Chapter 187
“အိပ်ခန်းသုံးခန်းရှိတယ်လေ... တစ်ခန်းက မေမေ့အခန်း...တစ်ခန်းက ရှင်းရှင်းရဲ့အခန်း...."
ကျန်းမင်ယွမ် ထိုသို့ပြောပြီးနောက်ရှင်းရှင်းအမူအရာကို သတိထားမိသွားရသည်။
"သားက အခု ကြီးနေပြီ...သားမေမေနဲ့ ဆက်အိပ်ရင် တခြားကလေးတွေက သားကို လှောင်လိမ့်မယ်..."
ရှင်းရှင်း နှုတ်ခမ်းစူလိုက်ပြီး ကုတင်စွန်းတွင် ထိုင်နေသော ချန်းဟွမ်ကို ကြည့်လိုက်ပြီးနောက် သူ့အဖေကို အကြာကြီး စိုက်ကြည့်နေပြန်သည်။
သူက ဝမ်းနည်းသံကလေးနှင့် ခေါ်လိုက်သည်။
"မေမေ..."
"ဟင်...ဘာဖြစ်လို့လဲ.."
ချန်းဟွမ်သည် ဖုန်းကို ကြည့်နေရာမှ သားဖြစ်သူကို ကြည့်လိုက်သည်။
"ဖေဖေက မေမေနဲ့ အတူအိပ်ခွင့် မပေးဘူး..."
"အိုး ဟုတ်တယ်...သားက အခု ကြီးနေပြီ ကိုယ်ဘာသာ ခွဲအိပ်ရမယ်လေ..."
ရှင်းရှင်းက သူ့အမေကို မျှော်လင့်ထားသော်လည်း သူလိုချင်သည့်အဖြေမရသဖြင့် Pufferfish လိုပင် နှုတ်ခမ်းကို စူပစ်လိုက်သည်။သူက ခုတင်ပေါ်တွင် လှဲအိပ်ပြီး စောင်ဆွဲခြုံကာ မျက်လုံးကိုသာ ဖော်ထားလိုက်ပြီး သူ့မာနကို ပြန်ဆည်လိုက်သည်။
"သားလည်း မေမေနဲ့ မအိပ်ချင်ပါဘူး..."
ချန်းဟွမ်က ဘာမှပြန်မပြောဘဲ ပခုံးတွန့်လိုက်မိသည်။
အမှန်အတိုင်းပြောရလျှင် ရှင်းရှင်းနှင့်အတူအိပ်ရသည်ကို သူမ စိတ်အနှောင့်အယှက်မဖြစ်ရသော်လည်း ၅ နှစ် ၆နှစ်အရွယ် ကလေးတစ်ယောက်သည် လိင်ကိစ္စသဘောတရားကို စတင်သိရှိလာပြီး မိဘများက လက်လွတ်စပါယ် မနေသင့်ဟု ပြောထားသည့် ဆောင်းပါးတစ်ပုဒ်ကို လွန်ခဲ့သော ရက်အနည်းငယ်က ဖတ်လိုက်ရသည်။ထို့အပြင် ကလေးလေးများသည် စူးစမ်းချင်စိတ် ပြင်းပြကြပြီး တစ်ခါတစ်ရံ ပြဿနာများ ဖြစ်စေတတ်လေသည်။
ဥပမာအားဖြင့် သူမ နောက်ဆုံးအကြိမ် ရာသီလာသောအခါက အမှတ်မထင် အိပ်ရာခင်းများပေါ်တွင် သွေးများပေကျံသွားရသည်။ နောက်တစ်နေ့တွင် ရှင်းရှင်းက သွေးစွန်းကွက်ကို မြင်သောအခါ သူမကိို ဒဏ်ရာရှိမရှိ စိုးရိမ်တကြီး မေးမြန်းနေခဲ့သည်။သူမ ဘာပြောရမှန်းမသိဖြစ်သွားရပြီး သူမ နေမကောင်းမဖြစ်ဘဲ၊သေလည်မသေပါဟု အချိန်အတော်ကြာအောင် ပြောခဲ့ရလေသည်။ ထိုကဲ့သို့ မလိုလားအပ်သော ပြဿနာများကြောင့် ရှင်းရှင်းကို အိပ်ရာခွဲသိပ်သင့်သည်။
ရှင်းရှင်းသည် အကောင်းမြင်သူတစ်ယောက်ပီပီ ကလေးလည်းဖြစ်သဖြင့် သူအနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားလေသည်။ကျန်းမင်ယွမ်က သူ့ကို ဘယ်လို စိတ်ချမ်းသာအောင် လုပ်ရမလဲဆိုသည်ကို အဖြေရှာမရသေးခင် သူ့ဘာသာသူ ပြန်စိတ်ဆိုးပြေသွားပြီး အိမ်သစ်အကြောင်း ဆက်မေးနေပြန်သည်။
"ဖေဖေ...သား အရုပ်တွေကို ဘယ်မှာထားရမလဲ..."
“အရုပ်တွေက ဒုတိယထပ်မှာ ထားရမယ်... ဖေဖေက သားအတွက် ကစားခန်းအကြီးကြီးတစ်ခု ပြင်ထားတယ်...သား ကစားချင်တဲ့အချိန်တိုင်း ဓာတ်လှေကားနဲ့ တက်သွားလိုက်လေ...”
ဓာတ်လှေကားကို တိုက်ခန်းအတွင်းတွင် တပ်ဆင်၍ရသည်ကို ရှင်းရှင်း မသိပေ။ ရှင်းရှင်းက လက်ရှိနေရာနှင့် ဆင်တူသည်ဟု ထင်လိုက်ပြီး ဒုတိယထပ်သို့တက်ပြီးနောက် အိမ်ရှေ့တံခါးမကြီးထဲကို ထပ်ဝင်ရန် လိုအပ်သည်ဟု ထင်သွားရသည်။ ထို့ကြောင့် ကျန်းမင်ယွမ်က ရိုးရိုးဓာတ်လှေကားများမတူ ကြောင်း ဆက်ရှင်းပြလိုက်ပြီး တစ်ချိန်တည်းတွင်ပင် သူ့အိမ်အကြောင်းကိုလည်း ဆက်ပြောလိုက်သည်။
ကျန်းမင်ယွမ်သည် သုံးထပ်ရှိသော အိမ်တွင် နေထိုင်လျက်ရှိပြီး အိမ်ကြီးထဲတွင် အခန်းလွတ်များစွာရှိလေသည်။ ထိုစကားကိုကြားပြီးနောက် ရှင်းရှင်း အံ့သြသွားရသည်။
"ဘာလို့ အခန်းတွေက လွတ်နေတာလဲ..."
"ဘာလို့လဲဆိုတော့ ဘယ်သူမှမနေလို့လေ..."
"မေမေနဲ့ သားတို့ နေလို့ရတယ်နော်..."
ရှင်းရှင်းက လင်းယုန်ငှက်လို ခြေထောက်ကိုလည်းကား လက်ကိုလည်း ဆန့်ကာ အိပ်ရာပေါ်လှဲပြလိုက်သည်။
“ဖေဖေ...သားအရုပ်တွေနဲ့ ကစားဖို့ ဓာတ်လှေကားကို မတက်ချင်ဘူး...”
အိမ်တွင်းဓာတ်လှေကား၏ သဘောတရားကို ရှင်းရှင်းတကယ်နားမလည်သေးဘဲ အတက်အဆင်းလုပ်ရန် ခက်ခဲလိမ့်မည်ဟု ထင်နေရှာသည်။ ကျန်းမင်ယွမ်က ချန်းဟွမ်ကို တုံ့ဆိုင်းစွာဖြင့် ကြည့်လိုက်သည်။
"မေမေတို့ နေရတာ အဆင်ပြေမှာပါ သားရဲ့..."
ချန်းဟွမ်က ယခုလက်ရှိ နေရာနှင့် မကွာခြားဟု တွေးလိုက်ရင်း သားဖြစ်သူကို နှစ်သိမ့်လိုက်သည်။
သို့သော် ရှင်းရှင်းက အဖေဖြစ်သူလာနေရန် ပြောလိုက်လေသည်။
"မေမေနဲ့သားနဲ့ အိမ်ကြီးထဲမှာ နှစ်ယောက်တည်းနေရမှာ.. ဖေဖေလည်း သားတို့နဲ့ အတူတူ လာနေပါလား..."
ချန်းဟွမ် မျက်နှာပျက်သွားရပြီး ဖုန်းကိုချကာ ရှင်းရှင်း အနားလျှောက်လာပြီး စိတ်ဆိုးမာန်ဆိုးဖြင့် အလိုမကျဟန် ကြည့်လိုက်သည်။
“တော်ပြီ...သား ဘာကိုပြောချင်တာလဲ...."
ရှင်းရှင်းသည် သူ့အမေ၏ လေသံကြောင့် လန့်ဖျပ်သွားပြီး စောင်ကို ခေါင်းမြီးဆွဲခြုံလိုက်ပြီး ပြောလေသည်။
“ဖေဖေနဲ့မေမေ့ကို အတူတူနေစေချင်တယ်...”
ထိုသို့ပြောပြီးနောက်တွင် သူသတ္တိရှိသွားရပြီး စောင်ကိုလှန်လိုက်၍ ညည်းညူလိုက်ပြန်သည်။
"မေမေတို့နှစ်ယောက်ကလွဲရင် တခြားကလေးတွေရဲ့ ဖေဖေနဲ့မေမေတွေက အတူတူနေကြတယ်... မေမေတို့ နှစ်ယောက်လုံး မကောင်းဘူး...”
ရှင်းရှင်းသည် အခြားသူများ၏ ဖေဖေနှင့် မေမေတို့ အဘယ်ကြောင့် အတူတူအိပ်ရသည်ကို မသိသော်လည်း ထိုသို့အိပ်ခြင်းသည် မှန်ကန်သောလုပ်ရပ်ဖြစ်ကြောင်း သူသေချာသိလေသည်။
Xxxxxx
Chapter 188
သနားစရာကောင်းသော ကလေးလေးမှာ လေးလေးနက်နက် ပြောလိုက်သော်လည်း သူအနည်းငယ် လန့်မိနေသေးသည်။
ထိုစကားကို ကြားသောအခါ ချန်းဟွမ်က ကျန်းမင်ယွမ် သင်ပေးထားသည်ဟု ထင်လိုက်သဖြင့် သူမ အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။ သို့ရာတွင် ကျန်းမင်ယွမ်ကို သူမ ကြည့်လိုက်ရာ သူက လည်း အံ့ဩတကြီး သူမကို ပြန်ကြည့်နေသဖြင့် သူမလည်း ငြိမ်သွားရသည်။
သူမက သားဖြစ်သူကို အိပ်ယာပေါ်ပြန်လှဲသိပ်လိုက်ပြီး စောင်ကို ဆွဲခြုံပေးလိုက်သည်။
“မထိုင်နဲ့... အအေးမိလိမ့်မယ်..."
ရှင်းရှင်း စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။
"မေမေ...သား တစ်ကယ် ပြောနေတာ..."
ချန်းဟွမ်က သားဖြစသူကို အတင်းဖိထားလိုက်သဖြင့် ထမရဘဲ ဖြစ်နေလေသည်။
“သား တစ်ကယ်လုပ်ရမှာက အိပ်ဖို့ပဲ.... မဟုတ်ရင် သားအရပ်ပိုရှည်လာမှာမဟုတ်ဘူး.... ကျန်တာကို မနက်ဖြန်မှာ ဆက်ပြော..."
သနားစရာ ရှင်းရှင်းကလေးမှာ နှုတ်ခမ်းကို စူလိုက်ပြီး သူ့အဖေက ဘာမှ ပြန်မပြောသဖြင့် စိတ်ဆိုးနေပုံရလေသည်။
ကလေးက ကလေးပဲလေ....
မကျေမနပ်ဖြစ်နေသော်လည်း ရှင်းရှင်းသည် မျက်လုံးများကိုမှိတ်ထားလိုက်ပြီး ခဏကြာလျှင် အိပ်ပျော်သွားရသည်။ ရှင်းရှင်း၏ ရှည်လျားလှသည့် အသက်ရှုသံပြင်းပြင်းကိုပင် နားထောင်ရင်း ချန်းဟွမ် တိတ်တဆိတ် သက်ပြင်းချမိသွားရသည်။
ကျန်းမင်ယွမ်ကလည်း အခန်းထဲက တိတ်တဆိတ် ထွက်သွားပြီး တံခါးကိုပိတ်ကာ တိုးတိုးလေး နှုတ်ဆက်လိုက်သည်။
"ကိုယ် အခု အခန်းပြင်ထွက်တော့မယ်..."
ယနေ့ညက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကြောင့် သူတို့ နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် အနည်းငယ် ရှက်နေကြသည်။ သို့သော် ယခု ကျန်းမင်ယွမ်က နှုတ်ဆက်လိုက်သောကြောင့် ချန်းဟွမ်ကလည်း သူမ လက်ကို ဝှေ့ယမ်း၍ နှုတ်ဆက်လိုက်သည်။
" အပြင်ကို လိုက်ပို့မယ်လေ..."
ထို့နောက် နှစ်ယောက်သား ဓာတ်လှေကားဆီ လျှောက်သွားကြသည်။ဓာတ်လှေကားသည် ခလုတ်ကိုနှိပ်ထား သော်လည်း ချက်ချင်းရောက်မလာဘဲ ပထမထပ်တွင် ရပ်တန့်နေသဖြင့် တစ်ယောက်ယောက် ဓာတ်လှေကားကို သုံးနေခြင်း ဖြစ်နိုင်သည်။
နှစ်ယောက်စလုံး တိတ်ဆိတ်သွားပြီး ခဏအကြာတွင် ဓာတ်လှေကားနံပါတ်ကလေးသည် ပြောင်းသွားသည်။
ချန်းဟွမ် က စိတ်ကို တည်ငြိမ်အောင် နေလိုက်ပြီး နှုတ်ခမ်းကို ကိုက်ထားကာ တက်လာနေသော နံပါတ်များကို စိုက်ကြည့်နေသည်။
"အမ်... ဒီည ရှင်းရှင်း ပြောခဲ့တာတွေအတွက် စိတ်ထဲမထားပါနဲ့....သူက အဲ့လိုပဲ ဘာတွေပြောမှန်းမသိဘူး... လျှောက်ပြောတာ...”
"သူက ဘာပြောလို့လဲ...."
ကျန်းမင်ယွမ်က သူမကို လှည့်ကြည့်လိုက်ပြီး မေးလိုက်သည်။
“မင်းတို့နဲ့ ကိုယ် အတူတူလာနေဖို့ကို ပြောတာလား..."
သူတို့နှစ်ယောက်မှာ ကိစ္စတစ်ခုတည်းကိုသာ ပြောဆိုနေကြသော်လည်း ပြောသူပြောင်းသွားသည့်အတွက် အခြေအနေတို့လည်း ကွဲပြားသွားရသည်။ ရှင်းရှင်း ပြောလာသောအခါက ချန်းဟွမ် အနည်းငယ် အဆင်မပြေဖြစ်သွားရပြီး အနည်းငယ်သာ တုန်လှုပ်သွားခဲ့ရသည်။သို့သော် ယခု ကျန်းမင်ယွမ် ပြောလာသောအခါ သူမ ပို၍ပင် တုန်လှုပ်သွားရပြီး ပျော်ရွှင်မှု အရိပ်အမြွက်တို့လည်း ရောနှောနေရလေသည်။
ချန်းဟွမ်က သူပြောနေသည့်စကားကို လေးနက်စွာမတွေးမိစေရန် ထိန်းထားလိုက်သည်။
“အင်း...”
ဓာတ်လှေကားရောက်လာပြီး တံခါးပွင့်လာသော်လည်း ကျန်းမင်ယွမ်က မဝင်သေးဘဲ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်၏။
“ဒါလည်း ကိုယ်မျှော်လင့်ထားတဲ့ ကိစ္စပဲ...”
ချန်းဟွမ် "……"
သူ့အကြည့်စူးစူးက သူမကို ထိတ်ခနဲ ဖြစ်သွားသဖြင့် တစ်ဖက်လှည့်လိုက်ပြီး မနေတတ်အောင်ပင် ရှက်သွားရသည်။
“ဒါ နောက်စရာ မဟုတ်ဘူးနော်...”
"ကိုယ်နောက်နေတာမဟုတ်ဘူး..."
ကျန်းမင်ယွမ် အဝေးကိုကြည့်ကာ သူသတိမထားမိဘဲ လက်သီးကို ဆုပ်ထားမိပြီး သူပုံမှန်စကားပြောသည်ထက်အနည်းငယ်မြန်မြန် ပြောလိုက်သည်။
“ရုတ်တရတ်ကြီး ဖြစ်သွားရတယ်ဆိုတာ သိပါတယ်...ဒါပေမယ့် မင်းကို ကိုယ့်မိသားစုဝင်တစ်ယောက် ဖြစ်စေချင်တယ်..."
“ဟုတ်ပါတယ်... မင်း မကြိုက်ဘူးဆိုရင်လည်း ငြင်းလို့ရပါတယ်... မင်းရဲ့ဆန္ဒကို ကိုယ်လေးစားမှာပါ..."
သူ့စကားနှစ်ခွန်းကြောင့် ချန်းဟွမ် ၏ စိတ်ခံစားမှုတို့ ရိုလာကိုစတာစိီးနေရသလို တက်လိုက်၊ကျလိုက်ဖြစ်နေရလေသည်။ သူမ ခဏစဥ်းစားလိုက်ပြီး ဒုတိယမေးခွန်းကို ဖြေဖို့ ရွေးချယ်လိုက်သည်။
"ကျွန်မငြင်းလိုက်ရင် ဘာဖြစ်မှာလဲ..."
သူ သူမနဲ့ ဘာမှမပတ်သတ်ချင်တော့ဘူးလား...
"ဒါဆိုရင် မင်းမကြိုက်တာ တစ်ခုခုရှိနေလို့ ဖြစ်မယ်...မင်းကိုယ့်ကို ပြောပြရင် ကိုယ့်ကိုယ်ကို အကောင်းဆုံး ပြင်ပါ့မယ်..."
ကျန်းမင်ယွမ်က အမှန်အတိုင်းပြောလိုက်သည်။
ချန်းဟွမ် "……"
Xxxxxx