အခန်း(၁၂)
- ချစ်စရာကောင်းသည့် ကော်ဂီခွေးငယ်လေး
ချိန်ရှုချင်သည်
ပြောစရာစကား ပျောက်ရှသွားသည်။ သူမ စိတ်ဆိုးနေသေးပေမယ့် ဒါက နည်းနည်း ရယ်စရာ ကောင်းနေသေးသည်။
သူမ အစတုန်းကတော့ သမီးဖြစ်သူရဲ့ ဝန်ခံဖွင့်ဟမှုကို အနည်းငယ် သံသယဝင်မိပေမယ့် အခုအချိန်မှာတော့
ရာနှုန်းပြည့် ယုံကြည်လက်ခံသွားပြီ။
သူမသမီးလေးကို
ဟောက်ချန်ဟွမ်းက ဘယ်လိုမျိုး ဆွဲဆောင်လိုက်တာလဲ ဆိုတာကို သူမ စူးစမ်းသိချင်ခဲ့သည်။
ချိန်ရှုချင်၏
စူးစမ်းလိုစိတ်နှင့် ဆန့်ကျင်ဖက် အိမ်ရှိ အမျိုးသား နှစ်ယောက်ကတော့ ရှာလကာရည် သောက်နေကြသည်။
သတင်းစာကို
ကိုင်ထားသော မစ္စတာစု၏လက်တွေက ခါယမ်းသွားပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
မနီးမဝေးတွင်
မနက်စာ စားသောက်နေသော စုယမ်ရွှမ်သည် သူ့ညီမလေးကို ပြန်ပေးဆွဲသွားသော လူယုတ်မာအဖြစ်
ကြက်ဥကို စိတ်ကူးယဉ်နေသလိုမျိုး သူ့ပန်းကန်ထဲက ကြက်ဥကို ဆူညံစွာ လှီးဖြတ်နေခဲ့သည်။
စုယန်ယန်သည်
အိမ်အတွင်း၌ ဆန့်ကျင်လိုသော အငွေ့အသက်များ ပြည့်နှက်နေတာကို သတိမထားမိပါ။ သူမ အိမ်အပြင်သို့
ထွက်သွားခါနီးမှာ ရုတ်တရက် ခြေဖဝါးပေါ်တွင် အလေးချိန် တိုးလာတာကို ခံစားလိုက်ရသည်။
သူမ
ခေါင်းငုံ့ကြည့်လိုက်သောအခါ သူမမျက်လုံးတွေနှင့် အနက်ရောင် စပျစ်သီးလေး နှစ်လုံးနှင့်
ဆင်တူသည့် အပြစ်ကင်းစင်သော မျက်လုံးများရှိသည့် ပန်းရောင် အမွှေးပွလုံးလေး၏ ကြီးမားပြီး
အပြစ်ကင်းသော မျက်လုံးလေးများနှင့် အကြည့်ချင်း ဆုံသွားခဲ့သည်။
စုယန်ယန်သည်
တစ်စုံတစ်ခုကို တွေးလိုက်မိပုံရပြီး သူမမျက်လုံးတွေက အနည်းငယ် တောက်ပလာသည်။ သူမက ခွေးကလေးကို
ပွေ့ချီလိုက်ပြီး နူးညံ့ညင်သာစွာ ချော့မြူလိုက်သည်။
“လိမ္မာတဲ့
ကလေးလေး မာမီ မင်းကို မင်းရဲ့အနာဂါတ် ဒယ်ဒီဆီ ခေါ်သွားပေးမယ်”
“သခင်လေး
မစ္စစု ရောက်နေပါပြီ”
စုယန်ယန်
ဟောက်မိသားစုအိမ်တော်ကို ရောက်သောအခါ ဟောက်ချန်ဟွမ်းသည် မနက်စာ စားသောက်ပြီး ဧည့်ခန်းထဲတွင်ထိုင်ကာ
စာရွက်စာတမ်းများကို ဖတ်ရှုနေသည်။
ထိုအသိပေးတာကို
ကြားလိုက်ရသောအခါတွင် သူ့လက်တွေ ရပ်တန့်သွားသည်။ တံခါးကို မော့မကြည့်မီ အကြိမ်ပေါင်းများစွာ
သူ့လက်ချောင်းတွေ အချိန်အနည်းငယ်ကြာ ကွေးလိုက် ဆန့်လိုက် လုပ်မိသွားခဲ့သည်။
သူ
မော့ကြည့်လိုက်ချိန်တွင် အနည်းငယ် အံ့အားသင့်သွားသည်။
စုယန်ယန်သည်
သနပ်ခါးရောင် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး သူမရဲ့ အနက်ရောင် ပခုံးကျော်ရှည်သည့် ဆံနွယ်များကို
ဖြန့်ချထားကာ သူမကို အလွန်ပေါ့ပါးပြီး နူးညံ့သိမ်မွေ့သော အသွင်အပြင်ကို ပေးစွမ်းနေသည်။
သို့သော်
စုယန်ယန်က အရမ်း အာရုံဆွဲဆောင်နိုင်သည့်အရာ မဟုတ်ပဲ သူမလက်ထဲတွင် ပွေ့ချီထားသော အရာကသာလျှင်
အာရုံဆွဲဆောင်နိုင်စွမ်း ပိုရှိလေသည့် ပန်းရောင်ဂါဝန်လေးနှင့် တစ်ရောင်တည်းတူသော လည်စည်းလေးကို
ဝတ်ဆင်ထားသည့် ပတ်ဝန်းကျင်ကို ကြောင်တောင်တောင် လိုက်လံကြည့်နေသော ကော်ဂီခွေးငယ်လေး
ဖြစ်လေသည်။
ဟောက်ချန်ဟွမ်း၏
မျက်ခုံးတွေ တွန့်ကွေးသွားသည်။ စုယန်ယန်ကို ဆယ်စုနှစ် တစ်ခုအကြာ တိတ်တဆိတ် ပိုးပမ်းနေသည့်
stalker တစ်ယောက်အနေဖြင့် ဟောက်ချန်ဟွမ်းသည် ဒီချစ်စရာ ကော်ဂီခွေးငယ်လေးသည် စုယန်ယန်
တစ်နှစ်ကျော်အကြာ မွေးမြူထားခဲ့သည့် သူမရဲ့ ချစ်လှစွာသော ခွေးငယ်လေးဖြစ်ကြောင်း ချက်ချင်းပင်
မှတ်မိသွားခဲ့သည်။
ဟောက်ချန်ဟွမ်းက
ဒီအကြောင်းကို သိရှိပြီးဖြစ်သော်လည်း ဒီခွေးငယ်လေးကို လူကိုယ်တိုင် တွေ့ဆုံရသည့် အချိန်တွင်
အံ့သြတုန်လှုပ်သွားခဲ့တာ မြေကြီးလက်ခတ် မလွဲမကန်ပင် ဖြစ်သည်။
သူမ
ဒီလို ဝတ်စားဆင်ယင် ထားသည်မှာလည်း သူအနေဖြင့်
အတော်လေး တောက်ပပြောင်လက်နေတယ်လို့ မတွေးမိပဲ မနေနိုင်ခဲ့ပါ။
စုယန်ယန်သည်
ဟောက်ချန်ဟွမ်းရဲ့ အံ့သြတုန်လှုပ်နေသော အကြည့်တွေကို တွေ့လိုက်ရသောအခါတွင် သူမ မျက်ဝန်းများထဲမှာ
ရယ်မြူးလိုသည့် အရိပ်တစ်ခု ဖျတ်ခနဲ လင်းလက်သွားသည်။ သို့သော်လည်း သူမသည် စိုးရိမ်ပူပန်သော
အသွင်ကို ဆင်မြန်းထားကာ သနားစဖွယ် မေးမြန်းလိုက်သည်။
“ဒီမနက်
ကျွန်မ အိမ်က ထွက်လာခါနီးမှာ ဒီချစ်စရာ ကောင်ငယ်လေးက ကျွန်မနဲ့အတူ လိုက်ချင်လို့ နှောင့်ယှက်နေတော့
ကျွန်မ သူ့ကို ဒီကိုခေါ်လာဖို့ကလွဲလို့ အခြားရွေးချယ်စရာ မရှိဘူးလေ။ အကယ်၍ ဒါလေးက ရှင့်ကို
အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင် ကျွန်မ သူ့ကို အခုပဲ ပြန်ပို့လိုက်ပါ့မယ်”
ချစ်စရာ
ကော်ဂီခွေးငယ်လေးသည် သူ့သခင်ရဲ့ စကားများကို နားလည်ပုံရကာ သူလေးက ဟောက်ချန်ဟွမ်းကို
သနားစဖွယ် အကြည့်လေးဖြင့် အီနေခဲ့သည်။
ပိုင်ရှင်နဲ့
တူသော အသွင်အပြင်နှင့် ချစ်စရာခွေးငယ်လေး၏ မျက်နှာအမူအရာတွေက ဟောက်ချန်ဟွမ်းရဲ့ အသည်းနှလုံးကို
မြားဖြင့် ပစ်ခွင်းလိုက်သလို သူ့သမာဓိအားကို ချက်ချင်း အစိတ်စိတ် အမြွာမြွာ ကွဲကြေသွားစေခဲ့သည်။
သူက
ကသိကအောက်နိုင်စွာ အဝေးသို့ အကြည့်လွဲလိုက်ပြီး “ကိုယ် အဲလိုစိတ် မရှိပါဘူး” လို့ တည်ငြိမ်စွာ
ပြောသည်။
စုယန်ယန်သည်
အနည်းငယ် စိတ်သက်သာရာ ရသွားသလို အနည်းငယ် အံ့အားသင့်သွားမိသည်။
သူမ
အရင်ဘဝတုန်းက သူမ သေဆုံးသွားပြီးနောက် သူမ မိသားစုဝင်များသည် မထင်မှတ်ထားသည့် အဖြစ်အပျက်များကို
ထပ်ခါထပ်ခါ တွေ့ကြုံခဲ့ရပြီး သူမအစ်ကိုကြီးသည် အလုပ်အလွန်များကာ သူ့အတွက် အားလပ်ချိန်
မရှိသလောက် ရှားပါးခဲ့ရသည်။
ထို့အတွက်ကြောင့်
ဒီခွေးငယ်လေးသည် ဟောက်ချန်ဟွမ်းနှင့် အဆုံးသတ်သွားပြီး ဟောက်ချန်ဟွမ်း သူ့ကိုယ်သူ မီးရှို့ချိန်အထိ
ဒီခွေးငယ်လေးသည် ထွက်ခွာမသွားပဲ သူ့ဘေးတွင် ဆက်ရှိနေခဲ့သည်။
သူမသည်
သူက ခွေးတွေကို မမုန်းတီးကြောင်း သေချာပေါက်သိပေမယ့် စုယန်ယန်သည် ဟောက်ချန်ဟွမ်းက ဒီခွေးငယ်လေးကို
မြင်မြင်ချင်း သဘောကျလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဟောက်ချန်ဟွမ်သည်
စုယန်ယန်၏ ပျော်ရွှင်မှုများ ပြည့်ဝနေသည့် အသွင်လေးကို ကြည့်ရင်း သူ့နှလုံးသားထဲတွင်
ခုန်ပေါက်နေသော အရာကို မနည်းထိန်းနေရသည်။ ထို့နောက် သူက သိပ်မဝေးသည့် နေရာတွင် ရပ်နေသော
ကူရှောက်ယန်ကို လက်ဟန်ပြလိုက်သည်။
ကူရှောက်ယန်က
လက်ဟန်ပြတာကို နားလည်သဘောပေါက်ပြီး အိမ်စေအားလုံးကို အိမ်အပြင်ဘက်သို့ ခေါ်ထုတ်သွားခဲ့သည်။
အချိန်ခဏလေးအတွင်း
ဧည့်ခန်းအတွင်း၌ ဟောက်ချန်ဟွမ်း၊ စုယန်ယန်နဲ့ သူမ၏ ချစ်စရာ ကော်ဂီခွေးငယ်တို့သာ ကျန်ခဲ့တော့သည်။
***