Chapter 191
ချန်းဟွမ် အနည်းငယ် ရှုံးနိမ့်သွားသလို ခံစားလိုက်ရပြီး စိတ်လည်းညစ်သွားရသည်။
သူမ ဒီကိစ္စကို ကလေးလေးတစ်ယောက်နဲ့ ဘာလို့ ပြောနေရမှာလဲ....
သူမက ရှင်းရှင်းကို ခဏစိုက်ကြည့်လိုက်ပြီး အဝေးကိုတစ်ချက်ကြည့်ကာ အာရုံပြောင်းဖို့ ကြိုးစားလိုက်သည်။
"ဒါဆို သား ဖေဖေ့ကို မေးမှ ရမယ်...."
ထို့ကြောင့် ချန်းဟွမ် နှင့် ဖုန်းပြောပြီး မိနစ်အနည်းငယ်အကြာတွင် ကျန်းမင်ယွမ် မှာ သားဖြစ်သူဆီက ဖုန်းဝင်လာလေသည်။ယခု သူ နေ့လည်စာစားနေခြင်းဖြစ်၍ ရှင်းရှင်း ဖုန်းဆက်သည်ကိုလည်း အံ့အားသင့်သွားရသည်။သူက တစ်ခုခု အကြောင်းထူး၍ ဆက်သည်ဟုထင်ခဲ့သော်လည်း ဖုန်းကို ကိုင်လိုက်သည်နှင့် သားဖြစ်သူ၏ ရန်ထောင်သံကို ကြားလိုက်ရလေသည်။
"ဖေဖေ...သားကို မချစ်ဘူးလား..."
"ဘာလို့ အဲ့လိုပြောရတာလဲ...သားရဲ့..."
ကျန်းမင်ယွမ် အလွန်အံ့သြသွားရပြိး ကလေးကို သူ့အမေက မြှောက်ပေးလိုက်သည်ဟု ထင်လိုက်သည်။
"သားကို ဘယ်သူပြောတာလဲ...."
ရှင်းရှင်းက ခါးထောက်လိုက်ပြီး စိတ်ဆိုးမာန်ဆိုး ပြောလေသည်။
"ဘယ်သူမှ မပြောဘူး...သားသိနေတာ...မေမေ့ဆီ ဖေဖေက ပန်းတွေ ပို့ပေးပေမယ့် သားကို မချစ်တော့ ပန်းမပို့ပေးဘူး..."
ကျန်းမင်ယွမ် မှာ ချန်းဟွမ်ကိုသာမက သားဖြစ်သူကိုပါ လက်မြှောက်ရလေသည်။ ချန်းဟွမ်ကို အနည်းငယ် အပြစ်တင်လိုက်မိသဖြင့် သူစိတ်မကောင်းဖြစ်သွားရပြီး သက်ပြင်းတစ်ချက်ချကာ ပြောလိုက်လေသည်။
"ရှင်းရှင်းကလည်း ပန်းတွေကြိုက်တာလား..."
“ဟုတ်...”
ရှင်းရှင်း က ခပ်ပြတ်ပြတ် လေသံနှင့် ပြောလိုက်သည်။
“ဒါဆို ခဏ စောင့်နော် ချစ်တုံးလေး... နာရီဝက်လောက်ကြာရင် ဦးလေးတစ်ယောက် လာပို့လိမ့်မယ်...ရလား သား..."
“အိုကေ....”
သူကြားချင်သောအဖြေကို ရပြီးနောက် ကလေးလေးသည် စိတ်မဆိုးတော့သလို ခါးမထောက်တော့ဘဲ ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်သည်။ထို့နောက် သူက ခြေထောက်နှစ်ချောင်းကို ယမ်းနေရင်း အဖေဖြစ်သူကို ချစ်ကြောင်း ဝန်ခံလိုက်သည်။
"ဖေဖေ...သားလည်း ဖေဖေ့ကို ချစ်တယ်နော်...."
"ဖေဖေကလည်း ရှင်းရှင်း ကို ချစ်တယ်...."
“ဒါပေမယ့် သားမှာ ပိုက်ဆံမရှိဘူး... ဖေဖေ့ကို ပန်းတွေ မဝယ်ပေးနိုင်ဘူး...."
“ဖေဖေက ပန်းတွေမကြိုက်ဘူး....သား ဖေဖေ့ကို ပို့ပေးစရာ မလိုဘူးနော်...."
ရှင်းရှင်း အလွန်ပျော်သွားရပြီး ပါးနှစ်ဖက်ချိုင့်ဝင်သွားသည်အထိ ပြုံးလိုက်ကာ အဖေဖြစ်သူကို နှုတ်ဆက်လိုက်သည်။
“ဖေဖေ အခု ဖုန်းချလိုက်တော့မယ်နော်...."
"တာ့တာ... ချစ်လေး..."
"တာ့တာ...ဖေဖေ..."
ဖုန်းပြောပြီးသောအခါ ရှင်းရှင်း သည် အမေဖြစ်သူကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။
"ပန်းတွေ မကြာခင်ရောက်လာတော့မယ်..."
"ဟုတ်ပါပြီရှင်...”
သားအဖနှစ်ယောက် ဖုန်းပြောနေသည်ကို ကြားလိုက်ရသော ချန်းဟွမ်သည် စကားတစ်ခွန်းမှပင် ထပ်မပြောတော့ပေ။ သားဖြစ်သူ ကျေနပ် ပျော်ရွှင်နေသည်ကို လျစ်လျူရှုကာ သူမသည် ရေခဲသေတ္တာထဲမှ နာနတ်သီးကို ထုတ်လိုက်ကာ ထမင်းချက်ရန် ပြင်ဆင်နေလေသည်။
ကျန်းမင်ယွမ် ပြောခဲ့သည့် နာရီဝက်ပင် မကြာလိုက်။ ချီရှန် သည် ပန်းပညာရှင်နှင့် တိုင်ပင်လျှင်လည်း အချိန်ကြာသွားမည် စိုးပြီး သူဌေးကလည်း ဖောက်သည်တစ်ယောက်နှင့် တွေ့ဆုံရမည် ဖြစ်သောကြောင့် ပန်းများကို သူ လာပို့လေသည်။ သူက လက်ထဲရှိ ပန်းများကို ပွေ့လိုက်၍ တံခါးခေါက်လိုက်ရာ ချောက်ကနဲအသံနှင့် အတူ တံခါးမှာ ပွင့်လာလေတော့သည်။
တံခါးဖွင့်ပေးသူမှာ ကလေးလေးတစ်ယောက်ဖြစ်ပြီး သူက ချီရှန်ကို မော့ကြည့်လိုက်ပြိး ပန်းများကို လှမ်းကိုင်လိုက်သည်။
"ဦးလေး....ဒါတွေက သား ဖေဖေပေးခိုင်းလိုက်တာလား....သားအတွက်မလား...."
"ဟုတ်တယ် ဒါ သားအတွက်ပါ...."
ချီရှန် က သူ့ကို ပန်းများ ပေးလိုက်ရာ လေထဲတွင် မွှေးကြိုင်သည့် ရနံ့များသင်းပျံ့နေဆဲဖြစ်သည်။ သူက မီးဖိုချောင်ထဲက ထွက်လာသည့် ချန်းဟွမ် ကို မော့ကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။
"ဘာမှ ခိုင်းစရာမရှိရင် အခုကျွန်တော် သွားတော့မယ်...."
"ဟုတ်ကဲ့....ရပါတယ်.... တခြားဘာမှ ခိုင်းစရာ မရှိပါဘူး..."
ထို့နောက် ချန်းဟွမ် က အနည်းငယ် တောင်းပန်စကား ပြောလိုက်သည်။
"ကလေးအတွက် စိတ်အနှောင့်အယှက်ဖြစ်သွားရလို့ တောင်းပန်ပါတယ်...."
“ကိစ္စမရှိပါဘူး...ကျွန်တော့်ရဲ့အလုပ်အချိန်ဇယားက ဒီနေ့မွန်းလွဲပိုင်းမှာ အားနေတာပါ...."
ချီရှန် က သူ့လက်ကို အမြန်ကာလိုက်ရင် လိမ်ညာခဲ့သည်။ယခု ဤတိုက်ခန်းတွင် နေထိုင်သူများသည် အနာဂတ်သူဌေးဇနီးနှင့် သူဌေးကလေးဖြစ်လာနိုင်သဖြင့် သူ အလုပ်ရှုပ်ရသည်က အရေးမကြီးပေ။ထို့အပြင် ထပ်မံခိုင်းစရာရှိပါက ခိုင်းရန်ပါ ပြောလိုက်သေးသည်။သို့သော် ချီရှန်မှာ အလုပ်များသူပီပီ ပန်းပေးပြီးသည်နှင့် အလုပ်သို့ တစ်ဖန်ပြန်သွားလေတော့သည်။
ချန်းဟွမ်က ချီရှန် ဓါတ်လှေကားထဲသို့ လှမ်းဝင်သွားပြီးနောက် တံခါးကို ပိတ်ကာ ပန်းများကို ကြည့်လိုက်သည်။ ပန်းများသည် ပန်းရောင်၊ပြာနုရောင်၊အဝါရောင် စသဖြင့် ရောင်စုံ deflers ပန်းများနှင့် gypsophila ဖြင့်ပြုလုပ်ထားသော ပန်းစည်းကြီးတစ်ခုဖြစ် လေသည်။
ရှင်းရှင်းက သူ့ထက် ပိုကြီးနေသည့် ပန်းစည်းကို ပွေ့ဖက်ရင်း မေးလိုက်သည်။
"မေမေရဲ့ ပန်းတွေနဲ့ ဘယ်လိုဖြစ်လို့ မတူတာလဲ...."
“ဒီပန်းတွေကို ဖန်ရှင်းဟွာ လို့ခေါ်တယ်... မလှဘူးလား...."
သူ့မေးခွန်းကို လျစ်လျူရှုရင်း ချန်းဟွမ်က ပန်းအမည်ကို ပြောပြလိုက်သည်။ ရှင်းရှင်းက ပန်းနာမည်မှာ သူ့နာမည်လည်းပါနေသဖြင့် ချက်ချင်း သဘောကျသွားလေသည်။ သူက ပန်းစည်းကြီးကို ကြမ်းပြင်ပေါ်ချထားလိုက်ပြီး ပွင့်ဖတ်များကို လက်သေးသေးလေးနှင့် ဆော့ကစားနေလေသည်။
"ဒီပန်းတွေ အရမ်းလှတယ်....မေမေ့ပန်းထက်တောင် ပိုလှတယ်...”
ချန်းဟွမ်က ကြမ်းပြင်ပေါ်မှ သားဖြစ်သူကို ကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။
“အိုး...ဒါဆို ဒီနေ့ နေ့လည်စာကိုသားအတွက် နာနတ်သီးထမင်းကြော် လုပ်မပေးတော့ဘူး....”
"အာ...မရဘူး...မေမေ..."
Xxxxxxx
Chapter 192
နေ့လည်စာ မစားရဘူးဟု အမေဖြစ်သူမှ ပြောလိုက်သည့်အခါ ရှင်းရှင်းသည် ပန်းပွင့်များကို မရေတွက်တော့ဘဲ ချက်ချင်း ပြေးလာကာ ချန်းဟွမ် ၏ပေါင်ကို ဖက်ထားလိုက်သည်။
"မေမေ...နေ့လယ်စာ စားချင်တယ်..."
ချန်းဟွမ် သူ့ကို လျစ်လျူရှုကာ မီးဖိုချောင်ထဲကို လျှောက်သွားလိုက်လျှင်ရှင်းရှင်းက အမြီးတစ်ချောင်းလို သူမေနာက်မှာ လိုက်လာနေလေသည်။
ရှင်းရှင်းသည် နေ့လည်စာ မစားရတော့မည်ကို အမှန်တကယ် စိုးရိမ်နေပြီး ချန်းဟွမ် အား ချိုချိုသာသာပြောဆိုကာ သူမ ခိုင်းသမျှကိုလည်း လုပ်ပေးခဲ့သည်။ ဤသို့ သူ၏ ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်မှုကြောင့် နာနတ်သီးတစ်ခြမ်းကို ထုတ်ကာ ထမင်းကြော် အစာသွပ်ထားသော နာနတ်သီးထမင်းကြော်ကို မြင်သောအခါ သူ ငိုလုမတတ်ပင်။
ရှင်းရှင်းက လက်ထဲမှ ဇွန်းကလေးနှင့် နာနတ်သီးတစ်စိတ်ကို ကော်လိုက်ပြီး စားလိုက်သည်။
"မေမေ.... နေ့လည်စာချက်ရတာလည်း ခက်လိုက်တာနော်..."
“……”
ကျန်းမင်ယွမ် က သူ့စကားအတိုင်းပင် ဆက်လုပ်နေလေသည်။ ချန်းဟွမ် သည် ပထမနေ့မှစပြီး မနက်တိုင်း နှင်းဆီပန်းစည်း တစ်စည်းကို လက်ခံရရှိမြဲ ဖြစ်လေသည်။ ဒုတိယနေ့တွင် ပန်းများကို လူကိုယ်တိုင် ထွက်ယူရသောအခါတွင် အနည်းငယ်ရှက်မိသေးသော်လည်း ရက်ဆက်လာသောအခါ သူမ အသားကျလာရသည်။
အိမ်မှာလည်း ပန်းအိုးများထဲတွင် ပန်းများ အပြည့် ဖြစ်နေကြသည်။ချန်းဟွမ် က ပန်းများကို လွှင့်မပစ်ရက်သဖြင့် နှင်းဆီဆော့စ် လုပ်ရန် ဤနှင်းဆီပန်းများကို အသုံးပြုမည် ဖြစ်လေသည်။
သူမ နှင်းဆီပန်းများကို အညှာမှဖြတ်ကာ ပန်းပွင့်များကို ယူလိုက်သည်။ ထို့နောက် ထိုပန်းပွင့်ထဲသို့ သကြားမှုန့်ထည့်ကာ နှင်းဆီရည်များ ထွက်လာသည်အထိ နှယ်ဖတ်လိုက်ပြီး ပုလင်းတစ်လုံးထဲသို့ ထည့်ကာ ဖိသိပ်လိုက်၍ အပေါ်မှ ပျားရည်ဆမ်းလိုက်ကာ ဘူးကို အလုံပိတ်ပစ်လိုက်သည်။ နှင်းဆီပန်းဆော့စ်ကို တစ်လခန့် ရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်လျှင် စား၍ရနေပြီ ဖြစ်၏။ သူမသည် နှင်းဆီပန်းဆော့စ်ပုလင်းကြီးဖြင့် တစ်ဘူးရသည့်အခါ ပိတ်ရက်သို့ရောက်ရှိလာပြီ ဖြစ်သည်။
ချန်းဟွမ် နေ့တိုင်းလည်း အလုပ်သွားစရာမလိုသလို ရှင်းရှင်းကလည်းကျောင်းမတက်သေးသည့်အတွက် စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာ သာမန်ရက်များလိုပင် ထူးခြားမှုမရှိပေ။
ယနေ့ ကျန်းမင်ယွမ် က သူမတို့ကို အိမ်ပြောင်းရန်လာကူညီမည်ဖြစ်၍ သူမခါတိုင်းထက်ပင် စောစောထလိုက်သည်။ အိမ်အသစ်နှင့်ပတ်သတ်၍လည်း နေထိုင်ရမည့်အခန်းများကို တိုင်ပင်ပြီး ဖြစ်လေသည်။ချန်းဟွမ်သည် အောက်ထပ်တွင် နေထိုင်မည်ဖြစ်ကာ ရှင်းရှင်း အတွက် နှစ်ထပ်လုံးတွင် အခန်းတစ်ခန်းစီ ရှိမည်ဖြစ်လေသည်။ရှင်းရှင်းက ထိုကိစ္စကို သိပ်သဘောမတွေ့သော်လည်း ကျန်းမင်ယွမ် က သူနှင့် သီးသန့်စကားပြောခဲ့ပြီး ရှင်းရှင်း ၏ အစီအစဉ်ကို နောက်ဆုံးတွင် လက်ခံခဲ့ရသည်။
ဆောင်းရာသီနှောင်းပိုင်းရောက်လာသဖြင့် နေ့တာရှည်လာပြီဖြစ်သည်။ ချန်းဟွမ် အိပ်ရာထချိန်မှာ နေထွက်ရုံသာ ရှိသေးပြီး သူမ ရေချိုးပြီးသည်နှင့် နေရောင်ခြည်က နွေးထွေးလာပြီ ဖြစ်သည်။
ဆန်ကို ရေဆေးပြီး ချက်လိုက်ကာ ဆန်ပြုတ်အိုးထဲသို့ ကျောက်ပွင့်နှင့် နှင်းပန်းပွင့်အနည်းငယ်ကို ထည့်လိုက်ပြီး အချိန်မှတ်စက်ဖြင့် အချိန်မှတ်ထားကာ ကြက်ဥလိပ်ကြော်ရန် ပြင်လိုက်သည်။ကြက်ဥလိပ်ထဲတွင် ထည့်ရမည့် ဟင်းအမယ်များကို အရင်ဦးဆုံးကြော်ရမည် ဖြစ်သည်။ချန်းဟွမ်က ပါဝင်ပစ္စည်းများကို တစ်ခုပြီးတစ်ခု ဒယ်အိုးထဲသို့ထည့်ကာ မွှေနေစဉ် တံခါးခေါက်သံကြားရလေသည်။
"ဒီလောက်အစောကြီးလား..."
နှင်းဆီပန်းများသည် အများအားဖြင့် နံနက် ၈ နာရီ သို့မဟုတ် ၉ နာရီကျမှ ရောက်လာတတ်သဖြင့် ယခု၁နာရီ၊၂နာရီ ခန့်စောနေသေးသည်။သူမသည် ယောင်းမကို ချထားလိုက်ပြီး လက်ကိုဆေးကာ ခါးစည်းကိုပင်မဖြုတ်ဘဲ တံခါးကိုဖွင့်လိုက်ရာ နှင်းဆီပန်းစည်းကိုတွေ့ရသဖြင့် ပန်းများကို ယူလိုက်သည်။ထို့နောက် သူမကို ပြေစာလက်မှတ်ထိုးခိုင်းမည့်အစား ငြိမ့်ညောင်းပြီး နူးညံ့သော အမျိုးသားအသံကိုကြားရလေသည်။
"မင်္ဂလာနံနက်ခင်းပါ...."
'ရှင်ဘယ်လိုလုပ် ရောက်လာတာလဲ...'
ထိုသို့ ပြောမည်ပြုစဉ် သူမကိုယ်သူမ အချိန်မီ ပါးစပ်ကို အုပ်လိုက်မိသည်။ ချန်းဟွမ် ချက်ချင်းပင် အံသြသွားကာ မျက်နှာနီရဲသွားရပြီး သူမ မျက်နှာတစ်ဝက်ကို ပန်းများဖြင့် ကွယ်ထားကာ ပြောလိုက်သည်။
"ရှင်ဘာလို့ ဒီလောက်အစောကြီး လာတာလဲ..."
"ဒီနေ့ စောပြီး နိုးနေလို့လေ..."
ကျန်းမင်ယွမ်က သူမကို တည်ငြိမ်စွာ ကြည့်နေပြီး ရှက်သွားရသဖြင့် ချောင်းတစ်ချက်ဟန့်ကာ ပြုံးစိစိလုပ်နေလေသည်။
"မနက်စာပြင်နေတာလား..."
“ဟုတ်တယ်...”
သူက တစ်ခြားအကြောင်းပြာလိုက်သဖြင့် ချန်းဟွမ် အနည်းငယ် စိတ်သက်သာရာရသွားမိသည်။သူမက ပန်းများကို အသာအယာ ပွတ်သပ်လိုက်ရာ ယနေ့ပန်းများမှာ ပိုလှနေသည်ဟု ခံစားမိလေသည်။ သူမက ပန်းများကို စားပွဲခုံပေါ်တင်ထားလိုက်ပြီး ကျန်းမင်ယွမ်ကို ပြောလိုက်သည်။
“ရှင် မနက်စာ မစားရသေးဘူးလား... ကျွန်မတို့နဲ့ အတူစားလိုက်လေ...." “
"အင်း စားမယ်လေ...ရှင်းရှင်း အိပ်နေတုန်းလား.."
ထုံးစံအတိုင်း ကျန်းမင်ယွမ်က မငြင်းဘဲ အိပ်ခန်းကို လက်ညှိုးထိုးလိုက်ပြီး ပြောလေသည်။အဖေတစ်ယောက်က သူ့သားကို တွေ့ချင်နေသည်မှာ သဘာဝကျသဖြင့် သူမ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
“မနိုးသေးဘူး...ရှင် သူ့ကို သွားနှိုးလိုက်လေ..."
“ရပါတယ်...သူအိပ်ပါစေဦး...နိုးလာပါလိမ့်မယ်..."
ထို့နောက် ကျန်းမင်ယွမ် က ချန်းဟွမ် နောက်မှ မီးဖိုချောင်ထဲသို့ လိုက်လာလေသည်။ အလွန်ပါးလွှာနေသော ကြက်ဥချပ်ထဲတွင် အစာပလာများကို ထည့်နေသဖြင့် သူက ဘာလုပ်မလို့လဲဟု မေးလိုက်သည်။
"ကြက်ဥလိပ်လေ...အစာပလာတွေက ကြော်ပြီးသား... ထုပ်ပြီး ထပ်ကြော်ဖို့ပဲလိုတော့တယ်....”
ကျန်းမင်ယွမ် က သူမကို တစ်ချက်ကြည့်ပြီး ကူညီပေးဖို့ လက်လှမ်းလိုက်ရာ သူမက တစ်ချက်စဉ်းစားလိုက်ပြီး သဘောတူလိုက်သည်။ ကျန်းမင်ယွမ်က လက်ဆေးလိုက်ပြီး အင်္ကျီလက်ကို ခေါက်လိုက်ကာ နံနက်စာအတွက် ပြင်ဆင်ပေးနေတော့သည်။
ကြက်ဥလိပ်အတွက် ဟင်းအမယ်များကို ပန်းကန်ပြားတစ်ခုထဲတွင် ထည့်ထားပြီး သူတို့နှစ်ဦးသည် ပန်းကန်၏ တစ်ဖက်တစ်ချက်စီတွင် ရပ်နေခြင်းဖြစ်သည်။ ထို့ကြောင့် နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် အလွန်ပင် နီးကပ်နေကြတော့သည်။
ကျန်းမင်ယွမ်သည် အင်္ကျီလက်များကို လိပ်တင်ထားဖြင့် လှပပြီးအကြာများထင်းနေသော လက်ကို အတိုင်းသား မြင်နေရလေသည်။
သူက သက်ရှိ ဂရိနတ်ဘုရားပဲ....
Xxxxxx