အပိုင်း ၁၉၇-၁၉၈
Viewers 22k

Chapter 197


ချန်းဟွမ် ၏ ဦးနှောက်သည် သူ့စကားကြောင့် အလုပ်ဆက်မလုပ်နိုင်တော့ဘဲ သူမကိုယ်သူမ သတိပြန်ဝင်လာသောအခါ အပေါ်ထပ်တွင် သူမရောက်နေလေ၏။အောက်ထပ်နှင့် နှိုင်းလိုက်လျှင် အပါ်ထပ်သည် အခန်းပိုနည်းသဖြင့် အခန်းတိုင်းသည် အတော်လေး ကျယ်ဝန်း‌သည်။ ရှင်းရှင်း ၏ ကစားခန်းသည် ဧရိယာ ၄၀ စတုရန်းမီတာ နီးပါးရှိပြီး အခန်းထဲတွင် အရုပ်များစွာရှိနေကာ အများစုမှာ ရှင်းရှင်း မမြင်ဖူးသည့်အရုပ်များ ဖြစ်ကြသည်။ကလေးလေးမှာ အရုပ်များကိုမြင်သည်နှင့် အပြေးသွားကာ ဆော့နေသောကြောင့် ကျန်အခန်းများကို ကျန်းမင်ယွမ်နှင့် ချန်းဟွမ်သာ လှည့်ပတ်ကြည့်ရလေတော့သည်။


အဆောက်အဦး၏ အပေါ်ဆုံးသုံးထပ်ကို လှေကားများဖြင့် ဆက်ထားပြီး အထပ်တစ်ခုစီတွင် အခန်းနှစ်ခန်းမှ သုံးခန်းသာရှိသည်။ ကျန်းမင်ယွမ်သည် သော့များကိုင်ထားကာ ချန်းဟွမ် အခန်းတစ်ခန်းကို ဖြတ်သွားတိုင်း သော့တစ်ချောင်း လှမ်းပေးလိုက်သည်။ သူတို့အပေါ်ဆုံး ထပ်ရောက်သောအခါ ကျန်းမင်ယွမ်က ညာဘက်အခန်းမှ  စ၍ ပြောပြလိုက်သည်။


 “ဒီအခန်းက လေ့ကျင့်ခန်း လုပ်တဲ့အခန်းပဲ...လေ့ကျင့်ခန်းလုပ်တဲ့ ကိရိယာတွေလည်း ရှိတယ်...မင်းအချိန်ရရင် လုပ်လို့ရတယ်...ဒီဟာက စာကြည့်ခန်း...စာအုပ်တွေလည်း ပေါတယ်..."


ချန်းဟွမ်က စာကြည့်ခန်းကို ဖွင့်ကြည့်လိုက်ရာ အခြားအခန်းများကဲ့သို့ပင် ကျယ်ဝန်းလှပြီး နံရံသုံးဘက်စလုံးတွင် စာအုပ်အမျိုးအစား အစုံရှိသော စာအုပ်စင်များဖြင့် ဝန်းရံထားလေသည်။ ထို့အပြင် စာအုပ်စင်များကိုလည်း အမျိုးအစားအလိုက် တံဆိပ်ကပ်ထားကြသည်။ 


ချန်းဟွမ် စိတ်ကူးထားသည်နှင့် မတူဘဲ စာအုပ်စင်တိုင်းတွင် စီးပွားရေးစာအုပ်များ မရှိဘဲ ဆန့်ကျင်ဘက်အနေနှင့် လူမှုဗေဒစာအုပ်များနှင့် တရုတ်နှင့် အင်္ဂလိပ် ဝတ္ထုများကို သပ်ရပ်စွာ စီရီထားသည်။


 "ဒါတွေဖတ်တာလား..." 


ချန်းဟွမ်က ညာဘက်ရှိ စာအုပ်စင်ဆီသို့ လျှောက်သွားပြီး ဝတ္ထုများကို ပြရင်း ပြောလိုက်သည်။ဝတ္ထုစာအုပ်များမှာ လက်ရာကောင်းပြီး ကောင်းမွန်သော ဝတ္ထုများမဟုတ်ကြဘဲ အထက်တန်း ကျောင်းသားများအတွက် အဓိကရည်ရွယ်ထားသည့် ဝဘ်ဝတ္ထုများသာဖြစ်ကြသည်။


"ကိုယ်က ပုံမှန်ဆို အလုပ်များနေတော့ စာဖတ်ဖို့ အချိန်မရှိဘူး....ကိုယ့်လက်ထောက်က ပြင်ထားတာ..."


ကျန်းမင်ယွမ်က လည်ချောင်းကို ရှင်းလိုက်ပြီး ရှင်းပြလိုက်သည်။ သူ,မဖတ်ဖူးသည့် စာအုပ်များဖြင့် ပြည့်နေသည့် စာကြည့်ခန်းတစ်ခုရှိနေခြင်းသည် ရူးကြောင်ကြောင်နိုင်သည်ဟု သူက တွေးမိသွားပြီး ထပ်ပြောလိုက်သည်။


 "ကိုယ် ဒီလိုစာအုပ်တွေမဟုတ်တဲ့ စာအုပ်တွေတော့ ဖတ်ဖူးပါတယ်...ဒီဘက်စင်ကဟာတွေလည်း ဖတ်ဖူးတယ်....မင်း စိတ်​ဝင်​စားရင်​ ကိုယ်နည်းနည်း အကြံပေးလို့ရတယ်...တချို့စာအုပ်‌တွေဆို တစ်ကယ်ကောင်းတယ်..."


သူညွှန်ပြသည့်စာအုပ်များမှာ စီးပွားရေး သို့မဟုတ် နိုင်ငံရေးသိပ္ပံစာအုပ်များဖြစ်ပြီး ကျန်းမင်ယွမ်အတွက် အသင့်တော်ဆုံးစာအုပ်များ ဖြစ်ကြသည်။သို့သော် ချန်းဟွမ်မှာ စာအုပ်နာမည်ကြည့်ရုံနှင့်ပင် ခေါင်းကိုက်လာရသည်။


 “အိုး...ရပါတယ်... ဒါတွေကို သိပ်မကြိုက်ဘူး..."


 “ဟုတ်ပြီလေ...စာဖတ်လိုက်တာနဲ့လည်း ကျွမ်းကျင်မသွားဘူး... အတွေ့အကြုံကလည်း အရမ်းအရေးကြီးတယ်...နောက်ဆို မင်းသိချင်တာရှိရင် ကိုယ့်ကို လာမေးလို့ရတယ်..."


ချန်းဟွမ် အနည်းငယ် အံ့သြသွားသည်။ 


"ဘာကို မေးရမှာလဲ..."


သူမသည် စားသောက်ဆိုင်တစ်ဆိုင် ပိုင်သော်လည်း အရှည်ကို မျှော်တွေးတတ်သူမဟုတ်ပေ။


"စားသောက်ဆိုင်တွေကို စီမံခန့်ခွဲတာက ကော်ပိုရေးရှင်းတစ်ခုကို စီမံခန့်ခွဲတာနဲ့ သိပ်မကွာပါဘူး...‌‌ နောက်ဆို ကိုယ်သိထားသမျှ မင်းကို ပြန်ပြောပေးမယ်လေ...."


ကျန်းမင်ယွမ်က စားသောက်ဆိုင် တစ်ခု ဖွင့်ထားခြင်းသည် ရိုးရှင်းသည့်ကိစ္စတစ်ခု မဟုတ်ကြောင်း အမှန်အတိုင်းပြောပြလေသည်။


ချန်းဟွမ် ထိုသို့ ဘယ်သောအခါကမှ မတွေးခဲ့မိပေ။ ယနေ့အချိန်အထိ သူမ၏ လုပ်ငန်းအစီအစဉ်သည် ဟင်းပွဲအသစ်များနှင့် သုံးစွဲသူများကို ပိုမိုဆွဲဆောင်ရန် ပရိုမိုးရှင်းများ လုပ်ရန်သာ ကြံစည်တတ်လေသည်။အများဆုံး သူမ တွေးမိသည်က ဆိုင်နာမည်ကြီးလာသည့်အခါ ဆိုင်ခွဲတစ်ဆိုင်၊နှစ်ဆိုင်ခန့်သာ ဖွင့်ရန်သာ မျှော်မှန်းထား၏။ 


 "ကျွန်မလား...ကျွန်မ လုပ်နိုင်မယ်မထင်ဘူး...” 


ချန်ူဟွမ်တွေးမိသည်မှာ ဆိုင်ခွဲများစွာ ဖွင့်လှစ်နိုင်ပြီး အောင်မြင်နေသည့်ဆိုင်များမှာ အသင့်စား,စားသောက်ဆိုင်များ ဖြစ်လေသည်။ထို့ကြောင့် သူမဖွင့်ထားသည့် စားသောက်ဆိုင်မျိုးမှာ လွယ်ကူမည်မဟု‌တ်ပေ။


"ဘာလို့အဲ့လိုကြီး တွေးရတာလဲ..."


 “ကျွန်မဆိုင်က အများသူငှာဖွင့်တဲ့ဆိုင်လိုပဲလေ...သိပ်လည်း မထူးခြားနေပါဘူး...နာမည်ကြီးဖို့ကလည်း မလွယ်ဘူးလေ... အဲ့တော့ သူများတွေကလည်း တာဝန်ယူပြီး ဆိုင်ခွဲဖွင့်ချင်ကြမှာမဟုတ်ဘူး...တစ်ကယ်လို့ ဆိုင်ခွဲဖွင့်မယ့်သူ ရှိရင်တောင် ကျွန်မဆိုင်နဲ့ အရသာတူမယ်လို့ မပြောနိုင်ဘူးလေ...  အရသာမကောင်းရင် ကျွန်မဆိုင် နာမည်ပျက်သွားလိမ့်မယ်...”


"ကိုယ့်ဘာသာ ဆိုင်ခွဲဖွင့်ရင်ရာ ဘယ်လိုလဲ..." 


“ကျွန်မမှာ… ကျွန်မမှာ ပိုက်ဆံမရှိဘူး‌လေ....”


 “မင်းမှာ အချိန်ရှိသားပဲ...‌‌ လောစရာလည်း မလိုဘူးလေ..."


သူ့ပိုက်ဆံကို ချေးမည်ဟု မပြောသည့်အတွက် ချန်းဟွမ် စိတ်သက်သာရာ ရသွားပြီး သူမက ပြုံးကာ ပြောလိုက်သည်။


“တခြားအခန်းကို သွားကြည့်ရအောင်‌....” 


 "ကောင်းပြီလေ……"


Xxxxxxx


Chapter 198


"အပေါ်ဆုံးထပ်မှာ လေ့ကျင့်ခန်းလုပ်တဲ့အခန်း...စာကျက်ခန်းရယ်...လှေကားဘေးက အခန်းတစ်ခန်းရယ်...စုစု‌ပေါင်း သုံးခန်းရှိတယ်..."


ကျန်းမင်ယွမ် ပြောလိုက်သည့်စကားကြောင့် ချန်းဟွမ် အနည်းငယ် မှင်တက်သွားပြီး တံခါးဝသို့ရောက်သည့်အချိန်၌ သူမ တစ်စုံတစ်ခုကို သတိပြုမိသည်။ 


ကျန်းမင်ယွမ်၏ အဆောက်အဦးသည် သုံးထပ်တိုက်ဖြစ်ပြီး အခန်းအားလုံးကို သူမတို့ လှည့်လည် ကြည့်ရှုပြီးဖြစ်၍ ဧည့်သည်ထားရန် အခန်းတစ်ခန်းမှလွဲ၍ အခြားအိပ်ခန်းမရှိပေ။ထို့ကြောင့် ကျန်နေသည့် အခန်းကို မည်သည့်အခန်းအတွက် ရည်ရွယ်ထားသည်မှာ သိသာထင်ရှားလေသည်။


ချန်းဟွမ်က သူမကိုယ်သူမ အပြစ်တင်လိုက်ပြီး စကားလမ်းကြောင်းလွှဲရန် အကြောင်းရှာလိုက်သည်။သေချာသည်မှာ သူမတို့နှစ်ယောက် အခန်းရှေ့တွင် ရပ်နေကြပြီး စကားတစ်ခွန်းမှ မဆိုကြခြင်းပင်။ 


ကျန်းမင်ယွမ်က တုံ့ဆိုင်းစွာဖြင့် မဝံ့မရဲပြောလိုက်လေသည်။


 


"ဒီအခန်းသော့ကိုတော့ ပေးလို့မရသေးဘူး..."


“အဆင်ပြေပါတယ်...ရတယ်...ကျွန်မတို့ သွားရအောင်လေ..."


ချန်းဟွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်သည်။


 "မင်းကြည့်ချင်ရင်လည်း ကြည့်လို့ရတယ်လေ..."


“မဟုတ်ဘူး... မလိုပါဘူး... ပြန်ကြရအောင်...ရှင်းရှင်း တစ်ယောက်တည်းဆိုတော့ သွားကြရအောင်...." 


ချန်းဟွမ်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။ 


“ကောင်းပြီလေ....အောက်ဆင်းကြတာပေါ့..."


ကျန်းမင်ယွမ် ခေါင်းညိတ်လိုက်သည်။


အကြောင်းပြချက်တစ်ခုမျှသာဖြစ်သော်လည်း ရှင်းရှင်း အတွက် ချန်းဟွမ် အလွန်ပင် စိုးရိမ်နေမိသည်။ ကလေးတစ်ယောက်တည်း ဖြစ်သဖြင့်  တစ်ခုခုဖြစ်သွားမည်ကို သူမ စိုးရိမ်နေမိခြင်းပင်။သူမတို့ အောက်ထပ်ကို ပြန်ဆင်းလာချိန်မှာ ရှင်းရှင်းသည် ​အရုပ်ပင်လယ်ထဲမှာ နစ်မြုပ်‌နေကာ ဆော့ကစားနေလေသည်။ရှင်းရှင်းကို သူမခေါ်ကြည့်လိုက်ရာ သူက အသံပြုလိုက်သဖြင့် သူမစိတ်အေးသွားရလေသည်။သူမက ကျန်းမင်ယွမ်ကို ရှင်းရှင်းနှင့် နေခိုင်းခဲ့ပြီး အထုပ်များကိုဖြည်ကာ နေရာချထားမည်ဟု ပြောလိုက်လေသည်။


"ကိုယ် ကူရဦးမလား..."


“မဟုတ်ပါဘူး...ကျွန်မ အဝတ်တွေပဲ ကျန်တော့တယ်...ရှင် မကူပါနဲ့..."


ချန်းဟွမ်က ပြောလိုက်ပြီး သူမမှာ ကျန်းမင်ယွမ်၏ အဝတ်အစား တစ်စုံ ရှိနေသည်ကို သတိရသွားပြီးပြောလိုက်သည်။


 "ရှင့်... အဝတ်အစား တစ်စုံကို ကျွန်မယူလာပေးမယ်...လိုလည်း မလိုတော့ဘူးလေ ..."


ကျန်းမင်ယွမ် ခေတ္တနှုတ်ဆိတ်‌နေပြီး သဘောတူလိုက်သည်။


အဝတ်အစားများကို ထုတ်ပြီး စီရခြင်းသည် အချိန်ကုန်သည့်အလုပ်ဖြစ်ပြီး သူမအားလုံး ရှင်းလင်းပြီးချိန်၌ မိုးချုပ်လုနီးနီး ဖြစ်နေပေသည်။


အခန်းထဲရှိ အလင်းရောင်မှာ မှိန်ဖျော့နေပြီး ရှင်းရှင်း ရှိမနေသဖြင့် တိုက်ခန်းတစ်ခုလုံး တိတ်ဆိတ်နေကြသည်။သူမက အိတ်ကပ်ထဲကို လက်နှစ်ဖက် ထည့်ထားလိုက်ပြီး ဆိုဖာပေါ်တွင် ပက်လက်လှန်ကာ ချန်းဟွမ် အထီးကျန်သလို ခံစားလိုက်ရသည်။ သူမကူးပြောင်းလာကတည်းက ရှင်းရှင်းကို ပြုစုစောင့်ရှောက်ခဲ့ပြီး ဝင်ငွေရှာရန်သာ အလူးအလဲ ကြိုးစားခဲ့သည်။ ယခု သူမတို့နှစ်ယောက်လုံး ပူစရာမလိုတော့သည်မို့ စိတ်သက်သာရာ ရမိကာ အခြားပြဿနာရပ်များကို ဖြေရှင်းရန် သူမနှလုံးသား တစ်ဝက်သာ ကျန်ရှိနေတော့သည်။


ထိုသို့ သူမက လက်တွေ့မကျသော အတွေးများထဲတွင် နစ်မြုပ်နေရာမှ စိတ်နှင့်ကိုယ် ကပ်မိလာပြီး ညစာချက်ရမည်ဟု တွေးမိသွားရသည်။


ကျန်းမင်ယွမ်သည် ကလေးကို ဗိုက်အဆာခံမည် မဟုတ်ကြောင်း သူမသိနေလေသည်။ ချန်းဟွမ်က ဆိုဖာပေါ်မှ မတ်တပ်မရပ်ခင် သက်ပြင်းချလိုက်ပြီး  ရေခဲသေတ္တာထဲကို ကြည့်လိုက်သည်။ ရေခဲသေတ္တာထဲတွင် ပစ္စည်းမျိုးစုံနှင့် ပြည့်နေကာ ငွေကြေး စီမံခန့်ခွဲရေးအဖွဲ့က ဝယ်ပေးထားခြင်းဟု ကျန်းမင်ယွမ် ပြောခဲ့ဖူးလေသည်။


 ဤတိုက်ခန်းတွင် အိမ်ပိုင်ရှင်ဖွဲ့ပေးထားသော အဖွဲ့အစည်းတစ်ခုရှိသည်။ ဤနေရာတွင် နေထိုင်သူများ လိုအပ်သည့်ပစ္စည်းများကို စီမံခန့်ခွဲရေးမှူးအား အသိပေးလိုက်လျှင် နောက်တစ်နေ့တွင် တစ်ယောက်ယောက်မှ လာရောက်ပို့ဆောင်ပေးမည် ဖြစ်လေသည်။


ချန်းဟွမ်သည် ဤမျှ ကြီးမားပြီး အထက်တန်းကျသည့် နေရာများတွင် မနေထိုင်ခဲ့ဖူးဘဲ ကျန်းမင်ယွမ် စကားကို ကြားလိုက်ရသောအခါ သူမ အံ့ဩသွားမိသည်။ယခု အိမ်ငှားခနှင့် HOA အခကြေးငွေများကို နောက်ပိုင်းတွင် သိရှိလာပြီးနောက် သူမ သိပ်မအံ့သြမိတော့။ဤကဲ့သို့ အဆင့်အတန်းမြင့်သည့်နေရာများတွင် စရိတ်စကလည်း ကြီးမားပေမည်။


ရေခဲသေတ္တာထဲတွင် အသားခြောက်၊သစ်သီးခြောက်များ၊ နို့၊ သစ်သီးအချို့နှင့် အစေ့အဆန်များသာ ရှိနေကြပြီး ဟင်းသီးဟင်းရွက်များ၊ အသားများ ရှိမနေကြပေ။ ချန်းဟွမ်သည် နွားနို့ဘူးတစ်ဘူးနှင့် အုတ်ဂျုံတစ်ထုပ်ကို ယူလိုက်သည်။သူမက ညစာအတွက် နို့နှင့် အုတ်ဂျုံ သို့မဟုတ် သစ်ကြားသီးနှင့် ပြောင်းဆန် ဘာစားရမည်ကိုတွေးနေစဉ် တံခါးခေါက်သံ ကြားရလေသည်။


 


HOA fee=Home Owner Association


ကွန်ဒိုများတွင် ပေးရသလို အိမ်ပိုင်ရှင် အဖွဲ့အား ပေးဆောင်ရသော ဝန်‌ဆောင်ခတစ်မျိုး။


 

Xxxxxx