Chapter 183
Imperial MeowFebruary 07, 2023
Chapter 183
ရှင်းရှင်းက နှာသံကလေးဖြင့် အဖေဖြစ်သူကို မေးလိုက်သည်။
" ဖေဖေ...သားလက်ကို နွားနို့ထဲ စိမ်ပြီးရင် လက်က ဖြူသွားမှာလား..."
ကျန်းမင်ယွမ် အနည်းငယ် တိတ်ဆိတ်သွားရသည်။
“ဖေဖေကလည်း မသိဘူးလား.. ဘာလို့ ဖေဖေက မသိတာလဲ...."
ရှင်းရှင်း အမြင်တွင် အဖေဖြစ်သူမှာ အထင်ကြီးစရာ လူတစ်ယောက်ဖြစ်နေသော်လည်း ဤကဲ့သို့ အသေးအမွှားမေးခွန်းကို မဖြေနိုင်သဖြင့် သူနားမလည်နိုင် ဖြစ်နေရသည်။
သူက အဖေ့ဖြစ်သူကို စူးစူးရဲရဲ စိုက်ကြည့်နေလေသည်။ကျန်းမင်ယွမ်လည်း ဆွံ့အသွားရပြီး ရှင်းရှင်း၏ နဖူးကို လက်ဖြင့် အသာပွတ်သပ်လိုက်သည်။
"ဘာလို့လဲဆိုတော့ ဖေဖေက အသားဖြူဖို့မလိုဘူးလေ..."
"ဒါပေမယ့် သားတို့ အတန်းထဲက မိန်းကလေးတွေက အသားဖြူတဲ့ ယောက်ျားလေးတွေပဲ ပေါ်ပြူလာဖြစ်မယ်လို့ ပြောကြတယ်....ဖေဖေ...သားရော အသားဖြူလား..."
"...."
"ဖေဖေလည်း အသားဖြူဖို့ လိုတယ်နော်...ဒါမှ မေမေကချစ်မှာ..."
" ဒီထူးဆန်းတဲ့ စကားတွေကို သားဘယ်က ကြားလာတာလဲ..."
"မထူးဆန်းပါဘူး...ဖေဖေရဲ့..."
ရှင်းရှင်းက သူ့သီအိုရီကို ပြတ်ပြတ်သားသား ကာကွယ်လိုက်ကာ မဖြေဖြစ်သူက သူ့စကားကို မယုံသဖြင့် ချန်းဟွမ်အနား သွားလိုက်သည်။ထို့နောက် သူကနွားနို့နှစ်ထားသောလက်ဖြင့် သူမ၏ အဝတ်အောက်နားကို ဖမ်းဆွဲလိုက်ပြီး သူ့ကို ချီခိုင်းနေလေသည်။
"မေမေ... ဖေဖေက အသားဖြူရင် ဖေဖေ့ကို ချစ်မှာ မဟုတ်လား..."
ချန်းဟွမ်သည် သူတို့သားအဖ ပြောနေစဉ်က အသာနားထောင်နေခဲ့ပြီး ယခုကဲ့သို့ သူမကို လာမေးမည်မထင်ထားပေ။ သူမ ဟင်းချက်နေသည်ကို ရပ်ထားလိုက်ကာ သားဖြစ်သူကို တစ်ချက်ကြည့်ကာ ရှေ့ပြန်လှည့်လိုက်ပြီး သူမရှင်းရှင်း ပြောသမျှကို လုံးဝမကြားဟန်ဆောင်လိုက်သည်။
ကံမကောင်းစွာနှင့် ရှင်းရှင်းက သူ့ကို ပြန်မဖြေသဖြင့် ထပ်ချည်းတလဲလဲသာ မေးနေပြီး တစ်ချက်တစ်ချက်လည်း သူ့ကိုယ်လုံးနှင့် တိုက်လိုက်သေးသည်။
ချန်းဟွမ်သည် စောစောက ပြင်ဆင်ထားသော ဟင်းအမယ်များကို အိုးထဲသို့ ထည့်ကာ ငါးအရိုးများကို ထည့်ပြီး မီးဖွင့်၍ ပြုတ်လိုက်သည်။ထို့နောက် သားဖြစ်သူကို ငုံ့ကြည့်ရင်း ပြောလိုက်သည်။
"သားလက်ကို သွားဆေးလိုက်နော်..."
“အိုး...”
ရှင်းရှင်းသည် ယခုမှ သူ့လက်တွင် နွားနို့များ ရှိနေသည်ကို သတိပြုမိသွားရပြီး ချန်းဟွမ် အဝတ်ကို လွှတ်လိုက်သည်။ ညစ်ပတ်နေသော အမေဖြစ်သူ၏ အဝတ်ကို ခိုးကြောင်ခိုးဝှက်ကြည့်ကာ လျှာထုတ်၍ လက်ဆေးရန် ခုံကလေးကို ယူလာခဲ့သည်။ ထို့နောက် သူ့လက်ကို ဆေးပြီးလက်ကိုရေစင်သွားအောင် ခါလိုက်၍ ဘောင်းဘီကို သုတ်လိုက်ကာ စောစောက အကြောင်းကို ပြန်ပြောပြန်သည်။
"ဖေဖေ့ကို ချစ်လား မေမေ..."
သူဘာလို့မမေ့သေးတာလဲ....
စိတ်ဆင်းရဲနေသော ချန်းဟွမ်သည် ဤကလေးငယ်အား ဘာပြောရမှန်း မသိတော့ပေ။
ရှင်းရှင်းက ဆက်မေးနေဆဲဖြစ်၍ ချန်းဟွမ်မှာ သူ့ကို လျစ်လျူမရှုနိုင်လောက်အောင်ပင်။သူမက အိုးအဖုံးကို စိုက်ကြည့်နေရင်း သူမနောက်မှ နွေးထွေးသည့် ကိုယ်ငွေ့ကို ခံစားလိုက်ရလေသည်။ နောက်ဆုံးတွင် ချန်းဟွမ်သည် ကလေးလေး၏မေးခွန်းအတွက်ကို ဖြေမည်ပြုလိုက်သည်။
"အင်ဟင်..."
ချက်ချင်းပင် သူမနောက်မှ နူးညံ့ပြီး တိုးညှင်းသည့် ရယ်သံကို သူမ ကြားလိုက်ရသည်။
ကျန်းမင်ယွမ်က သူစောင့်နေသော အဖြေကိုကြားပြီးနောက် မီးဖိုချောင်ထဲရှိ အခက်တွေ့နေရှာသော ကောင်မလေးကို ကူညီရန် ရောက်လာခဲ့ရသည်။သူက တစ်ရှူးဘူးထဲမှ တစ်ရှူးအနည်းငယ်ကို ဆွဲထုတ်လိုက်ပြီး ရှင်းရှင်းလက်ကို ခြောက်အောင်သုတ်ပေးလိုက်သည်။
“မေမေ တစ်ယောက်တည်း နေပါစေနော်...မေမေက ဟင်းချက်ရဦးမှာ...”
ထို့နောက် သူက ရှင်းရှင်းပါးကလေးကို ပွတ်သပ်လိုက်ပြီး ပွေ့ချီလိုက်သည်။
ရှင်းရှင်းက သူ့အဖေ လည်ပင်းကို ဖက်ထားလိုက်ပြီး ကြည်ကြည်နူးနူးပြုံးကာ ပြောလိုက်သည်။
"ဖေဖေ...မေမေက ဖေဖေ့ကို ချစ်တယ်တဲ့..."
"ဖေဖေက သားကိုလည်း ချစ်ပါတယ်..."
"ဒါဆို ဖေဖေက သားနဲ့မေမေကို ချစ်တယ်ပေါ့နော်...."
Xxxxxxx
Chapter 184
ဟင်းရည်မှာ ၁၀ မိနစ်ကြာလျှင် ဆူပွက်လာပြီးနောက် အဖြူနှစ်ရောင် ပေါက်လာလေသည်။ ချန်းဟွမ် ငါးရိုးများကို ဖယ်လိုက်ပြီး ဟင်းခတ်အမွေးအကြိုင်များ ခတ်လိုက်သဖြင့် ၂ မိနစ်ကြာလျှင် စား၍ရနေပြီ ဖြစ်သည်။
ငါးမှာ အတော်ကြီးသဖြင့် သူတို့သုံးယောက်အတွက် လုံလောက်ပေသည်။ ချန်းဟွမ် အိုးထဲမှ ငါးနှင့် ဂေါ်ဖီချဉ်ဟင်းရည်ကို ပန်းကန်တစ်ခုထဲသို့ ထည့်လိုက်သောအခါ ပန်းကန်လုံးပုံစံမှာ ရှင်းရှင်း လက်ကိုစိမ်ထားသည့် ပန်းကန်နှင့် ပုံစံတူနေသဖြင့် စောစောက အဖြစ်ကို အမှတ်ရသွားလေသည်။ထို့အပြင် ရှင်းရှင်း မေးသည့် မေးခွန်းကိုလည်း သတိရသွားပြီး မလွှဲမရှောင်သာ ဖြေလိုက်ရသည့် အဖြေကိုလည်း သတိရသွားမိသည်။
ထိုအတွေးကြောင့် ချန်းဟွမ် ရှက်သွားရပြီး ပါးပြင်ကိုလက်ဖဝါးနှင့် ပွတ်သပ်လိုကာ အောက်နှုတ်ခမ်းကို ကိုက်ထားရင်း အိုးခွက်များကို ဆေးကြောပစ်လိုက်သည်။ကျန်းမင်ယွမ် နှင့် ရှင်းရှင်းတို့ နှစ်ယောက်လုံး ဧည့်ခန်းထဲတွင် ရှိနေကြသဖြင့် သူမကို မည်သူမှ သတိမထားမိကြပေ။
ချန်းဟွမ် အိုးကို ဆေးကြောသောအခါ ရေနွေးကို မသုံးဘဲ သူမစိတ်တည်ငြိမ်ရန် ရေအေးကိုသာ သုံးလိုက်သည်။ ထို့နောက် အိုးကို စင်ပေါ်တွင် အခြောက်ခံထားလိုက်ပြီး ညစာစားဖို့ သားအဖနှစ်ယောက်ကို လှမ်းခေါ်လိုက်သည်။ဧည့်ခန်းထဲက သားအဖနှစ်ယောက်မှာ သူမအသံကို ကြားရသောအခါ အရုပ်များကို ချထားလိုက်ကြသည်။
ကျန်းမင်ယွမ်က ရှင်းရှင်းကို လက်ဆေးပေးလိုက်ပြီးနောက် ဇွန်းပန်းကန်းများကို စားပွဲပေါ်တွင် တည်ခင်းလိုက်ကာ ပန်းကန်လုံးထဲတွင် ဂေါ်ဖီချဉ်များ ထည့်ထားလိုက်သည်။
ဂေါ်ဖီချဉ်ကို သေချာဆေးကြောထားသဖြင့် သိပ်မချဉ်ဘဲ နုတ်နုတ်လှီးထားသဖြင့် ပါးစပ်ထဲတွင် အရည်ပျော်သွားမတတ် ကောင်းမွန်လှသည်။ သားအဖနှစ်ယာက်မှာ စကားမပြောကြဘဲ ထမင်းကိုသာ မြိန်ရေရှက်ရေ စားနေကြလေသည်။
ချန်းဟွမ်သည် ဟင်းချက်သောအခါ ငရုတ်သီး အနည်းငယ် ထည့်ထားသဖြင့် ခပ်လေးလေးအရသာရှိကာ အစပိုင်းတွင် သိပ်မစပ်သော်လည်း အနည်းငယ်ကြာလျှင် အရသာမှာ စိမ့်တက်လာရသည်။ချန်းဟွမ်မှာ သိပ်မစပ်သော်လည်း ရှင်းရှင်းက ရေတောင်းပြီးရင် တောင်နေကာ မျက်နှာမှာနီမြန်းနေလေသည်။
ကျန်းမင်ယွမ်မှာမူ နဂိုကတည်းက အနေအေးပြီး စကားသိပ်မပြောတတ်သူဖြစ်၍ စပ်နေသည့်တိုင် မူမပျက်သွားဘဲ နားရွက်များနှင့် မျက်လုံးများမှာသာ နီရဲနေကြလေ၏။သူ့မျက်လုံးထဲတွင် မျက်ရည်အချို့ရှိနေကြပြီး မျက်နှာမှာလည်း နီမြန်းနေသဖြင့် သူ့မျက်နှာထားကို အနည်းငယ် ပျော့ပျောင်းနူးညံ့လာစေလေသည်။သူ၏ လေးနက်သော ဩဇာအပြည့်ရှိသည့် မျက်နှာထားမှာ ပျောက်ကွယ်သွားရပြီး ဆယ်ကျော်သက် တစ်ယောက်ပမာ ဖြစ်နေသဖြင့် သမိုင်းစာအုပ်များတွင် ဖော်ပြလေ့ရှိသော လူချောတစ်ယောက်၏ ပုံပန်းသွင်ပြင်နှင့် ဆင်တူပေသည်။
ချန်းဟွမ်သည် ချောမော ခန့်ညားသော ယောက်ျားများကို အလွန်သဘောကျသူ ဖြစ်သည်။ သူမသည် ယခင်က ကျန်းမင်ယွမ်၏ ချောမောမှုကို သတိမထားမိခဲ့၊ ယခု သူမကိုယ်သူမ သတိပြုမိသည်မှာ သူ့မျက်နှာမှလွဲ၍ တခြားနေရာသို့ လှမ်းပင်မကြည့်ချင်တော့ပေ။ယခင်က သူ့ကို ကြည့်လိုက်လျှင် လူမိမည်စိုး၍ သေချာမကြည့်ခဲ့သော်လည်း ယခုမူ သူ့မျက်နှာကိုကြည့်လိုက်၊အဝေးကို တစ်ချက်ကြည့်လိုက်၊သူ့ကို တစ်ခါပြန်ကြည့်လိုက်နှင့် မရိုးနိုင်သော ပန်းချီကားတစ်ချပ်နှယ် ဖြစ်နေရလေသည်။
ယခု ထမင်းစားစားပွဲတွင် သုံးယောက်သာ စားနေကြသဖြင့် ချန်းဟွမ်၏ အကြည့်ကို သတိမထားမိရန် မဖြစ်နိုင်ပေ။
ကျန်းမင်ယွမ်သည် အစပ်ကို ကောင်းစွာ မစားနိုင်ပေ။ အနည်းဆုံး ဟော့ပေါ့သွားစားသည့်အခါ အစပ်ပါသည့်ဟင်းချိုနှင့် ၊ အစပ်မပါသည့် ဟင်းချိုဟူ၍ ရွေးချယ်စရာရှိပေသည်။ယခုမူ ငါးနှင့်ဂေါ်ဖီချဥ်မှ လွဲ၍ အခြားစားစရာ မရှိသောကြောင့် စပ်စပ်နှင့်ပင် စားနေရလေသည်။သူပိုစားလေ သူ့မျက်နှာလည်း ပိုနီရဲလာလေလေ ဖြစ်ပြီး ချန်းဟွမ်ကလည်း သူ့ကို မကြာခဏ ကြည့်နေလေသည်။
"ဘာလို့ ကိုယ့်ကိုကြည့်နေတာလဲ..."
ကျန်းမင်ယွမ်က သူမကို သတိထားမိသွားပြီး မေးလိုက်သည်။
ချန်းဟွမ်သည် လူမိသွားရသဖြင့် အနည်းငယ် ပျာယာခတ်သွားရပြီး ပန်းကန်ထဲမှ ထမင်းများကိုသာ အဓိပ္ပါယ်မဲ့ မွှေနေမိသည်။အချိန်အတော်ကြာပြီးသော်လည်း ကျန်းမင်ယွမ်က သူမကိုကြည့်နေဆဲဖြစ်သည်ကို သတိပြုမိပြီးနောက် သူမက သူ့ကို နောက်ရန် စိတ်ကူးပေါက်သွားရသည်။
"ရှင် အရမ်းချောလို့ ကျွန်မက ကြည့်နေတာ..."
သာမာန်အားဖြင့် ပြောရလျှင် အရှက်အကြောက်နည်းသူသည် မည်သည့်ကိစ္စတွင်မဆို အသာစီးရတတ်ပြီး အရှက်မရှိသူသည်လည်း ထိုနည်းတူစွာပင်။
ချန်းဟွမ်က လေသံကိုမြှင့်၍ ပြောလိုက်သဖြင့် ကျန်းမင်ယွမ် အနေကျပ်သွားရပြီး တူနှင့်ညှပ်ထားသည့် ထမင်းစေ့များကပင် တုန်ယီနေလေသည်။
ချန်းဟွမ်သည် အနိုင်ရသွားသလို ခံစားခဲ့ရပြီး သူမကိုယ်သူမ အနည်းငယ် ဂုဏ်ယူမိလေသည်။သို့သော် သူမပျော်လို့ပင်မဆုံးလိုက်၊ကျန်းမင်ယွမ်က လက်တုံ့ပြန်လိုက်လေသည်။
ကျန်းမင်ယွမ်သည် သူ့တူနှင့်ညှပ်ထားသည့် ထမင်းစေ့တစ်စေ့ကို စိုက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းကလည်း အရမ်းလှပါတယ်..."
Xxxxxx