Chapter 201
ရှင်းရှင်းလေး အသက်နှင့်နှိုင်းယှဥ်ကြည့်ပါလျှင် မူလဇာတ်ကြောင်းအတိုင်း မဖြစ်လာခဲ့သည်မှာ တစ်နှစ်နီးပါးရှိတော့ပေမည်... ချန်းဟွမ် ထိုကိစ္စနှင့်ပတ်သက်ပြီး အနည်းငယ်စိတ်ရှုပ်နေမိပေသည်..
သူမ အသားစတိတ်ကို အနည်းငယ် လှီးလိုက်ရင်း မူလဇာတ်လမ်းအကြောင်းကို ဆက်တွေးနေမိ၏... သို့သော် မူလဇာတ်ကြောင်းမှဖြစ်ရပ်တို့ကို ကျန်းမင်ယွမ်ကို မေးရန် မည်သို့မည်ပုံ စကားဆက်ကြည့်ရမှန်းလည်း မသိပါလေ...
သူမတို့ စားလို့မပြီးခင်တွင် ချူးရန်သည် စားပြီးသွားခဲ့ကာ နှုတ်ဆက်စကားပင် ပြောနေခဲ့လေသည်... အနှီအမျိုးသမီးငယ်လေးသည် နှုတ်ဆက်စကားဆိုပြီးနောက် သူမနှင့်အတူပါလာသောအမျိုးသားကို လက်ချိတ်ထားရင်း ထွက်သွားလေတော့၏... ၎င်းတို့နှစ်ဦး၏ပုံစံကို ကြည့်ရုံဖြင့် လွန်စွာရင်းနှီးကြကြောင်းသိနိုင်ပေသည်... ချန်းဟွမ် ထိုနှစ်ယောက် စားသောက်ဆိုင်ထဲမှ ထွက်သွားသည့်ချိန်အထိ တောက်လျှောက် လိုက်ကြည့်နေမိသည်...
တစ်ဖက်ရှိ ကျန်းမင်ယွမ်သည် ချန်းဟွမ်ကို တစ်ချိန်လုံး ကြည့်နေခဲ့သောကြောင့် ချန်းဟွမ်တစ်ယောက် စောင့်ကြည့်နေသောအမျိုးသားနှင့်အမျိုးသမီးတို့ကို သတိထားမိလိုက်၏... ချူးရန်တို့နှစ်ယောက် စားသောက်ဆိုင်ထဲမှ ထွက်သွားချိန်တွင် ချန်းဟွမ်သည် အစား စားခြင်းကို အာရုံပြန်စိုက်လိုက်ချေသည်... ထိုစဥ် ကျန်းမင်ယွမ်က သူမကို စကားစလာခဲ့လေတယ်...
" လီဟွိုင်အန်းကို သိလို့လား... "
" ဘယ်သူ? "
" ချူးရန်နဲ့တူတူထွက်သွားတဲ့တစ်ယောက်လေ... အဲ့တစ်ယောက်ကလည်း စားသောက်ဆိုင်ဖွင့်ထားတာပဲ... " ထိုသို့ပြောကာ ခေတ္တရပ်ကာ တစ်ရှူးဖြင့် လက်ကို သုတ်လိုက်ပြီးနောက် စကားဆက်လိုက်၏...
" ပြီးတော့ သူက ချူးရန်ရဲ့လက်ရှိရည်းစားလေ "
" ချူးရန်ရဲ့ရည်းစား?? " ချန်းဟွမ်သည် ကျန်းမင်ယွမ်၏စကားကို ကြားရပြီးနောက် လွန်စွာ အံ့အားသင့်နေမိသည်... မူလဇာတ်လမ်းထဲတွင် ဇာတ်လိုက်အား နှစ်ပေါင်းများစွာ တန်းတန်းစွဲဖြစ်ခဲ့သောချူးမမလေးသည် လက်ရှိတွင် တခြားအမျိုးသားတစ်ယောက်နှင့် တွဲနေသည်က အတော်လေး ထူးဆန်းလှ၏...
" ချူးရန်ရဲ့သတို့သားလောင်းလို့ပြောရင် ပိုမှန်မယ်ထင်တယ် "
ကျန်းမင်ယွမ်က ဆက်ပြောလေသည်... သူ တစ်ပါးသူ၏ကိုယ်ရေးကိုယ်တာအတင်းအဖျင်းတို့ကို စိတ်မဝင်စားလှပါချေ... ယခုတွင် ချူးရန်ကိစ္စကို သိနေခဲ့ခြင်းမှာလည်း ချူးရန်၏အဖေမှ သူ့ဆီသို့ မင်္ဂလာဆောင်ဖိတ်စာပို့ထားခြင်းကြောင့်ပင်...
" မင်္ဂလာပွဲက နောက်လ၆ရက်နေ့... မင်း သွားချင်လား... အဲ့ပွဲကို စားသောက်ဆိုင်လုပ်ငန်း လုပ်တဲ့သူတွေ အများကြီး လာကြမှာ... သူတို့နဲ့ အဆက်အသွယ်တစ်ခုခုရထားလည်း မစိုးဘူးလေ... စားသောက်ဆိုင်လုပ်ငန်းက ကိုယ့်နယ်ပယ် မဟုတ်တော့ တချို့ကိစ္စတွေမှာ မင်းကို အသေးစိတ် မကူညီနိုင်မမှာ စိုးတယ်... "
ကျန်းမင်ယွမ်တစ်ယောက် စကားဆက်တိုက်ပြောနေခဲ့သော်ငြား ချန်းဟွမ်မှာတော့ သူမ၏အတွေးနယ်မြေထဲ နယ်ချဲ့နေမိချေသည်... ချူးရန်တစ်ယောက် တခြားတစ်ယောက်ကို လက်ထပ်လိုက်သည်ဆိုသောအကြောင်းကို မူလဇာတ်ကြောင်းတွင် မဖော်ပြထားချေ... မူလဇာတ်ကြောင်းတွင်တစ်ခုခု လွဲမှားလာခဲ့သည်လား...
တွေးရင်း တွေးရင်းနှင့်ပင် ချန်းဟွမ်သည် သူမ ဖတ်ခဲ့ရသောမူလဇာတ်ကြောင်းတို့က အတုအယောင်များ ဖြစ်နေလေမလားဟု ခံစားလာမိ၏... ဒီဝတ္ထုထဲသို့ သူမ ကူးပြောင်းလာပြီးနောက်တွင် ဇာတ်လိုက်သည် သူ၏သားကို သူကိုယ်တိုင်လာရှာခဲ့သည်... ဇာတ်လိုက်ကို အသေရရ အရှင်ရရ တန်းတန်းစွဲ လိုချင်နေသောဗီလိန်ဇာတ်ရံတစ်ယောက်ဖြစ်သည့်ချူးရန်သည်လည်း တခြားတစ်ယောက်နှင့် ပျော်ရွှင်စွာလက်ထပ်တော့မည်... ပေါ်မလာသေးသောဇာတ်လိုက်မ,ကို ခေါင်းခြောက်ခံ စဥ်းစားနေစရာပင် မလိုပေ... ဘာပဲဖြစ်ဖြစ် နောက်ဆုံးတွင်တော့ ဇာတ်လိုက်မကသာ ဇာတ်လိုက်ကျန်းမင်ယွမ်ကို လက်ထပ်ရနိုင်သည်လေ...
ဇာတ်ေကြာင်းအရ တက္ကသိုလ်တစ်ခုတွင် ဇာတ်လိုက်သည်ဟောပြောပွဲတစ်ခု၌ မိန့်ခွန်းပြောနေစဥ် ဇာတ်လိုက်မနှင့် မထင်မှတ်ထားဘဲ တွေ့ဆုံခဲ့ခြင်းဖြစ်လေတယ်...
~~~~
" ဘာဖြစ်လို့လဲ? "
ကျန်းမင်ယွမ် ဘာမျှပြန်မဖြေဘဲ တိတ်ဆိတ်ကာ အတွေးနယ်လွန်နေသောချန်းဟွမ်ကို ထပ်မေးလာသည်... " တကယ်လို့ မသွားချင်ရင်လည်း မသွားပါနဲ့... မင်းလည်း နောက်ပိုင်းကြရင် အဲ့နယ်ပယ်(စားသောက်ဆိုင်လုပ်ငန်း)က လူတွေနဲ့ တဖြည်းဖြည်းသိလာမှာပါ... ကိုယ်လည်း တတ်နိုင်သလောက် ကူညီပေးမယ်..."
ထိုချိန်တွင်မှသာ ချန်းဟွမ်သည် သတိပြန်ကပ်သွားကာ အနှီအမျိုးသားကို ပြန်ဖြေလိုက်လေ၏... " မသွားတော့ပါဘူး... ကျွန်မက မစ္စချူးနဲ့ ရင်းနှီးတာလည်း မဟုတ်ဘူးလေ... သွားဖို့ မသင့်ဘူးထင်တယ်... "
" ကောင်းပြီလေ..."
ကျန်းမင်ယွမ်ကိုယ်တိုင်လည်း ပွဲတက်ရသည်ကို စိတ်မပါလှတာကြောင့် မသွားဖို့သာ ဆုံးဖြတ်လိုက်တော့သည်...
" Aww ဒါနဲ့ နှစ်ကူးပြီးရင် ကိုယ့်အိမ်ကို ရက်နည်းနည်းလောက် ပြန်လိုက်အုံးမယ်... နှစ်မကူးခင် ဒီကြားထဲမှာ အချိန်နည်းနည်းတော့ ရှိတယ်... သွားချင်တဲ့နေရာတွေဘာတွေ ရှိလား? "
" ခရီးထပ်ထွက်မလို့လား ဖေဖေ... "
ရှင်းရှင်းလေးက စိတ်လှုပ်ရှားစွာမေးလိုက်လေသည်..
. " သားတို့ ကျွန်းသေးသေးလေးကို ထပ်သွားရမှာလား?! "
ရှင်းရှင်းလေးပြောသော ကျွန်းသေးသေးလေးဆိုသည်မှာ သန္တာကျောက်နီကျွန်းကို ဆိုလိုခြင်းပင်... ကလေးလေးသည် ထိုကျွန်းဆီသို့သာ ခရီးထွက်ဖူးခဲ့ပြီး ထိုကျွန်းကိုသာ ထပ်သွားချင်နေသေးသည်...
ကျန်းမင်ယွမ် သားဖြစ်သူ၏အမေးကို ပြန်မဖြေသေးပါဘဲ ချန်းဟွမ်ကိုသာ ကြည့်နေခဲ့လေသည်..
Xxxxxx
Chapter 202
{ ရေအမြန်ချိုးပြီး လာခဲ့မယ် - ၂ }
လက်ရှိအချိန်၌ ချန်းဟွမ်သည် သူမ၏အတွေးတို့ကို အာရုံစိုက်နေမိသည်... ထို့ကြောင့်လည်း သူမသည် ခရီးအစီအစဥ်တို့ကို ကျန်းမင်ယွမ်ကိုသာ အပ်လိုက်သည်...
" ကောင်းပြီလေ... ကိုယ် အားလုံးကို စီစဥ်ပြီးရင် အသိပေးမယ်... "
ညစာစာပြီးနောက်တွင်တော့ ကျန်းမင်ယွမ်သည် သားအမိနှစ်ယောက်နှင့်အတူ အိမ်သို့ ပြန်လာခဲ့လေသည်... ဓါတ်လှေကား ရောက်လာချိန်၌ ချန်းဟွမ်သည် ရှင်းရှင်းဘက်သို့ လှည့်ကြည့်လိုက်ရင်း " အပေါ်ထပ်မှာ အိပ်ချင်လား " ဟု မေးလိုက်ချေ၏...
" ဟုတ်!! " ရှင်းရှင်းသည် ခေါင်းအကြိမ်ကြိမ် ညိမ့်ပြကာ ပြန်ဖြေလေသည်... ဘယ်နေရာတွင် အိပ်အိပ် မေမေနှင့်အတူတူ အိပ်ရမည် မဟုတ်သောကြောင့် သူ့အရုပ်အသစ်များရှိနေသည့်နေရာကိုသာ ရွေးချယ်လိုက်ပေတယ်...
" မနက်ဖြန်ကြမှ သား မေမေ့ကို လာရှာမယ်လေနော်... "
" ဟုတ်ပါပြီ... ဟုတ်ပါပြီ... " ချန်းဟွမ်သည် သားဖြစ်သူကို ထိုသို့ပြန်ပြောပြီးနောက် ကျန်းမင်ယွမ် ကြည့်လိုက်ရင်း " အလုပ်လုပ်တာ အရမ်းညဥ့်မနက်နဲ့အုံးနော်... "ဟု ဆိုလိုက်၏...
တစ်ဖက်ရှိ ကျန်းမင်ယွမ်သည်လည်း " မင်းလည်း ဖုန်းအကြာကြီး သုံးမနေနဲ့အုံး... "ဟု ပြန်ပြောပြီးနောက် ဓါတ်လှေကားတံခါးကို ပိတ်လိုက်ကာ အပေါ်ထပ်သို့ သွားသည့်ခလုတ်ကို နှိပ်လိုက်တော့တယ်...
ရှင်းရှင်းလေးသည် ဖခင်ဖြစ်သူနှင့် အပေါ်ထပ်သို့ လိုက်သွားရင်း အရုပ်ပုံကြီးထဲ ပျော်ရွှင်စွာ ဆော့ကစားနေသည့် သူ့ကိုယ်သူ မြင်ယောင်နေမိသည်... သို့သော် အပေါ်ထပ်သို့ ရောက်ချိန်၌ အရုပ်များ ရှိမနေသည်ကို တွေ့လိုက်ရသောအခါ အနည်းငယ်စိတ်ညစ်သွားမိ၏...
" ဖေဖေ သား အောက်ထပ်ပြန်ဆင်းချင်တယ်... "
" မရဘူး... ဒီမှာပဲ အိပ်ရမယ်... "
ကျန်းမင်ယွမ်၏တိုက်ခန်းသည် လူတစ်ယောက်စာ နေရုံအတွက် တော်တော်လေး ကျယ်ပါသော်လည်း အိပ်ခန်း၂ခန်းသာ ပါဝင်ပေသည်... အောက်ထပ် ဧည့်သည်အတွက်အခန်းတွင် သားဖြစ်သူကို တစ်ယောက်တည်း မအိပ်ခိုင်းစေချင်ပေ...
ရှင်းရှင်းလေးသည် အရုပ်များနှင့် အိပ်ရန် ဆန္ဒရှိခဲ့သော်လည်း နောက်ဆုံးတွင်တော့ ဖေဖေနှင့်သာ အိပ်ရပေတော့မည်... ကလေးလေး၏အရုပ်များသည် ၁လွှာ၌ မေမေနှင့်အတူ ရှိနေခြင်းပင်...
ရှင်းရှင်းလေးသည် အောက်ထပ်သို့ ဆင်းရန် နောက်တစ်ကြိမ်ထပ်၍ တောင်းဆိုခဲ့သေးသည်... သို့သော် ဒီတစ်ကြိမ်တွင် ဖေဖေသည် ရေချိုးခန်းသို့ ခေါ်သွားကာ ရေချိုးပေးတော့၏...
ကျန်းမင်ယွမ်၏အိပ်ရာသည် ကလေးဖြစ်သောရှင်းရှင်းလေး သက်တောင့်သက်သာဖြစ်ရန် ခက်ခဲလောက်အောင် မာကြောလို့နေပေတယ်... ထို့ကြောင့်လည်း ကျန်းမင်ယွမ်သည် သားဖြစ်သူအတွက် ပျော့ပျောင်းသောအိပ်ရာတစ်ခု စီစဥ်ထားပေးသည်...
ရှင်းရှင်းလေးသည် ရေချိုးပြီးသည့်နောက် သူ၏ဖုန်းနာရီလေးဖြင့် ချန်းဟွမ်ဆီသို့ ဖုန်းခေါ်လိုက်ပြီး သူ့အရုပ်များနှင့် မဆော့ရသည့်အကြောင်းကို ပွစိပွစိပြောနေတော့၏...
တစ်ဖက်ရှိ ချန်းဟွမ်သည် ဂိမ်းဆော့နေရင်းဖြင့် ဖုန်းကို စပီကာဖွင့်ကာ ဖုန်းပြောလို့နေသည်... သို့သော် သူမ ဆော့နေသောဂိမ်းသာ ပြီးသွားခဲ့သည် သူမသား၏ပွစိပွစိပြောနေခြင်းက မပြီးပါလေ... ထို့အပြင်ကလေးလေးသည် မေမေနှင့် အောက်ထပ်တွင် လာနေချင်သည်ဟုပါ ပူဆာနေသေး၏... ထို့ကြောင့်လည်း ချန်းဟွမ်သည် စကားလမ်းကြောင်းလွှဲရန် "ဖေဖေ ဘယ်မှာလဲ" ဟုမေးလိုက်သည်...
" ဖေဖေ ရေချိုးနေတယ်... "
ကလေးလေးသည် မေမေက ဖေဖေ့ကို သူ့အား အောက်ထပ်လိုက်ပို့ပေးရန် ပြောလိမ့်မည်အထင်ဖြင့် ကုတင်ပေါ်မှ ဆင်းလိုက်ကာ ရေချိုးခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်...
" ဖေဖေ... မေမေက ဖေဖေ့ကိုလိုက်ရှာနေတယ်..."
ကျန်းမင်ယွမ်သည် ယခင်က တစ်ယောက်တည်း နေထိုင်ခဲ့တာကြောင့် ရေချိုးခန်းတံခါးကို လော့ချထားခြင်း မရှိပါလေ... ထို့ကြောင့်လည်း ရှင်းရှင်းလေးက ရေချိုးခန်းတံခါးကို တွန်းဖွင့်ဝင်လာနိုင်ခြင်းပင်...
သားဖြစ်သူက ရေချိုးခန်းထဲ အတင်းဝင်လာသောအခါ အနှီအမျိုးသားသည် မျက်နှာသုတ်ပုဝါဖြင့် သူ့ခန္ဓာကိုယ်အောက်ပိုင်းကို အမြန်ကောက်ပတ်ထားလိုက်ရပြီး ရှင်းရှင်းလေးကို အကြည့်တစ်ချက်ပေးလိုက်ကာ " အပြင်မှာ ခဏစောင့်နေ... ရေအမြန်ချိုးပြီး လာခဲ့မယ်... "
" ဟုတ် "ရှင်းရှင်းလေးသည် ဘာပြဿနာရှိမှန်း မသိသဖြင့် ပေါ့ပေါ့ပါးပါးသာပြန်ဖြေကာ ထွက်လာခဲ့တော့သည်... ထို့နောက်တွင်တော့ ကလေးလေးသည် ဖုန်းတစ်ဖက်မှ ချန်းဟွမ်ကို စကားပြန်ဆက်လိုက်လေတယ်... " မေမေ... ဖေဖေက ရေအမြန်ချိုးပြီး လာခဲ့မယ်တဲ့... "
စကားဝိုင်းတစ်ခုလုံးကို ကြားလိုက်ရသောချန်းဟွမ် : " ••• "
ရှင်းရှင်းလေး ထွက်သွားပြီးသည်နှင့် ကျန်းမင်ယွမ်သည် ရေချိုးခန်းတံခါးကို ချက်ချင်း လော့ချလိုက်တော့သည်... ထို့နောက် စိုစွတ်နေသောဆံပင်တွေကြား လက်ချောင်းများဖြင့် ထိုးဖွရင်း ရေဆက်ချိုးနေခဲ့၏...
Xxxxxx