အခန်း(၄)
- ငါက ဖျက်လိုဖျက်ဆီးလုပ်တတ်တဲ့ အမျိုးသမီးဇာတ်ပို့တဲ့လား
ဇာတ်လမ်းထဲတွင်
သူဆင်းရဲမိန်းကလေးက လိမ်လည်လှည့်စားတဲ့ ကုဒ်တစ်မျိုး ရှိသကဲ့သို့ အတားအဆီးများစွာကို
အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့သည်။ သူမက ဇာတ်ကြောင်း၏ ကာကွယ်ပေးမှု အောက်တွင် အမှားအယွင်းကင်းမဲ့သော
အရန်အစီအစဉ်များကို ဆက်တိုက် ကျော်ဖြတ်နိုင်ခဲ့ပြီး သူမသည် ဖျော်ဖြေရေး နယ်ပယ်တွင်
အောင်မြင်စွာ အသက်မွေးဝမ်းကြောင်း ပြုနိုင်ခဲ့သည်။ နောက်ဆုံး အိမ်ထောင်မပြုမီ အချိန်မှာပင်
အမျိုးသားဇာတ်လိုက်၏ မိဘများထံမှ နှစ်သက် သဘောကျခြင်းကိုပင် လက်ခံရရှိခဲ့သည်။
သို့သော်လည်း
အဲ့တာက အရေးမကြီးသေးပါ။
အဓိကအချက်မှာ
ပြဿနာရှာပြီး ဇာတ်လမ်းအဆုံးတွင် ကြေကွဲဝမ်းနည်းဖွယ် ကောင်းစွာ သေဆုံးသွားသည်။ အမျိုးသမီးဇာတ်ပို့၏
အမည်မှာ သူမနှင့် နာမည် အတိအကျ တူညီနေသည်။
စုယန်ယန်၏
မျက်နှာသည် ဒယ်အိုးဖင်ကဲ့သို့ မည်းမှောင်သွားသည်။
“ဒါဆို အခု ငါနေထိုင်နေတဲ့ ကမ္ဘာကြီးက ဝတ္ထုတစ်ပုဒ်ပေါ့။
ငါ့မိသားစုနဲ့ ငါကရော စာအုပ်ထဲက ဇာတ်ကောင်တွေလို့ နင်ပြောနေတာလား။ ပြီးတော့ ငါက လူတိုင်းမုန်းတီးပြီး
နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အမျိုးသမီးဇာတ်ပို့လို့ ပြောတာလား”
[…ဟုတ်ပါတယ်။]
“ပြီးတော့
ဒီစာအုပ်ရဲ့ အဓိကဇာတ်ကောင်တွေက ငါ့ရဲ့အမှိုက်လို သတို့သားလောင်းနဲ့ သူ့အမြှောင်မယားတဲ့လား”
[ဟုတ်ပါတယ်။
သူတို့က ဒီကမ္ဘာရဲ့ အဓိကဇာတ်ကောင်တွေပါ။]
စုယန်ယန်သည်
လှောင်ရယ်ရင်း သူမမျက်ဝန်းတွေက အေးစက်သွားသည်။
“ဟေး... သူတို့သာ ဒီကမ္ဘာရဲ့ အဓိကဇာတ်ကောင်တွေ ဆိုရင်
ငါ့အရင်ဘဝတုန်းက ဟောက်ချန်ဟွမ်းက သူတို့ကို ဘာလို့များ လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်ရတာလဲ”
သူမ
အရင်ဘဝတုန်းက စုယန်ယန်သည် သူမသေဆုံးပြီးနောက် ချက်ချင်း လူပြန်မဝင်စားခဲ့ပေ။ ထို့အစား
သူမသည် သူမနှင့် သူမမိသားစုကို အန္တရာယ်ပြုခဲ့သော လူတိုင်းကို သေဆုံးသွားစေသည်အထိ တွန်းပို့ပေးခဲ့သော
အခြေအနေများကို ဟောက်ချန်ဟွမ်းဘေးတွင် နေထိုင်ရင်း မြင်တွေ့ခဲ့ရသည်။
သူ့ရဲ့ပထမဆုံးပစ်မှတ်မှာ
ဟောက်ရှောက်ဖုန်းနှင့် သူ့အမျိုးသမီးပင်ဖြစ်သည်။
သူတို့စုံတွဲသည်
သူ့လက်စားချေရန် ကြံစည်မှုများမှ အကြိမ်ကြိမ် ရုန်းထွက်နိုင်ခဲ့သော်လည်း အဆုံးတွင်
ဟောက်ချန်ဟွမ်း ဂရုတစိုက် စီစဉ်ထားသော ရှုပ်ထွေးသည့် ထောက်ချောက်ထဲသို့ မလွဲမသွေ ကျရောက်
သွားခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့သည် သင်္ဂြိုဟ်ရာ သင်္ချိုင်းပင် ရှာမရသော သေဆုံးခြင်းမျိုးဖြင့်
သေဆုံးသွားခဲ့ရသည်။
စနစ်က...
ငိုလုမတတ် ဖြစ်သွားသည်။ အခြားစနစ်တွေ အားလုံးက နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းသော
host များကိုသာ ပိုင်ဆိုင်ရပေမယ့် သူ့ကျမှ ဒီလိုအန္တရာယ်များသော မိန်းကလေးနှင့် စာချုပ်ချုပ်ဆိုရခြင်းမှာ
ကံဆိုးခြင်း တစ်ခုသာ ဖြစ်ခဲ့ရသည်။
“ငါ့ကို
အမှန်အတိုင်းပြောစမ်း”
[ဟောက်ရှောက်ဖုန်းနဲ့
ဝမ်ကျင့်ဖျင်တို့က တကယ့်ကို ဒီကမ္ဘာကြီးရဲ့ အဓိကဇာတ်ကောင်တွေ ဖြစ်ပြီးတော့ ဒီကမ္ဘာကြီးရဲ့
ကောင်းချီးကိုလည်း လက်ခံရရှိထားတယ်။ ကံကြမ္မာက စီစဉ်ထားတဲ့ ဗီလိန်တွေဆီက ကယ်တင်ခံရပြီး
သူတို့နဲ့တွေ့တဲ့ သူတိုင်းဟာ သူတို့ကို သဘောကျပြီး ကူညီပေးချင်ကြလိမ့်မယ်။ အဲ့တာက သူတို့ရဲ့
ဒဏ္ဍာရီလာဆန်တဲ့ ဇာတ်ကြောင်းရဲ့ ကာကွယ်ပေးမှုပါပဲ။]
စုယန်ယန်၏
မျက်လုံးများသည် အတန်ငယ် မေှးကျဉ်းသွားပြီး အေးစက်သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
အဲ့တာ
အဓိပ္ပါယ်ရှိပုံပဲ... သူမ အရင်ဘဝတွင် သာမာန်ဆန်ပြီး ရိုးစင်းသော ထိုလူနှစ်ယောက်ဟာ အင်အားကြီးမားသော
လူများ ဝန်းရံခြင်းကို တစ်နည်းမဟုတ် တစ်နည်းဖြင့် လက်ခံရရှိခဲ့ကြသည်မှာ အံ့သြစရာ မဟုတ်တော့ပါဘူး။
စုယန်ယန်၏ မိသားစုများနှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့သော မိသားစုများသည်ပင် သူတို့မိသားစုနှင့်
အဆက်အသွယ်ဖြတ်ပြီး သူတို့နှစ်ဦးကို မိုးမြေအဆုံးထိတိုင် ကောင်းချီးပေးကြသည်။
ထိုအရာအားလုံး၏
အကြောင်းအရင်းမှာ ဇာတ်ကြောင်းရဲ့ ကာကွယ်ပေးမှုပင် ဖြစ်နိုင်သည်။
[ဇာတ်ကြောင်းရဲ့
ကာကွယ်ပေးမှုကို လက်ခံရရှိထားသော မည်သူမဆို ဘဝကို ချောမွေ့စွာ ရွက်လွှင့်နိုင်ပြီး
သူတို့ဘဝ သက်တမ်း ကုန်ဆုံးသည့် အချိန်အထိ အောင်မြင်မှုများစွာကို ရရှိပိုင်ဆိုင်နိုင်လိမ့်မည်။
မင်း အခု ဒီဇာတ်လမ်းကို ဖတ်ရှုပြီးပြီ။ မူလဇာတ်ကြောင်းအရ မင်းက သူတို့အချစ်ဇာတ်လမ်းမှာ
အတားအဆီးတစ်ခုဖြစ်ခဲ့ပေမယ့် မင်းသေဆုံးပြီးနောက်မှာတော့ သူတို့နှစ်ဦးဟာ အမျိုးသားဇာတ်လိုက်ရဲ့
မိဘတွေရဲ့ သဘောတူညီမှုကို လက်ခံရရှိခဲ့ပြီး လက်ထပ်ပြီး ပျော်ရွှင်စွာ နေထိုင်သွားကြတယ်။]
[ဒါပေမယ့်
မင်းသေဆုံးသွားပြီးတဲ့နောက်မှာ သေတော့မယ်လို့ ယူဆရတဲ့ ဟောက်မိသားစုရဲ့ အသက်အငယ်ဆုံး
ဦးလေးက သဘာဝတရားရဲ့ စည်းမျည်းစည်းကမ်းများကို ဆန့်ကျင် ချိုးဖောက်ခဲ့တယ်။ သူက အမျိုးသားဇာတ်လိုက်နှင့်
အမျိုးသမီးဇာတ်လိုက်ကို သတ်ဖြတ်ခဲ့ပြီး ကမ္ဘာတစ်ခုလုံးကို ယိုယွင်းပျက်စီး သွားစေတယ်။
အဲ့တာကြောင့် မင်းကို အစကနေ ပြန်ပြင်ဆင်ဖို့ ဒီအခွင့်အရေးကို ပေးအပ်လိုက်တာပဲ။]
စုယန်ယန်သည်
ထိုစကားကို ကြားလိုက်ရသောအခါ သိသိသာသာ တုန်လှုပ်သွားသည်။ စနစ်ကသာ မလိမ်ညာခဲ့ဘူးဆိုရင်
သူတို့နှစ်ယောက်က ဒီကမ္ဘာရဲ့ အဓိကဇာတ်ကောင်တွေ ဖြစ်ပေမယ့် ဟောက်ချန်ဟွမ်းက သူမအတွက်ကြောင့်
ကမ္ဘာတစ်ခုလုံးကို ရန်သူအဖြစ် သတ်မှတ်ခဲ့ပြီး နောက်ဆုံးတွင် အနိုင်ရရှိခဲ့တာလို့ ဆိုလိုတာလား။
စုယန်ယန်သည်
သူမ မသိစိတ်အရ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ပွင့် ပွင့်လန်းလာပြီး သူမ နှလုံးခုန်သံများ
ကျယ်လောင်လာတာကို ခံစားလိုက်ရသည်။ သူမခန္ဓာကိုယ် တစ်ခုလုံး ဂုဏ်ယူဝံ့ကြွားမှုများ ပြည့်နှက်သွားသည်။
“ငါ့လူက အံ့အားသင့်ဖွယ်ပဲ။ သူက ဒီကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ”
စုယန်ယန်၏
အတွေးတွေကို မတော်တဆ ကြားလိုက်ရသည့် စနစ် “...”
ခဏအကြာမှာပင်
သူမမျက်နှာဟာ နီရဲလာပြန်သည်။ သူမမျက်လုံးတွေကို မှေးကျဉ်းလိုက်ပြီး ပြောလိုက်သည်။
“ဒါဆို
ဒီနှစ်ယောက်က အဓိကဇာတ်ကောင်တွေဖြစ်ပြီး သေလို့မဖြစ်ဘူးလို့ ဆိုလိုတာမလား။ သူတို့သေသွားရင်
ဒီကမ္ဘာကြီး ပြိုလဲသွားမှာလား။ ငါတို့က သူတို့ရဲ့ဖိနှိပ်မှုတွေနဲ့ အနိုင်ကျင့်တာကို
ပြန်မတိုက်ခိုက်ရဘူးလား ဒါမှမဟုတ် ငါတို့အကုန်လုံး အတူတကွ သေဆုံးသွားရမှာလား”
***