အပိုင်း ၁၉၉-၂၀၀
Viewers 22k

Chapter 199


 ဓာတ်လှေကားစီးနိုင်ရန် သော့ကဒ်(ဝင်ခွင့်ကဒ်) များ လိုအပ်သော်လည်း အိမ်တွင်းဓာတ်လှေကားသည် အိမ်ရှေ့တံခါးအပြင်ဘက်တွင် ရှိနေသေးသည်။ထို့ကြောင့် တိုက်ခန်းထဲကို ဝင်လာရန် အိမ်ရှင်၏ ခွင့်ပြုချက် လိုအပ်နေပါသေးသည်။ သူမ ယခုမှ ပြောင်းလာသည့်အတွက် တံခါးခေါက်သူမှာ ကျန်းမင်ယွမ် သို့မဟုတ် ရှင်းရှင်း ဖြစ်နိုင်သည်။ချန်းဟွမ်သည် လက်ထဲရှိ နွားနို့ဘူးကိုချထားကာ တံခါးဖွင့်လိုက်ရာ ဆင်တူဝတ်စုံ ဝတ်ထားသည့် သားအဖနှစ်‌ယောက်ကို တွေ့လိုက်ရသည်။ 


 "သား အင်္ကျီကိုကြည့်​ပါ​ဦး မေ​မေရဲ့...အရမ်းလှတယ် မဟုတ်လား..." 


ရှင်းရှင်းသည် ချန်းဟွမ်ကို မြင်သည်နှင့် သူ့ဂျာကင်အင်္ကျီပေါ်ရှိ မျောက်လေးကို ကိုင်ကာ သူမအား ပြလိုက်သည်။


အနက်‌ရောင်ဂျာကင်မှာ ခါးတိုတိုဖြင့် ပွ‌ယောင်းယောင်း ဖြစ်နေကာ ဘယ်ဖက်ရင်ဘတ်နှင့် လက်မောင်းပေါ်တွင် မျောက်ကလေးတစ်ကောင်ရှိနေလေသည်။ မျောက်ကလေးမှာ မျက်နှာကို မော့ထားပြီး ခြေထောက်ကို ကွေးထားကာ အမြီးကိုလည်း နားရွက်နားတွင် ခွေထားသဖြင့် လူကို တွယ်ကပ်နေသလို ဖြစ်နေလေသည်။


ပုံကလေးမှာ အသက်ဝင်ပြီး ကလေးဆန်သဖြင့် ကလေးငယ်များနှင့် လိုက်ဖက်သော်လည်း လူကြီးများနှင့် မလိုက်ဖက်ပေ။


ချန်းဟွမ်သည် ကျန်းမင်ယွမ်၏ ဂျာကင်အင်္ကျီပေါ်ရှိ မျောက်ကလေး၏ ချစ်စရာ‌ကောင်းပြီး ကြီးမားလှသော ပုံစံကို ကြည့်လိုက်မိကာ အံ့သြမိသွားရသည်။


ရှင်းရှင်း နောက်မှာရပ်နေသည့် လူကြီးမှာ အိတ်တစ်လုံးကို ကိုင်ထားပြီး သူ့စတိုင်လ်နှင့် လုံးဝမလိုက်ဖက်သည့် ဂျာကင်အင်္ကျီကို ၀တ်ထားကာ ဇစ်မတပ်ထားသော ဂျာကင်မှတစ်ဆင့် မဲနယ်ရောင် နက်ခ်တိုင်ကိုပင် မြင်နေရလေသည်။ သူ့မျက်နှာမှာလည်း အလိုမကျဟန်တို့ အထင်းသားပေါ်နေလေသည်။


ချန်းဟွမ်က ရယ်မောကာ မေးလိုက်သည်။


 "ဒီအင်္ကျီတွေ ဘယ်​ကရလာတာလဲ...." 


ရှင်းရှင်းကို လက်ညှိုးထိုးပြရင်း ကျန်းမင်ယွမ်က ပြန်ဖြေလိုက်သည်။


 "သူဝယ်လာတာ...."


ကူကယ်ရာမဲ့သော အကြည့်ဖြင့် သူက တိုက်ခန်းထဲသို့ လှမ်းဝင်ကာ စက္ကူအိတ်ကို သူမအား ပေးလိုက်သည်။


"မင်းလည်း တစ်ထည်ဝတ်ရမယ်..."


"သားဝယ်ခဲ့တာ..." 


ရှင်းရှင်းက ပြောပြောဆိုဆို ချန်းဟွမ်ကို ဆွဲခေါ်လာပြီးဆိုဖာပေါ်ထိုင်ခိုင်းလိုက်သည်။ထို့နောက်သူက အိတ်ထဲမှ အင်္ကျီကို ဆွဲထုတ်ကာ ပြောလိုက်သည်။


"မေမေလည်း ဒီဟာကို ဝတ်ထားလိုက်..." 


ရှင်းရှင်းက သူမအပေါ်တက်ထိုင်နေသဖြင့် ချန်းဟွမ် အလွယ်တကူ ထမရဖြစ်နေရသည်။ရှင်းရှင်းက သူမအင်္ကျီကို အားဖြင့် ချွတ်လိုက်ရာ သူမလည်ပင်းကို လက်ဖြင့် ခြစ်မိသွားရလေသည်။


 "ဆင်းတော့. ..မေမေ့ဘာသာပဲ ဝတ်လိုက်မယ်..."


 "မြန်မြန်လုပ် မေမေ...မေမေဝတ်ပြီးရင် အပြင်သွားရအောင်...ဖေဖေက အသားကင်(steak) သွားစားမယ်ပြောတယ်..."


ချန်းဟွမ်သည် ဂျာကင်အင်္ကျီမှာ လှပသည်ဟု မထင်မိဘဲ ဝတ်လိုက်လျှင် ၁၀ပေါင်ခန့် ဝိတ်တက်လာသည်နှင့် တူနေပေသည်။အိမ်နေရင်းဝတ်လျှင် အဆင်ပြေသော်လည်း အပြင်ထွက်ရန်ကိုမူ သူမ ဝန်လေးပေသည်။သူမက ရှင်းရှင်းကို ဝတ်စုံအား မဝတ်ကြရန် နားချချင်သော်လည်း ရှင်းရှင်းက သူမကိုသာ အမြန်သွားကြရန် လောဆော်နေတော့သည်။


 ချန်းဟွမ်က ကျန်းမင်ယွမ်ကို တစ်ချက်ကြည့်လိုက်ရာ သူကလည်း မနိုင်ဘူးဆိုသည့် အကြည့်ဖြင့်သာ ကြည့်နေလေသည်။


ရွေးချယ်စရာမရှိတော့သဖြင့် ချန်းဟွမ်သည် ဂျာကင်အင်္ကျီကိုသာ ဝတ်လိုက်ရလေတော့သည်။သူမသည် လမ်းတစ်လျှောက်လုံး စကားတစ်ခွန်းမှ မဆိုမိဘဲ စားသောက်ဆိုင်သို့ ရောက်သောအခါမှ ကျန်းမင်ယွမ်ကို ပြောလိုက်သည်။


 "ရှင်ဘာလို့သူ့ကို အဝတ်ဆိုင် ခေါ်သွားရတာလဲ..."


"ကိုယ်က အားနေလို့ တစ်နေရာသွားမယ်ထင်ခဲ့တာ...ကိုယ်မင်းကို ပြောခဲ့တယ် မဟုတ်လား...."


  "အင်းလေ..."


ချန်းဟွမ်က သူမ‌ရှေ့တွင် အနီးကပ်ကျန်းမင်ယွမ်က ပိတ်ရပ်လိုက်မည်စိုး၍ သူ့နောက်သို့ လျှောက်သွားလိုက်သည်။


 


“နောက်တစ်ခါ အဝတ်အစားတွေ သူ့ကို မဝယ်ခိုင်းနဲ့...ကလေးက အမြင်မရှိဘူးလေ..."


ကျန်းမင်ယွမ်က သူ့သားဖြစ်သူကို ကြည့်၍ ရယ်မောကာ ပြောလိုက်သည်။


 “ကိုယ်တို့ သားအဖနှစ်ယောက်လုံး တစ်ယောက်မှ အဝတ်အစားမရွေးတတ်ကြဘူး...နောက်တစ်ခါကျ မင်းလိုက်ခဲ့ပေါ့..."


 "အဲဒါပဲ ကောင်းမယ်ထင်တယ်...ရှင့်အဝတ်‌တွေအကုန်လုံး ပုံတုံးတွေချည်းပဲ..."


ကျန်းမင်ယွမ် ဘွတ်ကင်လုပ်ထားသော စားသောက်ဆိုင်သည် အဆင့်မြင့် အနောက်တိုင်းအစားအစာ စားသောက်ဆိုင်ဖြစ်ပြီး ဘွတ်ကင်လုပ်ထားမှသာ စား၍ရသဖြင့် တန်းစီစောင့်နေ‌သော လူတန်းကြီး မရှိပေ။စားပွဲထိုက ကျန်းမင်ွယွမ်ကို မှတ်မိ‌နေသဖြင့် ဘာမှမမေးတော့ဘဲ ရှုခင်းကောင်းသော နေရာရှိ‌ ထောင့်စားပွဲကို ခေါ်သွားလေသည်။


ကျန်းမင်ယွမ်က အားလုံးအတွက် အစားအ‌သောက်များ မှာပေးလိုက်ပြီး ဟင်းပွဲများကို စောင့်နေစဉ် စကားပြောနေကြသည်။


ထိုစဉ် သူတို့ဘေးနားရှိ ခုံမှလူတစ်ယောက်က ကျန်းမင်ယွမ်ကို ခေါ်လိုက်လေသည်။


 "မင်ယွမ်လား..."


Xxxxxxx


Chapter 200


စကားပြောလိုက်သူမှာ အနက်ရောင် ကုတ်အင်္ကျီကို ခြေသလုံးများဖုံးအောင် ဝတ်ဆင်ထားပြီး နောက်ကျောတွင် ဖြန့်ချထားသော ဆံပင်ရှည်များရှိကာ လှပသူ ဖြစ်လေသည်။


ချူးရန်ကို မ‌တွေ့ရသည်မှာ အတော်ကြာသွားပြီ ဖြစ်သည်။


ချူးရန်သည် လွန်ခဲ့သော ရက်အနည်းငယ်က တော်တော် ပင်ပန်းခဲ့ရှာသည်။အမေကျန်းက သူမနှင့် ကျန်းမင်ယွမ်ကို မိတ်ဆက်ပေးခဲ့သဖြင့် ချူးမျိုးရိုးမှ ကျန်းမျိုးရိုးဖြစ်လာရန် သူမ၏ အခွင့်အရေးပင် ဖြစ်တော့သည်။  နောက်ဆုံးတွင် သူမနှင့်သူ အိမ်ထောင်မကျခဲ့ဘဲ ကျန်းမင်ယွမ်က သူမကို စော်ကားမော်ကားပြုမူခဲ့လေသည်။ ကျန်းမင်ယွမ်သည် ဓာတ်ပုံကိစ္စနှင့် ပတ်သက်၍ ချူးရန် ထံ မက်ဆေ့ချ် ပေးပို့ခဲ့ပြီး အဖေ ချူး တွေ့သွားသည့်အခါ ဒေါသထွက်ခဲ့သည်။အဖေ ချူးသည် သူမကို အလွန်စိတ်ဆိုးသွားပြီး အိမ်ခေါ်၍ ဆူပူပြီးနောက် သူမ၏ ခရက်ဒစ်ကတ်ကို ပိတ်ပစ်လိုက်ကာ အစ်ကိုဖြစ်သူကိုမူ ‌ဖူးဖူးမှုတ်ထားလေသည်။


လွန်ခဲ့သည့် တစ်စက္ကန့်အထိ ကျန်းမင်ယွမ်က အဘယ်ကြောင့် သူမကို လက်မခံရသည်ကို နားမလည်နိုင်ခဲ့သော်လည်း မိသားစုဆင်တူဝတ်စုံဝတ်ထားသည့် လူသုံးယောက်ကို တွေ့လိုက်သောအခါ သူမနားလည်သွားရသည်။


 ဒါကို အမေ ကျန်း က သတိထားမိလား... အမေ ကျန်း က အရင်ပုံစံအတိုင်း ချွေးမကို ရွေးထားတာတော့ ဟုတ်ပုံမရဘူး... 


သူမက ထိုသို့တွေးနေရင်း နှုတ်ခမ်ဖျားတို့ လှုပ်ခါသွားရသည်။ မည်သို့ပင်ဆို‌စေ ထိုအတွေးများအားလုံးတို့သည် သူမနှင့် လားလားမှ မသက်ဆိုင်တော့ချေ။


"မတွေ့တာကြာပြီနော်...” 


ချူးရန်က ဆံပင်ကို နားရွက်နောက်သို့ ညှပ်ထားလိုက်ပြီး ပြောလေသည်။ထို့နောက်သူမက နူးညံ့သိမ်မွေ့စွာ ပြုံး၍  ချန်းဟွမ်ကို ကြည့်လိုက်ကာ မေးလိုက်သည်။


 "ဒါက..."


 "ကျွန်တော့်ရည်းစားလေ..."


ကျန်းမင်ယွမ်၏အဖြေသည် ချူးရန် မျှော်လင့်ထားသည့်အတိုင်း ထွက်မလာပေ။ ကျန်းမင်ယွမ်က ခေါင်းညိတ်လိုက်ပြီး သူမကို ယဉ်ကျေးစွာ မေးလိုက်သည်။


 "မစ္စချူးအတွက် ကျွန်တော်ဘာများ လုပ်ပေးရမလဲ..."


 "မရှိပါဘူး...ဒီတိုင်း နှုတ်ဆက်လိုက်တာပါ..."


 


ချူးရန် အနည်းငယ် ထိတ်လန့်သွားရပြီး ကျန်းမင်ယွမ် စကားအပြောအဆိုကြောင့် ရှိန်သလိုဖြစ်သွားရသည်။ သူမက ချန်းဟွမ်ကို စူးစမ်းလိုဟန်ဖြင့် ကြည့်နေပြီး ပြုံးကာ ပြောလိုက်သည်။


 


"ရှင်တို့နှစ်ယောက်က အရမ်း ချစ်စရာကောင်းတဲ့ စုံတွဲပါပဲ... ကံကောင်းပါစေနော် သူဌေးကျန်း..."


"ကျေးဇူးတင်ပါတယ်...." 


ကျန်းမင်ယွမ်စကားက သူတို့နှစ်‌ယောက်၏ ခင်မင်မှုအတိုင်းအတာကို ပြလိုက်သည့်နှယ်။


မူလက ချူးရန်သည် ကျန်းမင်ယွမ်နှင့် စကားပြောရန် တွေးထားသော်လည်း သူက မျက်နှာသာမပေးသဖြင့် သူမလည်း စကားဆက်မရတော့ပေ။ထို့ကြောင့် သူမကနှုတ်ဆက်စကား ပြောလိုက်သည်။


ချန်းဟွမ်သည် ချုးရန် စိတ်မတည်မငြိမ်ဖြစ်နေပြီး ထူးဆန်းနေသည်ဟု ထင်လိုက်မိသည်။ချန်းဟွမ် တစ်ဖန်ပြန်ကြည့်လိုက်ရာ ချူးရန်သည်  သူမနေရာသို့ ပြန်ရောက်နေပြီး သူမဘေးမှာထိုင်နေသော အမျိုးသားတစ်ဦးနှင့် ပျော်ရွှင်စွာ စကားစမြည်ပြောနေသည်ကို သတိပြုမိလိုက်သည်။ 


တစ်ခါတစ်ရံတွင် အမျိုးသမီးတစ်ယောက်၏ အပြောအဆိုကို ပုံသေသတ်မှတ်မရဘဲ အခြေအနေကိုသာ အကဲခတ်၍ ထိုမိန်းမ၏ စိတ်ထားကို ခန့်မှန်းရနိုင်ပေသည်။ဤသည်မှာလည်း မိန်းမများ၏ သိပ္ပံနည်းနှင့် အဖြေမရှာမရသော စွမ်းရည်တစ်ခုသာ။


ချန်းဟွမ် သည် ယခင်က ချူးရန်နှင့် ကျန်းမင်ယွမ် တို့နှစ်ဦးကြားတွင် တစ်ခုခုဖြစ်ခဲ့သည်ကို သိနေပြီဖြစ်သည်။ သူမက ကျန်းမင်ယွမ် ကို တစ်ချက်ကြည့်လိုက်ကာ သူမစိတ်ထဲတွင်လည်း စူးစမ်းလိုစိတ်များ အပြည့်ရှိနေကြလေသည်။


‌"သူမက ဘယ်သူလဲ..." 


ချန်းဟွမ် ပြောပြီးပြီးချင်း စားပွဲထိုးက အစားအသောက်များကို ယူဆောင်လာသည်။ ကျန်းမင်ယွမ်က ပုဝါကို ဖြည်လိုက်ကာ ရှင်းရှင်း‌ ပေါင်ပေါ် တင်‌ပေးလိုက်ရင်း သူမကို စောင့်ပါဟု မျက်ရိပ်မျက်ခြည်ပြလိုက်သည်။ထို့နောက် သူက စားပွဲထိုးထွက်သွားကာမှ သူမကို ပြောလိုက်သည်။


 “ချူးမိသာစုရဲ့ သမီးလေ....ရှန်းလန် အကြောင်း မင်း ကြားဖူးလား....အဲဒါက သူမ မိသားစု ပိုင်တာလေ....”


 “အိုး သူမ...”


ချူးမိသားစု၏ သမီးဆို၍ ချန်းဟွမ်  သူမအမည်ကို သိသွားရ၏။


 


မူရင်းဝတ္ထုတွင် အမျိုးသားဇာတ်ဆောင်ကို နှစ်သက်ကြသော အမျိုးသမီးများစွာ ရှိခဲ့သည်။ သူမတို့မှာ ကျန်းမင်ယွမ်၏ ဝန်ထမ်းများမှ သူ့ပြိုင်ဘက်များ၏ သမီးများအထိ ပါဝင်ကြလေသည်။ထိုမိန်းကလေးများမှာ ကျန်းမင်ယွမ်ကို တစ်စက်ကလေးမှ လက်လွတ်ဟန်မရှိဘဲ အမျိုးသမီးဇာတ်ဆောင်နှင့် ကျန်းမင်ယွမ်ကို အမြဲလိုလို ရန်ပြုနေကြသူများပင်။ထို့အပြင် မိန်းကလေး ချူး မှာလည်း သူတို့ထဲက တစ်ယောက်သာ။


ချန်းဟွမ် ဖတ်ဖူးသော အပိုင်းများ၌ ဤမိန်းကလေး ချူး သည် ပြိုင်ဘက်ကောင်းများထဲမှ တစ်ဦးဖြစ်လေသည်။ မူလချန်းဟွမ်က သူမ၏ သားဖြစ်သူနှင့် ကျန်းမင်ယွမ်ကို အရယူဖို့ ကြိုးစားနေသည်ဆိုပါက မိန်းကလေး ချူးမှာလည်း အင်အားကြီးပြီး သူမကိုထောက်ပံ့ပေးသူ အမျိုးသား ဇာတ်ဆောင်၏ အမေရှိနေ၏။ဇာတ်လမ်းထဲတွင်  အမေ ကျန်း သည် မိန်းကလေးချူးနှင့် ကျန်းမင်ယွမ်ကို လိုလားစွာ သဘောတူနေပြီး မကြာခဏလည်း နှစ်ဦးသား အချိန်ကုန်ဆုံးစေဖို့ ဖန်တီးပေးတတ်လေသည်။ထို့အပြင် သူမစာအုပ်မဖတ်တော့ချိန်၌ အမျိုးသားဇာတ်ဆောင်၏ မိခင်က ချူးရန်ကို မိသားစုဝင်တစ်ယောက်အဖြစ် အသိအမှတ်ပြုပြီး ခရီးအတူထွက်ရန် အကြံပြုခဲ့လေသည်။


Xxxxxxx