယ စကားကိုမူ သူမလက်ခံလိုက်ပြီး သူ့ကို ခိုင်းလိုက်သည်။
“ဂေါ်ဖီချဉ်ကို ရေဆေးပေးပါဦး...”
ကျန်းမင်ယွမ်က ရှင်းရှင်းကိုအောက်ချလိုက်ပြီး ဂေါ်ဖီချဉ်ကို ဘေစင်တွင် သေသေချာချာ ဆေးကြောလိုက်သည်။ သူရေဆေးပြီးသောအခါ ချန်းဟွမ်က ငါးကို ရေဆေးလိုက်ကာ နောက်ဓားတစ်ချောင်းကို ကိုင်လိုက်ပြီး ဂေါ်ဖီချဉ်ကို လှီးလိုက်ပြန်သည်။
"ပေး ....ကိုယ်လုပ်ပေးမယ်..."
ကျန်းမင်ယွမ်သည် ထမင်းဟင်းအချက်ကောင်းသူ မဟုတ်သော်လည်း အနည်းဆုံး ဟင်းသီးဟင်းရွက်ကိုမူ လှီးဖြတ်တတ်လေသည်။ ချန်းဟွမ် ကလည်း ဓားကို သူ့ဆီ ပေးလိုက်ပြီး ဘေးကို ရှောင်ပေးလိုက်သည်။
ထို့နောက် သူမက ခုတ်ထစ်ထားသော ငါးများကို ရေဆေးလိုက်၍ ကြက်သွန်ဖြူဥအနည်းငယ်ကို ရှင်းရှင်းအား ပေးလိုက်သည်။
"မေမေ့ကို အခွံနွှာကူဦး..."
ရှင်းရှင်းသည် သူမထံမှ ကြက်သွန်ဖြူကို ယူလိုက်ပြီး ချက်ချင်းပင် ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။ထို့နောက် သူက ထိုင်ချလိုက်ပြီး ပြန်ကောက်ကာ သူ့မေမေအခွံနွှာသည့်အတိုင်း အတုယူကာ လိုက်လုပ်လိုက်သည်။
ကလေးလေးက ယခင်ကလည်း တစ်ခါမှ မလုပ်ဖူးသဖြင့် ကြက်သွန်ဖြူခွံကို ပြောင်အောင် မခွာတတ်သေးပေ။ သူ့လက်သည်းကလေးဖြင့် ကြက်သွန်ဖြူအခွံကို ခြစ်ထုတ်လိုက်ပြီးနောက် သူ့လက်များ ပူလောင်လာရလေသည်။
"မေမေ...သား လက်နာတယ်..."
လက်တစ်ဖက်က ကြက်သွန်ဖြူအမွှာကို ကိုင်ထားရင်း လက်မထိပ်ကို စိုက်ကြည့်ကာ မျက်နှာလေး ညှိုးသွားရသည်။
"ဘာဖြစ်တာလဲဟင်..."
"ဘယ်ကနာသွားတာလဲ...မှန်း..."
တစ်ချိန်တည်းမှာပင် စကားသံနှစ်သံ ထွက်ပေါ်လာရပြီး ကျန်းမင်ယွမ် နှင့် ချန်းဟွမ် နှစ်ယောက်စလုံး ပြိုင်တူ ရှင်းရှင်ကို ငုံ့ကြည့်လိုက်ရာ ခေါင်းချင်းဆောင့်မိသွားရပြီး ပါးပြင်နှစ်ခု ထိကပ်သွားရလေသည်။
တစ်ယောက်နှင့်တစ်ယောက် ဆောင့်မိသွားကြပြီးနောက် ချန်းဟွမ်က ကျန်းမင်ယွမ်ကို လှည့်ကြည့်လိုက်ရာ သူမနှုတ်ခမ်းက သူ့ပါးကို ပွတ်ဆွဲမိသွားချေသည်။
Xxxxxx
Chapter 182
"ဘယ်နားက နာနေလဲ မေမေ ကြည့်ရအောင်..."
ချန်းဟွမ်က ဘာမှမဖြစ်သလိုပင် ရှင်းရှင်း လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့လက်ချောင်းများကို စစ်ကြည့်လိုက်သည်။ ရှင်းရှင်း လက်ချောင်းများမှာ သာမာန်ဖြစ်ပြီး ဘာဖြစ်မှန်း မမြင်ရပေ။
တစ်ဖက်တွင် ရှင်းရှင်းသည် သူ့လက်ချောင်းများကို ဂရုမစိုက်တော့ပေ။ သူက အမေဖြစ်သူအား မျက်လုံးရွဲကြီးဖြင့် ကြည့်လိုက်၊ကျန်းမင်ယွမ်ကို လှည့်ကြည့်လိုက် လုပ်နေလေသည်။
"ဘာဖြစ်လို့လဲ..."
ချန်းဟွမ်ကလည်း ရှင်းရှင်းအကြည့်ကို နားမလည်နိူင် ဖြစ်နေသည်။
ကလေးလေးသည် အနည်းငယ် တုံ့ဆိုင်းသွားကာ ရုတ်တရက် ခြေဖျားထောက်ရပ်ပြီး မေးလိုက်သည်။
"မေမေ...ခုနက ဖေဖေ့ကို နမ်းလိုက်တာလား..."
ယနေ့ခေတ်လို မြန်ဆန်တိုးတက်နေသည့် ခေတ်ကာလကြီးတွင် အသက်ငါးနှစ်အောက် ကလေးငယ်များပင်လျှင် အနမ်းပေးခြင်းသည် အရွယ်ရောက်ပြီးသူအချင်းချင်း ချစ်ခင်ကြင်နာမှုကို ပြသသည့် နည်းလမ်းဖြစ်ကြောင်း သိရှိနေကြသည်။
သားဖြစ်သူ စကားကြောင့် ချန်းဟွမ် အံ့အားသင့်သွားရသည်။
စောစောက အဖြစ်တို့သည် သူမခေါင်းထဲတွင် အလိုအလျောက် ဖျပ်ကနဲပေါ်လာကြလေသည်။သူမ လျစ်လျူရှုခဲ့သော်လည်း ရှင်းရှင်းစကားကြောင့် ထပ်ခါထပ်ခါ ပြန်မြင်ယောင်နေမိလေသည်။သူမ နားရွက်များမှာ ပူလာပြီး ရှင်းရှင်းက ထိုသို့မေးပြီးနောက်မီးဖိုချောင်တစ်ခုလုံး တိတ်ဆိတ်နေပါတော့သည်။
ချန်းဟွမ် အံကြိတ်လိုက်မိပြီး ဘယ်လို ပြောရမှန်းမသိ ဖြစ်နေရ၏။ သူမလည်း ကျန်းမင်ယွမ် မည်သို့ ပြောမည်ကို သိချင်လှသဖြင့် သူ့ကိုမော့ကြည့်လိုက်သည်။ကျန်းမင်ယွမ်မှာ ငြိမ်သက်နေပုံရသော်လည်း မျက်လုံးများမှာ အာရုံမစိုက်မှန်း သိသာနေကာ နားရွက်မှာလည်း အနည်းငယ်နီနေသည်ကို သူမတွေ့လိုက်ရသည်။ သူလည်း ရှက်သွားပုံရသဖြင့် သူမတစ်ယောက်တည်း အိုဗာဖြစ်မနေမှန်း သိလိုက်ရသောကြောင့် စိတ်သက်သာရာ ရသွားလေသည်။
သူမက ချောင်းတစ်ချက်ဟန့်လိုက်ပြီး အူကြောင်ကြောင်ကြည့်နေသော သားဖြစ်သူကို စကားလမ်းကြောင်းလွှဲလိုက်သည်။
"သားလက်ကနာနေသေးလား..."
ရှင်းရှင်းလည်း အမှန်ပင် အာရုံလွဲသွားရပြီး ဝမ်းနည်းနေသယောင်ဖြင့် ပြောလိုက်သည်။
“နာနေသေးတယ်...”
“ကြက်သွန်ဖြူကို အခွံနွှာလိုက်လို့နေမှာ...နွားနို့ပူပူထဲမှာ လက်ကို ခဏစိမ်လိုက်ရင် ကောင်းသွားမှာနော်..."
ချန်းဟွမ်သည် သူ့သားကိုစိတ်ပြောင်းနိုင်ခဲ့သည့်အတွက် သူမကိုယ်သူ မ အလွန်ဂုဏ်ယူနေသည်။ သူမက ရှင်းရှင်း၏ ပါးဖောင်းဖောင်းလေးကိုညှစ်လိုက်ပြီး နွားနို့ယူရန် မတ်တပ်ထလိုက်သည်။
ရှင်းရှင်းသည် နွားနို့ကို နေ့တိုင်းသောက်နေသော်လည်း သူ့လက်ကို ပထမဆုံးအကြိမ် နွားနို့ထဲတွင် စိမ်ထားခြင်း ဖြစ်၍ အငြိမ်မနေဘဲ ပန်းကန်လုံးထဲတွင် လက်ကို တဖျပ်ဖျပ် ဆော့ကစားနေလေသည်။
Xxxxxx