အပိုင်း ၁၉၅-၁၉၆
Viewers 22k

Chapter 195


"ကိုယ်နောက်နေတာ မဟုတ်ဘူး..." 


ချန်းဟွမ် “……” 


 


သူမက သူ့ကို လှည့်ကြည့်ကာ လက်ကာပြလိုက်သည်။


 “အဲဒါကိုတော့ စိတ်မရှိပါနဲ့...မဖြစ်နိုင်ဘူး... ဘယ်တော့ပြန်မှာလဲ... ရှင်းရှင်း ကို ရှင်ခေါ်သွားလိုက်နော်..."


ကျန်းမင်ယွမ်က သူ သပ်သပ်ရပ်ရပ် လျှော်ဖွပ်ထားသည့် မျက်နှာသုတ်ပုဝါကို ခေါက်လိုက်ပြီး ပြောလိုက်သည်။


 "ကိုယ် မင်းနဲ့ စောင့်နေရစ်မယ်လေ..." 


ချန်းဟွမ် ချက်ချင်းလက်ငင်း တိုက်ခန်းပြောင်းမည့်ကိစ္စကို အိမ်ရှင်များက မကျေမနပ်ဖြစ်ခဲ့ကြသည်။သူတို့သည် ချန်းဟွမ်၏ စပေါ်ငွေကို သိမ်းထားသော်လည်း တိုက်ခန်းကို ပျက်စီးမှုရှိ၊မရှိ လာစစ်ချင်နေကြသည်။အိမ်ရှင်လင်မယားသည် တစ်ယောက်နှင့်တစ်‌ယောက် ခွဲနေကြသဖြင့် နေ့လည်မှ ဤတိုက်ခန်းသို့ ရောက်လာနိုင်မည် ဖြစ်သည်။ထို့ကြောင့် အိမ်ရှင်များကို သူမက စောင့်၍ စကားပြောဆိုမည်ဖြစ်ပြီး ရှင်းရှင်းနှင့် ကျန်းမင်ယွမ်ကို အရင်သွားခိုင်းခြင်းပင်။သူမက အဆာပြေစားရန် ပေါင်မုန့်တစ်လုံးပင် ချန်ထားလေသည်။သို့သော် အခု ကျန်းမင်ယွမ် က သူမနှင့် အတူရှိနေမည်ဖြစ်၍ ‌ပေါင်မုန့်တစ်လုံးနှင့် မလောက်နိုင်ပေ။ကံကောင်းစွာနှင့် ကျန်းမင်ယွမ် က သူမ ပေါင်မုန့်ကို သိပ်စိတ်မဝင်စားခဲ့ပေ။သူက နာရီကို ကြည့်လိုက်ပြီး သူမကို ပြောလိုက်သည်။


 “၁၁နာရီခွဲပြီ...နေ့လည်စာ သွားစားချင်လား...ဒီနား‌လေးက စားသောက်ဆိုင်မှာ ဘွတ်ကင်ကြိုလုပ်ထားတာ..." 


သူက ‌ဘွတ်ကင်လုပ်ထားပြီးသားဟု ပြောလိုက်သဖြင့် ချန်းဟွမ် ငြင်းမရတော့။


ကျန်းမင်ယွမ်က ရှင်းရှင်းကို လက်ယပ်ခေါ်ကာ အပြင်ထွက်ရန်အသင့်ပြင်လိုက်သည်။ယခု သူ ကြိုတင်မှာထားသည့်ဆိုင်မှာ စီချွမ်စားသောက်ဆိုင်ဖြစ်ပြီး ကားမောင်းလျှင် ၁၉မိနစ်ခန့်သာ ကြာမြင့်လေသည်။ဤစားသောက်ဆိုင်သည် စီမြို့တွင် အတော်လေးနာမည်ကြီးပြီး အရသာလည်း ကေင်းမွန်သဖြင့် တံခါးအပြင်ဘက်တွင် တန်းစီနေသော လူတန်းကြီးပါ ရှိလေသည်။


ချန်းဟွမ်သည် အစပ်ကြိုက်သူဖြစ်၍ ဤစား‌သောက်ဆိုင်၌ မြည်းစမ်းကြည့်ချင်သော်လည်း တန်းစီစောင့်ဆိုင်းရမည့် အချိန်ကြောင့် မသွားဖြစ်ခဲ့ပေ။ ဤသည်မှာ သူမအတွက် ပထမဆုံးအကြိမ် လာစားခြင်းဖြစ်သည်။ ထုံးစံအတိုင်း စားသောက်ဆိုင်အပြင်ဘက်မှာ တန်းစီနေသော လူတန်းကြီး ရှိလေသည်။ 


ကျန်းမင်ယွမ် ရှင်းရှင်း လက်ကို ကိုင်ထားပြီး ချန်းဟွမ်နှင့် ဘေးချင်းကပ်လျက်ယှဉ်ကာ အတွင်းဘက်သို့ လျှောက်သွားလိုက်သည်။ သူက ဧည့်ကြိုကို သူ့နာမည်ပြောလိုက်ရာ စားပွဲထိုးတစ်ယောက်က သီးသန့်အခန်းတစ်ခုဆီ ခေါ်သွား‌လေသည်။ သီးသန့်ခန်းထဲတွင် လူအနည်းစုမှာ ထိုင်နေကြသည်။ စားပွဲထိုးသည် အခန်းထဲမှ ထွက်သွားပြီး မကြာမီ မီနူးစာအုပ်တစ်အုပ်နှင့် ပြန်လာကာ မီနူးကို ကျန်းမင်ယွမ် ထံပေးလိုက်သော်လည်း ကျမ်းမင်ယွမ်က လှန်မကြည့်ဘဲ ချန်းဟွမ်ကို ပေးလိုက်သည်။ 


"မင်းရွေး..."


“ဟုတ်ပါပြီ...” 


စီချွမ် စားသောက်ဆိုင်တွင် ဟင်းပွဲတိုင်း၏ အစပ်အဆင့်ကို ဖော်ပြရန်အတွက် ငရုတ်သီးအနီတောင့်အရုပ်များဖြင့် ဟင်းပွဲပုံဘေးတွင် ပုံဖော်ထားသည်။ အနည်းငယ်သာစပ်ပြီး မစပ်သော ဟင်းပွဲအနည်းငယ်ကို မီနူးစာအုပ်၏ အဆုံးတွင် ဖော်ပြထားသဖြင့် ဆိုင်ရှင်က တမင်သက်သက် မမှာရန် တားမြစ်ထားသည်နှင့် တူပေသည်။


သားအဖနှစ်ယောက်မှာ အစပ်မစားနိုင်ဘူးဆိုသည်ကို သူမ သတိရသွားသဖြင့် ချန်းဟွမ်က ငရုတ်သီးနီအရုပ် ၄-၅ တောင့် ဟင်းကို ကျော်ပြီး ငရုတ်သီးနီအရုပ် ၃ တောင့်ပါသည့် ဟင်းကိုသာ မှာလိုက်သည်။ ငရုတ်သီးနီအရုပ် ၃တောင့်သည် အလယ်အလတ်အဆင့်သာဖြစ်ပြီး များစွာ စပ်လိမ့်မည်မဟုတ်ဘဲ စားရအဆင်ပြေနိုင်သည်။


ချန်းဟွမ် က ဟင်းပွဲနှစ်ပွဲကို မှာလိုက်ကာ ကျန်းမင်ယွမ်ကို တစ်ချက်ကြည့်ပြီး နောက်ဆုံးစာမျက်နှာသို့ လှန်လိုက်၍ မစပ်သော နှစ်တစ်ထောင်ကြက်ဥ၊ တို့ဟူးနှင့် ဟင်းရွက်မွှေကြော်ကို မှာလိုက်သည်။ထို့နောက် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် သူမသည် ပထမစာမျက်နှာသို့ လှန်ကာ ထိပ်ဆုံးမှ ငရုတ်သီးနီအရုပ် ၅ တောင့် ဟင်းပွဲကို မှာယူလိုက်သည်။ ဤစားသောက်ဆိုင်သည် တတ်နိုင်သမျှ သူတို့ စိတ်ကြိုက် ချက်ပြုတ်သောဆိုင် ဖြစ်သည်။ ဥပမာအားဖြင့် အစပ်မပါသော ဟင်းနှစ်မျိုးကို အလွန်စပ်သောငါးဟင်းကို ချပေးပြီးမှ ချပေးခြင်း ဖြစ်သည်။ငါးဟင်းအစပ်ပေါ်တွင် အနီရောင်ရှိ ငရုတ်သီးအနှစ်များကြောင့် သွားရည်ယိုမတတ် ဖြစ်စေလေသည်။


ရှင်းရှင်းက လျှာကို သပ်လိုက်ပြီး သူ့ဗိုက်ထဲတွင် မီးများလောင်နေသလို ခံစားရကြောင်း သူက ပြောလိုက်သည်။ သူ ရေနည်းနည်းသောက်လိုက်သော်လည်း အစပ်မပြေပေ။ထို့‌ေနာက်  သူက အရောင်လှသော ဟင်းပွဲများကို မထိဝံ့တော့ဘဲ တိုဟူးနှင့် အသီးအရွက်များကိုသာ သူ့အဖေနှင့် အတူစားလေသည်။ ရှင်းရှင်းသည် ငယ်ရွယ်သော်လည်း အစာကြီးသူဖြစ်ပြီး စားသောက်ဆိုင်ရှိ ဟင်းပွဲများမှ အစပ်မပါသော ဟင်းပွဲအများစုသည် ရှင်းရှင်း ဗိုက်ထဲတွင် အဆုံးသတ်သွားကြသည်


ထို့ကြောင့် ကျန်းမင်ယွမ်က ကလေးနှင့်လုမစားတော့ဘဲ တခြားဟင်းပွဲများကိုသာ လှမ်းနှိုက်ရတော့သည်။သို့‌သော်သူလှမ်းယူလိုက်သော ဟင်းပွဲသည် အစပ်ဆုံးဟင်းဖြစ်သည်ကို သူ သတိမထားမိဘဲ သူ့မျက်နှာမှာ သိသိသာသာ နီရဲလာရသည်။သူက ပါးစပ်ထဲတွင် ဝါးသည်ဆိုရုံသာ ဝါးလိုက်ပြီး ခပ်မြန်မြန်မျိုချလိုက်သည်။


ထို့နောက် ကျန်းမင်ယွမ်သည် တူကို ချထားလိုက်ပြီး ရေတစ်ခွက်မော့လိုက်ကာ စားပွဲပေါ်ရှိ အစားအသောက်များကို စိတ်ပျက်စွာ ကြည့်နေလိုက်မိသည်။


Xxxxxxxx


Chapter 196


"အစပ်မစားနိုင်ဘဲနဲ့ ဒီကိုဘာလို့လာချင်ရတာလဲ..."


ကျန်းမင်ယွမ် စပ်နေသောကြောင့် ချန်းဟွမ် လည်း စားချင်စိတ်မရှိတော့ဘဲ သူမက တူကိုချထားလိုက်ပြီး စားပွဲထိုးကို အခန်းပြင်ဘက်ထွက်ကာ လိုက်ရှာလိုက်သည်။ထို့နောက် သူမက အစပ်မပါသော ဟင်းပွဲအနည်းငယ်ကို ထပ်မှာလိုက်လေသည်။ ညစာစားပြီးသောအခါ ကျန်းမင်ယွမ် သည် ကျသင့်ငွေကို ရှင်းလိုက်ပြီး ကားမောင်းပြီး ပြန်လာလိုက်သည်။ 


ကျန်းမင်ယွမ်က လမ်းဘေးတစ်နေရာမှာ ကားရပ်လိုက်သောအခါ ချန်းဟွမ်သည် ကားတံခါးကိုဖွင့်ပြီး ရှင်းရှင်းကို နောက်ခန်းမှာ ပြောင်းထိုင်ခိုင်းလိုက်သည်။ထို့နောက် သူမက ကားတံခါးကိုပိတ်ပြီး ကျန်းမင်ယွမ်ကို ပြောလိုက်သည်။ 


“ဒီလိုနေရာမျိုးတွေကို မသွားပါနဲ့တော့....ရှင်လည်း မစားရဘဲနဲ့..."


ကျန်းမင်ယွမ်သည် စတီယာရင်ကို ကိုင်လိုက်ပြီး ရှေ့တည့်တည့်ကို ကြည့်လိုက်သည်။ သူ၏ ချောမောသောမျက်နှာသည် နောက်ကြည့်မှန်ထဲမှ ငရုတ်သီးများကြောင့် နီနေသေးသော နှုတ်ခမ်းကို တွေ့ရလေသည်။ 


 “ဒါပေမဲ့ မင်းက ကြိုက်တယ်လေ...” 


ချန်းဟွမ်က မျက်နှာထားတင်းနေသော်လည်း သူ့စကားကြောင့် မူပျက်သွားရကာ ဖုန်းဝင်လာမှ သတိပြန်ဝင်လာရသည်။ဖုန်းမှာ အိမ်ရှင်က သူတို့ရောက်နေပြီဟု လှမ်းပြောခြင်း ဖြစ်သည်။သို့နှင့် သူတို့လည်း အဆောက်အဦးသို့ ရောက်လာကာ အိမ်ရှင်နှင့်တွေ့ပြီး တိုက်ခန်းထဲကို အတူတူလျှောက်သွားလိုက်ကြသည်။


တိုက်ခန်းထဲကို ၀င်လိုက်သည်နှင့် အိမ်ရှင်နှစ်ယောက်မှာ တစ်အိမ်လုံးကို စစ်နေကြပြီး ဧည့်ခန်းကို လှမ်းကြည့်ကာ အခြားနေရာများကို စစ်ဆေးရန် သွားကြသည်။ အတန်ကြာလျှင် တစ်ခန်းလုံး စစ်ပြီးသောအခါ ပြန်ရောက်လာကြပြီး အားလုံး အဆင်ပြေသည်ဟု ပြောကြသည်။ ချန်းဟွမ် က သူတို့ကို သော့ပေးလိုက်ပြီး ပြောလိုက်သည်။


 “တခြားဘာကိစ္စမှ မရှိရင် ကျွန်မတို့ သွားတော့မယ်...”


 “ဟုတ်ပါပြီ...” 


အိမ်ရှင်က သော့ကိုယူကာ အိမ်ငှားသူအသစ်ထပ်ရှာရသည်မှာ မည်မျှခက်ခဲကြောင်း ငြီးတွားနေသော်လည်း သူ့အိမ်ငှားသူ အဟောင်းမှာ ပြန်သွားပြီဖြစ်သည်။


အိမ်ရှင်များနှင့် လမ်းခွဲလာပြီးနောက် သူတို့ သုံးဦးသည် အိမ်သစ်ဆီသို့ သွားကြသည်။ အိမ်အသစ်သည် ကျန်းမင်ယွမ် အလုပ်လုပ်သည့်နေရာနှင့် အလွန်နီးကပ်သည်။ ကျန်းမင်ယွမ်သည် ကားပါကင်ထိုးလိုက်ပြီးနောက် ကျန်းဌာနချုပ် အဆောက်အဦးကို ညွှန်ပြလိုက်ပြီး မိဘများက သားသမီးများအား သူတို့၏ အကောင်းဘက်ကို ပြလိုသည့်အတိုင်း ပြောလိုက်သည်။


 “ဒါကတော့ ဖေဖေ အလုပ်လုပ်တဲ့ နေရာပဲ....”


 "ဝိုး...အကြီးကြီးပဲ..."


ရှင်းရှင်းက ပြောလိုက်သည်။


ကျန်းဌာနချုပ်တွင် အထပ်ပေါင်း ၃၀ ရှိပြီး အဆောက်အဦးမှာ သိပ်မမြင့်သော်လည်း ဒီဇိုင်းက ထူးခြားနေကာ စီမြို့၏ အထင်ကရ အဆောက်အဦးများထဲက တစ်ခုဟု သတ်မှတ်ခံထားရသည်။


ရှင်းရှင်းသည် ဤအဆောက်အဦးကို တီဗီထဲတွင် မကြာသေးမီက မြင်တွေ့ခဲ့ရသဖြင့် အဆောက်အဦးအကြောင်းကို သိချင်နေခဲ့သည်။ယခု အဖေဖြစ်သူ  အလုပ်လုပ်သည့်နေရာမှန်း သိလိုက်ရလျှင် ပို၍ပင် ရောက်ဖူးချင်သွားရသည်။ကျန်းမင်ယွမ်ကလည်း ရှင်းရှင်းတောင်းဆိုနေသည်ကို မငြင်းဘဲ ခေါ်မည်ဟု ကတိပေးလိုက်သည်။ ထို့နောက် သူက ရှင်းရှင်းလက်ကို ဆွဲကာ ချန်းဟွမ်နှင့် ဘေးချင်ကပ်လျက်ဖြင့် ဓာတ်လှေကားထဲကို လျှောက်သွားလိုက်သည်။ သူက ကဒ်ကို ပွတ်ဆွဲလိုက်ပြီး ခလုတ်ကိုနှိပ်လိုက်သည်နှင့် သူတို့သည် ချန်းဟွမ် နေရမည့် အထပ်သို့ ရောက်ရှိသွားကြသည်။


ကားမောင်းသမားသည် ဧည့်ခန်းတစ်ခုလုံး နေရာယူထားသော ပစ္စည်းများကို ယူ၍လိုက်လာခဲ့သည်။ အိမ်အသစ်မှာ အလွန်ကျယ်ဝန်းပြီး မျက်နှာကျက်မှာလည်း မြင့်မားနေကာ အတွင်းထဲတွင်  သက်တောင့်သက်သာ ဖြစ်စေသည်။ ဤအထပ်ကို အလွန်ကောင်းမွန်စွာ ဒီဇိုင်းဆင်ထားသဖြင့် အားစိုက်ထုတ်၍ ကြိုးစားထားမှန်း သိသာနေလေသည်။


ချန်းဟွမ် သူမ၏ ပစ္စည်းများကို ဖြည်လိုက်ပြီး အလွန်အသုံးဝင်သော မီးဖိုချောင်သုံး ပစ္စည်းများကို စိတ်လိုလက်ရ စီရီလိုက်သည်။ထို့နောက်သူမက ပစ္စည်းများ စီပြီးသောအခါ ကျန်းမင်ယွမ်ကို ကျေးဇူးတင်စကားဆိုလိုက်သည်။


ကျန်းမင်ယွမ်က သူ့လက်ထဲမှ ကဒ်ကို သူမအား ပေးလိုက်သည်။


 “ကိစ္စမရှိပါဘူး...ဒါက ဓာတ်လှေကားအတွက် ဝင်ခွင့်ကဒ်ပဲ...ဒီကဒ်နဲ့ အပေါ်ဆုံးလေးထပ်ကို ဝင်ကြည့်လို့ရတယ်..." 


ထို့နောက် သူက ‌သော့တစ်တွဲကိုပေးကာ အခန်းများအတွက် သော့ခွဲပြနေလေသည်။သို့သော် အခန်းအားလုံးကုန်သွားသည့်တိုင် သော့တွဲတွင် မပြောရသေးသော သော့တစ်ဝက် ကျန်နေသေးလေသည်။


“ဒီသော့တွေက အပေါ်ထပ်အခန်းတွေအတွက်…” 


ကျန်းမင်ယွမ် စကားကို ရပ်ထားလိုက်ကာ ကျန်စကားကို တိုးညှင်းစွာ ဆက်ပြောလေသည်။


"ကိုယ် လိုက်ပြရမလား..." 


Xxxxxxx