အပိုင်း ၁၈၉-၁၉၀
Viewers 22k

Chapter 189


ချန်းဟွမ် ဘာပြောရမှန်း မသိဖြစ်နေလေသည်။ ကျန်းမင်ယွမ်ကို လုံးဝစိတ်မဝင်စားဘူးဟု ပြောလိုက်လျှင်လည်း သူမ လိမ်ရာကျပေလိမ့်မည်။ သို့သော်လည်း တစ်ယောက်ယောက်နှင့် ခင်မင်ရင်းနှီးမှုထက်ပိုသည့် ဆက်ဆံရေးတစ်ခု ထူထောင်ဖို့ဆိုသည်မှာ ဘဝတစ်လျှောက်လုံး single ဖြစ်ခဲ့သည့်သူမအတွက် သာမန်စိန်ခေါ်မှုလေးတစ်ခု မဟုတ်။ သူမစီစဉ်ထားသည့် သူမဘဝအစီအစဉ်များအတွက် စိတ်ပူမိသော်လည်း ကျန်းမင်ယွမ်၏ ဆွဲဆောင်မှုကိုလည်း တောင့်မခံနိုင်ရှာ။သူမစိတ်ထဲမှာ အတွေးနှစ်ခုလွန်ဆွဲနေကြပြီး အရှုံးအနိုင်မပေါ်ကြပေ။ထို့ကြောင့် သူမအတွေးတို့သည် မျက်နှာပေါ်တွင် လာထင်ဟပ်နေရလေသည်။


သို့သော်လည်း သူမတိတ်ဆိတ်နေသည်ကို ကျန်းမင်ယွမ်က ငြင်းပယ်လိုက်သည်ဟု မှတ်ယူပစ်လိုက်သည်။ သူအနည်းငယ်စိတ်ပျက်သွားသော်လည်း သူက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။


 “ဟုတ်သားပဲ..ကိုယ် အလျင်စလို မလုပ်သင့်ဘူး....” 


ချန်းဟွမ်သည် သူ့စကားမှာ တစ်ခုခုလွဲချော်နေသည်ကို ခံစားမိပြီး သူမကိုယ်သူမ အပြစ်ရှိနေသလို ခံစားလိုက်ရသည်။ သူမ ပြန်ပြောရန်ပြင်လိုက် သော်လည်း ကျန်းမင်ယွမ်က ပြောလိုက်သည်။


 "ကိုယ် မင်းကို အရင်လိုက်သင့်တယ် မဟုတ်လား...." 


"ဟင်...."


ချန်းဟွမ် အံ့အားသင့်သွားရပြီး ရယ်လည်းရယ်ချင်သွားရသည်။


“အိုကေ...ကိုယ် နားလည်ပါတယ်..." 


ကျန်းမင်ယွမ် က ခေါင်းကို အနည်းငယ် ငုံ့ထားကာ တိတ်တိတ်လေး ခိုးပြုံးနေလေသည်။သူက လက်တစ်ဖက်ကို သူမဆီလှမ်းထားလိုက်ရင်း ထိုလက်မှာ လေထဲတွင် ခဏတန့်နေပြီးမှ ချန်းဟွမ် ဆံပင်ကို ပွတ်သပ်လိုက်ရင်း ပြောလေသည်။


 "ကိုယ် သွားတော့မယ်... မနက်ဖြန်တွေ့မယ်နော်..." 


ထိုစဉ် ဓာတ်လှေကားတံခါးက နောက်တစ်ကြိမ်ပွင့်လာပြီး ကျန်းမင်ယွမ် အထဲကို အမြန်ဝင်သွားကာ  ဓာတ်လှေကားတံခါး မပိတ်မချင်း သူမကို ကြည့်နေသေးသည်။ 


ကျန်းမင်ယွမ် ယခုကဲ့သို့ ပြောလာလိမ့်မည်ဟု ချန်းဟွမ် မမျှော်လင့်ထသဖြင့် နေရာတင် ခြေစုံရပ်နေလျက် အံ့အားသင့်နေရလေသည်။


ရာသီဥတုက အေးစိမ့်နေပြီး စင်္ကြံမှာလည်း လေတဖြူးဖြူး တိုက်ခတ်နေလေသည်။ ချန်းဟွမ် သတိဝင်လာသောအခါ သူမတစ်ကိုယ်လုံး အေးစက်လွန်း၍ ထုံကျင်နေပြီဖြစ်သည်။ သူမ တုန်တုန်ယင်ယင်ဖြင့် ပြန်လှည့်လာပြီး  တိုက်ခန်းတံခါးကို အေးကိုက်နေသော လက်များဖြင့် ဖွင့်ဝင်လာလိုက်သည်။  အိမ်ထဲတွင် တိတ်ဆိတ်နေပြီး အပ်ကျသံပင် မကြားရချေ။တိတ်ဆိတ်မှုက အတွေးတို့ကို ပို၍ အားကောင်းစေသည့် လောင်စာများကဲ့သို့ပင်။ ထို့ကြောင့် ငြိမ်သက်သွားသော သူမ ဦးနှောက်သည် ချက်ချင်းပင် အတွေးမျိုးစုံဖြင့် ပြည့်နှက်လာပြန်သည်။


ချန်းဟွမ် ညဉ့်နက်သည်အထိ အိပ်မပျော်နိုင်ဘဲ သူမ အိပ်ခန်းထဲပြန်ရောက်ချိန်မှာ မနက် ၁ နာရီပင် ထိုးနေလေပြီ။ သူမက မီးပိတ်ပြီး စောင်ခြုံ၍ လှဲချလိုက်ရာ မျက်လုံးမှိတ်လိုက်သည်နှင့် ရုတ်တရက် အတွေးများက ခေါင်းထဲသို့ ဝင်လာကြပြန်သည်။ သူမ မျက်လုံးကို ပြန်ဖွင့်ပြီး အမှောင်ထဲကို စိုက်ကြည့်ဖို့ကလွဲ၍ ရွေးချယ်စရာ မရှိတော့။ နောက်ဆုံး တွင် ဘယ်အချိန်က အိပ်ပျော်သွားမှန်း သူမ မသိပေ။ သူမ အိပ်နေချိန်တွင် အသံအချို့ ကြားရသော်လည်း မျက်လုံးကိုပင် ဖွင့်မကြည့်နိုင်ဘဲ နေ့ခင်းရောက်နေပြီလားဟုလည်း တွေးမိနေရသည်။


ချန်းဟွမ် ကောင်းကောင်းနိုးလာချိန်၌ အပြင်မှာ အလင်းရောင်က စူးရှနေပြီး နေ့လည်ခင်း ရောက်နေပြီ ဖြစ်သည်။ ခန်းဆီးကြားက ဝင်လာသည့် နေရောင်ကလည်း နွေးထွေးနေလေသည်။ 


ချန်းဟွမ် အိပ်နေရာမှထထိုင်ပြီး ဘေးဘီကို လှည့်ပတ်ကြည့်လိုက်သည်။ ရှင်းရှင်းကို သူမ မတွေ့ရသဖြင့် အချိန်လင့်နေမှန်း သူမသိလိုက်သည်။သူမက မျက်နှာကို ပွတ်သပ်ကာ ဖုန်းကို ဖွင့်ကြည့်လိုက်ရာ  နံနက် ၁၁ နာရီထိုးနေပြီ ဖြစ်သည်။ 


"ဘယ်လိုတောင် အိပ်နေမိတာလဲ...." 


ချန်းဟွမ် အံ့သြသွားပြီး ရှင်းရှင်း ယခုအချိန်တွင် ဗိုက်ဆာနေမည်ဟု တွေးကာ မြန်မြန် အဝတ်အစားလဲလိုက်သည်။ထို့နောက် အခန်းတံခါးကို ဖွင့်လိုက်သောအခါ  တီဗီထဲမှ ဆူညံသံများကို ကြားလိုက်ရသည်။ သူမ ရေချိုးခန်းထဲသို့ လျှောက်သွားပြီး ဖိနပ်ကို စီးလိုက်ပြီး မျက်နှာသစ်လိုက်ကာ ဆံပင်ကို ခပ်မြန်မြန်စုစည်းလိုက်ပြီး ဧည့်ခန်းထဲသို့ ဝင်သွားလိုက်သည်။ဧည့်ခန်းထဲတွင် ရှင်းရှင်းသည် ဆိုဖာပေါ်တွင် ထိုင်နေပြီး နေ့လည်စာ ဘာစားရမည်ကို သူမအား တိုင်ပင်နေလေသည်။


 “မေမေက အိပ်ရာထနောက်ကျနေတော့ ဒီနေ့ ဟင်းချက်ဖို့ ဘာမှ မဝယ်ဖြစ်တော့ဘူး... နေ့လည်စာကို နာနတ်သီး ထမင်းကြော်ဆိုရင် ဘယ်လိုလဲ..."


“အင်း...ကောင်းတယ်...” 


ရှင်းရှင်းက ဝမ်းပန်းတသာ ပြောလိုက်ပြီး သူ့ဘေးနားကို လက်ညှိုးထိုးပြလိုက်သည်။


"မေမေ့အတွက်ဆိုပြီးတော့  ဦးလေးတစ်ယောက်က ဒါ လာပို့သွားတယ်..."


"အဲဒါဘာလဲ..."


ရှင်းရှင်းသည် စားပွဲနောက်တွင် ထိုင်နေပြီး စားပွဲသည် အနည်းငယ်မြင့်သဖြင့် ဆိုဖာ၏ တစ်ချို့နေရာများကို မမြင်ရပေ။ထို့ကြောင့် ချန်းဟွမ် ရပ်နေသည့်နေရာမှ ဘာကိုမှ မမြင်ရပေ။


Xxxxxxx


Chapter 190


ချန်းဟွမ်သည် သံသယစိတ်ဖြင့် ရှင်းရှင်းအနား လျှောက်လာသည်။ အော်ဒါမှာထားသည့် ပစ္စည်းတစ်ခုခုကို လာပို့ပေးသည်ဟု သူမထင်ထားသော်လည်း  ကြက်သွေးရောင် နှင်းဆီပန်းစည်းကြီးကို သူမ တွေ့လိုက်ရသည်။ 


"ဒါကို ဘယ်သူပေးလိုက်တာလဲ...သား..." 


ချန်းဟွမ်သည် ပန်းစည်းကို ကောက်ယူကြည့်လိုက်သော်လည်း အတွင်းဘက်တွင် ကဒ်တစ်ခုနှင့် ဆင်တူသည့် မည်သည့်အရာကိုမျှ မတွေ့ခဲ့ရပေ။ 


“ဦးလေးတစ်‌ယောက်လေ...”


 "အဲ့ဒီဦးလေးက ဘယ်လိုပုံစံလဲ..." 


ရှင်းရှင်း က စဉ်းစားလိုက်သော်လည်း ထိုဦး‌လေးနှင့် တွေ့လိုက်ရသည်မှာ ခဏသာဖြစ်၍ သူမမှတ်မိတော့ပေ။သူက ရှည်ရှည်ဝေးဝေး တွေးနေသော်လည်း အဆုံးတွင် ခေါင်းခါပြလိုက်သည်။ 


"သားလည်း မသိဘူး..."


ချန်းဟွမ် "……" 


မူလချန်းဟွမ်သည် ယခင်က ရှုပ်ထွေးပွေလီလှသော ဆက်ဆံရေးအချို့ရှိခဲ့သော်လည်း သူမကူးပြောင်းလာကတည်းက ထိုအဆက်အသွယ်အားလုံးကို အနည်းနှင့်အများ ဖြတ်တောက်ခဲ့ပစ်သည်။ထို့ကြောင့် သူမ၏ လိပ်စာအသစ်ကို သိပ်မသိကြခြင်းပင်။ သူမ အသိမိတ်ဆွေများထဲမှ အိမ်ထောင်သည်များနှင့် ကလေးများကို ဖယ်ထားလိုက်လျှင် ကျန်နေသူမှာ ကျန်းမင်ယွမ် ဖြစ်လေသည်။ 


ဒါပေမယ့် သူက ဘာလို့ ပန်းတွေ ပို့ရတာလဲ.... 


ချန်းဟွမ် က ကျန်းမင်ယွမ် မဖြစ်နိုင်ဟု ခံစားရသည်။ သူသည် တစ်နှစ်လျှင် ၃၆၅ ရက်ပတ်လုံး အလုပ်များနေသူဖြစ်၍ ပန်းစည်းပေးသည်မှာ မဖြစ်နိုင်ပေ။ထို့နောက် သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ စားပွဲပေါ်သို့ ပန်းစည်းကို တင်ထားလိုက်၍ အိပ်ခန်းထဲသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။ထို့နောက် သူမ ဖုန်းထဲမှ မကြာသေးမီက ဆက်သွယ်ထားသော ဖုန်းနံပါတ်များကို ရှာကာ နံပါတ်တစ်ခုကို ခေါ်လိုက်သည်။ 


"ရှင်… လူတစ်ယောက်ကို ပန်းတွေ လာပေးခိုင်းလိုက်တာလား...” 


"ဟုတ်တယ်...မင်း ပန်းတွေကို တွေ့ပြီလား..."


ကျန်းမင်ယွမ် က ဝန်ခံလိုက်ပြီး ဘောပင်ကို ညာလက်နှင့် လှည့်လိုက်ရင်း နူးညံ့စွာပြောလိုက်သည်။ 


"မင်းဘယ်လိုပန်းမျိုးတွေ ကြိုက်တာလဲ ကိုယ်မသိဘူး.... ဒါကြောင့် ကိုယ်ပဲ ရွေးလိုက်တယ်... မင်းမကြိုက်ရင် ကိုယ်ပြန်လဲပေးဖို့ ပြောလိုက်မယ်လေ..."


တစ်ကယ်တမ်းတွင် သူ့လက်ထောက်(ချီရှန်)က ပန်းစည်းပို့ရန် အကြံပေးသူ ဖြစ်သည်။မနေ့ညက ချန်းဟွမ် အိမ်မှ ပြန်လာပြီးနောက် ကျန်းမင်ယွမ်သည် မိန်းကလေးတစ်ယောက်ကို မည်သို့လိုက်ရမည်ကို စတင်လေ့လာခဲ့သည်။ အွန်လိုင်းပေါ်မှ အကြံပြုချက်များ အားလုံးသည် သူနှင့်အဆင်မပြေသောကြောင့် သူက ချီရှန်ကို ထပ်မေးကြည့်သည်။ 


ကျန်းမင်ယွမ်၏ နံပါတ်တစ်လက်ထောက်ဖြစ်သူ ချီရှန်သည် နောက်ပိုင်းတွင် သူဌေးနှင့်ပတ်သက်သော ကိစ္စမှန်သမျှကို ကိုင်တွယ်တတ်နေပြီဖြစ်သည်။ ကောင်မလေးတစ်ယောက်ကို ဘယ်လိုလိုက်ရမလဲဟု သူ့သူဌေးက မေးလာသည့်အခါ သူ စက္ကန့်အနည်းငယ်ခန့် ငြိမ်သွားရသည်။ သူက   စိတ်အားထက်သန်စွာဖြင့် သေသေချာချာ အကြံပေးခဲ့လေသည်။ 


ကျန်းမင်ယွမ် ကလည်း သူပြောသမျှကို မှတ်သားထားပြီး အားလုံးကို စမ်းကြည့်ရန် ကြံနေလေသည်။ပထမ အဆင့်မှာ  ပန်းစည်းပို့ခြင်း ဖြစ်သည်။


လူတစ်ယောက်က ပို့လိုက်သော ပန်းအမျိုးအစားသည် အဓိပ္ပါယ်အမျိုးမျိုးရှိသည်ဟု ချီရှန်ကပြောခဲ့သဖြင့် ကျန်းမင်ယွမ်က ပန်းပညာရှင်တစ်ဦးနှင့် တိုင်ပင်ခဲ့လေသည်။ထို့နောက် ကြက်သွေးရောင် နှင်းဆီပန်းများပေးရန် ဆုံးဖြတ်လိုက်လေသည်။ကြက်သွေးရောင် နှင်းဆီပန်း၏အဓိပ္ပါယ်မှာ ရင်ထဲမှခံစားချက်ကို လှစ်ဟပြလိုက်သော်လည်း အလွန်အမင်း ရိုမန်တစ်မဖြစ်ပေ။


 **


ယခု ချန်းဟွမ်သည် သူမ ခံစားချက်များ မည်သို့ဖြစ်နေသည်ကို မသိတော့ဘဲ ကျန်းမင်ယွမ်ကို ပိုသိလာသလိုပင် ခံစားနေရသည်။ သူမက သူ့စိတ်ကို အသိအမှတ်ပြုမိလိုက်ပြီး သူမ လေသံထဲတွင် ဖုံးကွယ်မရသော ပျော်ရွှင်မှုများ ရှိနေလေသည်။ 


“လှပါတယ်....ပြန်လဲဖို့ မလိုပါဘူး...”


 “အင်းအင်း... နောင်လည်း ဒီလိုမျိုးတွေ ဆက်ပြီး ပို့မယ်..." 


 


သူ့စကားများက သူမကို ထိတ်လန့်စေပြီး သူမ မျက်နှာမှာ နီမြန်းနေကာ သူမက လက်ကာ၍ တားလိုက်သည်။


 


"မလိုပါဘူး...ရပါတယ်... ဖြုန်းတီးရာကျတယ်..."


"မင်း ကြိုက်ရင် ဖြုန်းတီးတာ ဘယ်ဟုတ်တော့မလဲ...."


ချန်းဟွမ် "……" 


ချန်းဟွမ်၏ နှလုံးသားသည် သူ့စကားကြောင့် တုန်လှုပ်သွားရသည်။ သူမက အောက်နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်ထားပြီး မရယ်မိအောင် ထိန်ထားသော်လည်း သူမနှုတ်ခမ်းအစုံမှာ ကွေးညွတ်သွားရလေသည်။ထို့နောက် သူမက ဖုန်းချရန် အကြောင်းပြချက်ရှာလိုက်ပြီး ဖုန်းချလိုက်သည်။


 


ဖုန်းကျသွားပြီးနောက် ချန်းဟွမ် ဖုန်းကို ရင်ဘတ်နှင့် ဖိထားလိုက်ပြီး သွားစွယ်များပေါ်အောင် ပြုံးမိရင်း သီချင်းတစ်ပုဒ်ကိုပင် ညည်းချင်သွားရသည်။သူမက ပါးပြင်ကို ပွတ်သပ်ရင်း မျက်နှာကျက်ကိုကြည့်ကာ အနည်းငယ်နွေးနေသော ဖုန်းကို ကိုင်ထားရင်း ကိုယ့်ကိုယ်ကိုယ် တွေးနေမိသည်။


'ကြည့်ရတာ နောက်ထပ် ထပ်လိုက်ဖို့တောင် မလိုတော့ပါဘူး...' 


ထို့နောက် ချန်းဟွမ်သည် ဧည့်ခန်းထဲသို့ အမြန်ပြန်သွားကာ ပန်းအိုးထဲတွင် ရေအနည်းငယ် လောင်းထည့်၍ ပန်းပွင့်များကို တစ်ပွင့်ချင်းထည့်ကာ နမ်းကြည့်လိုက်သည်။ ရှင်းရှင်းကလည်း ပန်းများကို ခေါင်းကလေးမြုပ်သွားသည်အထိ ရှူရှိုက်လိုက်သည်။


 "ဟပ်ချူး...." 


က​လေး​လေးက ​ခေါင်းမော့လိုက်ပြီး မျက်​စိမှိတ်​ကာ နှာ​ချချေလိုက်ရာ မျက်​ရည်​နှစ်​စက်​ထွက်​လာ​ရလေသည်။ထို့နောက် သူက နှာခေါင်းကို ပွတ်သပ်ကာ မျက်ရည်များကို လက်ဖြင့်သုတ်၍ ပန်းများကို  ချီးမွမ်းလိုက်ပြီး ပြောလိုက်သည်။


 “မေမေ... ပန်းတွေကို ဘယ်သူပို့မှန်း သိလို့လား...”


"မေမေသိတယ်လေ...” 


"အဲ့ဒါ ဘယ်သူလဲ..."


"သားဖေဖေလေ..." 


ရှင်းရှင်း အံ့သြသွားရ၏။


"ဖေဖေက ဘာလို့ ပန်းတွေ ပို့တာလဲ..." 


ကလေးတွေက ဘာလို့ အများကြီးမေးရတာလဲ...


 


ချန်းဟွမ်က အသက်ပြင်းပြင်းရှူလိုက်ပြီး လက်နှစ်ဖက်ဖြင့် ရှင်းရှင်း ပါးပြင်ကို ဆွဲညှစ်လိုက်ပြီး သူဆက်မမေးနိုင်စေရန် အာရုံလွှဲလိုက်သည်။မည်သို့ပင်ဆိုစေ ရှင်းရှင်း၏ စူးစမ်းလိုစိတ်ကို သူမ မရှောင်တိမ်းနိုင်ခဲ့ပေ။


"ဖေဖေက မေမေကို ကြိုက်လို့ ပန်းတွေ ပို့ပေးတယ်..." 


တစ်စုံတစ်ယောက်က သူမအား ‌သဘောကျနေသည်ကို အသံထွက်ပြောလိုက်သဖြင့် သူမရှက်သွားရချေသည်။ ကံမကောင်းစွာနှင့် ရှင်းရှင်းက အမေဖြစ်သူ၏ ခံစားချက်ကို နားမလည်နိုင်ဘဲ ဆိုဖာပေါ်တွင်ထရပ်လိုက်ပြီး ခြေကို ဆောင့်လိုက်သည်။


 “ဒါဆို ဖေဖေက သားကိုကျ ဘာလို့ ပန်းတွေ မပို့ပေးတာလဲ....”


Xxxxxx