Chapter 203
ရှင်းရှင်းက ကုတင်ပြောင်းလျှင် မအိပ်တတ်ဘူးဟု ပြောသော်လည်း ကျန်းမင်ယွမ် နာရီကို ကိုင်လျက် ရေချိုးခန်းထဲမှ ထွက်လာချိန်၌ သူအိပ်ပျော်နေပြီ ဖြစ်သည်။ကျန်းမင်ယွမ်က နာရီကို ကြည့်လိုက်ရာ ဖုန်းမှာ ကျမသွားသေးဘဲ အသံထွက်လာလေသည်။
“ရှင် ရေချိုးပြီးပြီလား...."
ကျန်းမင်ယွမ် “……”
ခေတ္တတိတ်ဆိတ်သွားပြီးနောက် သူက “အင်း” ဟု ဖြေပြီး တတ်နိုင်သမျှ ခြေလှမ်းကို ညင်သာစွာ နင်း၍ အခန်းထဲမှ ထွက်လာခဲ့သည်။ သူက တံခါးကိုပိတ်ရင်း စောစောက ရှက်စရာကောင်းသည့် အဖြစ်ကို မေ့လိုက်ကာ တခြားအကြာင်းကို လွှဲပြောလိုက်သည်။
ကျန်းမင်ယွမ်နှင့် ချန်းဟွမ်တို့ စကားစပြောစဥ်က ရှင်းရှင်း အကြောင်းပြောခဲ့ကြပြီး ခဏအကြာ၌ ပြန်၍ တိတ်ဆိတ်သွားရပြန်သည်။ ယခုအချိန်၌ တစ်ယောက်နှင့် တစ်ယောက် ပိုရင်းနှီးလာသဖြင့် ပြောစရာများစွာ ရှိလာပြီ ဖြစ်သည်။ နိုင်ငံရေးမှသည် လမ်းဘေးအစားအစာအထိ မည်သည့်အကြောင်းမဆို ရောက်တတ်ရာရာ ပြောကြပြီးနောက် အချိန်လင့်လာသောအခါ ကျန်းမင်ယွမ် က သူမကို အိပ်ရာဝင်ခိုင်းလိုက်သည်။
***
အိပ်ရာက ချန်းဟွမ် အတွက် အရေးမကြီးပေ။ အိမ်အသစ်ရှိ အိပ်ယာသည် သူမ အိမ်ဟောင်းထက် အနည်းငယ် ပိုမာသော်လည်း သူမ အိပ်နိုင်ပြီး နောက်နေ့မနက်စောစောတွင် ပုံမှန်အတိုင်း နိုးလာရသည်။
သူမနိုးလာသောအခါ တစ်ဖက်ကုတင်ကို တစ်ချက်ကြည့်လိုက်ရာ မည်သူမှ မရှိနေ၍ သူမအိမ်ပြောင်းလာကြောင်းနှင့် ရှင်းရှင်းမှာ အပေါ်ထပ်တွင် အိပ်သည်ကို မှတ်မိသွားရသည်။ သူမက ကုတင်ပေါ်တွင် ခဏထိုင်ကာ အဝတ်အစားလဲလိုက်ပြီး ရေမိုးချိုးလိုက်သည်။
သူမ ရေခဲသေတ္တာကို ဆွဲဖွင့်လိုက်သောအခါ ငွေကြေးစီမံခန့်ခွဲမှု အဖွဲ့မှ ပေးထားသည့် ပစ္စည်းများကို တွေ့ရှိရလေသည်။ရေခဲသေတ္တာထဲ၌ ဂျုံမှုန့်တစ်ထုပ်နဲ့အတူ မနေ့က မှာထားသည့်အသားများနှင့် ဟင်းသီးဟင်းရွက်များ ရှိလေသည်။ HOA သည် အဆင့်အတန်းမြင့်မားသည့် အဖွဲ့ဖြစ်ပြီး ပစ္စည်းများ၏ အရည်အသွေးကိုလည်း အာမခံထားလေသည်။
ချန်းယွမ်က မလိုအပ်သည့် ပစ္စည်းများကို ရေခဲသေတ္တာထဲ ပြန်ထည့်ပြီးနောက် ဂျုံမှုန့်ထုပ်ကိုဖောက်ကာ အနည်းငယ် ကော်ယူလိုက်သည်။ထို့နောက် ကြက်ဥကို ဂျုံမှုန့်ထဲထည့်နယ်ကာ အဖုံးဖုံးပြီး ၁၀ မိနစ်ခန့် ထားလိုက်သည်။ထို့နောက် ချန်းဟွမ် အိုးတစ်လုံးကို ယူလိုက်ပြီး ပြောင်းဆန်လက်တစ်ဆုပ်စာ ထည့်ကာ ရေဆေးလိုက်ပြီး ဆန်ပြုတ် စတင်ချက်ပြုတ်လေသည်။ ဆယ်မိနစ်ခန့်ကြာသောအခါ ဂျုံမှုန့်နှင့် ကြက်ဥအရောကို အတောင့်ရှည်ပုံစံဖြစ်အောင် လုပ်လိုက်ပြီး အပိုင်းသေးလေများ ဖြတ်တောက်လိုက်သည်။ ထို့နောက် သူမက ထိုအပိုင်းများကို ဖက်ထုပ်ထုပ်ရန် ဒလိမ့်တုံးဖြင့် ပြားလိုက်သည်။
ဖက်ထုပ်ထုပ်ရန် ဂျုံပြားပြုလုပ်ပြီးသည့်အခါ ချန်းဟွမ်က အစာပလာထည့်ရန် နုတ်နုတ်စဉ်းထားသော အသားများကို သစ်အယ်သီး၊ မုန်လာဥနီ၊ ပဲငံပြာရည်၊ ဂျင်း၊ မုတ်ကောင်ဆော့စ် တို့နှင့် ရောထည့်လိုက်ပြီး ထုပ်လိုက်သည်။ ထို့နောက် သူမက ဖက်ထုပ်များကို ပန်းကန်ထဲတွင် သပ်ရပ်စွာ စီရီထားလိုက်သည်။
ထို့နောက် ချန်းဟွမ်သည် နောက်ထပ် ဒယ်အိုးတစ်လုံးကို ယူလိုက်ပြီး အိုးထဲသို့ ဆီအနည်းငယ် ထည့်လိုက်သည်။ထိုသို့လုပ်ပြီးနောက် သူမက မီးဖိုဖွင့်ကာ ဖက်ထုပ်များကို ဒယ်အိုးထဲသို့ထည့်၍ ရွှေညိုရောင် ပေါက်သည်အထိကြော်ကာ ပန်းကန်ဖြင့် တစ်ချို့တစ်ဝက်ကို ခူးခပ်ထားလိုက်သည်။ထို့နောက် ကျန်နေသည့်ဖက်ထုပ်များကို ရေထပ်ထည့်ကာ ဟင်းချက်ရန်ပြင်လိုက်သည်။အချိန်ကိုက်ထားသလိုပင် သူမ ငံပြာရည်ထည့်လိုက်ပြီး အခန်းထဲတွင် ဟင်နံ့များသင်းလာချိန်၌ တံခါးခေါက်သံကြားရလေသည်။
တံခါးခေါက်သူ ဘယ်သူဘယ်ဝါမှန်း မှန်းဆနေစရာ မလိုပေ။ ချန်းဟွမ်သည် မီးဖိုကိုပိတ်လိုက်ပြီး ဟင်းရည်ကို ခူးခပ်၍ လက်ကိုဆေးကြောပြီးနောက်တံခါးသွားဖွင့်လိုက်သည်။
"ရှင်ဘာလို့ အထဲကို ဒီတိုင်း မဝင်လာတာလဲ...ရှင့်မှာ သော့မရှိဘူးလား..."
"အချိန်ကောင်းလေးကို နှောင့်ယှက်သလိုဖြစ်သွားလားမသိဘူး..."
ကျန်းမင်ယွမ်က အိပ်ချင်မူးတူးဖြစ်နေသော ရှင်းရှင်းကို လက်ဆွဲထားကာ သူ့လက်ထဲမှ ပန်းစည်းကြီးအား ချန်းဟွမ်ကို ပေးလိုက်သည်။
"မင်းစိတ်မဆိုးဘူးဆိုရင် နောက်တစ်ခါ ကိုယ့်ဘာသာ ဝင်လာပါ့မယ်..."
“ကောင်းသားပဲ...ဒီတိုင်း ဝင်လာလိုက်လေ..."
ချန်းဟွမ်က လက်ထဲမှ ပန်းစည်းကို ကြည့်ကာ ယခင်ကထက် ပိုများနေသည်ကို သတိပြုမိလိုက်သည်။ ထို့နောက် သူမက ပန်းများကို ပန်းအိုးထဲထည့်ကာ ဟင်းပွဲများခင်း၍ ညစာစားရန် ပြင်လိုက်သည်။
Xxxxxxx
Chapter 204
ချန်းဟွမ် က စားစရာများ ယူလာနေသည်ကို မြင်သောအခါ ကျန်းမင်ယွမ် ကလည်း ပန်းကန်များကို စားပွဲပေါ်တွင် အသင့်ပြင်ထားလိုက်သည်။ထို့နောက် မိသားစုသုံးယောက်လုံး ထမင်းစားပွဲ ဝိုင်းမှာ ထိုင်ပြီး ထမင်းစားလိုက်ကြသည်။
ထို့နောက် ကျန်းမင်ယွမ်မှာ အလုပ်သွားရမည်ဖြစ်၍ ချန်းဟွမ်က သူ့ကို အပြင်လိုက်ပို့ကာ ဓာတ်လှေကား အတူစောင့်နေရင်း ပြောလိုက်သည်။
“ကျွန်မအတွက် ပန်းတွေ ထပ်ယူစရာ မလိုတော့ဘူး...”
ကျန်းမင်ယွမ် အနည်းငယ် ထိတ်လန့်သွားရကာ မေးလိုက်သည်။
"အင်း...ဒါဆို ဘာကြိုက်လဲဟင်..."
"ရပါတယ်...နောက်ဆို ကျွန်မအတွက် ဘာမှ မယူလာပါတော့နဲ့...."
ကျန်းမင်ယွမ် သူမစကားကြောင့် အနည်းငယ် စိုးရိမ်မိသွားရကာ မျက်မှောင်ကြုတ်လိုက်မိသည်။
"သေချာလို့လား..."
စကားပြောနေရင်း ဓါတ်လှေကားတံခါးက ပွင့်လာရလေသည်။ ချန်းဟွမ်က သူမတစ်ကယ် မလိုချင်သည်မှာ သေချာကြောင်း ခေါင်းခါပြလိုက်သည်။
"အဲဒါကို တွေးမနေနဲ့တော့...အလုပ်သွားတော့လေ..."
ကျန်းမင်ယွမ်က ခေါင်းညိတ်လိုက်ပြီး ဓာတ်လှေကားထဲ ဝင်သွားလိုက်သည်။
***
မနက်စာစားပြီးနောက် ရှင်းရှင်းသည် သူ့အရုပ်များနှင့် ကစားချင်ကြောင်း ချန်းဟွမ်ကို ပြောလာသဖြင့် သူမက ရှင်းရှင်းကို အပေါ်ထပ်သို့ လိုက်ပို့ပေးလိုက်၏။အပေါ်ထပ်ရောက်သောအခါ ရှင်းရှင်းသည် အရုပ်များနှင့် ကစားနေပြီး ချန်းဟွမ်ကလည်း ဖုန်းဖြင့် ဂိမ်းကစားနေလိုက်သည်။
ချန်းဟွမ်သည် အချိန်အတော်ကြာ ဂိမ်းကစားပြီးနောက် ဖုန်းကို ချထားလိုက်သောအခါ ရင်ထဲတွင် ဗလာဖြစ်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူမက နေ့လယ်စာပြင်ဆင်ရန် အောက်ထပ်သို့ဆင်းလာခဲ့သည်။ ရှင်းရှင်းသည် နေ့လယ်စာစားပြီးနောက် တစ်ဖန် အရုပ်များနှင့် ပြန်ကစားလေသည်။ မူလက ချန်းဟွမ်သည်လည်း ဖုန်းသုံးနေရာမှ နောက်ပိုင်းတွင် ဖုန်းကို အိတ်ကပ်ထဲထည့်ကာ အပေါ်ထပ်သို့ တက်၍ စာကြည့်ခန်းထဲ၌ စီမံခန့်ခွဲရေး စာအုပ်များကို ရှာဖွေကြည့်လိုက်သည်။ကျန်းမင်ယွမ် ပြောပြီးကတည်းက ဆိုင်ခွဲ စားသောက်ဆိုင်များ ဖွင့်ရန် သူမ တွေးနေခဲ့လေသည်။ ယခု သူမတွင် အရင်းအနှီးမလုံလောက်သော်လည်း လေ့လာထားရုံနှင့်တော့ ဘာမှ ဖြစ်မသွားနိုင်ပေ။ထို့အပြင် အရင်းအနှီးရှိလာသည့် အချိန်တွင် အထောက်အကူဖြစ်လာနိုင်သည်။
ချန်းဟွမ်သည် မျှော်လင့်ချက်ဖြင့် စာအုပ်တစ်အုပ်ကို ဖွင့်ဖတ်လိုက်သည်။ ဤစာအုပ်ကို နာမည်ရှိပြီး ဩဇာညောင်းသည့် စွန့်ဦးတီထွင်သူ စီးပွားရေးသမားတစ်ယောက်က ရေးသားခဲ့တာပင်။ချန်းဟွမ်ကလည်း အဆိုပါဂုဏ်ပုဒ်များကြောင့် အထင်ကြီးသွားရပြီး သူမ များစွာသင်ယူနိုင်မည်ဟု သေချာပေါက်ခံစားခဲ့ရသည်။ ထို့နောက် သူမက ပထမစာမျက်နှာသို့ လှန်ကြည့်လိုက်သည်။
ငါးမိနစ်ခန့်ကြာသည်အထိ သူမ ပထမစာမျက်နှာပေါ်မှ မရွေ့နိုင်သေး။ထို့နောက် သူမသည် နောက်စာမျက်နှာသို့ လှန်လိုက်ပြီး ရှေ့စာမျက်နှာကိုပြန်ကြည့်ပြန်သည်။ သူမ ငိုင်နေမိပြီးနောက် ဖုန်းထဲမှ Browserကို ဖွင့်ကာ သူမနှင့် မရင်းနှီးသော စကားလုံးများကို ရှာကြည့်လိုက်သည်။ သူမ ထိုသို့ ဖတ်လိုက်၊ရှာလိုက်ဖြင့် တစ်နေ့လည်လုံး အချိန်ကုန်သွားသော်လည်း ဘာမှ ခေါင်းထဲမရောက်သေးပေ။အပြင်မှာ မှောင်စပြုလာသည့်အခါ ချန်းဟွမ်က စာအုပ်ကို ချထားလိုက်ပြီး ညစာပြင်ရန် မီးဖိုခန်းထဲ သွားလိုက်သည်။
ကျန်းမင်ယွမ် အိမ်ပြန်ရောက်လာသောအခါ ညစာအတွက် ဟင်းအနည်းငယ်သာ ချက်ရန်လိုတော့သည်။ကျန်းမင်ယွမ်သည် အနောက်တိုင်းဝတ်စုံကို ချွတ်လိုက်ပြီး အင်္ကျီလက်များကို လိပ်တင်ကာ ချန်းဟွမ်ကို ကူညီလုပ်ကိုင်ပေးလိုက်သည်။ ချန်းဟွမ်က အသားများ လှီးနေရင်းနှင့် သူမ စာကြည့်ခန်းထဲ သွားခဲ့သည်ဟု ပြောလိုက်သည်။
"ကျွန်မ စာအုပ်တစ်အုပ် ငှားထားတယ်..."
"ရတယ်လေ..."
ကျန်းမင်ယွမ်သည် သူ့အိမ်ထဲတွင် သူမ လွတ်လပ်စွာ နေထိုင်ပြုမူသည့်အတွက် ကျေနပ်သွားရသည်။ သူက နောက်ဆုံးကျန်နေသော ပုဇွန်ထုပ်ကို လှီးဖြတ်လိုက်ရင်း ဘယ်စာအုပ် ငှားထားတာလဲဟု မေးလိုက်ရာ ချန်းဟွမ်ကလည်း စာအုပ်နာမည်ကို ပြောပြလိုက်သည်။
ကျန်းမင်ယွမ်သည် ချန်းဟွမ် တစ်ယောက် စီမံခန့်ခွဲမှုစာအုပ်များကို ဖတ်နေသည်ကို သိလိုက်ရသောအခါ ပို၍ပင် ပျော်ရွှင်သွားရသည်။ သူက သူမကို စာအုပ်နာမည်အချို့အား ပြောပြလိုက်ကာ သူမဖတ်နေသည့် စာအုပ်နှင့် ဆက်စပ်နေကြောင်း ပြောပြလိုက်သည်။
“ဟုတ်တယ်...စာအုပ်ထဲက စာတွေကို ကိုးကားဖို့ပဲ သုံးလို့ရတယ်... အဲဒီထဲမှာရှိတဲ့ စကားလုံးတိုင်းကို မင်း ယုံလို့မရဘူး..."
ချန်းဟွမ် ခေါင်းညိတ်လိုက်သည်။
"ကျွန်မ သိပါတယ်..."
သူတို့စကားဝိုင်းမှာ ထိုမျှသာ ဖြစ်ပြီး အဆက်ပြတ်သွားရသည်။
နှစ်ယောက်သား ညစာစားပြီးမှ ထိုအကြောင်းကိုဆက်ပြောလိုက်ကြသည်။ ထိုအကြောင်းအရာသည် ကျန်းမင်ယွမ် နှစ်သက်သော အလုပ်ကိစ္စများဖြစ်၍ သူက သာမန်ထက်ပို၍ စကားများများ ပြောနေလေသည်။ သူသည် စာအုပ်တစ်အုပ်ချင်းစီ၏ အားသာချက်နှင့်နှင့် အားနည်းချက်ကို ပြောပြရုံသာမက သူကြုံတွေ့ခဲ့ရသည့် အခြေအနေများကိုပါ ပြောပြခဲ့လေသည်။
ကျန်းမင်ယွမ်သည် အလွန်လိမ္မာပါးနပ်သူဖြစ်ပြီး ဇာတ်လမ်းထဲတွင် သူ့ဘဝ၏ အတက်အကျများက ပရိသတ်များကို ဖမ်းစားနိုင်ခဲ့လေသည်။
သို့သော် သူ့စကားကို နားထောင်နေသော ပရိသတ်နှစ်ဦးသည် ရှုထောင့်အမြင်ချင်း တူမနေကြပေ။ ချန်းဟွမ်က သူ့အတွေ့အကြုံများကို ဥပမာတစ်ခုအနေနှင့် နားထောင်ပြီး သူမလည်း ကြုံလာရလျှင် အခြေအနေကို မည်သို့ကိုင်တွယ်ရမည် ဆိုသည်ကို စဉ်းစားကြည့်လေသည်။ တစ်ဖက်တွင်မူ ရှင်းရှင်းသည် ပုံပြင်များလိုပင် နားထောင်လေသည်။ နောက်ဆုံးတွင်သူက အဖေဖြစ်သူ၏ အလုပ်ကို အလွန် စိတ်ဝင်စားသွားရပြီး သူ အလုပ်သွားလုပ်ချင်စိတ်တောင် ပေါက်သွားရသည်။
ကျန်းမင်ယွမ်ကလည်း သားဖြစ်သူဆန္ဒကို လိုက်လျောကာ နောက်နေ့မှာ ရှင်းရှင်းကို ရုံးသို့ ခေါ်သွားပါ့မည်ဟု ကတိပေးခဲ့သည်။ရှင်းရှင်းသည် နောက်နေ့တွင် အဖေဖြစ်သူနှင့် ရုံးလိုက်သွားရမည်ကို သိလိုက်ရသဖြင့် အလွန် ဝမ်းသာသွားရသည်။ ယနေ့ည၌ သူက သူနှင့်အတူလာအိပ်ရန် အဖေနှင့် အမေ့ကိုပင် ပူဆာလိုက်လေသည်။
"သစ္စာဖောက်ကလေး..."
ချန်းဟွမ်သည် ရှင်းရှင်း စကားကြောင့် ဆွံ့အသွားရပြီး ကျန်းမင်ယွမ်ကမူ ဘာမှ ပြန်မပြောလဲ ရှင်းရှင်း ခေါင်းကိုသာ ပွတ်သပ်လိုက်သည်။
Xxxxxx