အပိုင်း ၁၉၃-၁၉၄
Viewers 22k

Chapter 193


သူမတို့နှစ်ယောက် မတွေ့ရသည်မှာ ရက်အတော်ကြာနေပြီး တစ်နေ့ လျှင် ပန်းတစ်စည်း ရသည်မှလွဲ၍ ချန်းဟွမ်နှင့် ကျန်းမင်ယွမ်တို့၏ ဆက်ဆံရေးမှာ သိပ်မထူးခြားလာပေ။


ယခု ကျန်းမင်ယွမ်သည် သူမရှေ့တွင် ရပ်နေသဖြင့် သူမ လျစ်လျူမရှုနိုင်‌တော့။ သူမရှေ့ရှိ လူငယ်မှာ  ရှင်းရှင်း၏ အဖေမဟုတ်တော့ဘဲ သူမနှင့် လိုက်ဖက်သူတစ်ယောက်ဟုလည်း ယူဆမိလေသည်။ ထိုအတွေးသည် အခန်းထဲရှိ လေထုကို အေးစက်စေသလို နေရထိုင်ရလည်း ခက်ခဲစေသည်။ထို့‌ကြောင့် ယခု သူမ တစ်ကိုယ်လုံးအနည်းငယ် ဟန်ချက်ပျက်ချင်နေရလေသည်။


သူမဘယ်ဘက်လက်တွင် ကြက်ဥကြော်တစ်ချပ်ရှိပြီး ညာဘက်လက်နှင့် ဟင်းအမယ်များကို တူဖြင့်ထည့်နေလေသည်။ သူမက အတွေးများနေသဖြင့် အပေါ်မှထည့်ရမည့် ဟင်းအမယ်များက ကြက်ဥလိပ်ပြုလုပ်ရာတွင် လိုအပ်သည့်ပမာဏထက် ကျော်လွန်သွားကာ ကြမ်းပြင်ပေါ် တစ်ချို့တစ်ဝက် ပြုတ်ကျသွားလေသည်။


ထိုဟင်းအမယ်များ ချန်းဟွမ်၏ဖိနပ်ကို ထိမိသွားသောအခါမှ  အတွေးများမှ ရုန်းထွက်နိုင်လာပြီး သတိပြန်ဝင်လာရကာ သူမကိုယ်သူမ အနည်းငယ် စိတ်ပျက်မိသွားရသည်။ ကျန်းမင်ယွမ် သည် ကြက်ဥလိပ်လုပ်ရန် အသေအချာ ကြက်ဥကြော်နေသဖြင့် သူမကြမ်းပြင်ကို သန့်ရှင်းရေးလုပ်နေမှန်း မသိလိုက်ပေ။


ယခု ချန်းဟွမ်တို့အိမ်မှာ ဟင်းချက်စရာလည်း များစွာ မရှိသဖြင့် ကြက်ဥ ၁၀ လုံးကျော်သာ သုံးမည်ဖြစ်သည်။ ကြော်ပြီးသွားသော ကြက်ဥများကို ချန်းဟွမ် က ပန်းကန်တစ်ခုထဲသို့ ထည့်ပြီး ခဏအကြာတွင် အစာသွပ်၍ ပြန်ကြော်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ ထို့နောက် ချန်းဟွမ်က ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်ကာ အစာသွပ်ထားသည့် ကြက်ဥလိပ်များကို ဆီပူလာသောအခါ ထည့်လိုက်သည်။ ကြက်ဥလိပ်ကြော်သည့်အခါ အပူရှိန် မျှင်းမျှင်းနှင့် ရွှေညိုရောင်ပြောင်းလာသည်အထိ ကြော်ရမည်ဖြစ်လေသည်။


ထို့နောက် ချန်းဟွမ်သည် ကြက်ဥလိပ်ပူပူများကို ပိရမစ်ကဲ့သို့ ပန်းကန်ထဲတွင် ထည့်ထားလိုက်ရာ တစ်ခုပိုနေလေသည်။ သူမက ကျန်းမင်ယွမ်ကို အပိုတစ်ခုအား စားချင်လားဟု မေးလိုက်သည်။ ကျန်းမင်ယွမ်သည် ထမင်း မစားမီ မီးဖိုချောင်ထဲတွင် ဟင်းမြည်းမကြည့်ဖူးပေ။သူက ငြင်းပယ်မည်ဟု တွေးလိုက်‌သော်လည်း အနည်းငယ်တုံ့ဆိုင်းနေကာ နောက်ဆုံးတွင် သဘောတူလိုက်သည်။ 


 “စားမယ်လေ..."


ချန်းဟွမ် လည်း မေးပြီးပြီးချင်းနောင်တရသွားသည်။ သူမသည် ရှင်းရှင်းကို အမြဲကျွေးနေကျဖြစ်သဖြင့် မေးလိုက်မိခြင်း ဖြစ်သည်။ ကျန်းမင်ယွမ်က ငြင်းပယ်လိမ့်မည်ဟု သူမထင်လိုက်သော်လည်း သဘောတူခဲ့သဖြင့် သူမ နားမလည်နိုင်ဖြစ်သွားရသည်။


သူ့စကားကို ကြားရသောအခါ ချန်းဟွမ် လျှာကို ကိုက်လိုက်မိပြီး ပိုနေသည့်ကြက်ဥလိပ်ကို ကြောင်စီစီ ကောက်ကိုင်လိုက်သည်။ ထို့နောက် သူမက ထိုကြက်ဥလိပ်ကို ယူသွားလိုက်ရာ သူမကိုယ်သူမ ပြန်သတိရလာပြီး  ခြေလှမ်းရပ်လိုက်၍ ကျန်းမင်ယွမ်ကို တူပေးလိုက်သည်။


 "ဒီမှာ...." 


ကျန်းမင်ယွမ် သည် သူမပေးသော တူကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း မျက်မှောင်ကြုတ်နေသေးသည်။ သူလည်း သူမအနား လျှောက်လာပြီး ကြက်ဥလိပ်ကို ကောက်ကိုင်လိုက်ပြီး  ကြည့်လိုက်ရာ စိတ်မသက်မသာ ဖြစ်သွားသဖြင့် သူမစားနိုင်ဘဲ ဖြစ်နေလေသည်။တူကိုင်ထားသည့် သူ့လက်မှာ လေထဲတွင် ရပ်တန့်နေကြပြီး ဘာလုပ်ရမှန်းမသိဖြစ်နေစဉ်  ရှင်းရှင်း အသံက သူတို့နောက်မှ  ထွက်လာလေ၏။


"ဖေဖေ ဘာစားနေတာလဲ..."


ရှင်းရှင်း သည် အလွန်အကင်းပါးသူဖြစ်ပြီး အိပ်ရာနိုးလာပြီနောက် သူ့ဘာသာ အဝတ်အစားများ ဝတ်ထားလေသည်။သူက အခန်းတံခါးကိုဖွင့်လိုက်သည်နှင့် အမေဖြစ်သူက သူ့အတွက် မနက်စာပြင်ဆင်နေမှန်း သိလိုက်သည်။ ကလေးများမှာ အစားအသောက်မက်ကြသဖြင့် သွားမတိုက်ဘဲ မနက်စာစားရန် မီးဖိုချောင်ကို ပြေးသွားလ်ိုက်ရာ အဖေဖြစ်သူနှင့် အမေဖြစ်သူကို တွေ့လိုက်ရခြင်းဖြစ်သည်။ရှင်းရှင်းက သူ့ကို မနက်စာစားရန် မခေါ်သဖြင့်စိတ်ဆိုးသွားရကာ အဖေဖြစ်သူကို ဆောင့်ကြီးအောင့်ကြီး ပြောလိုက်လေသည်။


 "သားလည်း စားချင်တယ်..."


ကျန်းမင်ယွမ် ရှင်းရှင်းစကားကြောင့်ထွက်ပေါက်တွေ့သွားသလို ဖြစ်သွားရကာ ပြောလိုက်သည်။


 "ဖေဖေ မစားတော့ဘူး...သားစားလိုက်လေ..."


ရှင်းရှင်းသည် မနက်အိပ်ရာနိုးသည့်အခါတိုင်း အမြဲဗိုက်ဆာနေတတ်ပြီး အစားအသောက်နံ့ရလိုက်ကတည်းက သွားရည်ကျနေသူဖြစ်သည်။ သူက ကြက်ဥလိပ်ကို ကိုက်စားမည်ပြုစဉ် သွားမတိုက်ရ‌သေးမှန်း သတိရသွားသည်။ သွားမတိုက်ခင် အစားမစားရဘူးဟု သူ့အမေက ပြောဖူးသဖြင့် အမေဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး ကြက်ဥလိပ်ကို မစားတော့ပေ။


 “သွားမတိုက်ရသေးဘူး ဖေဖေ...သားပြန်လာခဲ့မယ်နော်..." 


ရှင်းရှင်းက ဘောင်းဘီကို ဆွဲတင်လိုက်ပြီး နှာခေါင်းရှုံ့ကာ ရေချိုးခန်းဘက်ကို ပြေးသွားလိုက်သည်။သူ၏ သန်မာသော ခြေထောက်ကလေးများသည် သွားမတိုက်ချင်သဖြင့် လေးတိလေးကန် လျှောက်နေလေသည်။


“ဟုတ်ပါပြီ...” 


ကျန်းမင်ယွမ် က ရှင်းရှင်းကို ညင်သာစွာ ပြောလိုက်ပြီး ကြက်ဥလိပ်ကို ပန်းကန်ထဲ ပြန်ထည့်ကာ ပန်းကန်ကို ချထားလိုက်၍ မီးဖိုခန်းထဲမှ အမြန်ထွက်လာခဲ့လိုက်သည်။


Xxxxxx


Chapter 194


ရှင်းရှင်းက သွားတိုက်ပြီးနောက် ကြက်ဥလိပ်စားရန် မီးဖိုခန်းထဲသို့ ပြန်‌လာသော်လည်း ကံမကောင်းစွာနှင့် မနက်စာစားချိန် ရောက်နေပြီဖြစ်၍ ကြက်ဥလိပ်ကို အလွတ်မစားလိုက်ရပေ။ထို့‌ ကြောင့် သူ့ကို မနှိုးသည့်အတွက် ကျန်းမင်ယွမ်နှင့် ချန်းဟွမ်ကို စိတ်ဆိုးသွားရလေသည်။


မနက်စာစားပြီးသောအခါ တစ်မိသားစုလုံး တိုက်ခန်းထဲမှ ပစ္စည်းများကို စတင်ထုပ်ပိုးကြသည်။ ၆လတာကာလအတွင်း ဒုတိယအကြိမ်အဖြစ် ချန်းဟွမ် အထုပ်များပြန်ထုပ်ပိုးရခြင်း ဖြစ်လေသည်။သူမက အဝတ်အစားများကို အရင်ဦးစွာ ထုပ်ပြီး အပြင်မှာ အရင်ထုတ်ထားလိုက်သည်။အသုံးမပြုသော မီးဖိုချောင်သုံးပစ္စည်းများကို သယ်လျှင် မကွဲရှစေရန် စက္ကူများခံထား၍ ထုပ်ပိုးထားလေသည်။ထို့နောက် ထိုပစ္စည်းများကို ကြိုးတစ်ချောင်းဖြင့် ချည်နှောင်လိုက်ကာ သေတ္တာကြီးတစ်ခုထဲ ထည့်ထားလိုက်လေသည်။


ချန်းဟွမ် စားပွဲကို သန့်ရှင်းရေး လုပ်ပြီးသောအခါ ဆေးကြောထား သော ပန်းကန်ပြားများနှင့် ပန်းကန်ခွက်ယောက်များကို သေတ္တာ ပေါ်တွင် ချည်ထားလိုက်သည်။


ကျန်းမင်ယွမ် သည် အိမ်ပြောင်းသည့်အခါတိုင်း သူကလက်တစ်ချောင်းပင် မလှုပ်ရှားရသည့်အတွက် သူဘာလုပ်ရမှန်း မသိကာ မတ်တပ်ရပ်နေလေသည်။ ရှင်းရှင်း တောင်မှ သူ့အဝတ်အစားများကို ခေါက်ပြီး ခရီးဆောင်အိတ်ထဲမှာ ထည့်နေသည်။


သေချာသည်မှာ အသာနေနေရသည့်အတွက် အကျင့်ဆိုးတစ်ခုဖြစ်လာခြင်းပင် ဖြစ်လေသည်။


သားအမိနှစ်ယောက်မှာ တစ်ယောက်နှင့် တစ်ယောက် ဖေးမကူညီကြပြီး မကြာမီ အဝတ်အစားများနှင့် မီးဖိုချောင်သုံးပစ္စည်းများကို ထုပ်ပိုးပြီးသွားကြ၏။ ထို့နောက် သူတို့က အိပ်ယာခင်းများကို ထပ်ပြီး‌ထုပ်ပိုးနေကြလေသည်။


ကျန်းမင်ယွမ် အိမ်ထဲတွင်လမ်းလျှောက်နေရင်း ရှင်းရှင်း ၏ ကစားစရာများကို ထုပ်ပိုးရမည်ဟု တွေးမိသွားရသည်။ ၆လကြာပြီးနောက် ရှင်းရှင်း သည် အရုပ်မရှိသော သနားစရာကောင်းသည့် ကလေးမဟုတ်တော့။ အခု သူ့တွင် အရွယ်အစားအမျိုးမျိုးရှိသည့် အရုပ်များပြည့်နေသည့် အခန်းတစ်ခန်း ရှိနေပြီ ဖြစ်သည်။အရုပ်အကြီးများမှာ ရှင်ရှင်းထက်ပင် ပိုကြီးကြပြီး အရုပ်သေးသေးလေးများမှာ လက်ဖဝါး အရွယ်ရှိ၍  ထုပ်ပိုးရသည်မှာ အလွန်လက်ဝင်လေသည်။ 


အိမ်ပြောင်းရန်အတွက် ချန်းဟွမ်က ကတ်ထူသေတ္တာများကို ယူလာခဲ့ပြီး ထောင့်‌တစ်နေရာတွက် စုပုံထားလေသည်။


ကျန်းမင်ယွမ် က ယခုကဲ့သို့အောက်ခြေသိမ်းအလုပ်များ လုပ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။သူက ကတ်ထူပုံးများကို တိပ်ဖြင့် ကပ်၍ သေတ္တာလုပ်လိုက်ပြီး အရုပ်များ တစ်ခုပြီးတစ်ခု ထည့်ထားလိုက်သည်။ အရပ်ထည့်ရာတွင်လည်း သူငယ်ငယ်ကအတိုင်းပင် စူပါဟီးရိုးများအား တိရစ္ဆာန်အရုပ်များနှင့် ရောနှောမထားဘဲ ခွဲထည့်ထားလေသည်။


ကျန်းမင်ယွမ် အရုပ်များထည့်ပြီးသောအခါ ချန်းဟွမ်လည်း ပစ္စည်းများ ထုပ်ပိုးပြီးပြီဖြစ်လေသည်။  လွန်ခဲ့သော ၆ လက သူမတို့အိမ်ပြောင်းလာစဉ်နှင့်  ယှဉ်လိုက်ပါက ယခုအခေါက်တွင် ဧည့်ခန်းတစ်ဝက်နီးပါးရှိသော သေတ္တာများ၊ပစ္စည်းပစ္စယများ ပိုများလာခြင်း ဖြစ်လေသည်။


ကျန်းမင်ယွမ်က နောက်ဆုံး အရုပ်သေတ္တာကို ထုတ်ပိုးလိုက်ပြီး လက်ဆေးကာ ကားမောင်းသမားကို ဖုန်းခေါ်လိုက်သည်။


ကားမောင်းသမားမှာ အောက်ထပ်တွင်စောင့်နေရာမှ အပေါ်ထပ်တက်လာကာ ပစ္စည်းများ ကူသယ်ပေးလိုက်လေသည်။သားအမိနှစ်ယောက်၏ နေ့စဉ်သုံးပစ္စည်းများကို ဖယ်ရှားပြီးနောက်တိုက်ခန်းကလေးသည် ယခင်ကထက် ရှင်းသွားကာ မော်ဒန်အိမ်တစ်လုံးနှင့် တူနေပေသည်။


 “ဒီမှာ အကြာကြီးနေဖို့ စိတ်ကူးထားခဲ့တာ.... နောက်ဆုံးတော့ ကျွန်မတို့ ဒီမှာ ၆ လပဲ နေခဲ့ရတာပဲ..."


ပစ္စည်းများကို ထုပ်ပိုးခြင်းသည် လွယ်ကူသော အလုပ်မဟုတ်ပေ။တစ်မနက်လုံး အငြိမ်မနေရသဖြင့် ချန်းဟွမ်တစ်ကိုယ်လုံး နာကျင်နေသဖြင့် သူမက အကြောဆန့်လိုက်ပြီး ပြောလိုက်သည်။


  “နောက်တစ်ခါ ထပ်မပြောင်းရရင် ကောင်းမှာပဲ..."


“အဲဒါပြောဖို့တော့ ခက်တယ်... နောက်တစ်ခါ ရှိရင်လည်း ရှိလာမှာပေါ့...” 


ကျန်းမင်ယွမ်က ညစ်ပတ်နေသော ဆိုဖာနှင့် ကော်ဖီစားပွဲကို သုတ်လိုက်ရင်း ပြောလိုက်သည်။ 


 "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...ကျွန်မက ဘာလို့အမြဲပြောင်းနေရမှာလဲ..."


ချန်းဟွမ်က ကျန်းမင်ယွမ်၏ အညိုရောင်မျက်လုံးများကို ကြည့်လိုက်ရင်း သူဘာဆိုလိုသည်ကို သဘောပေါက်သွားရသည်။


"အရူးမထစမ်းပါနဲ့..." 


သူမက အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်လေသည်။


Xxx,xxxxxx